တရံရောအခါက ဧကရာဇ် ဘုရင်ကြီးတစ်ပါးရှိတယ်။ သူဟာနေ့စဉ်တွေးခေါ်ခြင်း အလုပ်ကို လုပ်သတဲ့။ တစ်နေ့တော့ သူက မေးခွန်းသုံးခုထုတ်တယ် –
၁။ အလုပ်တစ်ခုလုပ်ဖို့ ဘယ်အချိန်အကောင်းဆုံးလဲ
၂။ ဘယ်သူအရေးကြီးဆုံးလဲ
၃။ ဘာအရေးကြီးဆုံးလဲ
မည်သူမဆို ဒီမေးခွန်း ၃ ခုကို ဖြေနိုင်တယ်လို့ တိုင်းပြည်တခွင် လှည့်လည်ကြေညာလာတယ်။ စိတ်တိုင်းကျ အကောင်းဆုံး ဖြေနိုင်သူကို ဆုကြီးလာဘ်ကြီးပေးမယ်လို့လည်း ကျေညာတယ်။ ဒီတော့ အဖြေပေးဖို့ လူတွေ နန်းတော်ကိုလာကြတယ်။ တစ်ယောက် အဖြေတစ်မျိုးနဲ့ အဖြေပေးကြတယ်။ လူတွေပေးကြတဲ့ အဖြေတွေကို မျိုးတူစုပြုလိုက်တော့ ဒီလိုထွက်လာတယ်။
၁။ အလုပ်လုပ်ဖို့ နာရီ၊ နေ့၊ လ၊ နှစ် အတိအကျ ဇယားဆွဲပြီးလုပ်သင့်တယ် အဲဒီဇယားအတိုင်းလုပ်တာ အကောင်းဆုံးပဲ၊ တချို့က စီမံကိန်းချပြီး လုပ်ရမယ်၊ ကြိုတင်ပြင်ဆင် စီမံကိန်းရေးဆွဲပြီး တခြားဗာဟီရတွေ ဖယ်၊ အလုပ်ကို အားရုံစိုက်လုပ်တာ အကောင်းဆုံးအချိန်ပဲ၊ တချို့က လုပ်ငန်းရပ်တိုင်းအတွက် အတိုင်ပင်ခံတွထားပြီး သူတို့ပေးတဲ့အချိန် အတိုင်းလုပ်ရမယ်၊ တချို့က ချက်ချင်း အရေးပေါ်လုပ်ရမယ့် ကိစ္စတွေ၊ အတိုင်ပင်ခံနေဖို့ အချိန်မရှိဘူး ချက်ချင်းလုပ်ရမှာဖြစ်လို့ နက္ခက် ဗေဒင်အလိုအရ နာရီကိုက်လုပ်သင့်တယ် လို့ဆိုတယ်။
၂။ ဒုတိယမေးခွန်းကိုလည်း ဒီလိုဖြေကြတယ် အုပ်ချုပ်သူဝန်ကြီးတွေ အရေးကြီးဆုံး၊ တချို့က ဘုန်းကြီး ရသေ့တွေ အရေးကြီးဆုံးတဲ့၊ တချို့ကတော့ သမားတော်တွေ အရေးကြီးဆုံးတဲ့၊ တချို့ကတော့ သူရဲကောင်းတွေ တဲ့။
၃။ အလားတူပဲ နံပါတ် ၃ မေးခွန်းကိုလည်း ဒီလိုဖြေကြပြန်တယ် သိပ္ပံပညာဟာ အရေးကြီးဆုံးပဲတဲ့၊ တချို့က ဘာသာတရားတဲ့၊ တချို့ကတော့ စစ်ရေးဗျူဟာ ဟာအဓိကအကျဆုံးပါတဲ့။
ဒီလိုဖြေကြတဲ့ အဖြေတွေကို ဧကရာဇ်ဘုရင်ကြီးက သဘောမကျပါဘူး ဒါကြောင့်လည်း ဆုလာဘ်တွေ မပေး လိုက်ဘူး နို့ပေမယ့် ဘုရင်ကြီးဟာ ဒီအဖြေကိုရဖို့ နေ့စဉ်ရက်ဆက် စဉ်းစားနေတယ်။ နောက်ဆုံးတော့ ဧကရာဇ် ဘုရင်ကြီးဟာ တောင်ထိပ်မှာ တစ်ဦးတည်းနေပြီး တောင်အောက်ကိုလည်း ဘယ်တော့မှမဆင်း အဖော်လည်း မခင် ပစ္စည်းပစ္စယလည်း မခုံမင် ရိုးရိုးသာမန် ဆင်းရဲသားလိုနေတဲ့ ရသေ့သူတော်စင်ဆီကို သွားမေးဖို့ဆုံးဖြတ် လိုက်တယ်။ ဒီလိုနဲ့ ဘုရင်ကြီးဟာနောက်တော်ပါတွေနဲ့ တောင်ခြေကိုရောက်လာတယ်။
ရသေ့သူတော်စင်ကြီးဟာ အဆောင်အယောင် ပကာသနအရှိန်အဝါတွေ မနှစ်သက်ကြောင်း ဘုရင်ကြီး သိတော့ သူ့ကိုယ်ရံတော် နာက်တော်ပါတွေကို တောင်ခြေမှာပဲထားခဲ့ပြီး သာမန်အရပ်သားလိုဝတ် တောင်ပေါ်တက်သွား ပါတယ်။ တောင်ပေါ်က ရသေ့သူတော်စင် သတင်းသုံးတဲ့ တောရအနီးရောက်တော့ ရသေ့ကြီးဟာ သူ့တဲ အနီးကမြေလွတ်ကို ပေါက်တူးနဲ့မြောင်းဖေါ်နေတာတွေ့ရတယ်။ ချွေးဒီးဒီးကျပြီး ပင်ပင် ပန်းပန်းနဲ့ မြေပေါက်နေတဲ့ ရသေ့ကြီးဟာ ဘုရင်ကြီးကိုမြင်တော့ ခေါင်းညိတ်ပြပြီးကြိုဆိုလိုက်တယ်။ ဘုရင်ကြီး လည်း မဆိုင်းမတွ သူလာ ရတဲ့အကြောင်း မေးခွန်းသုံးခုကိုမေးလိုက်တယ်။
ရသေ့ကြီးက ဘာမှမပြောဘဲ ဘုရင်ကြီးရဲ့ပခုံးကို လက်နဲ့အသာ ပုတ်ပြီး မြေကြီးဆက်ပေါက်နေတယ်။ ဘုရင်ကြီးလဲ မနေသာတော့ဘဲ ရသေ့ကြီးကို “အရှင်ဘုရား ပင်ပန်းလှပါပြီ၊ တပည့်တော် တစ်လှည့်တူးပါရစေ”လို့ ပြောတော့ ရသေ့ကြီးက ပေါက်တူးကို ဘုရင်ကြီးလက်ထဲထည့် လိုက်တယ်။ ဘုရင်ကြီးက မြောင်းဘောင် နှစ်ခုတူးပြီးတော့ ခဏ နားနေစဉ် သူ့မေးခွန်း ၃ ခုကို ပြန်မေးတယ်။ ရသေ့ကြီးကတော့ ပြုံးပြုံးကြီးကြည့်နေတယ်။
ဒီလိုနဲ့ဘုရင်ကြီးဟာ မြေကြီးကိုတူးနေလိုက်တာ နေဝင်သွားပါလေရော၊ ဒီတော့ ဘုရင်ကြီးက “ရသေ့ကြီး တပည့်တော်မေးထားတဲ့ မေးခွန်း ၃ ခုကို ဖြေနိုင်လား မဖြေနိုင်ရင်လဲမဖြေနိုင်ဘူးလို့ပြောပါ တပည့်တော်ပြန် ပါ့မယ်”လို့ ပြောသတဲ့။ ဒီအချိန်မှာ ရသေ့ကြီးကခေါင်းကိုမော့ပြီး တစ်စုံတစ်ရာကို အာရုံစိုက်နေပါသတဲ့။ နောက်မှ“မင်းအသံတစ်သံ ကြားလား၊ ပြေးလွှားနေတဲ့သူ တစ်ယောက်ယောက်လေကွာ”လို့ ပြောသတဲ့၊
ဒီလိုပြောနေတုန်းပဲ တောထဲက မုတ်ဆိတ်ဖြူဖြူနဲ့ လူတစ်ယောက် ပြေးထွက်လာတယ်၊ လက်နှစ်ဖက်ကို သူ့ဗိုက်ပေါ်မှာဖိထားပြီး နာကျင်စွာ ပြေးလာရဟန် တူတယ်။ သွေးတွေလည်း ယိုစီးနေတယ်၊ ရသေ့ကြီးနဲ့ဘုရင်ကြီးအနားရောက်တော့ အဲဒီလူဟာ သတိမေ့ လဲကျသွားပါလေရော ဘုရင်ကြီးဟာချက်ချင်းပဲ အဲဒီလူဆီပြေးသွားပြီး သူ့ဒဏ်ရာကိုကြည့်တယ်။ သူ့အင်္ကျီလက်မောင်းစကို ဖြဲပြီး ဒဏ်ရာပေါ်ကိုဖိသိပ်တယ် ဒါပေမယ့်သွေးကမတိတ်ဘူး ဒါနဲ့ဘုရင်ကြီးလည်း သူ့အင်္ကျီကို ထပ်ဖြဲပြီး ဒဏ်ရာကို သွေးတိတ်အောင်လုပ်ပြန်တယ်။ ဒီလိုနဲ့ ဘုရင်ကြီးရဲ့ အင်္ကျီဟာစုတ်ပြဲကုန် တယ်၊ နောက်ဆုံးတော့ သွေးတိတ်သွားပြီး ဒဏ်ရာနဲ့လူက ရေတောင်းတယ်၊ ဘုရင်ကြီးဟာ ရေခွက်ယူပြီး စမ်းချောင်းရှိရာ ပြေးဆင်းပြီးရေခပ်လာတယ်၊ လူနာဟာရေသောက်ပြီးသတိပြန်မေ့သွားတယ်၊
ညဉ့်အမှောင်ထု ရောက်လာပြီးဖြစ်တာမို့ ရသေ့ကြီးနှင့်ဘုရင်ကြီးဟာ လူနာကိုမပြီး ရသေ့ကြီးရဲ့အိပ်ရာပေါ် လှဲပေးထား လိုက်တယ်။ တဲထောင့် တစ်နေရာမှာ ဘုရင်ကြီးလဲ မောမောနဲ့ အိပ်ပျော်သွားတယ်။ မနက်လင်းတော့ ဘုရင်ကြီးဟာ သူရောက်နေတဲ့နေရာကို အံ့သြပြီး စိတ်ရှုပ်ထွေးသွားတယ်။ နောက်မှကြည့်လိုက်ပြီး လူနာကို ကြည့်လိုက်တော့ လူနာကသူ့ကို ငေးကြည့်နေတာ သတိထားမိတယ်။ အဲဒီအချိန်မှာပဲ လူနာက ဘုရင်ကြီးကို ခေါင်းညွှတ်ပြီး သူ့ကိုခွင့်လွှတ်ပါမယ့်အကြောင်း တောင်းပန်စကားဆိုတယ်။
ဘုရင်ကြီးလဲ အံသြပြီး ဘာကြောင့် ဒီလိုပြောရတာလဲလို့မေးတော့ လူနာက သူဟာ ဘုရင်ကြီးကို ကလဲ့စားချေဖို့ လိုက်လာတဲ့ ရန်သူဖြစ်ကြောင်း ပြီးခဲ့တဲ့စစ်ပွဲတုန်းက ဘုရင်ကြီးဟာ သူ့ညီကိုတိုက်ခိုက်သတ်ဖြတ်ပြီး သူ့ရဲ့ဥစ္စာကြေးငွေတွေကို သိမ်းယူခဲ့တာမို့ ဘုရင်ကြီးကို ကလဲ့စားချေဖို့ ကြံစည်နေတုန်း ဘုရင်ကြီးတစ်ဦးတည်း တောင်ပေါ်တက်လာကြောင်း သတင်း ရလို့ သတ်ဖို့လိုက်လာကြောင်း တောင်ခြေမှာ ကိုယ်ရံတော်တွေနဲ့တွေ့ပြီး ဒဏ်ရာရလို့ထွက်ပြေးခဲ့ရကြောင်း ကံကောင်းထောက်မစွာ ရသေ့ကြီးရဲ့ တဲကျောင်း တောရကို ရောက်လာပြီး ကူညီခဲ့ကြလို့ အသက်ဘေးမှ ချမ်းသာရာရခဲ့ကြောင်း၊ ဘုရင်ကြီးကို သတ်ဖို့လာသူကို ဘုရင်ကြီးကပင် ကယ်ခဲ့တာမို့ ကျေးဇူးရှင်ဖြစ်သွားပါပြီ တောင်းပန်ခယပါကြောင်း၊ ကျွန်တော်မျိုးနှင့်တကွ မျိုးဆက်အားလုံး ဘုရင်ကြီးထံပါး သစ္စာတော်ခံပါရစေကြောင်း လျှောက်ထားလိုက်ပါတယ်။
ဘုရင်ကြီးလဲ ဝမ်းမြောက်ဝမ်းသာနဲ့ သူ့ ပစ္စည်းများကိုပြန်ပေးမယ် သူ့ရဲ့ သမားတော်နဲ့ နောက်တော်ပါတွေကိုလည်း လူနာဒဏ်ရာပျောက်သည်အထိ ကုသကြည့်ရှုစေမယ်လို့ ကတိပေးပြီး လူနာကိုစောင့်ရှောက်ပေးပါတယ်။ ဒါပေမယ့် ဘုရင်ကြီးဟာ သူ့မေးခွန်း ၃ ခုကို မမေ့မလျော့ ရသေ့ကြီးကို ထပ်မေးပါတယ်။ ဒီတော့မှ ရသေ့ကြီးက “သင့်မေးခွန်းများကို သင်ကပင်ဖြေပြီးပါ ပကော”လို့ မိန့်တယ်။ ဘုရင်ကြီးက မရှင်းလင်းလို့ ရှင်းပြပါလို့တောင်းပန်တော့ ရသေ့ကြီးက ဒီလိုရှင်းပြတယ် –
မနေ့က သင်ဟာ ကျွနု်ပ်ရဲ့အသက်အရွယ်နဲ့လုပ်နေတာကို ကိုယ်ချင်းစာ သနားစိတ်မရှိဘဲ မကူညီဘဲ ပြန်သွားခဲ့လျှင် မုချသင့်ရန်သူ၏လုပ်ကြံခြင်းကိုခံရမယ်။ သို့သော် သင်ဟာ စိတ်ကောင်းစေတနာနဲ့ ကျွန်ုပ် သက်ကြီးရွယ်အိုကို ကူညီခဲ့တယ်။ ဒီတော့ အရေးအကြီးဆုံးအချိန်ဟာ သင်မနေ့က မြေတူးနေစဉ်ပဲ၊ အရေးကြီးဆုံးသူကတော့ ကျွန်ုပ်ပဲ၊ အရေးကြီးဆုံးက ကူညီလိုတဲ့ သင့်စိတ်ဓာတ်ပဲ၊
ဒီလိုပဲ မနေ့က ဒဏ်ရာ ရလာသူကို သင်ကူညီပြီး ပတ်တီးစီး စောင့်ရှောက်နေချိန်ဟာ အရေးအကြီးဆုံးပဲ၊ တကယ်လို့သင်ဟာ အဲဒီအချိန်မှာ မစောင့်ရှောက်ရင် လူနာဟာသေသွားပြီး သူ့ရဲ့မေတ္တာတရား ပေါင်းစည်းမှုကို မရနိုင်တော့ဘူးပေါ့၊ ဒီတော့ အရေးကြီးဆုံးအချိန်ဟာ သူ့ကိုသက်သာအောင်လုပ်နေချိန်ပဲ၊ အရေးကြီးဆုံးလူကတော့ လူနာပဲ၊ အရေးကြီးဆုံးက သင့်ရဲ့ စာနာထောက်ထားပြီး ဒဏ်ရာသက်သာအောင် လုပ်လိုတဲ့စိတ်ဓာတ်ပဲ။ ဒီတော့ မှတ်ထားဖို့က –
– ဘယ်အချိန် အကောင်းဆုံး အရေးကြီးဆုံးလဲ ဆိုရင် အခု ပစ္စက္ခအချိန်ပဲ၊
-ဘယ်သူအရေးကြီးဆုံးလဲဆိုရင်သင်နဲ့အနီးဆုံးသူပါပဲ
– ဘာအရေးကြီးဆုံးလဲ ဆိုရင် သင်ဘာလုပ်ရမလဲဆိုတဲ့ စိတ်ဓာတ်နဲ့ အနီးဆုံးသူကို စိတ်ကျေနပ်အောင် ဆောင်ရွက်ပေးခြင်းပါပဲ။
တော်စတွိုင်းရဲ့နီတိ
– အကောင်းဆုံးအချိန်နဲ့ အရေးကြီးဆုံးအချိန်က “ယနေ့၊ ယခုအချိန်”
– အရေးကြီးဆုံးသူက အနီးကပ်ဆုံးလူ(များ)ရဲ့ အလိုအပ်ဆုံးကိစ္စကို ကူညီဆောင်ရွက်ပေးဖို့
– အရေးကြီးဆုံးက မိမိရဲ့စိတ်ထား မွန်မြတ်ကောင်းမွန်မှု
ကဲ မိတ်ဆွေရော ဘဝမှာ ဘာအရေးကြီးဆုံးလို့ ထင်ပါသလဲ
(အတွေးအမြင်စာစဉ်-၁၇၉)
Discussion about this post