ယူရေးနပ်စ်ဂြိုဟ်သည် ဧရာမ ဓာတ်ငွေ့အစိုင်အခဲ(gas giant) ကြီးတစ်ခုဖြစ်ပြီး နေအဖွဲ့အစည်းအတွင်းတွင် တတိယမြောက်အကြီးဆုံးဂြိုဟ်ဖြစ်သည်။ ယူရေးနပ်စ် သည် ရေခဲများ၊ ကျောက်ဆောင်များ ၊ ဓာတ်ငွေ့များ နှင့် သံရည်များဖြင့် ဖွဲ့စည်း ထားသည်။ လေထုထဲတွင် ဟိုက်ဒရိုဂျင်၊ ဟီလီယမ် ၊ အမိုးနီးယား နှင့် မီသိန်းဓာတ်ငွေ့တို့ ပါဝင်သည်။
ယူရေးနပ်စ်ဂြိုဟ်ပေါ်ရှိ ပျမ်းမျှ အပူချိန်မှာ အနှုတ် ၁၉၇ ဒီဂရီ ဆဲလ်စီးယပ် သို့ ၇၉ ကယ်လ်ဗင် ဖြစ်ပြီး နေအဖွဲ့အစည်း တွင် အအေးဆုံးဂြိုဟ်လည်းဖြစ်သည် ။ ဂြိုဟ်ရံလပေါင်း ၂၇ စင်း ရှိပြီး အကြီးဆုံးလ ၅ စင်းမှာ မီရန်ဒါ (Miranda)၊ အေရီယယ်(Ariel)၊ အမ်ဘရီယယ်(Umbriel)၊ တိုက်တေးနီးယား(Titania) နှင့် အော်ဘီယွန် (Oberon) တို့ဖြစ်သည်။
အကြီးဆုံးလ မှာ တိုက်တေးနီးယားဖြစ်ပြီး အချင်းဝက် ၇၈၈ကီလိုမီတာ ရှိသည်။ နက္ခတ္တဗေဒ ပညာရှင်များက ခြောက်ခုမြောက် လတစ်လုံးပင် ရှိလိမ့်ဦးမည်ဟု ယူဆကြသည်။ ဂြိုဟ်ရံလ ၂၇စလုံး၏ နာမည်များမှာ စာရေးဆရာ ကဗျာဆရာကြီး ရှိတ်စပီးယား နှင့် အလက်ဇန်းဒါးပုတ်တို့၏ ဇာတ်ကောင် နာမည်များဖြစ်ကြသည်။
ယူရေးနပ်စ်ဂြိုဟ်သည် သူ၏ ဝင်ရိုးပေါ်တွင် အလွန်ပင် တိမ်းစောင်းနေသဖြင့် ဒေါင်လိုက်လည်ပတ်နေသည့် ပမာပင် ဖြစ်သည်။ နေကိုတစ်ပတ်ပတ်နိုင်ရန်အတွက် ကမ္ဘာ၏နှစ်နှင့် တွက်လျှင် ၈၄ နှစ်မျှကြာပြီး ဝင်ရိုးပေါ်တွင် တစ်ပတ်ပတ်ရန် ၁၇ နာရီ ၁၄ မိနစ်မျှသာ ကြာသည်။ ထို့ကြောင့် ယူရေးနပ်စ်ဂြိုလ်၏ တစ်နှစ်တွင် ၄၂၀၀၀ ရက်မျှရှိသည်ဟု တွက်ချက်ရနိုင်သည်။
ယူရေးနပ်စ်ဂြိုဟ်နှင့် နက်ပကျွန်းဂြိုဟ်တို့ကြားရှိ အကွာအဝေးမှာ ၁.၆ ဘီလီယံ ကီလိုမီတာဖြစ်သည်။ ကမ္ဘာနှင့်မူ ၂.၆ဘီလီယံ ကီလိုမီတာကွာဝေးသည်။ ယူရေးနပ်စ်ဂြိုဟ်ကို ၁၇၈၁ ခုနှစ်တွင် ဂျာမန်-အင်္ဂလိပ် ဝီလီယံ ဟာရှယ်(William Herschel) ဆိုသူ ထင်ရှားသော နက္ခတ္တဗေဒ ပညာရှင်တစ်ဦးရှာဖွေတွေ့ရှိခဲ့သည်။ သူ၏ နက္ခတ်ကြည့် ကရိယာများကို မကျေနပ်သဖြင့် တစ်ကြိမ်ထက်တစ်ကြိမ် ပို၍ ကြီးမား အားကောင်းသော နက္ခတ်ကြည့်မှန်ပြောင်းများကို ပြုလုပ်ခဲ့လေသည်။
ထိုသို့ အကြိမ်ကြိမ် ပြုလုပ်လာခဲ့ရာ ထိုခေတ်ရှိ အဝေးကြည့်မှန်ပြောင်းများအနက် အကောင်းဆုံးကို ပြုလုပ်ပြီးသော ၁၇၈၁ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ယူရေးနပ်စ်ကို ပထမဆုံး စတင်တွေ့ ခဲ့သည်။ စ၍ တွေ့စဉ်က ထိုဂြိုဟ်ကို ကြယ်တံခွန်တစ်ခုမျှ သာဖြစ်သည်ဟု ထင်မှတ်ခဲ့လေသည်။ ယူရေးနပ်စ်ဂြိုဟ်တွင် ခါးပတ် (ring) ပေါင်း ၁၁ ခုရှိသော်လည်း ကမ္ဘာမှမြင်နိုင်ရန် ခဲယဉ်းသည်။
ဟာရှယ်က ပထမတွင် သူ့အား စောင့်ရှောက်ထားသည့် အင်္ဂလန်ပြည့်ရှင် ဘုရင်ကို အမွှမ်းတင်လိုသဖြင့် သူတွေ့ရှိခဲ့သည့် ထိုဂြိုဟ်ကို ဂျော်ဂျီ ယန်ဆိဒပ်ဟု အမည်ပေးလိုက်လေသည်။ ထိုအမည်ကို နက္ခတ္တဗေဒ ပညာရှင်များက သဘောမကျကြချေ။ ထိုကြောင့် နာမည်အမျိုးမျိုးကို ပေးခဲ့ကြရာ နောက်ဆုံးတွင် ဂျာမန်လူမျိုး နက္ခတ္တဗေဒ ပညာရှင်တစ်ဦးက ယူရေးနပ်စ်ဟူသော အမည်ကို အကြံပေး လိုက်လေသည်။
ထိုသို့ အကြံပေးရာတွင် ရှေးယခင်ဂြိုဟ်များအား အမည်ပေးရာတွင် အသုံးပြုသည့်နည်းကို အသုံးပြု ထားသဖြင့် နက္ခတ္တေဒေ ပညာရှင်များက သဘောတူ လက်ခံလိုက်ကြလေသည်။ ရှေးပညာရှင်များကမူ အထူးသဖြင့် ဂရိလူမျိုးတို့က ယူရေးနပ်စ်မှာ ရှေးအကျဆုံးနတ်ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ကောင်းကင်ပြင်ဟု အဓိပ္ပာယ်ရနေလေသည်။
ဂရိလူမျိုးတို့၏ ယုံကြည်ချက်အရ ထိုနတ်ကြီးက ကမ္ဘာမြေကြီးသို့ အပူ၊ အလင်းနှင့် မိုးများကို ပေးခဲ့သည်။ ယူရေးနပ်စ်သည် ဂျီယာအမည်ရှိသော ကမ္ဘာမြေကြီး နတ်သမီး၏ လင်ယောက်ျား ဖြစ်သည်။ သူသည် ဆိုင်းကလုပ်၊ တိုင်တန်နှင့် ရီးအ ဆိုသည့် လက်ပေါင်းတစ်ရာစီရှိသော ဘီလူးတို့၏ ဖခင်ဖြစ်သည်။ နောက်ဆုံးတွင် သူ၏ သားအငယ်ဆုံး ဆက်တန် (စနေဂြိုဟ်) က သူ၏ နန်းကို သိမ်းပိုက်ကာ သူ့အား သတ်ပစ်လိုက်သည်။ ဖျူရီးခေါ် ဒေါသတရားသည် ယူရေးနပ်စ်၏ သွေးမှ ဖြစ်ပေါ် လာခဲ့သည်။
ထိုဂြိုဟ်၏ လမ်းကြောင်း နက္ခတ္တဗေဒ ပညာရှင်များက ပြည့်စုံစွာ တွက်ချက်ပြီးသောအခါတွင် ထိုယူရေးနပ်ဂြိုဟ်ကို ယခင်ကလည်း အကြိမ်ကြိမ် တွေ့ခဲ့ကြဘူးကြောင်း သိလာကြလေသည်။ သို့သော် ထိုစဉ်က ထို ဂြိုဟ်ကို တည်မြဲကြယ် တစ်လုံးမျှသာ ဖြစ်သည်ဟု ယူဆခဲ့ကြလေသည်။
ယူရေးနပ်စ်ဂြိုဟ်သည် နေနှင့်မိုင်ပေါင်း ၁၇၈၂ဝဝဝဝဝဝ မျှ ဝေးကွာပြီးလျှင် ကိုယ်ပိုင်ဝင်ရိုးပေါ်၌ ၁ဝ နာရီနှင့် မိနစ် ၅ဝ မျှအကြာတွင် တစ်ပတ်ပြည့်အောင် လည်လျက်ရှိလေသည်။ ထိုပြင် နေကို ပတ်သွား ရာတွင်တစ်ပတ်ပတ်မိစေရန် ၈၄ နှစ် နှင့် ၈ ရက်ကြာလေသည်။ ကျွန်ုပ်တို့ နေထိုင်လျက်ရှိသော ကမ္ဘာသည် ယူရေးနပ်စ်နှင့် နေ၏အကြားသို့ ၃၆၉ ရက်နှင့် ၉ နာရီ အကြာတွင် တစ်ကြိမ်ရောက်ရှိသွားလေသည်။
ယူရေး နပ်ဂြိုဟ်၏ လမ်းတွင် ထူခြားချက်ကို တွေ့ရှိကြရာမှ နက်ပကျွန်းဂြိုဟ်ကို တွေ့ရှိလာကြလေသည်။ ထိုနက်ပကျွန်းဂြိုဟ်၏ ပြုပြင်ပေးမှုကြောင့် ယူရေးနပ်၏ လမ်းတွင် ထူးခြားချက် ရှိနေခြင်း ဖြစ်ပေသည်။ ယူရေးနပ်စ်ဂြိုဟ်၏ အချင်းမှာ မိုင်ပေါင်း ၃၂ဝဝဝ မျှ ရှိသည်ဟု ယုံကြည်ကြ၏။ တစ်နည်းဆိုလျှင် ကျွန်ုပ်တို့ နေထိုင်လျက်ရှိသော ကမ္ဘာ၏ အချင်းထက် လေးဆမျှပို၍ ကြီးလေသည်။
အချို့ နက္ခတ်ပညာရှင်များ ကမူ ထိုဂြိုဟ်၏အချင်းသည် မိုင်ပေါင်း ၂၈၅ဝဝ ရှိသည်ဟု ယုံကြည်ကြသည်။ ထိုဂြိုဟ်၏ ထုထည်သည် ကျွန်ုပ်တို့ ကမ္ဘာထက်အဆပေါင်း ၆၃ ဆမက ကြီးသည်။ ယင်း၏ ဒြဗ်ထုမှာ ကျွန်ုပ်တို့ ကမ္ဘာထက် ၁၅ ဆမျှ ပို၍၊ သိပ်သည်းမှုတွင် ယင်းသည် ကမ္ဘာ၏ လေးချိုးတစ်ချိုးမျှသာ ရှိသည်။ ထိုဂြိုဟ်သည် ဓာတ်ငွေ့တစ်ဝက်တစ်ပျက် အခြေ၌သာ ရှိကောင်းရှိလိမ့်မည်ဟု သိပ္ပံပညာရှင်များက ယူဆကြလေသည်။
Myanmar Wikipedia
facts.net
Discussion about this post