ရေးသားသူ – ဗန်းမော်သိန်းဖေ
ဆီဗက်စတာ စတားလုံး ဆိုတာ လွန်ခဲ့တဲ့အနှစ်၃၀လောက်ကစပြီး ဟောလီးဝုဒ်က လူကြိုက်အများဆုံး အကျော်ကြားဆုံးမင်းသားတယောက်ပါ။ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ Rocky လက်ဝှေ့ဇာတ်လမ်းတွေ Rambo ဗီယက်နမ်စစ်ပြန်တယောက်ရဲ့ဇာတ်လမ်းတွေဟာ လူကြိုက်အများဆုံးနဲ့ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ကားတွေဖြစ်ခဲ့ပါတယ်။
စတားလုံးဟာ ရုပ်ရှင်မင်းသားအဖြစ် အောင်မြင်ခဲ့သူတစ်ယောက်တင် မကသေးပါဘူး။ ဆင်းရဲသားကနေ အောင်မြင်ကြီးပွားသွားသူ(Rag to Riches)တွေအကြောင်း အမေရိကန်လူငယ်တွေကိုပြောပြတဲ့ဟောပြောပွဲတွေမှာဆိုရင် စတားလုံးအကြောင်းကို စံပြထားပြီး ပြောလေ့ရှိတယ်။ လူငယ်တွေကို သူ့လိုကြိုးစားစေချင်လို့ပါ။ စတားလုံးက ဘာတွေများကြီးကြီးကျယ်ကျယ်လုပ်ခဲ့လို့လဲ။ ဆက်ဖတ်ကြည့်ပါ။
စတားလုံးဟာ ငယ်ငယ်တုံးက အတော်လေးဆင်းရခဲ့ပါတယ်။ ဆင်းရဲပေမဲ့ ရုပ်ရှင်မင်းသားအရမ်းဖြစ်ချင်တယ်။ အားရင် တယောက်ထဲအိုက်တင်ကျင့်နေတယ်။ စတားလုံးဟာ မိန်းမတွေကျလောက်တဲ့မျက်နှာပေါက်နဲ့ အချိုးကျတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်တယ်။ ဒါပေမဲ့ သူ့မှာအားနည်းချက်တစ်ခုရှိပါတယ်။ သူ့ကိုမွေးတုံးက မွေးရခက်တဲ့အတွက် ဆရာဝန်က ညှပ်နဲ့ဆွဲမွေးပေးခဲ့ရာမှာ သူရဲ့ဘယ်ဖက်ပါးက အကြောကိုနည်းနည်းထိသွားတယ်။ သူ ကြီးလာတော့ ဘယ်ဖက်ပါးတခြမ်းနည်းနည်းစောင်းသွားတယ်။ နည်းနည်းရွဲ့သွားတာကြောင့် စကားကို သွက်သွက်လက်လက်မပြောနိုင်တော့သလို ပြောလိုက်တဲ့စကားကလဲ မပီမသဖြစ်နေတယ်။
သူအထက်တန်းကျောင်းတက်နေတာကို တပိုင်းတစနဲ့ထွက်လိုက်တယ်။ ရုပ်ရှင်မင်းသားလုပ်ချင်လို့ပါ။ အသက်၂၉နှစ်လောက်မှာ နယူးရောက်မြိုကိုရောက်လာပြီး ဟောလီးဝုဒ်ကရုပ်ရှင်ကုမ္ပဏီတွေမှာ မင်းသားလုပ်ဖို့လျှောက်တယ်။ ဘယ်ကုမ္ပဏီမှ လက်မခံကြဘူး။ သရုပ်ဆောင်ကောင်းပေမဲ့ စကားကိုပီပီသသ သွက်သွက်လက်လက်မပြောနိုင်တာတွေကြောင့်ပါ။ ဒါပေမဲ့ သူစိတ်မလျှော့ဘူး။
မင်းသားဖြစ်ဖို့ပဲ စိတ်ကူးနေလို့ တခြားဘာအလုပ်မှမလုပ်ဘူး။ အလုပ်မလုပ်တော့ စားစရာတောင်မရှိဘူး။ စားစရာမရှိလို့ တနေ့မှာသူ့မိန်းမရဲ့လက်ဝတ်လက်စားတွေခိုးရောင်းပြီး စားစရာဝယ်တယ်။ သူ့မိန်းမသိသွားလို့ အိမ်ပေါ်ကအမောင်းချခံရတယ်။ အိပ်စရာနေရာမရှိလို့ ဘတ်စကားစခန်း(Bus_Terminal)မှာ သုံးရက်လောက်သွားအိပ်ရတယ်။ တရက်မှာ သူ့မှာစားစရာမရှိလို့ အရက်ဆိုင်နားမှာ သူ့ခွေးးကိုရောင်းဖို့စပ်တယ်။ လူတယောက်က ၂၅ဒေါ်လာပေးမယ်ဆိုတာနဲ့ရောင်းလိုက်တယ်။ ခွေးရောင်းပြီးအပြန်လမ်းမှာ သူခြုံးပွဲချငိုပါတယ်။ မတတ်သလို့သာ ရောင်းလိုက်ရတယ် သူခွေးကိုသူအရမ်းချစ်တာကိုး။
တညနေ စားသောက်ဆိုင်တခုမှာပြနေတဲ့တီဗွီကနေ အဲဒီအချိန်ကဟဲဗီးဝိတ်တန်းလက်ဝှေ့ကမ္ဘာ့ချန်ပီယံမိုဟာမက်အလီရဲ့လက်ဝှေ့ပွဲကိုကြည့်မိတယ်။ -၁၉၇၅ခုနှစ် မတ်လ(၂၄)ရက်။ သူ့ဘဝက်ုပြောင်းလဲသွားစေခဲ့တဲ့နေ့ပေါ့။ ချန်ပီယံအလီကိုယှဉ်ပြိုင်ထိုးသူကမထင်မရှားလက်ဝှေ့သမားချတ်ဝက်ပနာပါ။ ဝက်ပနာရဲ့လက်ဝှေ့အဆင့်ဟာ အလီနဲ့ဘယ်လိုမှမယှဉ်နိုင်ပါဘူး။ ၁၅ချီထိုးရပါတယ်။ အလီရဲ့မညှာမတာထိုးနှက်တဲ့ လက်သီးချက်တွေကြောင့် ဝက်ပနာဟာ အကြိမ်ကြိမ်အလဲထိုးခံရတယ်။ အလဲထိုးခံရပြီးတိုင်း သူပြန်ပြန်ထလာတယ်။ ၁၅ချီပြည့်အောင်ထိုးပြီးမှ အမှတ်နဲ့ရံှူးသွားတယ်။ စတားလုံးဟာ ဝက်ပနာရဲ့အနိုင်မခံ အရှူံမပေးစိတ်ဓါတ်ကို သဘောကျလွန်းလို့ ချက်ချင်းပဲလက်ဝှေ့ပွဲအကြောင်း ရုပ်ရှင်ဇာတ်ညွှန်းတပုဒ်ကို နာရီ၂ဝကြာအောင် ဘာမှမစားပဲမနားတမ်းရေးပါတော့တယ်။ ဇာတ်ညွှန်းကို သုံးရက်အတွင်းအချောသတ်လိုက်တယ်။
ရက်အတန်ကြာမှာ သူ့ရုပ်ရှင်ဇာတ်ညွှန်းကို ဟောလီးဝုဒ်ရုပ်ရှင်ကုမ္ပဏီတွေ ဒါရိုက်တာတွေကိုလိုက်ပြတယ်။ ဘယ်သူမှမကြိုက်ကြဘူး။ နောက်ဆုံးတော့ ထုတ်လုပ်သူတစ်ယောက်က စိတ်ဝင်းစားလို့ ရုပ်ရှင်ရိုက်မယ်ပြောတယ်။ ဇာတ်ညွှန်းကို ဒေါ်လာတစ်သိန်းနှစ်သောင်းခွဲနဲ့ဝယ်မယ်လို့ကမ်းလှမ်းတယ်။ စတားလုံးက အဲဒီရုပ်ရှင်မှာ သူ့ကိုမင်းသားအခန်းကရိုက်ရမှ ရောင်းမယ်လို့ပြောတယ်။ သဘောတူညီမှု မရကြဘူး။ စတားလုံးလည်း သူ့ဇာတ်ညွှန်းကိုမရောင်းပဲပြန်ယူလာတယ်။

၂ပတ်ကြာတော့ ထုတ်လုပ်သူက၂ဆတိုးပြီး ဒေါ်လာ၂သိန်းခွဲကမ်းလှမ်းပြန်တယ်။ စတားလုံးက သူ့ကို မင်းသားအခန်းကမရိုက်ရင် မရောင်းဖူးပဲပြောတယ်။ နောက်ဆုံး ဒေါ်လာ၃သိန်းခွဲ(အခုခေတ်ဆိုရင် ဒေါ်လာတစ်သန်းကျော်)အထိ တိုးပေးပြန်တယ်။ စတားလုံးဟာ အရင်အတိုင်းပဲ မင်းသားမလုပ်ရရင်မရောင်းဖူးလို့ငြင်းတုံးပဲ။ အဲဒီအချိန်က သူ့လက်ထဲမှာငွေ(၁၀၆)ဒေါ်လာပဲရှိတယ်။ သူ ဒေါ်လာ၃သိန်းခွဲကို မယူလိုက်တာက တသက်လုံးမက်ခဲ့တဲ့သူ့အိပ်မက်ကို အဲဒီငွေနဲ့မလဲနိုင်လို့ပဲ။
နောက်ဆုံးတော့ ထုတ်လုပ်သူက သူ့ကိုမင်းသားအခန်းက တင်ရိုက်ဖို့သဘောတူလိုက်တယ်။ ဒါပေမဲ့ ဒေါ်လာသုံးသောင်းခွဲပဲပေးမယ်လို့ပြောတယ်။ စကားကိုပီပီသသမပြောတတ် ပါးတခြမ်းကလဲစောင်းနေတဲ့ စတားလုံးကို မင်းသားအဖြစ်ရိုက်ရင် ရံှူးမှာသေချာသလောက်ရှိနေတာမို့ ဈေးကိုမတန်တဆနိမ်ပေးတာပါ။
စတားလုံးက မင်းသားအဖြစ်ရိုက်ရလို့ ၃သောင်းခွဲနဲ့ပဲ လက်ခံလိုက်တယ်။ ရတဲ့ဒေါ်လာသုံးသောင်းခွဲကိုယူပြီး သူပထမဆုံးဘာလုပ်သလဲ။ သူခွေးရောင်းလိုက်တ ဲ့အရက်ဆိုင်နားကိုသွားတယ်။ သူ့ခွေးကိုပြန်ဝယ်မလို့ပါ။ ခွေးဝယ်သွားတဲ့လူကိုမတွေ့ပါဘူး။ ၃ရက်ဆက်စောင့်တယ်။ ခွေးဝယ်သွားတဲ့လူရောက်လာတယ်။ သူက သူ့ခွေးကိုပြန်ဝယ်ချင်တယ်။ ဒေါ်လာငါးဆယ်ပေးမယ်လို့ပြောတယ်။ ဟိုလူက မရောင်းဘူး။ ဒေါ်လာတစ်ရာထိတိုးပေးတယ်။ မရောင်းဘူး။ ဒေါ်လာတစ်ထောင်ထိတိုးပေးတယ်။ ဟိုလူကလဲမရောင်းဘူးပဲ။ နောက်ဆုံး၂၅ဒေါ်လာနဲ့ ရောင်းလိုက်တဲ့သူ့ခွေးကို ဒေါ်လာတစ်သောင်းခွဲနဲ့ပြန်ဝယ်ခဲ့ရတယ်။
၁၉၇၆ခုနှစ်မှာ သူ့ဇာတ်ညွှန်းကို ဒေါ်လာတစ်သန်းအကုန်ခံပြီး ၂၈ရက်နဲ့ အပြီးရိုက်လိုက်တယ်။ ဇာတ်ကားနာမည်က Rockyပါ။ အမဲသတ်တဲ့ရုံမှာ အလုပ်လုပ်နေတဲ့ လူတစ်ယောက်ကနေ ကမ္ဘာ့လက်ဝှေ့ချန်ပီယံဖြစ်လာပုံကို ရိုက်ကူးထားတာပါ။ ရုပ်ရှင်ထဲမှာ သူ့ခွေးကိုတောင် ထည့်ရိုက်ထားသေးတယ်။ စတားလုံးရဲ့သရုပ်ဆောင်ကောင်းတာရယ် ဇာတ်လမ်းကောင်းတာတွေကြောင့် Rocky ရုပ်ရှင်ကားဟာ အရမ်းအောင်မြင်သွားတယ်။ ရုံတင်ရက်တပတ်အတွင်း ဒေါ်လာသန်း၃၀၀နီပါးဝင်ငွေတွေရခဲ့တယ်။ ဒါက ၁၉၈၈ခုနှစ်ကနော်။ အခုခေတ်ငွေနဲ့တွက်ရင် ဘီလီယံကျော်ပါလိမ့်မယ်။ ရုပ်ရှင်ကားဟာလဲ အော်စကာဆုကြီး၃ဆု( ဇာတ်ကားဆု ဒါရိုက်တာဆုနဲ့ ဇာတ်ညွှန်းဆု)ရသွားတယ်။ စတားလုံးလဲ အော်စကာမင်းသားဆုစကာတင်စာရင်းမှာပါခဲ့ပြီး ကမ္ဘာကျော်မင်းသားဖြစ်သွားတယ်။ ရုပ်ရှင်ကားကရတဲ့အမြတ်ငွေထဲက အချိုးကျရတဲ့ငွေတွေကြောင့် စတားလုံးဟာ သန်းကြွယ်သူဋ္ဌေးတယောက်ချက်ချင်းဖြစ်သွားခဲ့ပါတယ်။ နောက်ပိုင်း ရုပ်ရှင်ထုတ်လုပ်သူ ဒါရိုက်တာ မင်းသားနေရာအားလုံးမှာ အောင်မြင်ခဲ့ပြန်တယ်။

Rockyကားအောင်မြင်သွားလို့ နောက်ထပ် Rocky ဇာတ်လမ်းတွဲတွေ ဆက်ရိုက်တယ်။ Rocky_V အထိရောက်တယ်။ အားလုံးအောင်မြင်တယ်။ နောက်နှစ်အနည်းငယ်အကြာမှာ စတားလုံးပါဝင်တဲ့ Rambo_First_Blood ဆိုတဲ့ ဗီယက်နမ်စစ်ပြန်တစ်ယောက်အကြောင်းရုပ်ရှင်ကို ရိုက်တယ်။ အရမ်းအောင်မြင်သွားလို့ Rambo_IV အထိရိုက်ရပြန်တယ်။ အခု သူ့အသက် ၇၁နှစ်အထိ စတားလုံးဟာရုပ်ရှင်သရုပ်ဆောင်လုပ်နေဆဲပါပဲ။ သူ့ရဲ့ပိုင်ဆိုင်မှုဟာလည်း ၂၀၁၅ခုနှစ် စာရင်းအရ ဒေါ်လာ သန်း ၄၀၀ ချမ်းသာပါတယ်။
တကယ်လို့ စတားလုံးဟာ သူ့ဇာတ်ညွှန်းကို မင်းသားမလုပ်တော့ပဲ ဒေါ်လာ၃သိန်းခွဲကိုပဲ လက်ခံယူလိုက်မယ်ဆိုရင် သူတသက်လုံးဖြစ်ချင်နေခဲ့တဲ့ သူအိမ်မက်ထဲကရုပ်ရှင်မင်းသားဖြစ်လာပါ့မလား။ တွေးစရာပါ။
လူတိုင်း ဘဝမှာဖြစ်ချင်တာလေးကို အိပ်မက်တစ်ခုလိုမျော်မှန်းတတ်ကြတယ်။ တမ်းတတတ်ကြတယ်။ အဲဒီအိပ်မက်ကိုအကောင်အထည်ဖေါ်ဖို့ ကြောက်နေမယ် တွေဝေမယ် တုံ့ဆိုင်းနေမယ်ဆိုရင် စားစရာတောင်မရှိတဲ့ ဘဝကနေ အောင်မြင်ကျော်ကြားသွားတဲ့”စတားလုံး”အကြောင်းလေးကို သတိရလိုက်ပါလို့…
ဆရာဗန်းမော်သိန်းဖေ ရဲ့ “သူတို့ဘာကြောင့် ကမ္ဘာကျော်တာလဲ” စာအုပ်မှ
Discussion about this post