ရေးသားသူ – Phyo Aung
ဗိုလ်ချူပ်၏ ဟောတမ်း
ဗိုလ်ချူပ်အောင်ဆန်းသည် မြန်မာပြည် လွတ်လပ်ရေးအတွက် ဗြိတိသျှ အစိုးရကို အတိုက်အခံ ပြုနေသော်လည်း ဘုရင်ခံ ဒေါ်မန်စမစ်(Sir Reginald Dorman-Smith) နှင့် ခင်မင်ရင်းနှီးသည့် အားလျှော်စွာ မကြာမကြာ ဒေါ်မန်စမစ်ထံသို့ အလည်အပတ် သွား၍ စကားလက်ဆုံ ကျလေ့ရှိ၏။
၁၉၄၆ ခုနှစ် ဇန်နဝါရီလအတွင်း တစ်နေ့တွင် ဗိုလ်ချူပ်အောင်ဆန်းသည် စိတ်ညှိုးငယ်စွာဖြင့် ဘုရင်ခံ ဒေါ်မန်စမစ်ထံ ရောက်လာ၏။ ဒေါ်မန်စမစ်က ဗိုလ်ချူပ်အား အကျိုးအကြောင်းမေးရာ ဗိုလ်ချူပ်က ဗမာပြည်အတွက် နိုင်ငံ့အကျိုးကို သယ်ပိုး ဆောင်ရွက်နေသူများသည် ကြာရှည် မနေကြရကြောင်း၊ သူကိုယ်တိုင်လည်း နောက် ၁၈ လထက် ပို၍နေရတော့မည် မဟုတ်ကြောင်း ဝမ်းနည်းပမ်းနည်း ညည်းတွားရင်း မျက်ရည်များ လည်လာသည်ဟု မောရစ်ကောလစ် (Mr.Maurice Collis) ရေးသားခဲ့သော “Last and First in Burma” စာအုပ်တွင် ဖော်ပြထားသည်။
ဗိုလ်ချူပ်သည် သူ ကြိုတင်ပြောထားသည့်အတိုင်း နောက် ၁၈ လကြာသောအခါ လုပ်ကြံသတ်ဖြတ်ခြင်း ခံရလေသည်။ အဘယ်ကြောင့် သူသေရမည်ကို အချိန်နှင့်တကွ ကြိုတင် သိမြင်နေရသည့် အကြောင်းကို ကျွနု်ပ်တို့မသိရချေ။ ဗေဒင်ဆရာ တစ်ဦးဦးက ထိုသို့ ဟောပြောခဲ့သည် ဟူ၍လည်း ကျွနု်ပ်တို့ မဖတ်ခဲ့ရပေ။
မောရစ်ကောလစ် အတွက် ဟောတမ်း
စာရေးဆရာ မောရစ်ကောလစ် (Maurice Collis) က ရခိုင်ပြည်မှ ဘုန်းတော်ကြီး တစ်ပါးက သူ့အား မည်သည့်နေ့ရက်၌ မည်သည့်နေရာသို့ မည်သည့်အလုပ်အကိုင်နှင့် ပြောင်းရွှေ့ရပါမည်၊ မည်သည့်အခါ၌ အထက်လူကြီးများ၏ ငြိုငြင်မှုကို ခံရပါမည်၊ မည်သည့်အချိန်၌ ရာထူးတိုးပါမည်ဟု စသည်ဖြင့် စုံစုံလင်လင် ဟောပြောထားသည့်အတိုင်း တိတိကျကျ မှန်ကန်ပုံများကိုလည်း ချီးကျူးရေးသားခဲ့ဖူးသည်။
သမ္မတကနေဒီ အတွက် ဟောတမ်း
ဂျင်းဒစ်ဆင် (Jeane Dixon) အမည်ရှိ နက္ခတ္တဗေဒပညာရှင် အမျိုးသမီးသည်လည်း သမ္မတကနေဒီ လုပ်ကြံခြင်း ခံရမည်ကို ကြိုတင် သိမြင်ခဲ့၍ ကျော်ကြားခဲ့သည်။
သမ္မတလင်ကွန်း၏ အိပ်မက်
သမ္မတ လင်ကွန်း (Abraham Lincoln) သည်လည်း သူလုပ်ကြံမခံရမီ ရက်အနည်းငယ်ခန့်က သူ သေတော့မည့်အကြောင်း အိပ်မက် မက်ခဲ့သည် ဆို၏။ သူ့အိပ်မက်အကြောင်းကို သူ့ဇနီး၊ သူ့ကိုယ်ရံတော် ဝီလီယံ(William Crook) နှင့်တကွ သူ့အကြာင်း မှတ်တမ်းရေးသူ လမွန် ( Ward Hill Lamon) တို့အား ပြောပြခဲ့သည်။
အိပ်မက်ထဲ၌ သူသည် အိမ်ဖြူတော်ရှိ အခန်းတစ်ခုမှ လူများငိုနေသံကို ကြားရ၏။ အခန်းထဲသို့ ဝင်သွားကြည့်သောအခါ အခန်း၏ အလယ်၌ မသာအခေါင်း တစ်ခုကို တွေ့ရ၏။ အစောင့်စစ်သား တစ်ယောက်က သမ္မတကြီးကို လူသတ်သမားက သတ်သွားပါသည်ဟု ပြောသည်ကို မြင်ခဲ့ရသည် ဆို၏။
အိပ်မက်ထဲက တိုက်တန်းနစ်
အင်္ဂလိပ်ကုန်သည် မစ္စတာ ကနွန်း (Mr.J. Connon Middleton) သည် ပင်လယ်ကူး သင်္ဘောကြီး တိုက်တန်းနစ်ဖြင့် နယူးယောက်မြို့သို့ သွားရန် လက်မှတ်အား ကြိုတင် booking လုပ်ထား၏။ သင်္ဘောမထွက်မီ ၁၀ ရက် အလိုတွင် သူသည် ပင်လယ်ထဲ၌ သင်္ဘောကြီး ပျက်စီးလျက် လူများ ရေကူးနေကြသည်ကို အိပ်မက်မြင်မက်ခဲ့၏။ နောက်တစ်ည၌လည်း ထိုအတိုင်း ထပ်၍ မက်ခဲ့ပြန်၏။
အိပ်မက်အား ယုံရခက် မယုံရခက်နှင့် ဇဝေဇဝါ ဖြစ်နေစဉ် ကံကောင်းစွာဖြင့် အမေရိကန်မှ ကြေးနန်းစာ ရောက်လာ၍ စာထဲတွင် သူလာရန် ရက်ကို ရွှေ့ဆိုင်းရန် ပြောထားသဖြင့် လက်မှတ်အား cancel လုပ်လိုက်လေ၏။ ထို့နောက် သဘောၤမထွက်မီ ရက်ပိုင်းအလိုတွင် သူ၏ဇနီး၊ မိသားစုဝင်များနှင့် မိတ်ဆွေများအား ထူးဆန်းသော သူ့အိပ်မက်အကြောင်း ပြောပြခဲ့၏။ သူပြောသလို သူ့အိပ်မက်ထဲက အတိုင်းပင် တိုင်တန်းနစ် သင်္ဘောကြီး သည်လည်း ပင်လယ်ထဲ၌ ခရီးသွားရင်း နစ်မြုပ်သွားခဲ့လေသည်။
တောနက်ထဲမှ အသံများ
အနာဂတ်ကို လူတို့သည် ကြိုတင်အာရုံ ထင်တတ်သလို အတိတ်ဖြစ်ရပ်များသည်လည်း ပစ္စုပ္ပန်၌ ဆန်းကြယ်စွာ အာရုံထင်တတ်လေ၏။
ဗြိတိသျှ သစ်တော အရာရှိဟောင်း ဂျိမ်းစ် ဟောင်းဝပ် (James Howard Williams) ၏ Elephant Bill စာအုပ်၌ ဖော်ပြထားသည်မှာ တစ်ခါက ထိုအရာရှိသည် အထက် မြန်မာပြည် တောအရပ် တစ်နေရာတွင် စခန်းချနေစဉ် နံနက် အရုဏ်တက်ခါနီး၌ လူများ အော်ဟစ်သံ၊ စကားပြောသံ၊ ကလေးငိုသံ၊ မောင်းထုသံ၊ ခွေးဟောင်သံများကို ကြားခဲ့ရသည် ဆို၏။
ထိုအနီးအနား၌ ရွာလည်းမရှိ၊ လူလည်းမရှိချေ။ ထို့နောက် စုံစမ်းကြည့်ရာ သူစခန်းချသော နေရာမှာ ရှေး ယခင်က ရွာတစ်ရွာ ရှိခဲ့ဖူးပြီး ဝမ်းရောဂါနှင့် ရွာလုံးကျွတ် ပျက်စီးခဲ့ရသည်ဟု သိရှိခဲ့ရသည်။
နန်းတွင်းသားများနှင့် ကျောင်းဆရာမနှစ်ဦး
နောက်ထပ်ဖြစ်ရပ်မှာ ၁၉၀၁ ခုနှစ်က အင်္ဂလန်ပြည် St.Huge’s Collegue မှ ကျောင်းဆရာမ နှစ်ဦးဖြစ်သော မိုဘာလီနှင့် အယ်လီနာ (Anne Moberly and Eleanor Jourdian) တို့သည် ပြင်သစ်ပြည်သို့ အလည်အပတ် သွားစဉ် တစ်နေရာ၌ ထူးဆန်းသော နန်းတွင်း အဆောက်အုံများ၊ ရှေးအဝတ်အစားများနှင့် လူများ၊ ရှေးခေတ် အသုံးအဆောင်များကို တွေ့မြင်ခဲ့၍ An Adventure အမည်ရှိ စာအုပ်ကို ရေးသား ထုတ်ဝေခဲ့ကြသည်။
သူတို့၏ အတွေ့အကြုံ ဖြစ်ရပ်များကို သမိုင်းပညာရှင်များက လေ့လာခဲ့ကြရာ ၁၇ ရာစု အတွင်းက ပြင်သစ်မိဖုရား၊ နန်းတွင်းသူ၊ နန်းတွင်းသားများနှင့် ထိုခေတ်က အခြေအနေများကို ဖော်ကျူး ရေးသားထားသည်ကို သိရှိခဲ့ရသည်။
သို့သော် သူတို့ တွေ့ခဲ့ရပါသည်၊ ကြားခဲ့ရပါသည်ဟု ဆိုသော အရာများ၊ လူများမှာ သူတို့ပြောသော နေရာ၌လည်း မရှိချေ။ ထိုကောလိပ်ဆရာမ နှစ်ဦးမှာ ပြင်သစ်သမိုင်း အကြောင်းလည်း လေ့လာဖူးသူများ မဟုတ်သလို စိတ်ဝင်စားသူများလည်း မဟုတ်ကြပေ။
ဟိုတယ်ခန်းထဲမှ စစ်ပွဲသံများ
နောက်ထပ် အတိတ်ဖြစ်ရပ်ကို အာရုံထင်မှုမှာ အင်္ဂလိပ်အမျိုးသမီး နှစ်ဦးသည် ပြင်သစ်ပြည် ဟိုတယ်တစ်ခု၌ တည်းခိုနေစဉ် တစ်ည၌ အမြောက်ပစ်သံများ၊ သေနတ်သံများ၊ လေယာဉ်ပျံ ဗုံးကြဲသံများကို နှစ်နာရီကြာမျှ ဆူညံစွာ ကြားကြရ၏။
နောက်မှ စုံစမ်းကြည့်လေရာ ထိုနေရာမှာ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များ ဝင်ရောက် တိုက်ခိုက်ခဲ့သော နေရာဖြစ်ကြောင်း သိခဲ့ရသည် ဆို၏။
အတိတ်နှင့် အနာဂတ်အား အာရုံထင်မှု
စိတ်ဝိညာဉ် သုတေသန ပညာရှင်တို့၏ လေ့လာထားချက်များအရ အနာဂတ်ကို ကြိုတင်သိမြင်မှုနှင့် အတိတ်ကို အာရုံထင်မှုတို့သည် ရုပ်ဝါဒအမြင်နှင့် ဆန့်ကျင်၍ သိပ္ပံပညာဖြင့် ရှင်းပြ၍ မရအပ်သော စိတ်စွမ်းအင်သတ္တိ တစ်မျိုးဖြစ်ကြောင်း ယုံမှားစရာ မရှိချေ။
ဥပမာကား အထက်ကောင်းကင်ကို မမြင်နိုင်ဘဲ မြေကြီးပေါ်၌ အမြဲနေသော ပုရွက်ဆိတ်အတွက် မြေပြင်သည်သာ သူ၏ စကြာဝဠာကြီးဖြစ်ပြီး ကောင်းကင်ပေါ်မှ တစ်စုံတစ်ရာ ကျလာခြင်းသည် ပုရွက်ဆိတ်အတွက် အံ့ဖွယ်သရဲအမှု ဖြစ်နေပေမည်။
ထိုနည်းတူစွာပင် ပစ္စုပ္ပုန်ကိုသာ လူတို့သိမြင်ခြင်းသည် အတိတ်နှင့် အနာဂတ်ကို တစ်ခါတစ်ရံ အာရုံထင်သောအခါ ထူးဆန်းနေမည်သာ။
မရောက်ဖူးသော အရပ်ဒေသသို့ မီးရထားဖြင့် ခရီးသွားသောအခါ ပြင်ပ ရှုခင်းများကို ကြည့်မြင်သူကဲ့သို့ ကျွနု်ပ်တို့သည် ပစ္စုပ္ပန်ကိုသာ မြင်၍ အတိတ်ကို မှတ်မိကြ၏။ မီးရထားခရီးသည်အတွက် နောင်တွေ့မြင်ရမည့် ရှုခင်းများသည် ဧကန်ထင်ရှားရှိပြီး ကြိုတင် မြင်နိုင်စွမ်း မရှိသကဲ့သို့ ကျွနု်ပ်တို့သည် ရှိပြီးသား အနာဂတ်ကို ကြိုတင် မမြင်နိုင်ခြင်း ဖြစ်နိုင်ပေသည်။
အာကာသနှင့်အချိန်
အမေရိကန်ပြည်မှ စိတ်ဝိညာဉ် သုတေသန ဌာနမှူး ဒေါက်တာဂျေဘီရိုင်း၏ အဆိုအရ လောကဓာတ်ကြီးသည် အာကာသနှင့် အချိန်အပေါ်၌သာ တည်၍ လူ၏ စိတ်တန်ခိုးသည် အာကာသကိုပင် ကျော်လွှားသွားနိုင်သည် ဟူ၏။
ဗိုလ်ချူပ်၏ မျက်ရည်
မည်သို့ပင်ဆိုစေကာမူ ဤဒုက္ခဘုံကြီး၌ ကျွနု်ပ်တို့သည် အနာဂတ်ကိုသာ အမြဲမြင်နေရပါက စိတ်ချမ်းသာ ပျော်ရွင်ကြရမည် မဟုတ်ချေ။ ဗိုလ်ချူပ်အောင်ဆန်းသည် သူသေရမည့်အကြောင်း ဘုရင်ခံဒေါ်မန်စမစ်အား ပြောပြစဉ်က မျက်ရည်ဝဲနေခဲ့သည်ဟု ဆို၏။ ဗိုလ်ချူပ်သည် သူသေရမည်ကို ကြောက်သောကြောင့် ဝမ်းနည်းရသည်တော့ မဖြစ်တန်ရာ။ သို့ရာတွင် သူကြိုးပမ်း တည်ဆောက်လျက်ရှိသော မြန်မာ့လွတ်လပ်ရေး ဗိမာန်ကြီးကို သူကိုယ်တိုင် မြင်ရတော့မည် မဟုတ်ကြောင်း သိရသောအခါ စိတ်ထိခိုက်ခံစားရမည်မှာ အမှန်ပင်တည်း။
ကိုးကား
(1)ဘဝအတွေ့အကြုံမှ သိမှတ်ဖွယ်ရာများနှင့် အခြားဆောင်းပါးစာစုများ (ဦးအေးမောင်)
(2)စိတ်ဝိညာဉ်ဆိုင်ရာ လေ့လာတွေ့ရှိချက်များ (ဦးအေးမောင်)
Discussion about this post