အမေရိကန်မြို့ပြအင်ဂျင်နီယာအသင်းက ရွေးချယ်ခဲ့တဲ့ အံ့ဖွယ် ၇ ခု မှာ ချန်နယ်တူးမြောင်း ၊ ပနားမားတူးမြောင်း ၊ စီအန်တာဝါ ၊ ဂိုးဒင်းဂိတ်တံတား ၊ အင်ပါယာစတိတ်အဆောက်အဦး စတဲ့ အကြောင်းအရာတွေကို တင်ပြီးခဲ့ပါပြီ။ ဒီတခါတော့ နောက်အံ့ဖွယ် တခုဖြစ်တဲ့ အီတိုင်ပူဆည် အကြောင်းကို ဝေမျှလိုက်ပါတယ်။
အီတိုင်ပူ Itaipu ဆည်ဟာ ရေအားလျှပ်စစ်ပေးဝေရေးဆည်ဖြစ်ပြီး ဘရာဇီး နဲ့ ပါရာဂွေးနိုင်ငံတွေရဲ့နယ်စပ် (ဘရာဇီးမြို့ Foz do Iguaçu နဲ့ ပါရာဂွေးမြို့ Ciudad del Este တို့အနီး) ပါရာနားမြစ်ပေါ်မှာ တည်ရှိပါတယ်။ ပါရာနားမြစ်ဟာ နိုင်ငံနှစ်ခုလုံးရဲ့ သဘာဝရင်းမြစ်တခုဖြစ်ပြီး မြစ်အရှည် ၃၀၃၀ မိုင်ရှိကာ တောင်အမေရိကတိုက်မှာတော့ ဒုတိယအရှည်ဆုံးမြစ်(အမေဇုန်မြစ်ပြီးရင်) ဖြစ်ပါတယ်။ ဒီမြစ်ကို သဘာဝစွမ်းအင် တခုအဖြစ် အသုံးချကာ လျှပ်စစ်ထုတ်လုပ်ဖို့အတွက် ဘရာဇီး နဲ့ ပါရာဂွေးခေါင်းဆောင်တွေ ညှိနှိုင်းခဲ့ပြီး ရေအားလျှပ်စစ်စက်ရုံတည်ဆောက်ဖို့ လက်မှတ် ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
၁၉၆၆ ခုနှစ်ကတည်းက သဘောတူခဲ့ကြပေမယ့် ၁၉၇၁ ခုနှစ်မှာမှ တည်ဆောက်ရေးလုပ်ငန်းတွေကို စတင်နိုင်ခဲ့ပြီး ၁၉၈၄ခုနှစ်မှ ဖွင့်လှစ်နိုင်ခဲ့တာကြောင့် စုစုပေါင်း အချိန် ၁၃နှစ်ခန့် ယူခဲ့ရတာဖြစ်ပါတယ်။ တည်ဆောက်မှုကိုတော့ အမေရိကန်ကုမ္ပဏီ IECO နဲ့ အီတလီကုမ္ပဏီ ELC တို့က ဦးဆောင်ခဲ့ကြတာပါ။ Itaipu ဆိုတာကတော့ ဂွာရာနီဘာသာစကားနဲ့ အသံမြည်တဲ့ ကျောက်တုံးလို့ အဓိပ္ပါယ်ရပြီး ဆည်အနီးမှာရှိတဲ့ ကျွန်းငယ်တခုရဲ့အမည်ကနေ ရယူထားခြင်းဖြစ်ပါတယ်။ အီတိုင်ပူဆည် လို့ခေါ်ပေမယ့် ဆည်တခုတည်းမဟုတ်ပဲ ဆည်လေးခုကို ချိတ်ဆက်တည်ဆောက်ထားတဲ့ ဆည်ကြီးဖြစ်ပြီး စုစုပေါင်း အလျား ၅မိုင်ခန့် နဲ့ အမြင့် ၆၄၃ပေ တောင် ရှိတဲ့ ဆည်ကြီးဖြစ်ပါတယ်။
အီတိုင်ပူဆည်မှာ ပါဝင်တဲ့ ဆည်လေးခုက wing dam ၊ main concrete dam ၊ rock-fill dam နဲ့ earth-fill dam တို့ ဖြစ်ပါတယ်။ စတင်တည်ဆောက်မှုရဲ့ ပထမဆုံး စိန်ခေါ်မှုကတော့ အကြီးဆုံးမြစ်တစင်းဖြစ်တဲ့ ပါရာနားမြစ်ရဲ့ လမ်းကြောင်းကို ပြောင်းလဲပေးရတာပါ။ ဒီလိုပြောင်းလဲဖို့အတွက် တူးမြောင်းတခုကို ဖောက်လုပ်ရပြီး မြေသား နဲ့ ကျောက်သားတန်ချိန် သန်း ၅၀ ခန့်ကိုဖယ်ထုတ်ခဲ့ရပါတယ်။ ဒီတူးမြောင်းကတော့ ၁.၃မိုင်ရှည်လျားပြီး အကျယ် ၄၉၀ပေ နဲ့ အနက် ၃၀၀ပေ ရှိပါတယ်။အီတိုင်ပူရေလှောင်တမံကတော့ အရှည်ဆုံးအလျား ၁၁၀မိုင် ၊ အကျယ်ဆုံး အနံ ၇.၅မိုင် နဲ့ စုစုပေါင်း မျက်နှာပြင်ဧရိယာ ၅၂၀ စတုရန်းမိုင် တောင်ရှိပါတယ်။
ဆည်တည်ဆောက်မှုလုပ်ငန်းခွင်မှာ စုစုပေါင်း လုပ်သား ၄သောင်းခန့်ပါဝင်ခဲ့ပြီး အများစုက ဘရာဇီးနိုင်ငံမှဖြစ်ပါတယ်။ တည်ဆောက်ရေးလုပ်ငန်းခွင်နေရာမှာ မူလက နေထိုင်ခဲ့ကြတဲ့ အိမ်ထောင်စုပေါင်း ၁သောင်းခန့်ဟာ နေရာ ဖယ်ရှားခံခဲ့ရပါတယ်။ ဆည်ဆောက်လုပ်မှုအတွက်ကိုတော့ အချိန် ၇ နှစ်ယူခဲ့ရပြီး ဒီတည်ဆောက်ချိန်ကာလအတွင်းမှာ မတော်တဆထိခိုက်မှုတွေကြောင့် လူပေါင်း ၁၄၉ ဦး အသက်ဆုံးခဲ့ရပါတယ်။
ဆည်တည်ဆောက်မှုမှာ ကွန်ကရစ်ပေါင်း ကုဗမီတာ ၁၂.၃ သန်း လောက် အထိ အသုံးပြုခဲ့ရပြီး ဒီလောက်များပြားလှတဲ့ ကွန်ကရစ်တွေကောင်းစွာအလုပ်လုပ်နိုင်ဖို့အတွက် အတွက် ကြီးမားတဲ့ refrigeration ယူနစ်တွေကို အသုံးပြုခဲ့ရပါတယ်။ ဒီ refrigeration ယူနစ်တွေ ဟာ ပုံမှန် deep freezer (ရေခဲသေတ္တာ) ပေါင်း အလုံးရေ ၅၀၀၀၀ ခန့်နဲ့ ညီမျှပါသတဲ့။ ဒီဆည်မှာတည်ဆောက်တဲ့ ကွန်ကရစ်ပမာဏ နဲ့ ဘောလုံးကွင်းတည်ဆောက်မယ်ဆိုရင် ဘောလုံးကွင်းပေါင်း ၂၁၀ ခန့်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
ဒီဆည်ကြီးတည်ဆောက်မှုမှာ အသုံးပြုထားတဲ့ စတီး နဲ့ သံ ပမာဏကလည်း ဘယ်လောက်များပြားသလဲဆိုရင် အီဖယ်တာဝါပေါင်း အခု ၃၈၀ လောက် တည်ဆောက်လို့ရတဲ့ ပမာဏနဲ့ ညီပါသတဲ့။ မြေတူးဖော်မှုမှာလည်း ချန်နယ်တူးမြောင်းကို တည်ဆောက်စဉ်ကထက် ၈ဆခွဲခန့် ပိုများခဲ့ပါတယ်။
အီတိုင်ပူဆည်ဟာ လျှပ်စစ်ပမာဏပေါင်း ၁၄၀၀၀ မဂ္ဂါဝပ်ကို ထုတ်လုပ်ပေးနေပြီး အဲဒီအချိန်က ဆည်တခုအနေနဲ့ ထုတ်လုပ်မှု ပမာဏအများဆုံးဖြစ်ခဲ့ပါတယ်။(လက်ရှိအချိန်မှာလည်း တရုတ်က Three Gorges Dam ရဲ့ နောက် ဒုတိယ နေရာမှာ ရပ်တည်နေတုန်းပါ)။ ဒီလောက်များပြားတဲ့ လျှပ်စစ်ပမာဏကို လောင်စာဆီနဲ့သာ ထုတ်လုပ်ပါက လောင်စာဆီပေပါပေါင်း သိန်းနဲ့ချီကုန်မှာဖြစ်ပါတယ်။ အီတိုင်ပူဆည်ဟာ ပါရာဂွေးနိုင်ငံရဲ့ လျှပ်စစ်လိုအပ်မှု ၇၀% ကိုလည်း ဖြည့်ဆည်းပေးထားတယ်လို့ သိရပါတယ်။ ရေအားလျပ်စစ်စက်ရုံမှာတော့ ဝန်ထမ်းပေါင်း ၃၀၀၀ ခန့် တာဝန်ထမ်းဆောင်နေလျက်ရှိပါတယ်။
အီတိုင်ပူဆည်ကြီး တခုလုံးရဲ့ ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၁၉.၆ဘီလျံ ဖြစ်ပြီး ယနေ့ခေတ် ငွေကြေးတန်ဖိုးနဲ့တွက်မယ်ဆိုရင်တော့ ဒေါ်လာ ၄၈ ဘီလျံဝန်းကျင်အထိ ရှိသွားမှာဖြစ်ပါတယ်။ အီတိုင်ပူဆည် ဟာ အမေရိကန်ရဲ့ နာမည်ကျော် ဟူးဗားဆည်ကြီးထက် အရွယ်အစားများစွာကြီးသလို လျှပ်စစ်ထုတ်ပေးနိုင်မှုပမာဏကလည်း ၇ဆလောက် ပိုများပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ အမေရိကန်မြို့ပြအင်ဂျင်နီယာအသင်းက အင်ဂျင်နီယာလောကရဲ့ ကြီးမားတဲ့စွမ်းဆောင်မှုဖြစ်တဲ့ အီတိုင်ပူဆည်ကြီးကို အံ့ဖွယ် ၇ ခု စာရင်းမှာ ရွေးချယ်ခဲ့ကြပါတယ်။
Discussion about this post