အမေရိကန်ရဲ့ နာမည်ကျော် ကမ်းခြေ မြို့တမြို့ဖြစ်တဲ့ မိုင်ယာမီ Miami မြို့ဟာ နိုင်ငံရဲ့ အရှေ့တောင်ပိုင်း ၊ ဖလော်ရီဒါပြည်နယ်ရဲ့တောင်ပိုင်း အတလန္တိတ်ကမ်းရိုးတန်းမှာ တည်ရှိပါတယ်။ မြို့ရဲ့အနောက်ဘက်မှာ ဖလော်ရီဒါ အဲဗားဂလိတ်နယ်မြေ ၊ အရှေ့ဘက်မှာ မြောက်အတ္တလန္တိတ်သမုဒ္ဒရာ ၊ တောင်ဘက်မှာ ဘစ်ကိန်းပင်လယ်အော် နဲ့ မြောက်ဘက်မှာ အိုကီချိုဘီ ရေကန်ကြီးတို့က ဝန်းရံထားပါတယ်။
၂၀၁၉ ခုနှစ်စာရင်းအရ မိုင်ယာမီမြို့ရဲ့လူဦးရေဟာ ၄၆၇,၉၆၃ဦးဖြစ်ပြီး လူဦးရေသိပ်သည်းဆအနေနဲ့ ၁မိုင်ပတ်လည်မှာ ၁၃၀၀၀ ခန့်နေထိုင်ပါတယ်။ နာမည်အလွန်ကျော်ပေမယ့် လူဦးရေနဲ့တွက်ရင်တော့ အမေရိကန်ရဲ့ နံပါတ် ၄၃ နေရာမှာသာ ရှိနေပါတယ်။ ဒါပေမယ့် မိုင်ယာမီဒေသတခုလုံးမှာဆိုရင်တော့ လူဦးရေ ၆သန်းကျော်အထိ အခြေချနေထိုင်ပြီး ဒေသအလိုက်တွက်ရင်တော့ ၇ခုမြောက် လူဦးရေအများဆုံးနယ်မြေ ဖြစ်ပါတယ်။ မြို့ရဲ့အကျယ်အဝန်းကတော့ ၅၆ စတုရန်းမိုင် ဖြစ်ပါတယ်။
ဥရောပသားတွေနဲ့ အဆက်အဆံမရှိမီ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက ဒီနေရာမှာ အခြေချနေထိုင်ခဲ့သူတွေကတော့ အမေရိကမူလတိုင်းရင်းသား လူမျိုးစုတစုဖြစ်တဲ့ Tequesta မျိုးနွယ်တွေဖြစ်ပါတယ်။ သူတို့တွေဟာ ဘီစီ ၆၀၀ ခန့် ကာလကတည်းက မိုင်ယာမီမြစ်ကမ်းပါးဒေသမှာ နေထိုင်ခဲ့ကြပါတယ်။ ၁၆ ရာစု အလယ်လောက်မှာတော့ စပိန်တွေဟာ အရင်ဆုံး ဒီနေရာကို ရောက်ရှိလာခဲ့ကြပြီး ဒီနောက်ပိုင်းမှာတော့ ဖလော်ရီဒါပြည်နယ်ဟာ စပိန် နဲ့ ဗြိတိန်တို့ရဲ့ လက်အောက်ခံနယ်မြေ ဖြစ်ခဲ့တာ ၁၈၂၁ ခုနှစ်ထိ တိုင်အောင် ဖြစ်ပါတယ်။
မိုင်ယာမီဟာ အမေရိကန်ရဲ့ အထင်ကရမြို့တွေထဲမှာ အမျိုးသမီးတဦး တည်ထောင်ခဲ့တဲ့ တခုတည်းသောမြို့ဖြစ်ပါတယ်။ အမေရိကန် အမျိုးသမီး လုပ်ငန်းရှင်တဦးဖြစ်သူ Julia Tuttle က ၁၉ရာစုနှောင်းပိုင်းမှာ တည်ထောင်ခဲ့တာဖြစ်ပြီး သူ့ကို မိုင်ယာမီရဲ့မိခင်လို့ ရည်ညွှန်းခေါ်လေ့ရှိကြပါတယ်။ ၁၈၉၆ ခုနှစ်မှာ မြို့အဖြစ် တရားဝင် စတည်တည်ထောင်စဉ်က ဒီမြို့ရဲ့ လူဦးရေဟာ ၄၄၀ခန့် သာ ရှိပါတယ်။ မိုင်ယာမီ ဆိုတဲ့နာမည်ကိုတော့ ဥရောပကိုလိုနီနယ်မြေဖြစ်ခဲ့စဉ် မိုင်ယာမီမြစ်အနီးမှာ နေထိုင်ခဲ့ကြတဲ့ မာယိုင်မီ Mayaimi လူမျိုးစုတွေဆီကနေ ဆင်းသက်လာခဲ့တာဖြစ်ပါတယ်။
၂၀ ရာစု အစောပိုင်းမှာတော့ မြောက်ပိုင်းနေသူများဟာ မိုင်ယာမီမြို့ကို တဖြည်းဖြည်းပြောင်းရွှေ့ အခြေချခဲ့ပြီးတဲ့နောက်မှာတော့ မြို့နေလူဦးရေ နဲ့ အဆောက်အအုံများ များပြားလာခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကာလမှာတော့ မိုင်ယာမီဟာ ဂျာမန်ရေငုပ်သင်္ဘောတွေကို တန်ပြန်တိုက်ခိုက်ခဲ့တဲ့ အမေရိကန်တပ်မတော်ရဲ့ ခံတပ်စခန်းတခုဖြစ်ခဲ့ပါတယ်။ ဒီလို ခံတပ်စခန်း တည်ဆောက်ခြင်းနဲ့အတူ မိုင်ယာမီရဲ့လူဦးရေဟာလည်း စစ်အတွင်းမှာ ပိုမိုများပြားလာခဲ့ပါတယ်။ ကျူးဘားမှာ ဖီဒယ်ကတ်စထရို အာဏာရပြီးချိန်မှာလည်း ကျူးဘားကို စွန့်ခွာသူများဟာ မိုင်ယာမီကို ရောက်လာပြန်တဲ့အတွက် အလွန်စည်ကားတဲ့ မြို့တမြို့ ဖြစ်လာခဲ့ပါတယ်။
၁၉၈၀ ကာလတွေမှာတော့ မိုင်ယာမီဟာ တရားမဝင် ကိုကင်းကုန်သွယ်မှု ရဲ့ အဓိကနေရာအဖြစ် နာမည်ကြီးခဲ့ဖူးပါတယ်။ ယနေ့အချိန်မှာတော့ မိုင်ယာမီဟာ ငွေကြေးဆိုင် နဲ့ ဘဏ်လုပ်ငန်း ၊ ယဉ်ကျေးမှု ၊ မီဒီယာ ၊ ဖျော်ဖြေရေး ၊ အနုပညာ နဲ့ နိုင်ငံတကာ ကုန်သွယ်မှုလုပ်ငန်းများစွာ ရှိတဲ့နေရာတခုဖြစ်လာခဲ့ပါပြီ။
နာမည်ကျော် မိုင်ယာမီကမ်းခြေဟာ မြို့နဲ့ တဆက်တည်းရှိနေတာ မဟုတ်ပဲ ကျွန်းတကျွန်းပေါ်မှာ ရှိနေတာဖြစ်ပြီး ကုန်းမကြီးကနေ တံတားပေါင်းများစွာနဲ့ ဆက်သွယ်ထားပါတယ်။ ဒီနယ်မြေဟာ ၂၀ ရာစုအစောပိုင်း ဗိသုကာလက်ရာတခုဖြစ်တဲ့ Art Deco ဗိသုကာစတိုင် တည်ဆောက်ထားတဲ့ အဆောက်အဦးတွေ အလွန်ပေါများတဲ့နေရာဖြစ်ပါတယ်။ ၁၉၃၀ ဝန်းကျင်လောက်ကတည်းက ဆောက်လုပ်ခဲ့တာဖြစ်ပြီး ယနေ့ အချိန်မှာတော့ စားသောက်ဆိုင် ၊ ဈေးဆိုင် ၊ ဟိုတယ်တွေနဲ့အတူ ကမ္ဘာလှည့်ခရီးသည်တွေအတွက် တန်ဖိုးကြီးနေရာတခု ဖြစ်နေပါပြီ။
မိုင်ယာမီမြို့ရဲ့ တောင်ဘက်အဆုံးမှာရှိတဲ့ လမ်းဟာလည်း ခရီးသွားတွေအကြား အလွန်ကျော်ကြားပါတယ်။ တဖက်မှာ Art Deco ဗိသုကာစတိုင် အဆောက်အဦးတွေရှိနေပြီး တဖက်မှာတော့ ကမ်းခြေတို့ ရှိနေပြီး ခရီးသွားတွေသာမက ဒေသခံတွေပါ မကြာခဏလာရောက်ကြတဲ့ နေရာဖြစ်ပါတယ်။
မိုင်ယာမီရဲ့ နောက်ထပ်ထင်ရှားပြီး လူတွေအများဆုံးလာရောက်လေ့ရှိတဲ့တဲ့နေရာတခုကတော့ ဘေးဆိုဒ် Bayside ဈေးဝယ်စင်တာဖြစ်ပြီး မြို့လယ်ခေါင်မှာ တည်ရှိပါတယ်။ ဘစ်ကိန်းပင်လယ်အော် ကမ်းပါးပေါ်မှာ တည်ရှိနေတဲ့ နှစ်ထပ်အဆောက်အဦးဖြစ်ပြီး ဈေးဆိုင်ပေါင်း ရာနဲ့ချီရှိနေသလို စားသောက်ဆိုင်တွေ နဲ့ အခြားဖျော်ဖြေမှုတွေလည်း ရှိနေပါတယ်။
မိုင်ယာမီမှာ ပြတိုက် နဲ့ ပန်းခြံတွေလည်းရှိနေပြီး ဒီနှစ်ခုပေါင်းပြီးဖွင့်ထားတဲ့နေရာကတော့ Vizcaya ပြတိုက် နဲ့ ပန်းခြံဖြစ်ပါတယ်။ ဒီပြတိုက်မှာ အခန်းပေါင်း ၇၀ ခန့်ရှိနေပြီး အနုပညာ ဗိသုကာဆိုင်ရာ အလှဆင်ပြင်ဆင်မှု တွေ နဲ့ ရှေးဟောင်းပစ္စည်းတွေကို ပြသထားပါတယ်။ ဒါအပြင် အပြင်ဘက်မှာတော့ အီတလီ ရီနေးဆွန်းခေတ် ပန်းခြံကြီးလည်း ရှိနေပြီး ဒီပန်းခြံကြီးကတော့ ၄၀ ဧကလောက် ကျယ်ဝန်းပါတယ်။
နောက်တခုကတော့ Wynwood Walls ဆိုတဲ့နေရာပါ။ ဒီနေရာရဲ့ နံရံတွေပေါ်မှာတော့ ကမ္ဘာကျော် graffiti နဲ့ street art အနုပညာရှင်ပေါင်းများစွာရဲ့ လက်ရာတွေရှိနေပါတယ်။
မိုင်ယာမီဟာ ကမ္ဘာပေါ်က ပါတီပွဲတွေအများဆုံးကျင်ပရာ နေရာတွေထဲက တမြို့ဖြစ်တာနဲ့အညီ အလွန်စည်ကားတဲ့ ဘား နဲ့ ကလပ်ပေါင်းများစွာလည်း ရှိနေပြန်ပါတယ်။ မြို့လယ်မှာတော့ နိုင်ငံတကာ ငွေကြေး နဲ့ဘဏ်လုပ်ငန်း ၊ ကုမ္ပဏီ နဲ့ အဖွဲ့အစည်းရုံးခန်း အဆောက်အဦးတွေ ဖွင့်လှစ်ထားပါတယ်။
တမြို့လုံးအနှံ့မှာတော့ ပန်းခြံပေါင်း ရာနဲ့ချီရှိနေပြီး မိုင်ယာမီဟာ ဥယျာဉ်နယ်မြေ ၂ ခု ဝန်းရံထားတဲ့ တခုတည်းသော မြို့လည်း ဖြစ်လို့ နေပြန်ပါတယ်။ အနောက်ဘက်မှာ အဲဗားဂလိတ်ဥယျာဉ် နယ်မြေ နဲ့ အရှေ့ဘက်မှာတော့ ဘစ်ကိန်း ဥယျာဉ်နယ်မြေတို့ ရှိနေလို့ ဖြစ်ပါတယ်။
မိုင်ယာမီမှာ အထပ်မြင့်အဆောက်အဦးပေါင်း ၃၀၀ ကျော်ရှိနေပြီး အမြင့်ဆုံးကတော့ ပန်နိုရားမားတာဝါဖြစ်ပါတယ်။ အမြင့်ပေ ၈၆၈ပေ မြင့်ပြီး အထပ်ပေါင်း ၈၅ထပ် ပါဝင်တဲ့ ဒီအဆောက်အဦးရဲ့ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ သန်း ၈၀၀ ဖြစ်ပါတယ်။
မိုင်ယာမီဟာ ကမ္ဘာ့အကြီးဆုံး ဆိပ်ကမ်းတခုဖြစ်တဲ့ PortMiami ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ အမေရိကန်ရဲ့ အကြီးဆုံး ခရီးသည်တင်သင်္ဘောဆိပ်ကမ်း နဲ့ ကုန်တင်သင်္ဘောဆိပ်ကမ်းဖြစ်ပြီး လူပေါင်း ၃သိန်းကျော်ကို အလုပ်ပေးထားနိုင်တဲ့ နေရာဖြစ်ပါတယ်။ ရေပြင်ကိုဖြတ်ဖောင်ထားတဲ့လမ်းတွေအပြင် ၊ မြန်နှုန်းမြင့်ရထားတွေနဲ့ မက်ထရိုဘတ်စ်ကားတွေလည်း ရှိနေပါတယ်။ မိုင်ယာမီ နိုင်ငံတကာလေဆိပ်ဟာ ၂၀၁၉ ခုနှစ် တနှစ်တည်းမှာပဲ ခရီးသည်ပေါင်း ၄၆သန်းခန့်ကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ပါတယ်။
တနှစ်ပတ်လုံး လတ်ဆတ်တဲ့လေ ၊ စိမ်းလန်းတဲ့ပတ်ဝန်းကျင် ၊ သန့်ရှင်းတဲ့ ရေ ၊ လမ်း တွေနဲ့ မြို့အနှံ့ recycling အစီအစဉ်တွေကို သုံးစွဲလျက်ရှိတဲ့ မိုင်ယာမီဟာ အမေရိကန်ရဲ့ အသန့်ရှင်းဆုံးမြို့တမြို့အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ နွေရာသီမှာ ပျမ်းမျှအပူချိန် ၂၈ဒီဂရီဆဲစီးယပ်ခန့် ရှိတတ်ပြီး ဆောင်းရာသီမှာ ၂၀ ဒီဂရီဆဲစီးယပ် သာ ရှိတာကြောင့် အမြဲလိုလို နွေးထွေးတဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားပါတယ်။
မြို့နေလူဦးရေ စုစုပေါင်းရဲ့ ၇၀% လောက်က လက်တင်အမေရိက ကနေ ပြောင်းရွှေ့အခြေချသူတွေဖြစ်တာကြောင့် မိုင်ယာမီကို လက်တင်အမေရိကမြို့တော်လို့လည်း ခေါ်ကြပါသေးတယ်။ ဒီအထဲမှာ ကျူးဘားနိုင်ငံသားတွေက အများဆုံးဖြစ်ပြီး မြို့နေလူထုရဲ့ ၃၄% လောက်အထိ ရှိနေတာပါ။ အင်္ဂလိပ်ဘာသာစကားကို သုံးစွဲလေ့ရှိပေမယ့် အများစုကတော့ စပိန်ဘာသာစကားကိုသာ ပြောဆိုသုံးစွဲကြပါတယ်။ ကိုးကွယ်မှုအနေနဲ့တော့ ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကြပါတယ်။ မိုင်ယာမီ မြို့မှာ နေထိုင်သူတွေဟာ ကြွယ်ဝကြပြီး ပျမ်းမျှ နှစ်စဉ်ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၃၄၀၀၀ ခန့်ကို ရရှိနေကြပါတယ်။
နွေးထွေးတဲ့ရာသီဥတုနဲ့ အမြဲလိုလိုတောက်ပနေတဲ့နေရာကြောင့် မိုင်ယာမီဟာ ဟောလိဝုဒ် ဒါရိုက်တာတွေရဲ့ ဇာတ်ကားရိုက်ကူးဖို့ အကြိုက်ဆုံးနေရာတွေထဲက တခုလည်းဖြစ်ပါတယ်။ ဒီနေရာမှာ နာမည်ကျော် ကားတွေအပါအဝင် ရုပ်ရှင် နဲ့ ရုပ်သံဇာတ်လမ်းပေါင်း ရာနဲ့ချီ ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ နှစ်စဉ် မိုင်ယာမီမြို့ရဲ့ နေရာပေါင်း ၁ထောင်လောက်မှာ ရိုက်ကူးမှုတွေရှိနေပြီး ဒီရိုက်ကွင်းနေရာတွေကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ နဲ့ ၁၅၀ ကြား ရရှိနေတာဖြစ်ပါတယ်။
မိုင်ယာမီဟာ အမေရိကန်မှာ နယူးယောက်ပြီးရင် ကမ္ဘာလှည့်ခရီးသွား အလာဆုံးမြို့ဖြစ်တာနဲ့ အညီ ဟိုတယ်ပေါင်း ရာနဲ့ချီ ရှိနေပြီး ဒီအထဲက လေးရာသီဟိုတယ် ၊ တောင်ပိုင်းကမ်းခြေဟိုတယ် ၊ ဗီလာ Casa Casuarina ဟိုတယ် ၊ ဖေးနားဟိုတယ် နဲ့ ဖောင်တိန်ဘလူးဟိုတယ်တွေဟာ ထင်ရှားတဲ့ဟိုတယ်တွေဖြစ်ပါတယ်။ နှစ်စဉ် အမေရိကန် နဲ့ ကမ္ဘာတလွှားမှ ခရီးသွားပေါင်း ၁၆ သန်းနီးပါး လာရောက်လေ့ရှိပြီး ခရီးသွားလုပ်ငန်းကနေ လူပေါင်း ၁၄၀၀၀၀ ကျော်ကို အလုပ်ပေးထားနိုင်ပါတယ်။ ၂၀၁၇ ခုနှစ်ကဆိုရင် မိုင်ယာမီမြို့ရဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းက ရရှိတဲ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၆.၁ ဘီလျံ အထိ ရှိနေပါတယ်။
Discussion about this post