ရေးသားသူ – Min Htet Kyaw Swar

အေဒီ ၁၇၅၂ ခုနှစ်တွင် အဘက်ဘက်မှ ယိုယွင်းနေသော အင်းဝနေပြည်တော်ကို ဟံသာဝတီတပ်များက ချီတက်သိမ်းပိုက်နိုင်ခဲ့ပြီး ရှင်ဘုရင်၊မိဖုရားနှင့် တကွ အထူးထူးသော နန်းစဉ်ရတနာများ၊ဆင်မြင်းလူသူအများကို ဟံသာဝတီသို့ ဆောင်ယူခဲ့ကြသည်။
ထိုသို့ အင်းဝကို မွန်တို့ လွှမ်းမိုးမိသောအခါ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် ဟံသာဝတီသစ္စာကို မခံယူဘဲ မိမိကိုယ်တော်တိုင်သာ တစ်ထီးတစ်နန်းထူထောင်ရန်အတွက် ဧရာဝတီ နှင့် ချင်းတွင်း မြစ်နှစ်သွယ်စပ်ကြား ဒေသကို ခြေကုပ်ယူကာ မွန်တို့ သိမ်းပိုက်ထားသော ဗမာပိုင်နယ်မြေများကို ပြန်လည်သိမ်းယူရန် ကြိုးပမ်းခဲ့သည်။
ကြိုးပမ်းရာတွင် အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရသည်။ ထိုအခက်အခဲများကို ကျော်လွှားရန်အလောင်းမင်းတရားကြီး သည် အောက်ဖော်ပြပါ ရိုးရှင်း ထိရောက်သော တီထွင်မှုများကို အသုံးချခဲ့လေသည်။
(၁) သစ်စေးသရိုးကိုင် ခမောက်ထူကြီးများ
သန်လျင်မြို့ကို သိမ်းပိုက်ရာတွင် စတင်အသုံးချခဲ့သည်။ သန်လျင်မြို့ရိုးပေါ် လှေကားထောင်၍တက်သော မုဆိုးဖိုသားတို့ အပေါ်သို့ ဟံသာဝတီသားတို့သည် ကျိုက်ကျိုက်ဆူအောင် ပူလောင်လှသော ပွဲလျက်ရည်၊ ခဲရည် တို့ကို လောင်းချရာ အသေအပျောက် လွန်စွာများခဲ့သည်။ ထိုအခါ အလောင်းမင်းတရားကြီးက ခမောက်များကို နဂိုထက် အရွယ်အစားပိုမိုကြီးမားပြီး အပူဒဏ်ပိုမိုခံနိုင် အောင် သစ်စေးထူထူ သုတ်စေကာ ရဲမက်တော်တို့ကို ဆောင်းစေခဲ့သည်။ ထိုအခါတွင် မုဆိုးဖိုသားတို့ အလွယ်တကူ မြို့ရိုးပေါ်သို့ ရောက်ရှိကာ တိုက်ခိုက်နိုင်ခဲ့သည်။
(၂) ကောက်ရိုး ခြင်းလုံးကြီးများ
ပြည်မြို့ကို သိမ်းပိုက်ရာတွင် စတင် အသုံးချခဲ့သည်။ ပြည် ရွှေဆံတော်ဘုရားအနီးတွင် မွန်တို့ ခံတပ်အခိုင်အမာစွဲ၍ ခုခံခဲ့သည်။ ခံတပ်သည် အုတ်မြို့ဖြစ်သည့် အပြင် အဝေးပစ်လက်နက်များဖြစ်သည့် အမြောက်၊ စိန်ပြောင်း မှသည် မီးပေါက်သေနတ်၊ လေးမြား တို့အထိ စုံလင်စွာ စီမံထား၍ ရဲမက်တော်များ အထိအရှများခဲ့သည်။ ( ပထမတိုက်ပွဲတွင် မိဖုရားခေါင်ကြီး၏ မောင်တော်အရင်း အပါအဝင် ဗိုလ် ငါးဦး မှာ ပွဲချင်းပြီး ကျဆုံးခဲ့သည်ဆို၏)။ ထိုအခါ အလောင်းမင်းတရားကြီးက အ၀ ခြောက်ပေ၊ အလျားပေနှစ်ဆယ်ကျော် သုံးဆယ်ရှိသော ခြင်းလုံးကြီးများ ရက်ပြီးလျှင် ကောက်ရိုးအပြည့်ထည့်စေ၏။ ထို့နောက် ရဲမက်တို့အား ခြင်းလုံးကြီးများကို အကာအကွယ်ယူစေကာ မြို့ရိုးအနီးသို့ လှိမ့်၍ သွားစေ၏။ မီးပေါက်ကျည်ဆံ၊ အမြောက်ဆံ နှင့် မြားတံ တို့သည် ခြင်းလုံးကြီးများနှင့်အတွေ့တွင်မူ မည်သို့မျှ သုံးမရတော့ချေ။
(၃) ငရုတ်သီးမှိုင်း
ပြည်မြို့တောင်မျက်နှာ ကိုတိုက်စဉ်က ဖြစ်သည်။ မွန်တို့သည် မြို့ရိုးပေါ်မှပင် မြဲမြဲရပ်တည်ကာ ခုခံနေကြသည်။ ပစ်စရာ မြားတံ၊ ကျည်ဆံများကုန်သည့်အခါတွင်လည်း ပြန်မဆင်းဘဲ ဓါးများလှံများကို ကိုင်စွဲကာ မုဆိုးဖိုသားတို့ တက်လျှင် ခုတ်ချရန် အသင့်စောင့်နေကြသည်။ ထိုအခါ ဦးအောင်ဇေယျက ဝါးလုံး ကိုးတောင် ဆယ်တောင်ခန့်ကို ထိပ်တွင် ရှုးမီးတင်ကာ ယမ်းနှင့် ငရုတ်ခြောက်ကို ညက်အောင်ထောင်း၍ ထိုရှုးမီးထဲသို့ထည့်စေ၏။ ထို့နောက် မြို့ရိုးပေါ်မှ မွန်တို့ထံ ထိုရှုးမီးများကို အောက်မှ ထိုး၍ မှိုင်းတိုက်သည်တွင် မရပ်မတည်နိုင်ဘဲ ပြေးဆင်းကြရလေသည်။ ( ကုန်းဘောင်စတိုင် ဓာတ်ငွေ့လက်နက် ဟုဆိုရပေမည်။ 😛 )
(၄) လှည်းရထားကြီးများ
ရွှေညောင်ပင်ခံတပ်ကို တိုက်စဉ်က အသုံးပြုခဲ့သည်ဆို၏။ ထု လက်ကိုးသစ်ခန့်ထူသော ပျဉ်ပြားကြီးများကို ဆက်စပ်၍ ခံတပ်လှည်းရထားကြီးများ တည်လုပ်စေခြင်းပင်ဖြစ်သည်။ ရထားမှာ ပြောင်းသေနတ်များ ပစ်ရန် အပေါက်ကို ဝဲ ယာ ရှေ့ တို့တွင်ဖောက်ကာ ရထားတွင်းတွင် ဗိုလ်မှုး၊သူရဲသူခက်များ လိုက်ပါရ၏။ တစ်စီးလျှင် အမြောက် သုံးလက်၊ သံကရနက် တစ်ဆယ်၊ ရှုးမီး တစ်ဆယ်၊ ရဲတင်း၊ပုဆိန် တစ်ဆယ့်နှစ်၊ နားပန်စောင့်သေနတ် နှစ်ဆယ် နှင့် ရထား တွန်းရသူ ငါးဆယ်စီ ရှိသည်ဟု မှတ်တမ်းများက ဆိုသည်။
ခြေလျင်တပ်များသည် ထိုရထားကြီးများ နောက်ကကွယ်၍ လိုက်ရသည်ဆို၏။ မတိုက်ခိုက်မီ စစ်ရေးပြသဘောမျိုးဖြင့် မင်းတရားကြီးရှေ့တွင် ရထားတပ်ကြီးချီတက်ပြရာ တပ်အလယ်မှ ရထားအပေါ်တွင် ခေါင်းပေါင်းပေါင်းကာ ဟန်ပါပါ လိုက်ပါလာသော လူတစ်ယောက်ကို မြင်သဖြင့် မေးတော်မူရာ ” ကျွန်းဆုံမြို့သူကြီး ရန်အောင်ကျော်သူပါ ဘုရား” ဟုလျှောက်ထားလေလျှင် “မာတလိနန္ဒ”ဟူသောဘွဲ့ကို ပေးသနားတော်မူလေ၏။ ထိုရထားကြီးများကို တည်ဆောက်ရသည်မှာ ခဲယဉ်းဟန်တူသည်။ နောက်ပိုင်းတိုက်ပွဲများတွင် အသုံးချသည်ကို မတွေ့ရတော့ပေ။
( ဤသည်တို့မှာ အလောင်းမင်းတရားကြီး၏ လွယ်လွယ်ကူကူနှင့် ထိရောက်သော တီထွင်မှုများသာဖြစ်သည်။ ထိုသို့ ဉာဏ်ပြေးတော်မူသောကြောင့်သာ ဝါးရင်းတုတ်နှင့် ထန်းလုံးခံတပ် မှသည် ကုန်းဘောင်ဧကရာဇ်နိုင်ငံတော်ကြီးကို တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်ပေမည် ဟု ထင်မိပါကြောင်း) =(^_^)=
( ပုံကိုကျနော့စာအုပ်များမှယူကာ Photowonder ဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး စာစီသူမှာလည်း ကျနော်ကိုယ်တိုင်သာ ဖြစ်ပါကြောင်း )
ပဉ္စမံကြောင်(မင်းထက်ကျော်စွာ)
Discussion about this post