ကူဝိတ်နိုင်ငံရဲ့မြို့တော်အမည်ကလည်း ကူဝိတ်စီတီးဖြစ်ပြီး နိုင်ငံရဲ့ အကြီးဆုံးမြို့တော်ဖြစ်ကာ ပါရှန်းပင်လယ်ကွေ့ရဲ့ တောင်ဘက်စွန်းပိုင်း ကူဝိတ်ပင်လယ်အော်က ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၃ပေသာမြင့်တဲ့နေရာမှာ တည်ရှိပါတယ်။ (၂၀၂၀)ပြည့်နှစ်၊ အောက်တိုဘာလစာရင်းတွေအရ ကူဝိတ်မြို့ တော်ရဲ့လူဦးရေဟာ ၄.၁သန်းခန့် ရှိပြီး စတုရန်းမိုင်(၈၀)ကျယ်ဝန်းပါတယ်။
လက်ရှိ ကူဝိတ်စီးတီးရှိရာနေရာဟာ ၁၆၁၃ ခုနှစ်မှာမှ လူတွေ စတင်အခြေချနေထိုင်ခဲ့ကြတာဖြစ်ပြီး Bani Utubs အာရပ်မျိုးနွယ်တွေကတော့ ၁၈ ရာစု အစောပိုင်းမှာ ရောက်ရှိနေထိုင်ခဲ့ကြပါတယ်။ Utubs မျိုးနွယ်တွေစတင်ရောက်ရှိလာချိန်က ကူဝိတ်ရွာဟာငါးဖမ်းသမား၊ တံငါသည်အနည်းငယ်သာရှိနေသေးတဲ့ တံငါရွာအဖြစ်သာရှိနေပါသေးတယ်။ ယင်းနောက်ပိုင်းမှသာတစ်ဖြည်းဖြည်းနဲ့ လူဦးရေထူထပ်များပြားလာခဲ့တာဖြစ်ပါတယ်။ သမိုင်းကြောင်းအရတော့ ကူဝိတ်နိုင်ငံဟာ ပါရှန်းပင်လယ်ကွေ့ဒေသရဲ့သင်္ဘောတည်ဆောက်ရာ ဒေါက်ရုံကြီးတစ်ခုဖြစ်ခဲ့ဖူးပါတယ်။
(၁၈)ရာစုနှောင်းပိုင်းကာလနဲ့ (၁၉)ရာစုကာလတွေမှာဆိုရင် ကူဝိတ်မြို့တော်တွင်းပြုလုပ်ခဲ့တဲ့ရေယာဉ်တွေကို အိန္ဒိယနိုင်ငံ၊အရှေအာဖရိကတိုက်နဲ့ ပင်လယ်နီဒေသပိုင်းတွေအထိ ရောင်းချခဲ့တဲ့ ရေယာဉ်ထုတ်လုပ်ရောင်းချတဲ့ ဈေးကွက်တစ်ခုရှိခဲ့ဖူးပါတယ်။ (၁၉၃၆)ခုနှစ်ရောက်ချိန်မှတော့ ကူဝိတ်မြို့တော်မှာပထမဆုံးရေနံသိုက်ကိုရှာဖွေတွေ့ရှိခဲ့ကြပြီး (၁၉၅၃)ရောက်ချိန်မှာတော့ ကူဝိတ်နိုင်ငံဟာ ပင်လယ်ကွေ့ဒေသရဲ့ရေနံထုတ်လုပ်ရောင်းချမှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။
စီးပွားရေးဖွံဖြိုးတိုးတက်လာခြင်းနဲ့အတူ ကူဝိတ်မြို့တော်ဟာနိုင်ငံရဲ့အုပ်ချုပ်ရေး၊ စီးပွားရေးနဲ့ငွေကြေးဆိုင်ရာစီးဆင်းလည်ပတ်မှုအများဆုံးသောမြို့တော်တစ်ခုအဖြစ် အဆင်ြ့မင့်အဆာက်အအုံကြီးတွေ၊ အရှေအလယ်ပိုင်းဒေသရဲ့အကောင်းမွန်ဆုံးသောဘဏ်လုပ်ငန်းစနစ်တွေနဲ့တစ်ဖြည်းဖြည်းပြောင်းလဲလာပါတော့တယ်။ (၁၉၉၀)ပြည့်နှစ်သြဂုတ်လကနေ (၁၉၉၁)ခုနှစ်ဖေဖော်ဝါရီလကာလအထိမှာတော့ ကူဝိတ်နိုင်ငံဟာအိမ်နီးချင်းအီရတ်ရဲ့ကျူးကျော်မှုကိုခံခဲ့ရပြီး အမေရိကန်ဦးဆောင်တဲ့မဟာမိတ်တပ်တွေက ကူဝိတ်ဘက်ကနေ ဝင်ရောက်တိုက်ခိုက်ရာကနေ ပင်လယ်ကွေ့စစ်ပွဲကြီးဖြစ်ပွားခဲ့ပါတယ်။ အီရတ်တပ်တွေဟာ ကူဝိတ်နိုင်ငံတွင်းဝင်ရောက်တပ်စွဲခဲ့ခြင်းနဲ့အတူ ကူဝိတ်မြို့တော်သူ/သားအတော်များများဟာလည်းမြို့တော်ကိုစွန့်ခွာထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ဖူးတာလည်းဖြစ်ပါတယ်။
ယနေ့အချိန်မှာတော့ ကူဝိတ်မြို့တော်ဟာ ကမ္ဘာဇိမ်ခံမြို့တော်ကြီးအဖြစ်အသွင်ပြောင်းသွားခဲ့ပြီဖြစ်ကာ တဖက်တချက် သစ်ပင်တန်းတွေ နဲ့ ယာဉ်ကြောထူထပ်တဲ့ မြို့တွင်းလမ်းမကြီးတွေရှိနေသလို ဥယျာဉ် နဲ့ ပန်းခြံအများအပြားလည်း ဒီမြို့မှာ ရှိနေပါတယ်။
ကူဝိတ်မြို့တော်ရဲ့လူသိများထင်ရှားတဲ့အထင်ရှားဆုံးသော နေရာတခုကတော့ ပါရှန်းပင်လယ်ကွေ့နေရာအတွင်းမှာတည်ရှိနေတဲ့ မျှော်စင်(၃)ခုတွဲပါ ကူဝိတ်တာဝါတွေ Kuwait Towers ဖြစ်ပါတယ်။ ကူဝိတ်မြို့တော်မှာ ခေတ်သစ်ရေသိုလှောင်ရေးအတွက် တာဝါအုပ်စုပေါင်း ၆ ခုရှိတဲ့အနက်က နောက်ဆုံးတည်ဆောက်ခဲ့တဲ့ တာဝါအုပ်စုဖြစ်ပါတယ်။ ဒီတာဝါအုပ်စုကတော့ အခြားတာဝါအုပ်စုတွေနဲ့ ဒီဇိုင်းကွဲပြားပြီး ဗိသုကာဆိုင်ရာ ဆုတွေရရှိထားတဲ့ တာဝါတွေလည်းဖြစ်ပါတယ်။
Liberation Tower ဟာဆိုရင် ကူဝိတ်မြို့တော်ရဲ့ အဓိကဆက်သွယ်ရေးတာဝါဖြစ်ပြီး (၁၂၂၀)ပေအထိမြင့်မားကာ နိုင်ငံအတွင်းဒုတိယမြောက်အမြင့်ဆုံးနဲ့ ကမ္ဘာ(၃၉)ခုမြောက်အမြင့်ဆုံး အဆောက်အအုံအဖြစ် ရပ်တည်နေပါတယ်။ (၁၉၉၃)ခုနှစ်ကတည်ဆောက်ပြီးစီးခဲ့ပြီး အီရတ်နိုင်ငံကနေ ကူဝိတ်နိုင်ငံခွဲထွက်နိုင်ခြင်းကို ဂုဏ်ပြုသောအားဖြင့်တည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။ Liberation Tower ကိုတော့ကမ္ဘာလှည့်ခရီးသွား တရားဝင်လာရောက်ခွင့်ပိတ်ပင်ထားပေမယ့် တာဝါရှိတဲ့နေရာဟာ အစိုးရရုံးတွေရုံးစိုက်ရာနေရာဖြစ်တဲ့အတွက် ဝင်ထွက်သွားလာသူများတော့ ရှိနေပါတယ်။
Souq Al-Mubarakiya ဈေးကတော့ကူဝိတ်မြို့တော်ရဲ့ သက်တမ်းအရင့်ဆုံးဈေးကြီးတွေအနက်ကတစ်ခုဖြစ်ပြီး နိုင်ငံရဲ့ပထမဆုံးသောရေနံရှာဖွေတွေ့ရှိခဲ့တဲ့ ကုန်သွယ်ရေးဗဟိုချက်မနေရာမှာ တည်ရှိပါတယ်။ သက်တမ်းအားဖြင့်ဆိုရင်နှစ်(၂၀၀)ကျော်ဝန်းကျင်သက်တမ်းရှိတဲ့ Souq Al-Mubarakiya ဟာဆိုရင် ပင်လယ်ကွေ့တိုက်ပွဲကာလအတွင်း အီရတ်တပ်တွေရဲ့ဝင်ရောက်ဖျက်ဆီးခြင်းကိုခံခဲ့ရတာမျိုးရှိခဲ့ပေမဲ့ ပြန်လည်မွမ်းမံတည်ဆောက်ကာ ကူဝိတ်နိုင်ငံရဲ့နာမည်ကျော် ရိုးရာဟင်းခတ်အမွှေးအကြိုင်များစွာကို အဓိကရောင်းချလျက်ရှိပါတယ်။
Grand Mosque ဟာဆိုရင်လည်း ကူဝိတ်မြို့တော်ရဲ့အစ္စလာမ်ဘာသာဝင်တွေအလေးအမြတ်ထားရာ ဗလီကြီးဖြစ်ပြီးစတုရန်းပေ(၄၈၀,၀၀၀)အကျယ်မြေဧရိယာမှာ တည်ရှိနေတာဖြစ်ပြီး ပင်မ အဆောက်အအုံအတိုင်းအတာက စတုရန်းပေ ၂၂၀,၀၀၀ ခန့်ရှိပါတယ်။ ဗလီရဲ့အဓိကဆုတောင်းခန်းမဟာဆိုရင်လည်း (၂၃၆)ပေရှည်လျားကာ ကျွန်းတံခါးမကြီးတွေအပြင် ပြင်ပအလင်းရောင်ကိုရရှိဖို့ ပြတင်းပေါက်(၁၄၄)ခုအထိတပ်ဆင်ထားပါတယ်။ လူပေါင်း ၁၁၀၀၀ ခန့် ဆံ့သလို အမေရိကန်ဒေါ်လာ ၄၉ သန်းခန့် အကုန်အကျခံကာ တည်ဆောက်ထားတာလည်းဖြစ်ပါတယ်။
Holy Family Cathedral ကိုတော့ (၁၉၆၁)ခုနှစ်ကာလကမွမ်းမံတည်ဆောက်မှုပြုလုပ်ခဲ့ပြီး ကူဝိတ်နိုင်ငံအတွင်းနေထိုင်ကြတဲ့ရိုမန်ကတ်သလစ် ဘာသာဝင်တွေအတွက် အလွန်အရေးပါတဲ့ ခရစ်ယာန်ဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။ ဘုရားကျောင်းတွင်းမှာတော့ (၁၉၄၉)ခုနှစ်ကာလက ကူဝိတ်နိုင်ငံတွင်းတည်ရှိတဲ့ Ahmadi မြို့ခရစ်ယာန်ဘုရားကျောင်းကနေ နမူနာယူတည်ဆောက်ထားတဲ့ Our lady of Arabia ရုပ်တုတည်ရှိနေပါတယ်။
ကူဝိတ်မြို့တော်ရဲ့နာမည်ကျော်အဆောက်အအုံတစ်ခုကတော့ JACC လို့သိကြတဲ့ Sheikh Jaber Al-Ahmad Cultural Centre ကဇာတ်ရုံကြီးဖြစ်ပြီး ကူဝိတ်နိုင်ငံရဲ့အထင်ရှားဆုံးသောအနုပညာစင်တာတစ်ခုဖြစ်ကာ မြို့တော်ရဲ့ကျွန်းစွယ်လမ်းမှာတည်ရှိပါတယ်။ ယင်းပြဇာက်ရုံကြီးဟာဆိုရင် သမိုင်းကြောင်းတလျှောက်ထင်ရှားခဲ့တဲ့ အနုသုခမပညာအမွေအနှစ်တွေကြောင့် ကူဝိတ်နိုင်ငံအတွက်သာမက အရှေ့အလယ်ပိုင်းဒေသရဲ့အထင်ရှားဆုံးသော အနုပညာယဉ်ကျေးမှုစတင်တာ အဖြစ်တည်ရှိနေတာလည်းဖြစ်ပါတယ်။
ကူဝိတ်မြို့တော်အတွင်းတည်ရှိနေတဲ့ Sheikh Abdullah Al-Salem Cultutal Centre ဆိုတာကတော့ အနုပညာပြတိုက် complex တစ်ခုဖြစ်ပြီး နေရာပေါင်း (၆)ခုလောက်နဲ့ဖွဲ့စည်းထားပါတယ်။ အဲဒီ ၆ ခုကတော့ သဘာဝသမိုင်းပြတိုက်၊ သိပ္ပံနည်းပညာပြတိုက်၊ အာကာသပြတိုက်၊ အာရေဗီအစ္စလာမ်မစ် သိပ္ပံနည်းပညာဆိုင်ရာပြတိုက်၊ အနုပညာပြတိုက်နဲ့ အများပြည်သူ အပန်းခြေနားနေဖို့ နေရာတွေဖြစ်ပါတယ်။ Sheikh Abdullah Al-Salem Cultutal Centre ဟာဆိုရင် (၁၈)ဟတ်တာကျယ်ဝန်းပြီး ကမ္ဘာအကြီးဆုံးပြတိုက်စု တခုအနေနဲ့ တည်ရှိနေတာဖြစ်ပါတယ်။
Al Shaheed Park ကတော့ ကူဝိတ်ရဲ့အကြီးဆုံး ပန်းခြံနယ်မြေဖြစ်ပြီး ဒီနေရာမှာ ဥယျာဉ်တွေ ၊ လျှောက်လမ်းတွေ ၊ ဇာတ်ရုံ ၊ ပြတိုက် နဲ့ အပန်းဖြေစရာ နေရာများစွာ ပါဝင်နေပြီး တေးဂီတပွဲ နဲ့ ပြပွဲပေါင်းစုံကို ကျင်းပလေ့ရှိပါတယ်။
ကူဝိတ်မြို့တော်ကမ်းရိုးတန်းဒေသမှာတည်ရှိတဲ့ Green ကျွန်းကတော့ လူလုပ်ကျွန်းတစ်ခုဖြစ်ပြီး (၁၉၈၈)ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ပါတယ်။ ပါရှန်းပင်လယ်ကွေ့ဒေသနိုင်ငံတွေအနက်မှာတော့ ဂရင်းကျွန်းဟာ ပထမဆုံးဖြစ်ပေါ်လာတဲ့လူလုပ်ကျွန်းဖြစ်ပြီး နိုင်ငံခြားသားလာရောက်လည်ပတ်မှုအများဆုံးသောနိုင်ငံရဲ့အထင်ရှားဆုံးသောနေရာတွေအနက်က တစ်ခုအဖြစ်လည်းရပ်တည်နေပါတယ်။
ကူဝိတ်မြို့တော်ရဲ့နာမည်ကျော် မိုးမျှော်တိုက်အမည်ကတော့ Al Hamra ဖြစ်ပြီးကူဝိတ်နိုင်ငံတွင်းမှာတော့အမြင့်ဆုံးနဲ့ ကမ္ဘာပေါ်မှာဆိုရင်တော့(၂၃)ခုမြောက်အမြင့်ဆုံးအဆောက်အအုံအဖြစ်တည်ရှိပါတယ်။ ၁၃၅၈ပေမြင့်ကာ အထပ်ပေါင်း ၈၃ထပ် ပါဝင်ပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် အကုန်ကျခံကာ တည်ဆောက်ထားတဲ့ အဆောက်အဦးလည်းဖြစ်ပါတယ်။
မြို့တော်ရဲ့အမည် ကူဝိတ်ဆိုတာကတော့ အာရေဗီစကား kut ကနေလာပြီး ခံတပ်လို့အဓိပ္ပါယ်ရပါတယ်။ ကူဝိတ်စီးတီးမှာနေထိုင်သူတွေကိုတော့ Kuwaitis လို့ ခေါ်ကြပါတယ်။ ကူဝိတ်နိုင်ငံတွင်းအသုံးပြုနေတဲ့ Kuwaiti dinar ဟာဆိုရင်လည်း ကမ္ဘာတန်ကြေးအမြင့်ဆုံးသောငွေကြေးစာရင်းမှာပါဝင်နေပြီး ကူဝိတ် ၁ ဒင်နာ ဟာ အမေရိကန် ၃.၃၁ ဒေါ်လာနဲ့ တန်ဖိုးညီမျှပါတယ်။ ကူဝိတ်ဟာ တဦးချင်းဝင်ငွေအလိုက် အာရှတိုက်ရဲ့ အချမ်းသာဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။
နိုင်ငံ GDP ရဲ့တစ်ဝက်လောက်ဟာ ရေနံရောင်းချမှု နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကနေရရှိနေတာဖြစ်ပါတယ်။ ကူဝိတ်နိုင်ငံရဲ့ တင်ပို့ကုန် (၉၀)ရာခိုင်နှုန်းလောက်ဟာဆိုရင်လည်းရေနံနဲ့ရေနံထွက်ပစ္စည်းတွေဖြစ်ပြီး အစိုးရရဲ့ဝင်ငွေအလုံးစုံကလည်းရေနံကနေရရှိနေတာဖြစ်ပါတယ်။
ကူဝိတ်မြို့တော်ဟာဆိုရင် သဲကန္တာရရာသီဥတုကိုပိုင်ဆိုင်ထားပြီး ဆောင်းရာသီတိုတောင်းကာ အလွန်ပူပြင်းတဲ့နွေရာသီကာလအပိုင်းအခြားကို ပိုင်ဆိုင်ထားပါတယ်။ ကမ္ဘာပေါ်ကအပူပြင်းဆုံးသောမြို့တော်တွေအနက် ကူဝိတ်မြို့တော်ဟာ တမြို့အပါအဝင်ဖြစ်ပြီး ဇူလိုင်လမှာ ပျမ်းမျှအပူချိန် ၃၀ ဒီဂရီကနေ ၅၀ ဒီဂရီဆဲစီးယပ်အထိ ရောက်ရှိတတ်ပါတယ်။ နွေကာလတွေမှာဆိုရင် သဲမုန်တိုင်းလိုဖြစ်စဉ်တွေလည်း ရှိတတ်ကာဆောင်းဦးကာလရောက်ချိန်မှသာ အကြိမ်ရေလျော့နည်းသွားလေ့ရှိပါတယ်။
Discussion about this post