Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သီဟိုဠ်ကျွန်း(သို့)သီရိလင်္ကာနိုင်ငံ အကြောင်းသိကောင်းစရာ

by Thutamm
July 29, 2019
Reading Time: 2min read
0
သီဟိုဠ်ကျွန်း(သို့)သီရိလင်္ကာနိုင်ငံ အကြောင်းသိကောင်းစရာ
Share on FacebookShare on Twitter

သီရိလင်္ကာနိုင်ငံ၏ တရားဝင်အမည်မှာ ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတ သီရိလင်္ကာနိုင်ငံ ဖြစ်ပြီး အိန္ဒိယနိုင်ငံ တောင်ဘက် ကမ်းလွန်ဒေသတွင် တည်ရှိသည်။ တောင်အာရှရှိ ယင်းကျွန်းနိုင်ငံအား ၁၉၇၂ မတိုင်မီတွင် ဆီလွန် (Ceylon) နိုင်ငံဟု ခေါ်ခဲ့သည်။ သီရိလင်္ကာကို အိန္ဒိယ သမုဒ္ဒရာ၊ မန်နာပင်လယ်ကွေ့နှင့် ပေါ့(ခ်)ရေလက်ကြားတို့က ဝန်းရံထားပြီး အိန္ဒိယနှင့် မော်လဒိုက်နိုင်ငံအနီးတွင် တည်ရှိသည်။

ပြာလဲ့လဲ့ပင်လယ်ရေပြင်ဖြင့် ဝိုင်းရံလျက်ရှိ၍ စိမ်းစိုသာယာလှပသော ရှုခင်းတို့ဖြင့် တင့်တယ်ရှုမောဖွယ်ရာဖြစ်သော သီဟိုဠ်ကျွန်းသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အိမ်နီးချင်းလည်းဖြစ်သည်။ ဗုဒ္ဓဝင် မဟာဝင် စသည့်မြန်မာ့စာပေ ကျမ်းဂန်ကြီးများ၌ ထင်ရှားပါရှိသော လင်္ကာဒီပခေါ်သီဟိုဠ်ကျွန်းအကြောင်းကို ဗုဒ္ဓအယူဝါဒ မြန်မာလူမျိုးများအလွန် ကြားဖူးနားဝရှိနေကြလေသည်။ ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာ ဖြစ်သည်။

ထိုကျွန်းသည်ဗုဒ္ဓဝါဒီတို့သာမက အခြားအယူဝါဒီ အမျိုးမျိုး၏ လေးစားမြတ်နိုးခြင်းကို ခံယူရရှိသော ကျွန်းဖြစ်သည်။ ဂေါတမဘုရား သက်တော်ထင်ရှားရှိစဉ်အခါက လူနေကျွန်း မဟုတ်သေးသော်လည်း လင်္ကာဒီပကျွန်းတွင် နောင်အခါ ဗုဒ္ဓအယူဝါဒသည် ကောင်းစွာခိုင် ကျည်တည်တံ့လိမ့်မည်ဟု ဗျာဒိတ်တော်ချမှတ်ကာ ဘုရားရှင် ကိုယ်တော်တိုင် သုံးကြိမ်သုံးခါ ကြွရောက်တော်မူခဲ့ဖူးသည်ဟူ၍ ဗုဒ္ဓဝါဒီတို့သည် ထိုကျွန်းအပေါ်လေးစားမြတ်နိုးမှုရှိကြလေသည်။

ဟိန္ဒူအယူဝါဒတို့ကမူ ယင်းတို့၏နတ်ဘုရားဖြစ်သော ရာမမင်းသား၏ကြင်ယာတော် သီတာဒေဝီကိုလင်္ကာဒီပကျွန်းရှင် ရာဝဏ(ဒသဂီရိ) ခေါ် နတ်ဘီလူးက အိန္ဒိယနိုင်ငံမှ ခိုးယူပြေးလာရာ၊ ရာမမင်းသားလိုက်လာ၍ ရာဝဏအား အောင်နိုင်ပြီးလျှင် ရာမမင်း၏တန်ခိုးအာဏာစက် ဖြန့်ကျက်ခဲ့ရာဌာနအဖြစ် အမြတ်တနိုးရှိကြသည်။

အိန္ဒိယဘက်ကမ်း ရှိဓနုရှကိုဒီရွာမှသီဟိုဠ်ကျွန်းသို့ ပင်လယ်ရေလက်ကြားကို မီးရထားဖြင့်ဖြတ်ကူးရသည့် ကျောက်တန်းတံတားသည် ရာမ မင်းသားသီဟိုဠ်ကျွန်းသို့ ကူးနိုင်ရန် ဟနုမာန်မျောက်မင်းက ကျောက်တန်းဆည်၍ ဆောက်ပေးခဲ့သည့်တံတားဖြစ်သည် ဟုလည်းယူဆကြသဖြင့် ယင်းကို ဟနုမာန်ကျောက်တန်းဟု ခေါ်ကြလေသည်။

ထိုကျောက်တန်းကို အာဒမ်ကျောက်တန်းဟုလည်း ခေါ်ကြသည်။ ခရစ်ယန်ဝါဒီတို့အလိုမှာ အာဒမ်နှင့်အေးဝတို့ကို အေဒင်ဥယျာဉ်မှနှင်ထုတ်လိုက်သောအခါ သီဟိုဠ်ကျွန်းသို့ လာရောက်နေထိုင်ခဲ့ဖူးသည်ဟူ၏။ ဗုဒ္ဓဝင်၊ မဟာဝင်တို့၏အလိုအရမူထိုကျွန်းသည်ကမ္ဘာအဆက်ဆက်ကပင် တည်ရှိခဲ့၍ ကကုသန်ဘုရားရှင်၏ လက်ထက်တွင်ဩဇာဒီပ၊ ကောဏဂုံဘုရားရှင်၏ လက်ထက်တွင်ဝရဒီပ၊ ကဿပ ဘုရားရှင်၏ လက်ထက်တွင်မဏ္ဍဒီပ၊ ဂေါတမဘုရားရှင်၏ လက်ထက်တွင် လင်္ကာဒီပဟု ခေါ်တွင်သည်ဟုဆိုလေသည်။

သီဟိုဠ်ကျွန်းကိုလူနေတိုင်းပြည်ဖြစ်အောင် စတင် တည်ထောင်ခဲ့သူဟုဆိုသော ဝိဇယမင်းသားနှင့် အပေါင်းအပါတို့ ထိုကျွန်းကိုဆိုက်ရောက်သည့်အခါ ခြေကုန်လက်ပန်းကျလှသဖြင့် ခြေမခိုင်ခွေယိုင်နေကြသော ကြောင့်ကျွန်းပေါ်ရောက်အောင် လက်ဝါးဖြင့်ထောက်တက်ကြရာ မြေနီမှုန့်စွဲကပ်သည်ကို အကြောင်းပြု၍ တမ္ဗပါဏိဒီပဟု ခေါ်ဆိုကြပြန်သည်။ ထိုပြင်မြေပြင်ပြောင်ချောနေ၍ ခြေလှမ်းမခိုင် ယိမ်းယိုင်ကြရသောကြောင့်သင်္ခလဒီပဟု ခေါ်ဆိုကြပြန်ရာ မြန်မာတို့ အခေါ်အဝေါ်အသုံးအနှုန်းအားဖြင့် သိန်းခိုကျွန်း၊ သို့မဟုတ်သိင်္ဃိုကျွန်းဟူ၍လည်း အမည် တွင်ပြန်လေသည်။

သီဟိုဠ်ကျွန်းဟုခေါ်တွင်ခြင်းမှာ ဝိဇယမင်းသားသည် သီဟဗာဟုမင်း၏ သားတော်ဖြစ်၍ သီဟဠမျိုးအနွယ် ဖြစ်ပေရာ သီဟမျိုးက စတင်တည်ထောင်သော တိုင်းပြည် ဖြစ်သဖြင့် သီဟိုဠ်ဟု ခေါ်ဆိုခြင်းဖြစ်သည်ဟုဆိုကြသည်။ လင်္ကာဒီပ၊ သို့မဟုတ် လံကာဒီပဟူသည် ဗြဟ္မဏပုဏ္ဏားတို့၏ အခေါ်အဝေါ်ဖြစ်၍ ခုသီဟိုဠ်သားတို့ကလည်း လံကာဟု ခေါ်ဆိုကြသည်။ အင်္ဂလိပ်တို့ကစီလုံဟု ခေါ်ဝေါ်ခြင်းမှာ ပေါ်တူဂီတို့ကဇီလုံဟု ခေါ်ဝေါ်ခြင်းမှ ဆင်းသက်လာခြင်းဖြစ် ပေသည်။

ယင်းသို့အမည်အမျိုးမျိုးဖြင့် ထင်ရှားခဲ့သော သီဟိုဠ်ကျွန်းသည် ကျွန်းနိုင်ငံဖြစ်တစ်ခုဖြစ်သည်။ အိန္ဒိယကျွန်း ဆွယ်တောင်ဘက်စွန်း၏ တောင်ဘက် အရှေ့ခပ်ယွန်းယွန်း၌ တည်ရှိသည်။ ၅၅မိုင်ကျယ်သော ပေါ့ကရေလက်ကြားသည် အိန္ဒိယကျွန်းဆွယ် တောင်ဘက်စွန်းနှင့်သီဟိုဠ်ကျွန်းကို ပိုင်းခြားထားသည်။ ထိုကျွန်းသည် မြောက်မှတောင်သို့ ၂၇၁ မိုင်ရှည်လျား၍ ပြက်အကျယ်ဆုံးနေရာတွင် ၁၃၇ မိုင်ရှိသည်။ ကျွန်း တစ်ခုလုံး၏ အကျယ်အဝန်းသည် ၂၄၉၅၉ စတုရန်းမိုင် ဖြစ်လေသည်။

ကျွန်း၏ပုံသဏ္ဌာန်သည် သစ်သော့သီး၊( သို့မဟုတ်) ဘူးသီးရှည်ပုံနှင့် ဆင်ဆင်တူကာ အောက်ကား၍ အပေါ်ရှူး လေသည်။ ကျောက်ဆောင်ကျောက်တောင် ကျောက်မြေတို့ဖြင့် ဖွဲ့စည်းထားသော ထိုကျွန်း၏ မြေမျက်နှာပြင်သည် ကုန်းပြင်မြင့်ဆန်၍ ယွန်းဆွမ်းအုပ်ကဲ့သို့အလယ်တွင် မို့မောက်သော တောင်ရိုးတောင်တန်းများရှိပြီးလျှင် ဘေးပတ်လည်ဝယ် မြေပြင်အဆင့်ဆင့်နိမ့်လျှော ဆင်းသွားလေသည်။ တောင်ထွတ်များသည် ပေ ၇ဝဝဝ မှ ၈ဝဝဝ ကျော်အထိရှိသည်။

အမြင့်ဆုံးတောင်ထွတ်သည် ပီဒူရုတာလာဂါလဖြစ်၍ ၈၂၉၁ ပေမြင့်သည်။ ဗုဒ္ဓ အယူဝါဒီတို့က ဂေါတမမြတ်စွာ ဘုရား၏ခြေတော်ရာရှိရာ တောင်ဖြစ်သဖြင့် စေတီပါဒဟုခေါ်ဆိုကြသော အာဒမ် တောင်ထွတ်ခေါ်သည့်တောင်ထွတ် သည် ၇၃၆၅ ပေ အမြင့်ရှိလေသည်။ အာရပ်လူမျိုးတို့ကမူ ထိုခြေတော်ရာကို အာဒမ်၏ခြေရာဟုဆိုကြလေသည်။

တောင်ထူထပ်သောအပိုင်း၏အရှေ့ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်ပိုင်းသည် ကျဉ်းမြောင်းသော မြေ နိမ့်ကမ်းမြောင်ဒေသဖြစ်သည်။ သို့သော်ကျွန်း၏ မြောက်ဘက်ပိုင်းရှိ ကျယ်ပြန့်သောမြေနိမ့် မြေပြန့်ဒေသသည် ကျွန်း၏အရှေ့ဘက်နှင့် အနောက်ဘက် ပင်လယ် ကမ်းရိုးတန်းအထိ ဖြန့်ကား၍ ထွက်လေသည်။ အလယ်ပိုင်းတောင်ကုန်းဒေသများမှ များမြောင်လှသော မြစ်ချောင်းများသည်အရပ်ရပ်သို့စီးဆင်းသည်။ မဟာ ဝေလိဂင်္ဂါ ၊ကလျာဏီဂင်္ဂါစသောမြစ်တို့သည် ရေစီးသန်သဖြင့် ကူးသန်းသွားလာရေးနှင့်သယ်ယူပို့ဆောင်ရေးအတွက် အရာမရောက်လှပေ။

သီဟိုဠ်ကျွန်းသည် အီကွေတာနှင့်နီးကပ်နေ၍ အပူရှိန် အလွန်ပြင်းထန်သင့်သော်လည်းရေဝန်းရံလျက်ရှိသဖြင့် မျှတသော ရာသီဥတုရှိပေသည်။ အနောက်တောင်ရာသီလေ တိုက်ခိုက်သော ဇွန်လမှအောက်တိုဘာလအတွင်း အနောက်တောင်ဘက်ပိုင်းရှိ မြေနိမ့်ဒေသ၌ ပျမ်းမျှမိုးရေချိန် ၇၅ လက်မရရှိ၍ တောင်ကုန်းဒေသများတွင်လက်မ ၂ဝဝ ကျော်သည်။ မြောက်ပိုင်းလွင်ပြင်ဒေသများနှင့် အရှေ့တောင်ဘက်စွန်းတွင် အရှေ့မြောက်ရာသီလေ တိုက်ခိုက်သည့်ကာလ (ဆောင်းရာသီ) အတွင်းမိုးရွာသွန်းသည်။ သို့သော်အများဆုံး မိုးရေချိန်သည် ၇၅ လက်မအောက်နည်း၍ အချို့ဒေသများတွင် လက်မ ၅ဝ ခန့်သာရရှိလေသည်၊၊

သီဟိုဠ်ကျွန်းတွင် မိုးပါးသောရာသီနှင့် မိုးများသော ရာသီမှတစ်ပါး ချမ်းအေးသော ဆောင်းရာသီဟု ဆိုရလောက်အောင် ရာသီဥတုကွာခြားချက်မရှိချေ။ အပူချိန် ကွာခြားချက်သည် ဖာရင်ဟိုက်သုံး ဒီဂရီလေးဒီဂရီခန့်မျှသာ ဖြစ်၍ အစဉ်သဖြင့်ပူအိုက်သည်ဟု ဆိုရသော်လည်း ပျမ်းမျှ အပူချိန်သည် ဖာရင်ဟိုက် ၈၄ဒီဂရီ ခန့်သာဖြစ်သည်။ မြောက်ဘက်အစွန်းဆုံးကျသောဒေသများသည် မိုးအပါးဆုံး ဖြစ်သည်ု့ပြင် တစ်နှစ်လျှင် နှစ်လခန့်မိုးပြတ် နေတတပြီး သီးနှံ အထွက်ကောင်းလိုလျှင် ဆည်မြောင်းများဖြင့် ရေသွယ် စိုက်ပျိုးခြင်းကို လုပ်ကိုင်ကြရလေသည်။

သီဟိုဠ်ကျွန်း၏ အခြေခံစီးပွားရေးမှာလက်ဖက်၊ ကြက်ပေါင်စေး၊ အုန်းသီး၊ အုန်းဆံစသည့် အုန်းထွက် ပစ္စည်းတို့ဖြစ်ကြသည်။ အုန်းပင်အုန်းတောများသည် သီဟိုဠ်ကျွန်း၌ ကမ်းရိုးတန်းတစ်လျှောက် နေရာဒေသမရွေး များပြားလှစွာ ပေါက်ရောက်သည်။ လက်ဖက်ခြံ၊ ရာဗာ (ကြက်ပေါင်စေး)ခြံ၊ ကိုကိုးခြံ၊ ကော်ဖီခြံ၊ များကိုမြေပြင်မှ အမြင့်ပေ ၂ဝဝဝကျော်သော တောင်စောင်းဆင်ခြေလျှောနှင့် ကုန်းမြင့်ပိုင်းတို့တွင်တွေ့ရသည်။

ကုန်းမြင့်သစ်တောများအတွင်း တိရစ္ဆာန်အမျိုးမျိုးကို တွေ့ရသည်။ သီဟိုဠ်ကျွန်းသည် ဆင်ပေါများသောနိုင်ငံ တစ်ခုလည်းဖြစ်သည်။ မြ၊ ပတ္တမြား၊ ကြောင်၊ ဆီးကျောက် စသော ကျောက်မျက်ရတနာများဖြင့်လည်းပေါကြွယ်ဝ၍ ဂဝံ ကျောက်အကောင်းစားများလည်း အများအပြား ထွက်ရှိသည်။ အချို့တောင်များမှရွှေလည်းထွက်သည်။ နိုင်ငံတွင်း သုံးလုံလောက်ရုံမျှသော သံရိုင်းများလည်း တူးဖေါ်ရရှိသည်။ ကမ်းရိုးတန်းတစ်လျှောက်မှ ပုလဲများကို ငုတ်ယူရရှိလေသည်။

အာရှတိုက်တွင်သီဟိုဠ်ကျွန်းသည် စာတတ်သူ ဦးရေရာခိုင်နှုန်း အမြင့်ဆုံး (၆၅ရာခိုင်နှုန်း) နိုင်ငံတစ်ခု ဖြစ်သည်။ သူငယ်တန်းမှတက္ကသိုလ်အသက်မွေး ဝမ်းကြောင်းပညာရေးအထိ အခမဲ့ပညာရေးစံနစ်ရှိသည်။ တက္ကသိုလ်သုံးခုရှိ၍ တစ်နိုင်ငံလုံးတွင် စာသင်ကျောင်းပေါင်း ၆ဝဝဝ ကျော်ရှိသည်။ ဗြိတိသျှတို့ လက်ထက်မှစ၍ အင်္ဂလိပ်စာသည် ရုံးသုံးဖြစ်ခဲ့ရာ ၁၉၅၇ ခုနှစ်တွင် သီဟိုဠ်ဘာသာကို ရုံးသုံးပြုလုပ်သည်။ သို့သော်တမ္မီလ် (ဓမ္မိလ) လူမျိုးတို့က ကန့်ကွက်သဖြင့် တမီလ်ဘာသာကိုလည်း အသုံးပြုခွင့်ပေးခဲ့ရလေသည်။ ၂၀၁၇စာရင်းအရ လူဦးရေ သန်း ၂၀ ကျော် ရှိသည်အနက်လေးပုံ သုံးပုံသည် တောနယ်များတွင်နေထိုင်ကြ၍ စိုက်ပျိုးရေး လုပ်ကိုင်ကြသည်။

သီဟိုဠ်ကျွန်းသည် သေးငယ်လင့်ကစား ကမ္ဘာ့အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ကူးသန်းသွားလာသောပင် လယ်ကူးသင်္ဘော ကြီးများ ဆိုက်ကပ်ရပ်နား၍ ရိက္ခာဖြည့်တင်းရန် အချက်အခြာကျသော စခန်းဖြစ်ပေသည်။ ပင်လယ်ကူး သင်္ဘောကြီးများဆိုက်ကပ်ရပ်နားရန်လည်းကောင်း၊ ကုန်သွယ်စီးပွားရေးအတွက် အရေးပါသော သင်္ဘောဆိပ်မြို့ ကြီးများမှာ ကိုလံဗို၊ ထရင်ကိုမလီ၊ ဂါလေစသော မြို့ကြီးများဖြစ်ကြသည်၊ ကိုလံဗိုမြို့သည်သီဟိုဠ်ကျွန်း၏ မြို့တော်လည်းဖြစ်၍ အာရှတိုက်တွင်အထင်ရှားအကျော်ကြား ဆုံးသော သင်္ဘောဆိပ်မြို့ကြီးတစ်မြို့လည်းဖြစ်သည်။

ကုန်းဘက် ကျသောကန္ဒီ၊ ဂျက်ဖနာမြို့တို့သည်လည်း အရောင်းအဝယ်စည်ကားသော သိဟိုဠ်မြို့ကြီးများဖြစ်ကြသည်။ တောင်ကုန်းဒေသရှိ ကန္ဒီမြို့သည် သီဟိုဠ်မင်းတို့၏ နောက်ဆုံး နေပြည်တော်ဖြစ်၍ ကိုလံဗိုနှင့် ၇၄ မိုင်မျှသာဝေးကွာလေသည်။ သီဟိုဠ်ကျွန်း၌ လူဦးရေအများစုသည် သီဟိုဠ်လူမျိုး များဖြစ်ကြသည်။ ယင်းတို့သည် သိမ်မွေ့၍အေးဆေးစွာ နေထိုင်မှုကိုနှစ်သက်မြတ်နိုးကြသည်။ ပွဲလမ်းသဘင်အခါများ၌ ယင်းတို့၏ ဆင်ယင်ထုံးဖွဲ့မှုသည် ထူးထွေဆန်းပြား၍ တစ်မျိုးတစ်ဖုံလှပသည်။ သီဟိုဠ်ကျွန်း၏အဓိကအယူဝါဒသည် ဗုဒ္ဓအယူဝါဒဖြစ်သည်။ ထိုပြင်ဟိန္ဒူ၊ ခရစ်ယန်၊ အစ္စလာမ် အယူဝါဒီတို့လည်း အတော်အသင့်များပြားလေသည်။

သီဟိုဠ်မင်းများ လက်ထက်ကဗုဒ္ဓအယူဝါဒကို အလွန်ချီးမြှင့်မြှောက်စားခဲ့သည်။ ဗုဒ္ဓသာသနိကအဆောက် အအုံများလည်း ထိုကျွန်း၌များပြားလှသည်။ အနိုင်နိုင်ငံမှ ဗုဒ္ဓဝါဒီတို့အထူးသဖြင့် အထွတ်အမြတ်ထား၍ မြတ်နိုးရိုသေ ကြသောနှစ်ဌာနမှာ ဒက္ခိဏသာခါမဟာဗောဓိပင်နှင့် စွယ်တော်တိုက်ဖြစ်သည်။ ဒက္ခိဏသာခါဗောဓိပင်သည် ဂေါတမ မြတ်စွာဘုရားပွင့်တော်မူရာမူလဗောဓိပင်၏ လက်ယာ တောင်ကိုင်းကို သီရိဓမ္မာသောကမင်းကြီး၏သမီးတော်၊ ရှင်မဟိန္ဒ ၏နှမတော်သင်္ဃမိတ္တာထေရီမ ပင့်ဆောင်လာ၍ စိုက်ပျိုးထားခဲ့ခြင်းဖြစ်သဖြင့်နှစ်ပေါင်း ၂ဝဝဝ ကျော်ခဲ့ပေပြီ။ ကန္ဒီမြို့ တွင်ရှိသည့် စွယ်တော်တိုက်တွင် ဂေါတမ မြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်ဟုဆိုကြသော စွယ်တော်မြတ်ကို ရှင်သာရိပုတ္တရာ၏ တပည့်ရဟန္တာမြတ် တစ်ပါးထံမှရရှိသဖြင့် ကလိင်္ဂရာဇမင်း အဆက်ဆက်တို့ ကိုးကွယ်ခဲ့သည်။

ကုဟ ဝတီမင်းလက်ထက်တွင် တိုင်းပြည် ရေးမသာယာသဖြင့် ထိုမင်း၏ သမီးတော်နှင့် သားမက်တော်တို့သည် စွယ်တော် မြတ်ကိုပါပင့်ဆောင်၍ သီဟိုဠ်ကျွန်းသို့တိမ်းရှောင်ခဲ့ကြသည်။ ထိုအခါမှစ၍ သီဟိုဠ် မင်းအဆက်ဆက်တို့သည် စွယ် တော်မြတ်ကို ကြည်ညို မြတ်နိုးစွာပူဇော်ကိုးကွယ်ကြသည်။

စွယ်တော်လက်ရှိ ပုဂ္ဂိုလ်သာလျှင် သီဟိုဠ်ကျွန်းကိုအစိုးရ နိုင်မည်ဟု ယုံကြည်ခဲ့ကြ၍ ထိုမင်းအဆက်ဆက်တို့သည် စွယ်တော်မြတ်ကို မိမိတို့နှင့်မကင်းကွာစေပဲ နေပြည်တော် အမျိုးမျိုးပြောင်းရွှေ့ရာသို့ ပင့်ဆောင်ကိုးကွယ်ခဲ့ကြလေသည်။ သီဟိုဠ်ကျွန်း၏ရှေးဦးသမိုင်းသည် ဒဏ္ဍာရီ ပုံပြင်ဆန်သည်။ ဗုဒ္ဓဝင်၊မဟာဝင်တို့၏အလိုအရထိုကျွန်းကို လူနေနိုင်ငံအဖြစ်စတင်တည်ထောင်ခဲ့သော ဝိဇယမင်းသားနှင့် အပေါင်းပါတို့ ဖောင်ဆိုက်သည့်နေ့သည် ကုသိန္နာရုံ၌ ဂေါတမ မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်စံတော်မူသောနေ့ဟု ဆိုကြ လေသည်။

ဝိဇယမင်းသားသည် သီဟိုဠ်ကျွန်းကိုလူနေနိုင်ငံအဖြစ် ထူထောင်၍ တစ်ကျွန်းလုံး၏ဧကရာဇ်ခံယူကာ ရှေးဦးစွာ ရာဇရတနာဟုခေါ်သော မြို့ကိုမင်းနေပြည်ပြုလျက် စိုးစံသည်။ နောင်အခါတွင်မူ အနုရာဓပူရမြို့သည် မင်းနေပြည်ဖြစ်လာ၍ အလွန်ထင်ရှားကျော်ကြားခဲ့သည်။ သီဟိုဠ်ရာဇဝင်သမိုင်း၌ အထင်ရှားဆုံးသော အဖြစ်အပျက်မှာဘီစီ ၂၅၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ မဂဓပြည့်ရှင်သီရိဓမ္မာသောကမင်းကြီး၏ သားတော်ရှင် မဟိန္ဒရဟန္တာအရှင်မြတ်သည် သီဟိုဠ်ကျွန်းသို့ သာသနာပြုကြွရောက်လာခြင်းဖြစ်ပေသည်။

ထိုခေတ်အခါသည် အနုရာဓပူရမြို့တော်ကြီး၌ ဒေဝါနံပီယတိဿမင်း စိုးစံနေချိန်ဖြစ်၍ ထိုမင်းကလည်း ဗုဒ္ဓသာသနာတော်ကို အလွန်ခြီးမြှင့်သဖြင့် ထိုအချိန်အခါမှစ၍ ဗုဒ္ဓသာသနာရောင်ဝါ သည် သီဟိုဠ်ကျွန်း၌ နေရောင်လရောင်ပမာ ထွန်းလင်း တောက်ပခဲ့လေသည်။ လင်္ကာဒီပခေါ်သီဟိုဠ်ကျွန်း၌ ဗုဒ္ဓသာသနာ မျိုးစေ့စတင်မြုပ်နှံရာသည် အနုရာဓမြို့တော်ကြီး ဖြစ်လေသည်။

အနုရာဓမြို့တော် ထွန်းကားသည့်ခေတ်သည် ခရစ် ၁ဝ ရာစုနှစ်တိုင်အောင် အဓွန့်ရှည်ကြာစွာ တည်တံ့ခဲ့ လေသည်။ သီဟိုဠ်ကျွန်းသည် အခြားအရှေ့တိုင်းနိုင်ငံများနှင့် မတူထူခြားချက်မှာ (မဟာဝင်) မဟာဝံသခေါ် ရှေးသမိုင်း မှတ်တမ်းများရှိခဲ့ခြင်းပေတည်း။ ထိုကျွန်းကို လူနေကျွန်းအဖြစ်စတင် တည်ထောင်သည့်အချိန်မှသည် မဟာသေနမင်း၏ လက်ထက်(ခရစ်နှစ်၃ဝ၄) တိုင်အောင် ကျွန်း၏ သမိုင်းကိုဖေါ်ပြသောဒီပဝင် (ဒီပဝံသ) ခေါ်သည့် ကျမ်းတစ်စောင် သည်လေးရာစုနှစ်တွင် ပေါ်ထွက် လာလေသည်။ နောင်အနှစ် ၁ဝဝ ခန့်အကြာတွင် မဟာဝင်ကျမ်းပေါ်ထွက်လာသည်။ ထိုမဟာဝင်ကျမ်းကို မင်းအဆက်ဆက်တို့ ဖြည့်စွက်ပြုစုခဲ့ကြရာ ၁၈၁၅ ခုနှစ် အထိသမိုင်းစဉ်များပါရှိ၍ အခန်းကဏ္ဍပေါင်း ၁ဝဝခန့် ပါဝင်သည်။

ထိုဒီပဝင်နှင့်မဟာဝင်တို့ကို ပါဠိဘာသာဖြင့် ပြုစုထားလျက် သီဟိုဠ်ကျွန်း၏ သမိုင်းဖြစ်စဉ်များအတွက် အလွန်အထောက်အပံ့ရရှိသော ရည်ညွှန်းကျမ်းများဖြစ်လေသည်။ သီဟိုဠ်သားတို့၏ ထူးခြားမှတ်သားဖွယ်ကောင်းသော စွမ်းဆောင်မှုများသည် အနုရာဓခေတ်တွင် ပေါ်ထွက်ခဲ့သည်။ ဘုရင်စိုးမင်းတို့သည် သက်ဦးဆံပိုင်များဖြစ်ကြသော်လည်း စိတ်ကောင်းစေတနာရှိကြ၍ အများအကျိုးပြု ပုဂ္ဂိုလ်များ များပြားသည်။

ဘုရင်များသည်ဗုဒ္ဓဝါဒီများဖြစ်ကြ၍ ဗုဒ္ဓသာသနာတော်လည်း အလွန်ခြီးမြှင့်ကြသည်။ အုပ်ချုပ်ရေးသည် ဒီမိုကရေစီဆံ၍ ကျေးရွာဇနပုဒ်တိုင်အောင် ကိုယ်ပိုင်အုပ်ချုပ်ရေးအဆင့်အတန်းမျိုးရှိသည်။ နိုင်ငံတစ်ခုလုံး၏ အခြေခံစီးပွားရေးသည် စိုက်ပျိုးရေးဖြစ်သည်။ ယဉ်ကျေးမှုရေးရာတွင် အိန္ဒိယမြောက်ပိုင်းနှင့်ကူးလူးဆက်ဆံ မှုများပြားလေသည်။ ထိုခေတ်တွင်အထင်ရှားဆုံးသောမင်းမှာ ဒုဋ္ဌဂါမဏိမင်း ဖြစ်ပေသည်။

သီဟိုဠ်ကျွန်းကို အိန္ဒိယတောင်ပိုင်းမှတမီလ် (ဓမ္မိလ) ကျေးကုလားတို့ မကြာခဏလာရောက် တိုက်ခိုက်ဖျက် ဆီးလေသည်။ ယင်းတို့၏ အရှင်ဘုန်းလက်ရုံးနှင့်ပြည့်စုံသော ဧဠာရကျေးကုလားမင်းကို ဒုဋ္ဌာဂါမဏိမင်းက အောင်နိုင်ကာ၊ သီဟိုဠ်ကျွန်းနှင့် ဗုဒ္ဓသာသနာတော်ကို ကျေးကုလားတို့လက်မှ ကယ်တင်နိုင်ခဲ့လေသည်။ ထိုမင်းသည်သာသနာတော်၌ အလွန်ကြည်ညိုလေးစား၍ သီဟိုဠ်ကျွန်း၏အဓိကရ စေတီတော်ကြီးဖြစ်သော မဟာစေတီတော်ကြီးကိုတည် ဆောက်ခဲ့လေသည်။

အနုရာဓမြို့တော်ကြီးတွင် ဗုဒ္ဓသာသနာကိုခြီးမြှင့် ကြသော သာသနိကအဆောက်အအုံများဖြင့် ပြည့်နှက် စည်ကားခဲ့သည်။ လူနေမှုအဆင့်အတန်းမြင့်၍ ထိုမြို့တော်ကြီးတွင် ကျေးမှုအရပ်ရပ်တို့လည်း တိုးတက်ခဲ့သည်။ ခရစ်ငါးရာစုနှစ်တွင် ဂရိ၊ ရောမ၊ အာရပ်၊ အီဂျစ်နှင့် တရုတ်နိုင်ငံတို့သည် ထိုမြို့တော်ကြီးကိုအကြောင်းပြု၍ သီဟိုဠ်အကြောင်းကို သိရှိနေကြပေပြီ။ ယင်းသို့ကြီးကျယ် စည်ကားသိုက်မြိုက်ခဲ့သော မြို့တော်ကြီးမှာ ယခုအခါ ယခင်က ထွန်းတောက် ကောင်းစားခဲ့သည့်အရှိန်အဝါကို အရိပ်အယောင်မျှပင်မတွေ့ရလောက်အောင်မြို့ပျက်ကြီး ဖြစ်နေလေပြီ။

ဆယ်ရာစုနှစ်ကုန်ဆုံးလုနီးတွင် အိန္ဒိယနိုင်ငံ တောင်ပိုင်းမှ စောဠမင်းတို့သည်သီဟိုဠ်ကျွန်းသို့ လာရောက် တိုက် ခိုက်သိမ်းပိုက်ကြပြီးလျှင် အနုရာဓမြို့တော်ကြီးကို ဖျက်ဆီးပစ်ကြပြီးနောက် ပေါဠဏရုဝဟူသော မြို့တော်သစ်ကို တည်ထောင်ကြကာ စောဠမင်းတို့စိုးစံအုပ်ချုပ်ကြသည်။ သို့သော် နှစ်ပေါင်း ၆ဝခန့်မျှသာထိုမင်းဆက်တို့စိုးစံရ၍ နောင်အခါ ပထမဝိဇယဗာဟု အမည်ခံယူသော မင်းသည် စောဠမင်းတို့၏ အုပ်ချုပ်ရေးစံနစ်အတိုင်း ဆက်ခံ ဆောင်ရွက်ကြ၍ နိုင်ငံရေးရာ အကြောင်းကြောင်းတို့ အိန္ဒိယတောင်ပိုင်း တိုင်းပြည်များနှင့် အဆက်အဆံ များခဲ့လေသည်။ ထို့ကြောင့် ထိုခေတ်အနုပညာလက်ရာများတွင် ဒြာဗီးဒီးယန်းနှင့်ဟိန္ဒူယဉ်ကျေးမှုတို့၏ လွှမ်းမိုးမှု၊ ဖက်စပ်ပါဝင်မှုများကို တွေ့ကြရ လေသည်။

ပေါဠဏရုဝမြို့တော်ကြီး ထွန်းကားသည့်ခေတ်တွင် အထင်ရှားဆုံးသော မင်းသည် ခရစ် ၁၁၅၃ ခုနှစ်မှ၁ ၁၈၆ခုနှစ်အတွင်း စိုးစံသော ပထမမြောက်(မဟာ) ပရက္ကမဗာဟုမင်းဖြစ်သည်။ အိန္ဒိယတောင်ပိုင်း မကြာခဏ လာရောက်တိုက်ခိုက်မှုများကြောင့် နိုင်ငံ၏အခြေအနေ အကွဲကွဲအပြားပြားဖြစ်နေခြင်းကို ထိုမင်းသည် ပြန်လည်စုစည်းစေပြီးလျှင် ခိုင်ခံ့မြဲမြံစွာအုပ်ချုပ်ခဲ့သည်။ အိန္ဒိယတောင်ပိုင်းမှနိုင်ငံအချို့သို့လည်း မိမိ၏ တပ်မတော်များကိုချီတက် တိုက်ခိုက် စေကာအောင်ပွဲများ ရရှိခဲ့သည်။

ထိုမင်းသည်မင်းကျင့်တရား ၁ဝ ပါးနှင့်အညီ မင်းပြုသည်။ နိုင်ငံအတွင်း၌ခိုးသား ဓားပြ စသည့် ဆူပူသောင်းကျန်းမှုများ ငြိမ်းအေးစေပြီးလျှင် ရိက္ခာလုံလောက်ပြည့်ဝရေးကို ဆောင်ရွက်စေသည်။ ကျောင်းကန်ဘုရား စသည့် သာသနိကအဆောက်အအုံများကို ကြီးကျယ်စွာဆောက်လုပ်လှူဒါန်းခဲ့လေသည်။ ပေါဠဏရုဝ မြို့ကြီးထွန်းကားသည့်ခေတ်တွင် သီဟိုဠ်ကျွန်းသည် ကမ္ဘောဒီးယား တရုတ် စသည်တို့ကဲ့သို့ ခရီးဝေးကွာသော နိုင်ငံများနှင့်ပင်အဆက်အဆံရှိခဲ့လေသည်။

တစ်ဆယ့်သုံးရာစုနှစ်တွင် ဓမ္မိလကျေးကုလားတို့ လာရောက်တိုက်ခိုက်ပြန်သဖြင့် ပေါဠဏရုဝမြို့ တော်ကြီးပျက် စီးရပြန်လေသည်။ ထိုနောက်တွင်ကားဘုန်းလက်ရုံးဖြင့် ပြည့်စုံသော မင်းများလည်းမပေါ်ပေါက်။ အနုရာဓ၊ ပေါဠ ဏရုဝတို့ကဲ့သို့ ထင်ပေါ်ကျော်ကြားသော မြို့ကြီးများလည်း မထွန်းကားနိုင်တော့ချေ။ အိန္ဒိယတောင်ပိုင်းမှလည်းကောင်း၊ မလ္လာယုကျွန်းဆွယ်မှလည်းကောင်း၊ တရုတ်နိုင်ငံမှ လည်းကောင်း လာရောက်တိုက်ခိုက်ခြင်းများကိုလည်း မကြာခဏခံရ ပြီးလျှင်သီဟိုဠ်မင်းတို့သည် မိမိတို့၏ နေပြည်တော်ကို တစ်မြို့ပြီးတစ်မြို့ရွှေ့ပြောင်းနန်းစိုက်ခဲ့ကြရာ မင်းနေပြည်တော် များသည် အထူးသဖြင့် အနောက်ဘက် ကမ်းရိုးတန်းဘက်သို့ တဖြည်းဖြည်းနီးကပ်သွားလေသည်။

ယင်းသို့မငြိမ်မသက် ခေတ်ကြီးအတွင်း၌ ထူးခြားထင်ရှားသည်ဟု ဆိုရသောမင်းတစ်ပါးမှာ ဒုတိယပရက္ကမဗာဟု ဖြစ်ပေသည်။ ထိုမင်း၏ နောက်ဆက်ခံသော မင်းတို့မှာပျော့ညံ့သော မင်းများဖြစ်ကြ၍ ဓမ္မိလကျေးကုလားတို့၏ ရန်ကိုလည်းမတွန်းလှန်နိုင်ကြ တော့သဖြင့် သီဟိုဠ်ကျွန်း မြောက်ပိုင်းသည် ကျေးကုလားတို့၏ လက်အောက်သို့ကျရောက်ခါ ပြည်နယ်အများကွဲပြား လျက်ရှိခဲ့သည်။ တောင်ပိုင်းသည်မူ ကျေးကုလားတို့၏ လက်အောက်ခံမဟုတ်ချေ။ ထိုခေတ်တွင်ကျေးကုလားတို့၏ ရန်ကိုတွန်းလှန်နိုင်ခဲ့သောသီဟိုဠ်မင်းကား ဆဋ္ဌမပရက္ကမဗာဟုဖြစ်၍ ယခုကိုလံဗိုမြို့အနီးရှိကုတ္တေမြို့၌ စိုးစံခဲ့သည်။ သို့သော်သီဟိုဠ်ကျွန်းကားပြန်လည် ပေါင်းစည်းခြင်းမရှိတော့ချေ။

၁၅ဝ၅ ခုနှစ်တွင် ပေါ်တူဂီများသည်သီဟိုဠ်ကျွန်းသို့ ရောက်လာသည်။ ထိုအချိန်တွင် သီဟိုဠ်မင်းတို့ ထီးပြိုင် နန်းပြိုင်စိုးစံနေကြသည့်အပြင် ဂျက်ဖနာမြို့တွင် ဓမ္မိလကျေးကုလားတို့ကလည်း တစ်ထီးတစ်နန်း စိုးစံနေကြသည်ကိုတွေ့ ရသည်။ ပေါ်တူဂီတို့သည် ထိုပြည်ထောင်များကို တဖြည်းဖြည်းသိမ်းသွင်းခဲ့ရာ ကန္ဒီမှတစ်ပါးအခြားပြည်ထောင်တို့သည် ပေါ်တူဂီတို့ လက်အောက်သို့ကျရောက်ခဲ့ကြလေသည်။ ပေါ်တူဂီတို့သည် မိမိတို့ယဉ်ကျေးမှုနှင့်ခရစ်ယန်အယူဝါဒကိုပါ ထိုအခါမှစ၍ သီဟိုဠ်ကျွန်းမှပျံ့နှံ့စေခဲ့လေသည်။

သီဟိုဠ်ကျွန်းတွင်မင်းမူနေသော ပေါ်တူဂီတို့အား နိုင်သူပေါ်လာပြန်ပေရာ ယင်းတို့မှာဒတ်ချ်များဖြစ်သည်။ ဒတ်ချ်တို့သည် ၁၆၅၆ ခုနှစ်၌ ကိုလံဗိုမြို့ကိုသိမ်းယူသည်။ ဒပ်ချတို့သည် သီဟိုဠ်ကျွန်း၏ အုပ်ချုပ်ရေး ကုန်သွယ်စီးပွားရေးတို့ မြဲမြံခိုင်ခံ့အောင်ဆောင်ရွက်လေသည်။ ဒပ်ချတို့ကိုဗြိတိသျှတို့က တစ်ဖန် တိုက်ထုတ်ပြန်လေသည်။

ခရစ် ၁၇၉၆ ခုနှစ်တွင် ဒပ်ချ ဘုရင်ခံသည်မိမိ လက်အောက်ရှိနယ်ပယ်အားလုံးကို ဗြိတိသျှတို့အား ပေးအပ်ရလေသည်။ နှစ်နှစ်ခန့်မျှ ဗြိတိသျှအစိုးရသည် မဒရပ်မြို့ရှိ အရှေ့အိန္ဒိယကုမ္ပဏီမှတစ်ဆင့် သီဟိုဠ်ကျွန်းကိုအုပ်ချုပ်ခဲ့သည်။ ယင်းသို့အုပ်ချုပ်ခြင်းကို သီဟိုဠ်သားတို့က မနှစ်သက်ကုန်။ ထို့ကြောင့် ဆူပူ လှုပ်ရှားမှု၊ ပုန်ကန်မှုများပေါ်ပေါက်လာသဖြင့် ၁ရ၉၈ ခုနှစ် တွင် သီဟိုဠ်ကျွန်းကို ကရောင်း ကိုလိုနီစံနစ်ဖြင့် အုပ်ချုပ်ရလေသည်။

ထိုအချိန်တိုင်အောင်ဗြိတိသျှတို့သည် ကန္ဒီုမြို့ကို မသိမ်းပိုက်နိုင်သေးချေ။ နောင်အခါတွင် ကန္ဒီမြို့၌စိုးစံ နေသော သီဟိုဠ်မင်းသီရိဝိကရမမင်းသည် ထီးနန်းကို စွန့်ရသည်။ ထိုအခါတွင်မှ သီဟိုဠ်တစ်ကျွန်းလုံးသည် ဗြိတိသျှ လက်အောက်သို့ကျရောက်ခဲ့လေသည်။

ဗြိတိသျှတို့သည် တစ်ကျွန်းလုံးကို ကရောင်း ကိုလိုနီအုပ်ချုပ်ရေးစံနစ်ဖြင့်အုပ်ချုပ်သည်။ အင်္ဂလိပ်အစိုးရ သည် သီဟိုဠ်ကျွန်းတွင်ကာဖီပင်၊ ထိုနောက်လက်ဖက်ပင်၊ ရာဗာပင်တို့ကို စတင်စိုက်ပျိုး၍ ယင်းစိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ပေးသည်။ ထိုကျွန်းသည် ဗြိတိသျှအစိုးရအတွက် စစ်သေနင်္ဂဗျူဟာအရလည်းကောင်း၊ ကုန်သွယ်စီးပွားရေးအတွက်လည်းကောင်း အချက်အချာ ကျသောကိုလိုနီတစ်ခုဖြစ်ပေသည်။ သီဟိုဠ်သားတို့ကလည်း အုပ်ချုပ်ရေးစံနစ်ကို တိုးတက်ပေးရန် တောင်းဆိုလာကြသဖြင့် တစ်စတစ်စ တိုးတက်ပေးခဲ့လေသည်။

ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တို့၏ အာရှ အရှေ့တောင်ပိုင်းစစ်ဋ္ဌာနချုပ်ကို သီဟိုဠ်ကျွန်းတွင် ဖွင့်လှစ်ထားခဲ့လေသည်။ အရှေ့တောင်အာရှမှ ဖက်ဆစ်ဂျပန်များကို တိုက်ထုတ်ရန်မဟာမိတ်တပ်များကို သီဟိုဠ်ကျွန်း၌ လေ့ကျင့်ပေးရသည်။ စစ်ကြီးပြီးဆုံးပြီးနောက် ၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီလ ၄ရက်နေ့တွင် ဗြိတိသျှ အစိုးရက သီဟိုဠ်ကျွန်းကို ဗြိတိသျှဓနသဟာယအဖွဲ့ဝင် ဒိုမီနီယန်နိုင်ငံတစ်ခုအဖြစ် တိုးတက်သတ်မှတ်ပေးခဲ့သည်။

သီဟိုဠ်ကျွန်း၏အုပ်ချုပ်ရေးစံနစ်သည် ပါလီမန် ဒီမိုကရေစီစံနစ်ဖြစ်လေသည်။ သီဟိုဠ်ပါလီမန်သည် အထက် အောက်လွှတ်တော်နှစ်ရပ်ပါဝင်လေသည်။ ယခုလက်ရှိ ဗြိတိသျှဘုရင်မကိုနိုင်ငံ၏ အထွတ်အထိပ်ထားရှိ၍ ဘုရင်မကို သီဟိုဠ်သားဘုရင်ခံချုပ်ကကိုယ်စားပြုသည်။

သီဟိုဠ်ကျွန်းသည် ဒုတိယကမ္ဘာစစ်ပြီးခေတ်၌ အာရှတိုက်အရေးတွင် အရေးပါအရာရောက်သော နိုင်ငံတစ်ခုဖြစ် လာလေသည်။ ကြားနေဝါဒကိုလည်း တည့်မတ်စွာကျင့်သုံးခဲ့သည်။ ၁၉၅ဝ ပြည့်နှစ် တွင်ကိုလံဘိုမြို့၌ တည်ထောင်သော ကိုလံဘိုစီမံကိန်းကိုပေါက်ဖွားပေးသည့် ဓနသဟာယအဖွဲ့ဝင် နိုင်ငံများတွင်သီဟိုဠ်သည် ခေါင်းဆောင်တစ်ဦးဖြစ်သည်။

ထိုပြင်အာရှအာဖရိက နိုင်ငံများစည်းလုံးရေးအတွက် ဗန်ဒေါင်းညီလာခံ ဖြစ်မြောက်ရေးကိုကြိုးပမ်းသော နိုင်ငံများတွင်လည်း ရှေ့တန်းမှပါဝင်ခဲ့လေသည်။ ၁၉၇၂ ခုနှစ်မေလ ၂၂ ရက်နေ့တွင်သီဟိုဠ်နိုင်ငံကို သမ္မတနိုင်ငံအဖြစ် ကြေညာခဲ့သည်။ ထိုသို့ကျေညာခဲ့ပြီး နောက် နိုင်ငံ၏အမည်ကိုလည်း သီရိလင်္ကာသမ္မတနိုင်ငံဟု အမည်ပြောင်းလိုက်လေသည်။

Sri Lanka at a Glance
Sri Lanka Board of Tourism။
Sri Lanka: History
Myanmar Wikipedia

Tags: countries
Next Post
နှစ် ရာပေါင်း၊ထောင်ပေါင်းများစွာက သေဆုံးကြသူတွေ မျက်နှာကို ခေတ်မီနည်းပညာနဲ့ ပြန်လည်ပုံဖော်တဲ့အခါ

နှစ် ရာပေါင်း၊ထောင်ပေါင်းများစွာက သေဆုံးကြသူတွေ မျက်နှာကို ခေတ်မီနည်းပညာနဲ့ ပြန်လည်ပုံဖော်တဲ့အခါ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!