အာမေးနီးယန်းနိုင်ငံ အကြောင်း သိကောင်းစရာ

0
အားလုံးပဲ မင်္ဂလာပါရှင်။ ဒီတခါမှာတော့ ကမ္ဘာပေါ်မှာ ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပထမဆုံး ပြဋ္ဌာန်းခဲ့တဲ့ ရှေးဟောင်းသမိုင်းဝင်နိုင်ငံ၊ ကျောင်းတွေမှာ စစ်တုရင် (Chess) ကစားနည်းကို မသင်မနေရ ပြဋ္ဌာန်းထားတဲ့ စစ်တုရင်ထိပ်သီးနိုင်ငံ၊ နောဧသင်္ဘောကြီး (Noah's Ark) ဆိုက်ကပ်ခဲ့တယ်လို့ ယုံကြည်ရတဲ့ ခမ်းနားလှတဲ့ အာရာရတ်တောင်ကြီး (Mount Ararat) ကို အလှပဆုံး မြင်တွေ့ရပြီး အလွန်ချိုမြိန်တဲ့ မက်မွန်မက်မန်းသီး (Apricot) တွေထွက်ရှိရာ ဥရောပနဲ့ အာရှတိုက်ကြားက အာမေးနီးယား (Armenia) နိုင်ငံရဲ့ အကြောင်းကို ဝေမျှပေးချင်ပါတယ်။

နိုင်ငံရဲ့ တရားဝင်အမည်ကတော့ အာမေးနီးယားသမ္မတနိုင်ငံ (Republic of Armenia) ဖြစ်ပြီး ဥရောပအရှေ့ပိုင်းနဲ့ အာရှအနောက်ပိုင်းကြားက ကော့ကေးဆပ် (Caucasus) တောင်တန်းဒေသမှာ တည်ရှိတဲ့ ကုန်းတွင်းပိတ် (Landlocked) နိုင်ငံတစ်ခု ဖြစ်ပါတယ်။ နိုင်ငံရဲ့ မြောက်ဘက်မှာ ဂျော်ဂျီယာနိုင်ငံ၊ အရှေ့ဘက်မှာ အဇာဘိုင်ဂျန်နိုင်ငံ၊ တောင်ဘက်မှာ အီရန်နိုင်ငံ နဲ့ အနောက်ဘက်မှာ တူရကီနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

နိုင်ငံရဲ့ စုစုပေါင်းအကျယ်အဝန်းက စတုရန်းမိုင်ပေါင်း ၁၁,၄၈၄ သာရှိပြီး မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်ထက်တောင် သေးငယ်ပါတယ်။ စုစုပေါင်းလူဦးရေ ၃သန်းခန့်သာ နေထိုင်တဲ့ နိုင်ငံငယ်လေး ဖြစ်ပါတယ်။

အုပ်ချုပ်ရေးအနေနဲ့ ပါလီမန်ဒီမိုကရေစီ သမ္မတနိုင်ငံစနစ်ကို ကျင့်သုံးပြီး အာမေးနီးယန်း ဘာသာစကား (Armenian) ကို ရုံးသုံးဘာသာစကားအဖြစ် အသုံးပြုပါတယ်။ ဒီဘာသာစကားဟာ အင်ဒို-ဥရောပ ဘာသာစကားအုပ်စုဝင် ဖြစ်ပေမယ့် သူ့ကိုယ်ပိုင် သီးသန့်အက္ခရာ၊ သီးသန့်အသံထွက်နဲ့ ရပ်တည်နေတဲ့ ထူးခြားတဲ့ ဘာသာစကား ဖြစ်ပါတယ်။

လူဦးရေ ၁ သန်းကျော် နေထိုင်တဲ့ ယေဒေဗန် (Yerevan) မြို့က မြို့တော်နဲ့ အကြီးဆုံးမြို့ဖြစ်ပြီး ဂယူမရီ (Gyumri) နဲ့ ဗာနက်ဇော (Vanadzor) တို့ကတော့ အခြားထင်ရှားတဲ့ မြို့ကြီးတွေ ဖြစ်ပါတယ်။

နိုင်ငံရဲ့ အမြင့်ဆုံးနေရာကတော့ အာရာဂတ်စ် တောင် (Mount Aragats) ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၃,၄၂၀ ပေ မြင့်ပါတယ်။

အာမေးနီးယား (Armenia) ဆိုတဲ့ အမည်ဟာ ရှေးဟောင်းဂရိနဲ့ ပါရှားစာပေတွေကနေ လာတာဖြစ်ပေမယ့်၊ ဒေသခံ အာမေးနီးယန်းတွေကတော့ သူတို့ကိုယ်သူတို့ "ဟေးယက်စ်တန်" (Hayastan) လို့သာ ခေါ်ဝေါ်ကြပါတယ်။ အဓိပ္ပာယ်ကတော့ သူတို့ရဲ့ ဘိုးဘေးဖြစ်သူ သူရဲကောင်းကြီး "ဟေး(ခ်)" (Hayk) ရဲ့ မြေနေရာ လို့ အဓိပ္ပာယ်ရပါတယ်။

သမိုင်းကြောင်း

အာမေးနီးယားနိုင်ငံရဲ့ သမိုင်းကြောင်းဟာ ရောမအင်ပါယာလောက်ကို ရှေးကျပြီး အလွန်ခမ်းနားသလို၊ အလွန်လည်း ကြေကွဲစရာကောင်းလှပါတယ်။ ဘီစီ ၈၆၀ ခန့်ကတည်းက ယူရတ်တူ (Urartu) ဆိုတဲ့ ဘုရင့်နိုင်ငံအဖြစ် ဒီဒေသမှာ တည်ရှိခဲ့ပါတယ်။ မြို့တော် ယေဒေဗန် (Yerevan) ဟာ ဘီစီ ၇၈၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်လို့ အီတလီက ရောမမြို့ထက်တောင် ၂၉ နှစ် ပိုမိုရှေးကျတဲ့ ကမ္ဘာ့ရှေးအကျဆုံး မြို့ကြီးတွေထဲက တစ်မြို့ဖြစ်ပါတယ်။

အေဒီ ၃၀၁ ခုနှစ်မှာတော့ အာမေးနီးယားသမိုင်းရဲ့ အကြီးမားဆုံး အချိုးအကွေ့တစ်ခု ဖြစ်ခဲ့ပါတယ်။ ဘုရင် တတိယ တီရီဒိတ် (Tiridates III) နဲ့ စိန့်ဂရီဂိုရီ (Saint Gregory the Illuminator) တို့ရဲ့ ကြိုးပမ်းမှုကြောင့် အာမေးနီးယားဟာ ကမ္ဘာပေါ်မှာ ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပထမဆုံး ပြဋ္ဌာန်းတဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ ရောမအင်ပါယာတောင်မှ သူတို့နောက် ဆယ်စုနှစ်ပေါင်းများစွာ ကြာမှသာ ခရစ်ယာန်ဘာသာကို တရားဝင်အဖြစ် လက်ခံခဲ့တာ ဖြစ်ပါတယ်။

အေဒီ ၄၀၅ ခုနှစ်မှာတော့ ပညာရှိကြီး မက်(စ်)ရော့(ပ်) မက်(ရှ်)တော့(စ်) (Mesrop Mashtots) က အာမေးနီးယန်း စာပေအက္ခရာ ၃၆ လုံးကို တီထွင်ပေးခဲ့ပြီး ဒီစာပေဟာ ဒီနေ့ထက်တိုင်အောင် အာမေးနီးယန်းလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ အမျိုးသားရေး စည်းလုံးမှုကို ထိန်းသိမ်းပေးထားတဲ့ အသက်သွေးကြော ဖြစ်လာခဲ့ပါတယ်။

အလယ်ခေတ်တွေမှာတော့ အာမေးနီးယားဟာ ပထဝီအနေအထားအရ အင်အားကြီး အင်ပါယာတွေရဲ့ ကြားမှာ ရောက်နေလို့ ရောမ၊ ပါရှား၊ ဘိုင်ဇန်တိုင်း၊ အာရပ်၊ မွန်ဂို၊ အော့တိုမန်တူရကီ နဲ့ ရုရှား အင်ပါယာတွေရဲ့ အကြိမ်ကြိမ် ကျူးကျော်သိမ်းပိုက်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဘာသာရေးနဲ့ စာပေယဉ်ကျေးမှုကိုတော့ ပျောက်ပျက်မသွားအောင် ထိန်းသိမ်းနိုင်ခဲ့ကြပါတယ်။

၂၀ ရာစုအစပိုင်း ၁၉၁၅ ခုနှစ်မှာတော့ အာမေးနီးယန်းလူမျိုးတွေရဲ့ သမိုင်းမှာ အဆိုးရွားဆုံးနဲ့ အကြေကွဲရဆုံး အဖြစ်အပျက်ကြီး ဖြစ်ပွားခဲ့ပါတယ်။ ပထမကမ္ဘာစစ်အတွင်း အော်တိုမန် အင်ပါယာ က သူတို့ပိုင်နက်ထဲမှာ နေထိုင်တဲ့ အာမေးနီးယန်းလူမျိုး ၁.၅ သန်းကျော်ကို စနစ်တကျ သတ်ဖြတ်ခြင်း၊ သဲကန္တာရထဲ အတင်းအဓမ္မ နှင်ထုတ်ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါကို "အာမေးနီးယန်း လူမျိုးတုံးသတ်ဖြတ်မှု" (Armenian Genocide) ဆိုပြီး သမိုင်းမှာ ထင်ရှားပါတယ်။ ဒီဖြစ်ရပ်ကြောင့် အသက်ရှင်ကျန်ရစ်သူ အာမေးနီးယန်း အများအပြားဟာ ကမ္ဘာအရပ်ရပ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဒီနေ့ခေတ် "အာမေးနီးယန်း ဒိုင်ယက်စ်ပိုရာ" (Armenian Diaspora) လို့ခေါ်တဲ့ ပြည်ပရောက် အာမေးနီးယန်း အသိုက်အဝန်းကြီးတွေ ကမ္ဘာအနှံ့ ပေါ်ပေါက်လာခဲ့ရပါတယ်။

၁၉၁၈ ခုနှစ်မှာ ပထမဆုံး အာမေးနီးယားသမ္မတနိုင်ငံကို ထူထောင်နိုင်ခဲ့ပေမယ့် ၁၉၂၀ ပြည့်နှစ်မှာတော့ ဆိုဗီယက်ယူနီယံ (USSR) ရဲ့ တပ်တွေ ဝင်ရောက်ထိန်းချုပ်ခြင်းကို ခံခဲ့ရပြီး ဒီနောက်မှာတော့ ဆိုဗီယက် ပြည်ထောင်စုရဲ့ ပြည်နယ်တစ်ခု ဖြစ်သွားခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှာ အင်အား ၆.၈ မဂ္ဂနီကျုရှိတဲ့ စပီတက် (Spitak) ငလျင်ကြီး လှုပ်ခတ်ခဲ့လို့ လူပေါင်း ၂၅,၀၀၀ ကျော် သေဆုံးခဲ့ရပြီး နိုင်ငံရဲ့ စီးပွားရေးဟာ အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။

ဆိုဗီယက်ယူနီယံ ပြိုကွဲသွားပြီးနောက်မှာတော့ အာမေးနီးယားဟာ လွတ်လပ်တဲ့ သမ္မတနိုင်ငံတစ်ခုအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးကတည်းက အိမ်နီးချင်း အဇာဘိုင်ဂျန်နိုင်ငံနဲ့ နာဂေါ်နို-ကရာဘတ် (Nagorno-Karabakh) လို့ခေါ်တဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားစစ်ပွဲတွေ ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် စစ်ပွဲ နဲ့ ၂၀၂၃ ခုနှစ် အဇာဘိုင်ဂျန်ရဲ့ ထိုးစစ်တွေကြောင့် အဲဒီနယ်မြေမှာ နေထိုင်တဲ့ အာမေးနီးယန်း လူမျိုး တစ်သိန်းကျော်ဟာ မိမိတို့ရဲ့ ဌာနေကနေ အာမေးနီးယားနိုင်ငံထဲကို အလုံးအရင်းနဲ့ ထွက်ပြေးခိုလှုံခဲ့ရတဲ့ စိတ်မကောင်းဖွယ်ရာ အကျပ်အတည်းတွေနဲ့ လက်ရှိအချိန်ထိ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ "ကတ္တီပါ တော်လှန်ရေး" (Velvet Revolution) လို့ခေါ်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကြီးဖြစ်ပေါ်ခဲ့ပြီး အကျင့်ပျက်ခြစားတဲ့ အစိုးရဟောင်းကို ဖြုတ်ချကာ နီကိုးလ် ပါရှီနီယန် (Nikol Pashinyan) ဦးဆောင်တဲ့ အစိုးရသစ် တက်လာခဲ့ပါတယ်။ စီးပွားရေးတိုးတက်ကောင်းမွန်နေပေမယ့် နိုင်ငံရေးမှာတော့ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။

ထင်ရှားတဲ့နေရာတွေ

အာမေးနီးယားနိုင်ငံဟာ သမိုင်းဝင် ဘုန်းတော်ကြီးကျောင်းတွေ၊ ရင်သပ်ရှုမောဖွယ် တောင်တန်းတွေနဲ့ သဘာဝအလှတရားတွေ ပြည့်နှက်နေတဲ့ နိုင်ငံဖြစ်ပါတယ်။

မြို့တော် ယေဒေဗန် (Yerevan) မြို့ ကို "ပန်းရောင်မြို့တော်" (The Pink City) လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ မြို့က အဆောက်အအုံ တော်တော်များများကို နိုင်ငံတွင်းကထွက်တဲ့ ပန်းရောင် မီးတောင်ကျောက် (Pink Tuff) တွေနဲ့ ဆောက်လုပ်ထားလို့ နေရောင်ဟပ်တဲ့အခါ မြို့တစ်မြို့လုံး ပန်းရောင်သန်းနေတတ်လို့ပါ။ ယေဒေဗန်မြို့မှာ ဧရာမ လှေကားထစ်ကြီးတွေလို တည်ဆောက်ထားပြီး အနုပညာပြတိုက်တွေ ပါဝင်တဲ့ ကက်စကိတ် (The Cascade) အဆောက်အအုံ၊ ရီပတ်ဘလစ်ရင်ပြင် (Republic Square) နဲ့ လူမျိုးတုံးသတ်ဖြတ်မှု အောက်မေ့ဖွယ် ပြတိုက် (Tsitsernakaberd) တို့ဟာ မဖြစ်မနေ သွားရောက်သင့်တဲ့ နေရာတွေ ဖြစ်ပါတယ်။

တူရကီနယ်စပ်နားမှာရှိတဲ့ ခေါ့ရ် ဗီရက်ပ် ဘုန်းတော်ကြီးကျောင်း (Khor Virap) ဟာ အာမေးနီးယားကို ခရစ်ယာန်နိုင်ငံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ စိန့်ဂရီဂိုရီ ကို တွင်းနက်ကြီးထဲမှာ ၁၃ နှစ်ကြာ အကျဉ်းချထားခဲ့တဲ့ သမိုင်းဝင်နေရာ ဖြစ်ပါတယ်။ ဒီကျောင်းလေးရဲ့ အနောက်ဘက် နောက်ခံရှုခင်းမှာ နှင်းတွေဖုံးလွှမ်းနေတဲ့ အာရာရတ်တောင်ကြီး (Mt. Ararat) ကို အလှပဆုံးနဲ့ အနီးကပ်ဆုံး မြင်တွေ့ရလို့ ကမ္ဘာလှည့်ခရီးသွားတွေ အနှစ်သက်ဆုံး နေရာတစ်ခု ဖြစ်ပါတယ်။ အာရာရတ်တောင်ဟာ အာမေးနီးယန်းတွေရဲ့ နှလုံးသားနဲ့ အမျိုးသားရေးသင်္ကေတ ဖြစ်ပေမယ့် သမိုင်းတလျှောက် နယ်မြေပိုင်းခြားမှုတွေကြောင့် လက်ရှိအချိန်မှာတော့ တူရကီနိုင်ငံရဲ့ နယ်နိမိတ်ထဲမှာ ရောက်ရှိနေတာဟာ သူတို့အတွက်တော့ လွမ်းဆွတ်ကြေကွဲစရာတစ်ခု ဖြစ်နေပါတယ်။

ဂါ(ရ်)နီ ဘုရားကျောင်း (Garni Temple) ကတော့ အာမေးနီးယားနဲ့ ဆိုဗီယက်ယူနီယံ တစ်ခုလုံးမှာ တစ်ခုတည်းသာ ကျန်ရစ်တော့တဲ့ ခရစ်ယာန်ခေတ်မတိုင်မီက ဂရိ-ရောမ ဗိသုကာဟန်နဲ့ ဆောက်လုပ်ထားတဲ့ နေနတ်ဘုရားကျောင်းကြီး ဖြစ်ပါတယ်။ ဒီဘုရားကျောင်းကိုတော့ အေဒီ ၁ ရာစုမှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ဂတ်ဂါ့(ဒ်) ဘုန်းတော်ကြီးကျောင်း (Geghard Monastery) ကတော့ ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုဖြစ်ပြီး တောင်ကမ်းပါးယံ ကျောက်ဆောင်ကြီးတွေကို အထဲကို ထွင်းထုပြီး တည်ဆောက်ထားတဲ့ အလွန်အံ့ဩစရာကောင်းတဲ့ အလယ်ခေတ် ဘုန်းတော်ကြီးကျောင်းကြီး ဖြစ်ပါတယ်။

ဆီဗန် ရေကန်ကြီး (Lake Sevan) ကိုတော့ "အာမေးနီးယားရဲ့ ပုလဲပြာ" လို့ တင်စားကြပြီး ကော့ကေးဆပ်ဒေသမှာ အကြီးဆုံး ရေချိုကန်ကြီး ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၆,၂၀၀ ပေ အမြင့်မှာ တည်ရှိလို့ ကမ္ဘာ့အမြင့်ဆုံး ရေကန်ကြီးတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ နွေရာသီမှာ ဒေသခံတွေအတွက် ပင်လယ်ကမ်းခြေလို အပန်းဖြေရာ နေရာလည်း ဖြစ်ပါတယ်။

အာမေးနီးယန်း တမန်တော်အသင်းတော် (Armenian Apostolic Church) ရဲ့ ဗဟိုချက်ကတော့ အက်(ချ်)မီယက်ဇင် ဘုရားကျောင်းတော်ကြီး (Echmiadzin Cathedral)  ဖြစ်ပြီး အာမေးနီးယားရဲ့ "ဗာတီကန်" လို့ ခေါ်ဆိုနိုင်ပါတယ်။ အေဒီ ၃၀၁ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့လို့ ကမ္ဘာ့ရှေးအကျဆုံး ခရစ်ယာန် ဘုရားကျောင်းကြီးတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

တောင်ကမ်းပါးယံထိပ်မှာ ၉ရာစုက ဆောက်လုပ်ထားတဲ့ တာတက်ဗ် ဘုန်းတော်ကြီးကျောင်း (Tatev Monastery) ဆီ သွားဖို့အတွက် ကမ္ဘာ့အရှည်ဆုံး ကေဘယ်ကား (Cable car) ကြီးကို တည်ဆောက်ထားပါတယ်။ အရှည် ၃.၅ မိုင် ရှိပြီး ချောက်ကမ်းပါးကြီးတွေအပေါ်ကနေ ဖြတ်သန်းသွားရတဲ့ အတွေ့အကြုံက ရင်သပ်ရှုမောဖွယ် ဖြစ်ပါတယ်။

အာမေးနီးယန်းနိုင်ငံရဲ့ အခြားထင်ရှားတဲ့နေရာတွေကတော့ ရေဒေဗန်မြို့လယ်က နိုင်ငံတော်အဆင့် အခမ်းအနားများ ကျင်းပရာ သမ္မတရင်ပြင် ၊ ၁,၁၅၀ ပေ ရှည်လျားသော လမ်းမပေါ်တွင် ခင်းကျင်းထားသည့် "ဗာနီဆေ့ လဟာပြင်ဈေး" (Vernissage Market) ၊ သမိုင်းဝင် ရှေးဟောင်းလက်ရေးမူများနှင့် ကမ္ဘာ့အဖိုးတန် စာပေများ သိမ်းဆည်းရာ မာတီနာဒါရန် ပြတိုက် (Matenadaran) ၊ အာမေးနီးယန်း လူမျိုးတုံးသတ်ဖြတ်မှုအတွင်း ကျဆုံးခဲ့သူများအတွက် ရည်စူးတည်ဆောက်ထားတဲ့ အထိမ်းအမှတ်ကျောက်တိုင် (Tsitsernakaberd Genocide Memorial) ၊ ဘီစီ ၇၈၂ ကတည်းက တည်ရှိခဲ့ပြီး ရေဒေဗန်မြို့ရဲ့ အစဖြစ်ခဲ့ရာ အီရီဘူနီ ခံတပ်ဟောင်း" (Erebuni Fortress) ၊ "အာမေးနီးယားရဲ့ ဆွစ်ဇာလန်မြို့ လို့ကျော်ကြားတဲ့ ဒီလီဂျန် မြို့ကလေး (Dilijan) ၊ ဆေးဖက်ဝင် ရေပူစမ်းများတွေ နဲ့ ရေတံခွန်ကြီး တည်ရှိရာ အပန်းဖြေမြို့ကလေး ဂျာမွတ်ခ် (Jermuk)  ၊ လျှို့ဝှက်ဆန်းကြယ်တဲ့ ကြယ်တာရာကြည့် ရှေးဟောင်းကျောက်တုံးကြီးများ ရှိရာ ကာရာဟန့်ချ် နယ်မြေ (Carahunge) ၊ ကမ္ဘာ့ရှေးအကျဆုံး သားရေဖိနပ် နဲ့ ဝိုင်ချက်စက်ရုံကို ရှာဖွေတွေ့ရှိခဲ့တဲ့ အာရီနီ-၁ ဂူကြီး (Areni-1 Cave) နဲ့ ကမ္ဘာ့ပထမဆုံး ခရစ်ယာန်နိုင်ငံဖြစ်ကြောင်း ဂုဏ်ပြုထုဆစ်ထားတဲ့ "အာမေးနီးယန်း အက္ခရာအထိမ်းအမှတ်ဥယျာဉ်" (Armenian Alphabet Monument) စတာတွေဖြစ်ပါတယ်။

လူမျိုး၊ ဘာသာ နှင့် စီးပွားရေး

အာမေးနီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူမျိုးရေးအရ ကွဲပြားမှုအနည်းဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ နိုင်ငံလူဦးရေရဲ့ ၉၈% ဟာ ဌာနေ အာမေးနီးယန်း လူမျိုးတွေ ဖြစ်ကြပြီး၊ ကျန်တဲ့ ၂% မှာတော့ ယာဇီဒီ (Yazidi) နဲ့ ရုရှားလူမျိုး အနည်းငယ်သာ ရှိပါတယ်။ ယုံကြည်ကိုးကွယ်မှု အနေနဲ့ လူဦးရေရဲ့ ၉၇% ဟာ အာမေးနီးယန်း တမန်တော်အသင်းတော် (Armenian Apostolic Church) ဆိုတဲ့ သူတို့ရဲ့ ကိုယ်ပိုင် ရှေးဟောင်း ခရစ်ယာန်ဂိုဏ်းကို ကိုးကွယ်ကြပါတယ်။

အာမေးနီးယားနိုင်ငံရဲ့ အထူးခြားဆုံး အချက်ကတော့ နိုင်ငံတွင်းမှာ နေထိုင်တဲ့ လူဦးရေက ၃သန်းခန့်သာ ရှိပေမယ့်၊ နိုင်ငံပြင်ပမှာ ရောက်ရှိနေထိုင်နေတဲ့ ပြည်ပရောက် အာမေးနီးယန်း (Armenian Diaspora) အရေအတွက်က ၇ သန်း ကနေ ၈ သန်း အထိ ရှိနေပါတယ်။ အထူးသဖြင့် ရုရှား၊ အမေရိကန်၊ ပြင်သစ် စတဲ့ နိုင်ငံတွေမှာ အများဆုံး နေထိုင်ကြပါတယ်။ ဒီပြည်ပရောက် အာမေးနီးယန်းတွေက နိုင်ငံဆီကို ပြန်လွှဲပေးတဲ့ ငွေကြေးတွေ (Remittances) ဟာ နိုင်ငံစီးပွားရေးအတွက် အလွန်အရေးပါပါတယ်။

စီးပွားရေးစနစ်မှာတော့ ဆိုဗီယက်ခေတ်က စက်မှုလုပ်ငန်းတွေကို အခြေခံခဲ့ပေမယ့် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ကြေးနီ၊ ရွှေ စတဲ့ သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း နဲ့ သတင်းအချက်အလက် နည်းပညာ (IT) ကဏ္ဍတွေအပေါ် အခြေခံလာပါတယ်။

မကြာသေးမီ နှစ်တွေအတွင်း အာမေးနီးယားဟာ အိုင်တီ နဲ့ ဆော့ဖ်ဝဲ နည်းပညာကဏ္ဍမှာ အလွန်တိုးတက်လာခဲ့ပြီး "ကော့ကေးဆပ်ဒေသရဲ့ ဆီလီကွန်တောင်ကြား" (Silicon Valley of the Caucasus) လို့တောင် တင်စားခံနေရပါတယ်။ အမေရိကန်က နည်းပညာကုမ္ပဏီကြီးတွေကလည်း အာမေးနီးယားမှာ ရုံးခွဲတွေ လာဖွင့်လှစ်နေကြပါတယ်။ 

နိုင်ငံသားတွေရဲ့ တဦးချင်း နှစ်စဉ်ပျမ်းမျှဂျီဒီပီကတော့အမေရိကန်ဒေါ်လာ ၁၀၄၁၀ ဖြစ်ပြီး ငွေကြေးစနစ်အနေနဲ့ အာမေးနီးယန်း ဒရမ် (Armenian Dram - AMD) ကို အသုံးပြုပါတယ်။ 

လူနေမှုစနစ်မြင့်သလို စီးပွားရေး တိုးတက်မှုတွေ ရှိနေပေမယ့် အာမေးနီးယားရဲ့ အကြီးမားဆုံး အခက်အခဲကတော့ ပထဝီနိုင်ငံရေးပဲ ဖြစ်ပါတယ်။ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံ ၄ နိုင်ငံထဲမှာ တူရကီ နဲ့ အဇာဘိုင်ဂျန် ၂ နိုင်ငံက နယ်စပ်ဂိတ်တွေကို ပိတ်ဆို့ထားတဲ့အတွက် နိုင်ငံခြားကုန်သွယ်ရေးအတွက် ဂျော်ဂျီယာ နဲ့ အီရန် နယ်စပ်ဂိတ်တွေကိုသာ အားထားနေရလို့ ကုန်ကျစရိတ် မြင့်မားပြီး စီးပွားရေး ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေပါတယ်။

ပညာရေး၊ သယ်ယူပို့ဆောင်ရေး နှင့် ရာသီဥတု

အာမေးနီးယားလူမျိုးတွေဟာ ပညာရေးကို အလွန်တန်ဖိုးထားကြပြီး နိုင်ငံရဲ့ စာတတ်မြောက်နှုန်းဟာ ၉၉.၈% အထိ ရှိပါတယ်။ ၁၉၁၉ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ယေဒေဗန် နိုင်ငံတော်တက္ကသိုလ် (Yerevan State University) ဟာ အကြီးဆုံးနဲ့ ရှေးအကျဆုံး ဖြစ်ပြီး၊ အမေရိကန်ပုံစံ ပညာရေးကို သင်ကြားပေးတဲ့ အာမေးနီးယား အမေရိကန် တက္ကသိုလ် (American University of Armenia) ဟာလည်း နာမည်ကြီးပါတယ်။

သယ်ယူပို့ဆောင်ရေးအနေနဲ့ မြို့တွင်းမှာ ဘတ်စ်ကားတွေနဲ့ မာရူ(ရှ်)ကာ "Marshrutka"  လို့ခေါ်တဲ့ အသေးစား ဗင်ကားလေးတွေကို အများဆုံး အသုံးပြုကြပါတယ်။ မြို့တော် ယေဒေဗန်မှာတော့ ဆိုဗီယက်ခေတ်က တည်ဆောက်ခဲ့တဲ့ မြေအောက်ရထား (Yerevan Metro) စနစ် ရှိပြီး သန့်ရှင်းကာ ဈေးနှုန်းလည်း သက်သာပါတယ်။ အပြည်ပြည်ဆိုင်ရာ လေဆိပ် ၂ ခုရှိပြီး မြို့တော်မှာရှိတဲ့ ဇဗာနော့တ်(စ်) (Zvartnots International Airport) ကတော့ အဓိက လေဆိပ်ကြီး ဖြစ်ကာ တနှစ်ကို လေကြောင်းခရီးသွား ၅သန်းခွဲကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

ရာသီဥတုကတော့ ကုန်းတွင်းပိုင်း မြင့်မားတဲ့ ဒေသဖြစ်လို့ နွေရာသီမှာ အလွန်ပူပြင်း ခြောက်သွေ့ပြီး ဆောင်းရာသီမှာတော့ နှင်းတွေ လွန်စွာကျကာ အလွန်အေးခဲတဲ့ (Continental Climate) ရာသီဥတုမျိုး ဖြစ်ပါတယ်။

ယဉ်ကျေးမှု၊ အစားအစာ နှင့် အားကစား

အာမေးနီးယား ယဉ်ကျေးမှုမှာ မက်မွန်မက်မန်းသီး (Apricot) နဲ့ သလဲသီး (Pomegranate)  ဆိုတဲ့ သစ်သီး နှစ်မျိုးက အလွန်အရေးပါပါတယ်။ အာမေးနီးယား မက်မွန်သီးဟာ ကမ္ဘာပေါ်မှာ အချိုဆုံးနဲ့ အရသာအရှိဆုံးလို့ နာမည်ကြီးပါတယ်။ သလဲသီးကတော့ အာမေးနီးယန်းတွေရဲ့ အနုပညာ၊ ပန်းချီကားတွေမှာ အမြဲပါဝင်ပြီး သားသမီးရတနာ ထွန်းကားခြင်းနဲ့ အသက်ရှင်သန်ခြင်းရဲ့ သင်္ကေတအဖြစ် တန်ဖိုးထားကြပါတယ်။

အစားအသောက်ပိုင်းမှာ အကျော်ကြားဆုံးကတော့ လာဗက်ရှ် (Lavash) လို့ခေါ်တဲ့ ရိုးရာ ပါးပါးလွှာလွှာ ပေါင်မုန့်ပြားကြီးပဲ ဖြစ်ပါတယ်။ မြေအိုးဖို (Tandoor) အထဲမှာ ကပ်ပြီး ဖုတ်ရတဲ့ ဒီပေါင်မုန့်လေးဟာ အာမေးနီးယန်းတွေရဲ့ ထမင်းဝိုင်းတိုင်းမှာ မပါမဖြစ်ဖြစ်ပြီး ယူနက်စကို (UNESCO) က ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားပါတယ်။
နောက်ထပ် နာမည်ကြီးတာကတော့ တုတ်ထိုးအသားကင် (Khorovats) နဲ့ စပျစ်ရွက်ထဲမှာ အသားနဲ့ဆန်ကို ထုပ်ပြီးပေါင်းထားတဲ့ တိုလ်မာ (Tolma) ဆိုတဲ့ ဟင်းလျာတွေပဲ ဖြစ်ပါတယ်။

သောက်စရာတွေထဲမှာတော့ အာမေးနီးယန်း ကော့ညက် ဟာ ကမ္ဘာကျော်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန် ချာချီ (Winston Churchill) ဟာ အာမေးနီးယန်း ကော့ညက်ကို သောက်ပြီး အလွန်နှစ်သက်သွားလို့ ဆိုဗီယက်ခေါင်းဆောင် စတာလင်က နှစ်စဉ် ပုလင်းရာချီပြီး လက်ဆောင်ပို့ပေးခဲ့ရတယ်လို့တောင် သမိုင်းရာဇဝင် ရှိပါတယ်။

ရိုးရာဂီတမှာတော့ ဒူးဒွတ်ခ် (Duduk) လို့ခေါ်တဲ့ မက်မွန်သားနဲ့ ပြုလုပ်ထားတဲ့ လေမှုတ်တူရိယာလေးဟာ အလွန်ကျော်ကြားပါတယ်။ ဒူးဒွတ်ခ် ရဲ့ အသံဟာ အလွန်ဆွေးမြေ့ဖွယ်ကောင်းပြီး အာမေးနီးယန်းတွေရဲ့ ကြေကွဲစရာသမိုင်းတွေကို ပုံဖော်နေသလို ခံစားရစေပါတယ်။ 

အားကစားပိုင်းမှာတော့ အာမေးနီးယားဟာ ကမ္ဘာ့အံ့ဖွယ်နိုင်ငံ တစ်ခုလို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် စစ်တုရင် (Chess) ကစားနည်းမှာ ဖြစ်ပါတယ်။ အာမေးနီးယားဟာ ကမ္ဘာပေါ်မှာ မူလတန်းကျောင်းတွေကစပြီး စစ်တုရင် ကစားနည်းကို မသင်မနေရ ဘာသာရပ်အဖြစ် ပထမဆုံး ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံလူဦးရေ နည်းပေမယ့် နိုင်ငံတကာ စစ်တုရင် အိုလံပစ်ပြိုင်ပွဲတွေမှာ ရုရှား၊ တရုတ်၊ အမေရိကန် တို့လို နိုင်ငံကြီးတွေကို ကျော်ဖြတ်ပြီး ရွှေတံဆိပ်ဆု အကြိမ်ကြိမ် ရရှိထားတဲ့ စစ်တုရင် စူပါပါဝါနိုင်ငံ ဖြစ်ပါတယ်။ ဒါ့အပြင် နပန်း (Wrestling) နဲ့ အလေးမ (Weightlifting) အားကစားတွေမှာလည်း အိုလံပစ် ရွှေတံဆိပ်ဆုတွေ အများအပြား ဆွတ်ခူးထားနိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ ထောင်စုနှစ်ပေါင်းများစွာ ကြာမြင့်တဲ့ ခမ်းနားတဲ့သမိုင်းကြောင်းတွေ၊ ကြီးမားတဲ့ အတိဒုက္ခတွေကို ကြုံတွေ့ခဲ့ရပေမယ့် ဘယ်တော့မှ အရှုံးမပေးဘဲ ကိုယ့်ရဲ့ ဘာသာရေး၊ ယဉ်ကျေးမှု၊ စာပေအက္ခရာတွေကို သက်ဝင်လှုပ်ရှားအောင် ထိန်းသိမ်းထားနိုင်တဲ့ ဇွဲသတ္တိရှင် အာမေးနီးယားနိုင်ငံရဲ့ အကြောင်းကို အတော်လေး စုံစုံလင်လင် သိသွားလောက်ပြီ ထင်ပါတယ်။ နားဆင်သူ သုတဇုန်မိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။

Post a Comment

0Comments

Post a Comment (0)