တူနီးရှားနိုင်ငံ အကြောင်း သိကောင်းစရာ

0
အားလုံးပဲ မင်္ဂလာပါရှင်။ ဒီတခါမှာတော့ မြေထဲပင်လယ်ရဲ့ အပြာရောင်လှိုင်းတံပိုးတွေ၊ ရွှေရောင်ဝင်းလက်နေတဲ့ ဆဟာရ သဲကန္တာရကြီး၊ ကမ္ဘာကျော် စတတား-ဝါး(စ်) Star Wars ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ နေရာတွေ၊ ရောမခေတ်က ရှေးဟောင်းအဆောက်အအုံတွေအပြင် အာရပ်နွေဦး (Arab Spring) လို့ခေါ်တဲ့ နိုင်ငံရေးအချိုးအကွေ့ကြီးကို စတင်မွေးဖွားပေးခဲ့တဲ့ ထူးခြားလှပတဲ့ တူနီးရှား (Tunisia) နိုင်ငံအကြောင်းကို ဝေမျှပေးချင်ပါတယ်။

နိုင်ငံရဲ့ တရားဝင်အမည်ကတော့ တူနီးရှားသမ္မတနိုင်ငံ (Republic of Tunisia) ဖြစ်ပါတယ်။ မြောက်အာဖရိကတိုက်ရဲ့ မြောက်ဘက်အစွန်ဆုံးမှာ တည်ရှိပြီး မြောက်ဘက်နဲ့ အရှေ့ဘက်မှာ မြေထဲပင်လယ် (Mediterranean Sea)၊ အနောက်ဘက်မှာ အယ်လ်ဂျီးရီးယားနိုင်ငံ၊ အရှေ့တောင်ဘက်မှာ လစ်ဗျားနိုင်ငံ တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

နိုင်ငံရဲ့ စုစုပေါင်းအကျယ်အဝန်းက စတုရန်းမိုင်ပေါင်း ၆၃,၁၇၀ ဖြစ်ပြီး မြောက်အာဖရိကမှညတော့ အသေးငယ်ဆုံးနိုင်ငံ ဖြစ်ပါတယ်။ စုစုပေါင်းလူဦးရေ ၁၂ သန်းဝန်းကျင်ခန့် နေထိုင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးအနေနဲ့ တပြည်ထောင် ရွေးကောက်ခံ သမ္မတစနစ်ကို ကျင့်သုံးပြီး အာရပ်ဘာသာစကား (Arabic) ကို ရုံးသုံးဘာသာစကားအဖြစ် အသုံးပြုပါတယ်။ ဒါပေမဲ့ ပြင်သစ်ကိုလိုနီဟောင်း ဖြစ်ခဲ့တာကြောင့် ပြင်သစ်ဘာသာစကားကိုလည်း စီးပွားရေး၊ ပညာရေးနဲ့ အစိုးရရုံးလုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသလို အင်္ဂလိပ်ဘာသာစကားကိုလည်း အသုံးပြုတဲ့နိုင်ငံ ဖြစ်ပါတယ်။

လူဦးရေ ၂.၇ သန်းကျော် နေထိုင်တဲ့ တူးနစ် (Tunis) မြို့က မြို့တော်နဲ့ အကြီးဆုံးမြို့ဖြစ်ပြီး ဆဖက်စ် (Sfax)၊ ဆော့စ် (Sousse)၊ ကိုင်ရိုဝမ် (Kairouan) နဲ့ ဘီဇာတီ (Bizerte) တို့ကတော့ အခြားထင်ရှားတဲ့မြို့ကြီးတွေ ဖြစ်ပါတယ်။

နိုင်ငံရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ဂျီဘဲလ်-အက်ချ်-ချမ်ဘီ (Jebel ech Chambi) တောင်ကတော့ နိုင်ငံရဲ့အမြင့်ဆုံးနေရာဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၅,၀၆၆ ပေ မြင့်ပါတယ်။

တူနီးရှား (Tunisia) ဆိုတဲ့ အမည်ဟာ မြို့တော် တူးနစ် (Tunis) ကို အစွဲပြုပြီး ခေါ်ဝေါ်တာဖြစ်ပါတယ်။ တူးနစ်ဆိုတဲ့ စကားလုံးဟာ ရှေးဟောင်း ဘာဘာ (Berber) တိုင်းရင်းသားတွေရဲ့ ဘာသာစကားကနေ ဆင်းသက်လာပြီး "စခန်းချရာနေရာ" သို့မဟုတ် "အနားယူရာနေရာ" လို့ အဓိပ္ပာယ်ရပါတယ်။

သမိုင်းကြောင်း

တူနီးရှားနိုင်ငံရဲ့ သမိုင်းကြောင်းဟာ နှစ်ပေါင်းထောင်ချီ ရှည်လျားပြီး အလွန်ခမ်းနားပါတယ်။ မူလအစကတည်းက ဘာဘာ (Berber) လူမျိုးတွေ နေထိုင်ခဲ့ကြပြီး ဘီစီ ၈၁၄ ခုနှစ်လောက်မှာ ဖီနီးရှန်း (Phoenicians) လူမျိုးတွေ ရောက်လာကာ ကမ္ဘာ့သမိုင်းမှာ အလွန်နာမည်ကြီးတဲ့ ကာသေ့ချ် (Carthage) အင်ပါယာကြီးကို တည်ထောင်ခဲ့ကြပါတယ်။

ကာသေ့ချ် အင်ပါယာဟာ မြေထဲပင်လယ်တဝိုက်မှာ စီးပွားရေးအရရော စစ်ရေးအရပါ အလွန်အင်အားကြီးမားခဲ့ပါတယ်။ အထူးသဖြင့် ကမ္ဘာ့အတော်ဆုံး စစ်သူကြီးတစ်ဦးအဖြစ် သမိုင်းမှတ်တမ်းတင်ခံရတဲ့ ဟန်နီဘယ်လ် (Hannibal Barca) ဟာ ကာသေ့ချ်သားတစ်ဦး ဖြစ်ပါတယ်။ သူဟာ ရောမအင်ပါယာကို တိုက်ခိုက်ဖို့အတွက် ဆင်တပ်ကြီးတွေကို ဦးဆောင်ပြီး နှင်းတွေဖုံးလွှမ်းနေတဲ့ အဲ့လ်ပ် (Alps) တောင်တန်းကြီးကို ဖြတ်ကျော်ချီတက်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်ဟာ ယနေ့ထက်တိုင် ကျော်ကြားဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ရောမအင်ပါယာနဲ့ ဆယ်စုနှစ်ပေါင်းများစွာ စစ်ပွဲတွေ (Punic Wars) ဖြစ်ပွားပြီးနောက် ဘီစီ ၁၄၆ မှာတော့ ကာသေ့ချ်အင်ပါယာကြီး ကျဆုံးသွားပြီး ရောမတွေရဲ့ အုပ်ချုပ်မှုအောက်ကို ရောက်ရှိသွားပါတယ်။ ရောမခေတ်မှာ တူနီးရှားဟာ ဂျုံနဲ့ စိုက်ပျိုးရေးသီးနှံတွေ အများဆုံးထွက်ရှိလို့ "ရောမအင်ပါယာရဲ့ စပါးကျီ" လို့တောင် တင်စားခံခဲ့ရပါတယ်။

အေဒီ ၇ ရာစုမှာတော့ အာရပ်အစ္စလာမ်မစ် အင်ပါယာက ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး အစ္စလာမ်ဘာသာနဲ့ အာရပ်ယဉ်ကျေးမှုတွေကို ယူဆောင်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အော့တိုမန်အင်ပါယာ (Ottoman Empire) ရဲ့ လက်အောက်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပါတယ်။

၁၈၈၁ ခုနှစ်မှာတော့ ပြင်သစ်နိုင်ငံက တူနီးရှားကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး ပြင်သစ်အစောင့်အရှောက်ခံ ကိုလိုနီနယ်မြေ အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ပြင်သစ်လက်အောက်မှာ ၇၅ နှစ်ကြာ နေထိုင်ခဲ့ရပြီးနောက် နိုင်ငံရေးခေါင်းဆောင် ဟာဘစ် ဘော်ဂီဘာ (Habib Bourguiba) ရဲ့ ဦးဆောင်မှုနဲ့အတူ ၁၉၅၆ ခုနှစ် မတ်လ ၂၀ ရက်နေ့မှာ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးနောက် ဘော်ဂီဘာ ဟာ နိုင်ငံရဲ့ ပထမဆုံးသမ္မတ ဖြစ်လာပြီး တူနီးရှားကို ခေတ်မီတဲ့ နိုင်ငံတစ်ခုဖြစ်အောင် ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ခဲ့ပါတယ်။ အထူးသဖြင့် အမျိုးသမီးအခွင့်အရေးတွေကို အာရပ်ကမ္ဘာမှာ အမြင့်မားဆုံးအဆင့်အထိ မြှင့်တင်ပေးခဲ့ပြီး ပညာရေးနဲ့ ကျန်းမာရေးကို ဦးစားပေးခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ နိုင်ငံကို တစ်ပါတီစနစ်နဲ့ ၃၁ နှစ်ကြာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့ပါတယ်။

၁၉၈၇ ခုနှစ်မှာတော့ ဇင်-အယ်လ်-အဘီဒင် ဘင်-အလီ (Zine El Abidine Ben Ali) က အာဏာသိမ်းပြီး သမ္မတဖြစ်လာပါတယ်။ ဘင်-အလီ ဟာ နိုင်ငံစီးပွားရေးကို တိုးတက်အောင် လုပ်နိုင်ခဲ့ပေမယ့် တဖက်မှာတော့ အကျင့်ပျက်ခြစားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပြည်သူတွေကို ဖိနှိပ်မှုတွေ ပြုလုပ်ခဲ့တဲ့အထိ ဆိုးရွားခဲ့ပါတယ်။

ဒီလိုနဲ့ ၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ သမိုင်းကို ပြောင်းလဲစေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဆီဒီ-ဘူဇစ် (Sidi Bouzid) မြို့က မိုဟာမက် ဘူအာဇီဇီ (Mohamed Bouazizi) ဆိုတဲ့ အသီးအရွက်သည် လူငယ်လေးဟာ ရဲတွေရဲ့ မတရား အနိုင်ကျင့် ငွေညှစ်ခံရတာကို မခံမရပ်နိုင်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ တူနီးရှားပြည်သူတွေရဲ့ နှစ်ပေါင်းများစွာ အောင့်အည်းမျိုသိပ်ထားရတဲ့ ဒေါသတွေကို ပေါက်ကွဲထွက်စေခဲ့ပြီး တစ်နိုင်ငံလုံး ဆန္ဒပြပွဲတွေ အုံကြွလာပါတော့တယ်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှာတော့ ၂၄ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် ဘင်-အလီ ပြုတ်ကျပြီး နိုင်ငံကနေ ထွက်ပြေးခဲ့ရပါတယ်။

ဒီတော်လှန်ရေးကို "စံပယ်ပန်း တော်လှန်ရေး" (Jasmine Revolution) လို့ ခေါ်ဆိုခဲ့ကြပြီး ဒီအဖြစ်အပျက်ကနေတဆင့် အရှေ့အလယ်ပိုင်း တစ်ခွင်ကို ကူးစက်သွားတဲ့ "အာရပ်နွေဦး" (Arab Spring) လှုပ်ရှားမှုကြီး စတင်ခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေးအပြီးမှာ တူနီးရှားဟာ ဒီမိုကရေစီနိုင်ငံအဖြစ် ကူးပြောင်းနိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေးကျပ်တည်းမှုတွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ၂၀၂၁ ခုနှစ်မှာ လက်ရှိသမ္မတ ကာအစ်-ဆာယစ် (Kais Saied) က လွှတ်တော်ကို ဖျက်သိမ်းပြီး အာဏာကို ချဲ့ထွင်ရယူခဲ့တာကြောင့် လက်ရှိအချိန်မှာတော့ ဒီမိုကရေစီစနစ်ဟာ နောက်ကြောင်းပြန်လှည့်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ထင်ရှားတဲ့နေရာတွေ

တူနီးရှားနိုင်ငံဟာ သေးငယ်ပေမယ့် သမိုင်းဝင်နေရာတွေ၊ ကမ်းခြေတွေ၊ သဲကန္တာရတွေနဲ့ အလွန်လှပတဲ့ နိုင်ငံဖြစ်ပါတယ်။ ယူနက်စကို ကမ္ဘာ့အမွေအနှစ် (UNESCO World Heritage) နေရာ ၉ ခုအထိ ရှိပါတယ်။

ဒီအထဲမှာ အထင်ရှားဆုံးကတော့ ကာသေ့ချ် မြို့ဟောင်း (Ruins of Carthage) နယ်မြေ ဖြစ်ပါတယ်။ မြို့တော် တူးနစ်မြို့အနီးမှာရှိတဲ့ ဘီစီ ၈ ရာစုက တည်ဆောက်ခဲ့တဲ့ ရှေးဟောင်းအင်ပါယာကြီးရဲ့ အကြွင်းအကျန်တွေ ဖြစ်ပါတယ်။ ရောမစစ်ပွဲတွေကြောင့် ပျက်စီးခဲ့ရပေမယ့် ဒီနေ့ထက်တိုင် ကြီးကျယ်ခမ်းနားတဲ့ ရေချိုးကန်ဟောင်းကြီးတွေ၊ တိုင်လုံးကြီးတွေကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။

အယ်လ်ဂျမ် အမိုးဖွင့် ပြဇာတ်ရုံကြီး (Amphitheatre of El Jem) ကတော့ အီတလီနိုင်ငံ၊ ရောမမြို့က Colosseum ကြီးပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး ရောမရှေးဟောင်း ပြဇာတ်ရုံကြီး ဖြစ်ပါတယ်။ ၃ ရာစုက တည်ဆောက်ခဲ့ပြီး ပရိသတ်ပေါင်း ၃၅,၀၀၀ ဆန့်ပါတယ်။ အလွန်ကို ကြီးကျယ်ခမ်းနားတဲ့နေရာတခုဖြစ်ပြီး နာမည်ကြီး ဂလက်ဒီရေတာ Gladiator ရုပ်ရှင်တချို့ကို လာရောက်ရိုက်ကူးခဲ့ရာနေရာလည်း ဖြစ်ပါတယ်။

စီဒီ ဘူ ဆာအစ် (Sidi Bou Said) ဆိုတာကတော့ မြေထဲပင်လယ်ကမ်းခြေက တောင်ကုန်းလေးပေါ်မှာ တည်ရှိပြီး အိမ်လေးတွေအားလုံးကို အဖြူရောင်သုတ်ထားကာ တံခါးနဲ့ ပြတင်းပေါက်တွေကို အပြာရောင် သုတ်ထားတဲ့ ရွာလေးဖြစ်ပါတယ်။ ဂရိနိုင်ငံက ဆန်တိုရီနီ (Santorini) နဲ့ ဆင်တူပြီး ဓာတ်ပုံရိုက်လို့ အကောင်းဆုံးနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ အနှစ်သက်ဆုံး နေရာတစ်ခုလည်း ဖြစ်ပါတယ်။

 မြို့တော် တူးနစ်ရဲ့ ရှေးဟောင်းမြို့လယ်ခေါင်မှာ ရှိနေတဲ့ တူးနစ် မဒီနာ (Medina of Tunis)  ကတော့ ၈ ရာစု ကတည်းက တည်ရှိခဲ့တာပါ။ ဒီနေရာကတော့ ဝင်္ကပါလို ရှုပ်ထွေးနေတဲ့ ကျောက်ခင်းလမ်းကျဉ်းလေးတွေ၊ ရိုးရာဈေးတန်း (Souks) တွေ၊ ဗလီကြီးတွေနဲ့ အစ္စလာမ်မစ် ယဉ်ကျေးမှုကို အပြည့်အဝ ခံစားရမယ့် နေရာဖြစ်ပါတယ်။

ကိုင်ရိုဝမ် မြို့ (Kairouan) ကိုတော့ ၆၇၀ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး မက္ကာ၊ မဒီနာ၊ ဂျေရုဆလင် တို့ပြီးရင် အစ္စလာမ်ဘာသာဝင်တွေအတွက် စတုတ္ထမြောက် အထွတ်အမြတ်ထားရာ မြို့တော်ဖြစ်ပါတယ်။ ဒီမြို့မှာရှိတဲ့ မဟာဗလီကြီး (Great Mosque of Kairouan) ဟာ မြောက်အာဖရိကတိုက်ရဲ့ ရှေးအကျဆုံးနဲ့ အလှပဆုံး ဗလီကြီးဖြစ်ပါတယ်။

တောင်ပိုင်းမှာရှိတဲ့ မက်မာတာ Matmata ဒေသဟာ မြေကြီးကို တူးပြီး အောက်ထဲမှာ နေထိုင်ကြတဲ့ မြေအောက်အိမ် (Troglodyte houses) တွေ ရှိတဲ့နေရာ ဖြစ်ပါတယ်။ ဒါကို ဒါရိုက်တာ ဂျော့ချ်လူးကပ်စ် (George Lucas) က သဘောကျပြီး ကမ္ဘာကျော် စတား-ဝါး(စ်) Star Wars ရုပ်ရှင်တွေထဲက ဂြိုဟ်သားတွေနေတဲ့ တက်တူးအင်း 'Tatooine' ဂြိုဟ်အဖြစ် လာရောက်ရိုက်ကူးခဲ့ပါတယ်။ ဒါ့အပြင် တောင်ပိုင်းက ဒေါ့ဇ် (Douz) မြို့လေးကနေတဆင့် ဧရာမ ဆဟာရ သဲကန္တာရကြီးထဲကို ကုလားအုတ်တွေစီးပြီး ခရီးသွားနိုင်ပါတယ်။

 တောင်ပိုင်းကမ်းလွန်မှာရှိတဲ့ ဂျာဘာ ကျွန်း (Djerba) ကလေးကတော့ အလွန်လှပတဲ့ သဲဖြူကမ်းခြေတွေနဲ့ အုန်းပင်တွေကြောင့် ကျော်ကြားပါတယ်။ ဒီကျွန်းမှာ ထူးခြားတာကတော့ အာဖရိကတိုက်ရဲ့ ရှေးအကျဆုံး ဂျူးဘုရားကျောင်း (El Ghriba Synagogue) တည်ရှိပြီး မွတ်စလင်တွေနဲ့ ဂျူးလူမျိုးတွေ ရာစုနှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်တဲ့ ကျွန်းလေး ဖြစ်ပါတယ်။

တူနီးရှားရဲ့ အခြားထင်ရှားတဲ့နေရာတွေကတော့ အာဖရိကမှာ ဒုတိယအကြီးဆုံးဖြစ်တဲ့ ဘာဒိုအမျိုးသားပြတိုက် Bardo National Museum ၊ အေဒီ ၈ရာစု နဲ့ ၉ရာစုအတွင်းမှာ တည်ဆောက်ခဲ့တဲ့ ဆုဆာခံတပ် (Ribat of Sousse) ၊ အေဒီ ၈ရာစုနှောင်းပိုင်းမှာ တည်ဆောက်ခဲ့တဲ့ အယ်မင်စတာခံတပ် Ribat of Monastir ၊ ၉ ရာစုမှာ တည်ဆောက်ပြီးစီးခဲ့တဲ့ အယ်လ်-ဇေတုနာ Al-Zaytuna ဗလီကြီး ၊ ကမ်းခြေများစွာကြောင့် ကျော်ကြားတဲ့ ဟမ်မားမတ် မြို့ကလေး Hammamet ၊ ၃၆ဟက်တာခန့် ကျယ်ဝန်းတဲ့ ဖရီဂွီယာ တိရစ္ဆာန်ဥယျာဉ် ပန်းခြံ Friguia Park ၊ နိုင်ငံရဲ့မြောက်ပိုင်းက စတုရန်းမိုင် ၅၀ နီးပါးကျယ်ဝန်းတဲ့ အိုက်ချူကယ် အမျိုးသားဥယျာဉ် နယ်မြေ Ichkeul National Park နဲ့ ယူနက်စကိုအမွေအနှစ် စာရင်းဝင် ရောမမြို့ဟောင်း ဒတ်ဂါ Dougga တို့ပဲ ဖြစ်ပါတယ်။

လူမျိုး၊ ဘာသာ နှင့် စီးပွားရေး

တူနီးရှား လူဦးရေရဲ့ ၉၈% ဟာ အာရပ်တွေဖြစ်ပြီး ကျန်တာတွေကတော့ ဘာဘာ နဲ့ ဂျူးလူမျိုးတွေ ဖြစ်ပါတယ်။ ၉၉% သော ပြည်သူတွေဟာ ဆွန်းနီမွတ်စလင် (Sunni Muslim) တွေဖြစ်ကြပြီး ကျန်တဲ့ ၁% မှာတော့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ သမိုင်းဝင် ဂျူးလူမျိုး အနည်းငယ် ပါဝင်ပါတယ်။ တူနီးရှားဟာ အာရပ်ကမ္ဘာမှာ ဘာသာရေးအစွန်းရောက်မှု အနည်းဆုံးနဲ့ အမျိုးသမီးတွေကို လွတ်လပ်ခွင့် အပေးဆုံး နိုင်ငံတစ်ခုအဖြစ် ထင်ရှားပါတယ်။

စီးပွားရေးစနစ်မှာတော့ အဓိကအားဖြင့် စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ အထည်အလိပ်၊ ရေနံ ၊ အဖျော်ယမကာ ၊ ဖော့စဖိတ် (Phosphate) နဲ့ သံရိုင်း အစရှိတဲ့ ဓာတ်သတ္တု တူးဖော်ရေးတို့အပေါ် အခြေခံပါတယ်။ တူနီးရှားဟာ ကမ္ဘာပေါ်မှာ သံလွင်ဆီ (Olive Oil) နဲ့ စွန်ပလွံသီး (Dates) အများဆုံး တင်ပို့ရောင်းချတဲ့ နိုင်ငံတွေထဲမှာ ထိပ်တန်းက ပါဝင်ပါတယ်။

နိုင်ငံသားတွေရဲ့ တဦးချင်းပျမ်းမျှဂျီဒီပီကတော့ အမေရိကန်ဒေါ်လာ ၄၅၀၀ ဝန်းကျင်ဖြစ်ပြီး ငွေကြေးစနစ်အနေနဲ့ တူနီးရှား ဒိုင်နာ (Tunisian Dinar - TND) ကို အသုံးပြုပါတယ်။

အခြားအာဖရိကနိုင်ငံအများစုထက် လူနေမှုစနစ်အနည်းငယ်မြင့်တဲ့နိုင်ငံဖြစ်ပေမယ့် ပြည်သူအများစုကတော့ စီးပွားရေးကျပ်တည်းမှုတွေနဲ့ ရုန်းကန်နေရပါတယ်။ အထူးသဖြင့် အလုပ်လက်မဲ့ ပြဿနာ ဟာ နိုင်ငံရဲ့ အကြီးမားဆုံး အကျပ်အတည်း ဖြစ်ပါတယ်။ ဘွဲ့ရပညာတတ် လူငယ်တွေတောင် အလုပ်အကိုင်ရှာရ အလွန်ခက်ခဲနေပြီး လူငယ်အလုပ်လက်မဲ့နှုန်းဟာ ၃၀% ကျော်အထိ ရှိနေပါတယ်။ 

ဒါကြောင့် ပညာတတ်လူငယ် အများအပြားဟာ ဥရောပနိုင်ငံတွေ (အထူးသဖြင့် ပြင်သစ်) ဆီကို ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ဖို့ ကြိုးစားနေကြရပါတယ်။ ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကြောင့်လည်း လူလတ်တန်းစားတွေရဲ့ ဘဝဟာ ပိုမိုကျပ်တည်းလာနေပါတယ်။

ပညာရေးနဲ့ ကျန်းမာရေး စနစ်ကတော့ လွတ်လပ်ရေးရပြီးကတည်းက အစိုးရက အများကြီး ရင်းနှီးမြှုပ်နှံခဲ့တာကြောင့် အာဖရိကတိုက်မှာ စံပြဖြစ်ခဲ့ဖူးပါတယ်။ အခြေခံပညာရေးနဲ့ တက္ကသိုလ်ပညာရေးကို နိုင်ငံတော်က အခမဲ့ ထောက်ပံ့ပေးထားပြီး စာတတ်မြောက်နှုန်း ၈၅% ကျော် ရှိပါတယ်။ အဓိက တက္ကသိုလ်ကြီး ၁၃ ခု ရှိနေပြီး ဒီအထဲမှာ အကြီးဆုံးနဲ့ အထင်ရှားဆုံးကတော့ ကာသေ့ချ် တက္ကသိုလ် Carthage University ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာမှ စတင်တည်ထောင်ခဲ့တဲ့ ဒီတက္ကသိုလ်ကြီးကို ကျောင်းပေါင်း ၂၁ခု နဲ့ ဖွဲ့စည်းထားပြီး စာသင်သားပေါင်း ၅သောင်းနီးပါး တက်ရောက်လျက်ရှိပါတယ်။

သယ်ယူပို့ဆောင်ရေး အနေနဲ့ မြို့ကြီးတွေကြား ဆက်သွယ်ပေးတဲ့ ရထားစနစ်နဲ့ ဘတ်စ်ကားစနစ်တွေ ရှိပါတယ်။ ထူးခြားတဲ့ သယ်ယူပို့ဆောင်ရေး တစ်ခုကတော့ Louage လူဝါ့(ဂျ်) လို့ခေါ်တဲ့ အဝါရောင် အစင်းပါတဲ့ ခရီးသည်တင် ဗင်ကား တွေဖြစ်ပါတယ်။ လူပြည့်မှထွက်တဲ့ ဒီကားလေးတွေဟာ တူနီးရှားပြည်သူတွေ တစ်မြို့နဲ့တစ်မြို့ ကူးလူးသွားလာရာမှာ အဓိက အားထားရဆုံး ဖြစ်ပါတယ်။

နိုင်ငံတကာလေဆိပ် ၉ ခုရှိနေပြီး မြို့တော်မှာရှိတဲ့ တူးနစ်-ကာသေ့ချ် နိုင်ငံတကာလေဆိပ် (Tunis-Carthage International Airport) ကတော့ အဓိကလေဆိပ်ဖြစ်ကာ တနှစ်ကို လေကြောင်းခရီးသွား ၇သန်းကျော်ကို ဝန်ဆောင်မှုပေးနေတဲ့ လေဆိပ်ကြီး ဖြစ်ပါတယ်။

ရာသီဥတုကတော့ မြောက်ပိုင်းမှာ မြေထဲပင်လယ် ရာသီဥတု (နွေရာသီ ပူပြင်းခြောက်သွေ့ပြီး ဆောင်းရာသီမှာ မိုးရွာသွန်းတဲ့) မျိုးဖြစ်ပြီး နိုင်ငံအလယ်ပိုင်းမှာ သဲကန္တာရဆန်တဲ့ ရာသီဥတု နဲ့ တောင်ပိုင်းမှာတော့ လုံးဝ ပူပြင်းခြောက်သွေ့တဲ့ ဆဟာရ သဲကန္တာရ ရာသီဥတုမျိုး ဖြစ်ပါတယ်။

ယဉ်ကျေးမှု၊ အစားအစာ နှင့် အားကစား

တူနီးရှား အစားအစာတွေဟာ မြေထဲပင်လယ်၊ အာရပ် နဲ့ ပြင်သစ် ယဉ်ကျေးမှုတွေ ပေါင်းစပ်နေပါတယ်။ အကျော်ကြားဆုံးကတော့ ဟာရစ်ဆာ (Harissa) ဖြစ်ပါတယ်။ ငရုတ်သီးနီ၊ ကြက်သွန်ဖြူ၊ သံလွင်ဆီ နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ထောင်းပြီးလုပ်ထားတဲ့ ဒီငရုတ်သီးနှစ် (Chili paste) ဟာ တူနီးရှားလူမျိုးတွေရဲ့ ထမင်းစားပွဲတိုင်းမှာ မပါမဖြစ်ပါ။ တူနီးရှား ဟာရစ်ဆာ ကို ၂၀၂၂ ခုနှစ်မှာ UNESCO က ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ်တောင် သတ်မှတ်ပေးခဲ့ပါတယ်။

အမျိုးသား အစားအစာ ကတော့ ကူစကူးစ် (Couscous) ဖြစ်ပါတယ်။ ဂျုံမှုန့်ကို အစေ့သေးသေးလေးတွေဖြစ်အောင်လုပ်ပြီး အသား၊ ဟင်းသီးဟင်းရွက် အနှစ်တွေနဲ့ တွဲဖက်စားသုံးရတာပါ။ နောက်ထပ် နာမည်ကြီးတာကတော့ ဘရစ်ခ် (Brik) ပါ။ ပါးလွှာတဲ့ မုန့်နှစ်ပြားထဲမှာ ကြက်ဥ၊ တူနာငါး၊ ကြက်သွန်မြိတ်တွေထည့်ပြီး ကြွပ်နေအောင် ကျော်ထားတဲ့ သရေစာ ဖြစ်ပါတယ်။

ရိုးရာဂီတအနေနဲ့ အန်ဒါလူရှန်း (Andalusian) အမွေအနှစ်ဖြစ်တဲ့ မာလုဖ် Malouf ဂီတဟာ အလွန်ထင်ရှားပါတယ်။ တူနီးရှားရဲ့ လက်မှုပညာတွေဖြစ်တဲ့ ကော်ဇောရက်လုပ်ခြင်း နဲ့ ရွှံ့စေးမြေအိုး (Ceramics) လုပ်ငန်းတွေဟာလည်း ကမ္ဘာလှည့်ခရီးသွားတွေအကြား နာမည်ကြီးပါတယ်။

အားကစားမှာတော့ ဘောလုံး (Football) ဟာ နိုင်ငံရဲ့ အသက်သွေးကြော ဖြစ်ပါတယ်။ တူနီးရှား အမျိုးသား ဘောလုံးအသင်းကို "ကာသေ့ချ် လင်းယုန်များ" (Eagles of Carthage) လို့ တင်စားခေါ်ဝေါ်ကြပြီး ကမ္ဘာ့ဖလား (World Cup) ကို ၇ကြိမ်အထိ ပါဝင်ခွင့်ရတဲ့ ဘောလုံးအသင်းဖြစ်ပါတယ်။ ဘောလုံးအပြင် လက်ပစ်ဘော (Handball) နဲ့ ဘတ်စကက်ဘော အားကစားတွေမှာလည်း အလွန်ထူးချွန်ကြပါတယ်။

ဒီလောက်ဆိုရင်တော့ ကြီးကျယ်ခမ်းနားတဲ့ ရောမသမိုင်းတွေ ကိန်းအောင်းနေသလို၊ ဆာဟာရ သဲကန္တာရကြီးရဲ့ အလှတရားတွေနဲ့ ခေတ်သစ် ဒီမိုကရေစီ တော်လှန်ရေးသမိုင်းတွေ ပေါင်းစပ်နေတဲ့ တူနီးရှားနိုင်ငံရဲ့ အကြောင်းကို အတော်လေး စုံစုံလင်လင် သိသွားလောက်ပြီ ထင်ပါတယ်။ နားဆင်သူ သုတဇုန်မိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။

Post a Comment

0Comments

Post a Comment (0)