ရေးသားသူ – Andrew Soe
၁၉၄၃ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့မှာ ဟစ်တလာ၏ မိတ်ဆွေရင်းဖြစ်သူ အီတလီ ခေါင်းဆောင် ဘင်နစ်တို မူဆိုလီနီ(Benito Mussolini) သည် ရာထူးမှနုတ်ထွက် ရပြီးလျှင် အကျဉ်းချထားခြင်း ခံရလေသည်။
အမေရိကန်ထံ လက်မလွှဲခင် မူဆိုလီနီကို ရှာဖွေ ကယ်တင် ရန် ဂျာမန်လုဖ်ဝါဖ် (Luftwaffe) နှင့် အက်စ်အက်စ် အသေခံ တပ်ဖွဲ့ (SS Squadron) ပေါ်တွင် တာဝန် ကျရောက်လာခဲ့ပါသည်။
ဒီကိစ္စနှင့် ပတ်သက်ပြီး အသေခံတပ်ဖွဲ့ကို ဦးဆောင်ရန် ဟစ်တလာကိုယ်တိုင် လူပုဂ္ဂိုလ် (၃) ဦးကို ကိုယ်တိုင်တွေ့ဆုံ၍ အင်တာဗျူးပြီးနောက် နောက်ဆုံး ဆန်ခါတင် တစ်ယောက်ကို ရွေးချယ်ခဲ့ပါတယ်။ ထိုသူကတော့ နာင်တစ်ချိန်မှာ “ဥရောပတိုက်မှ အန္တရာယ် အရှိဆုံး လူတစ်ယောက်” ဟု ကျော်ကြားလာမည့် အော်တို စကော်ဇနီ (Otto Skorzeny) သာလျှင် ဖြစ်ပါတော့တယ်။
ဒီဇာတ်လမ်းရဲ့ အစကတော့ အီတလီမှာ အာဏာသိမ်းမှုတစ် ရပ် ဖြစ်ပွါးကာ ဘုရင်နှင့် ၎င်းအား သစ္စာခံသည့် တပ်များက မူဆိုလီနီအား ဖမ်းချုပ်ပြီး မဟာမိတ်များနှင့် အပေးအယူလုပ် ကာ ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့လေသည်။
မူဆိုလီနီအား ကယ်တင်နိုင်ရေး ကိစ္စမှာ ဟစ်တလာအတွက် သေရေး ရှင်ရေးတစ်မျှ အရေးကြီးသည်မှာ လွန်စွာ ရင်းနှီး သည့် မဟာမိတ် ဖြစ်တာတစ်ကြောင်းနှင့် ၎င်း၏ သိက္ခာကို လည်း ထိခိုက်နေသောကြောင့် ဖြစ်ပါတယ်။
ကပ္ပတိန် စကော်ဇနီနှင့် သူ၏ တပ်သားများသည် အီတလီ နိုင်ငံအတွင်းသို့ ရွေ့ပြောင်းကာ တစ်နေရာမှ တစ်နေရာသို့ ကူးသန်း ထောက်လှမ်းပြီးနောက် နောက်ဆုံးတွင် အယ်ပ်နိုင်းတောင်တန်း (Apennine Moutains) ပေါ်ရှိ ဂရင်းဆက်ဆိုတောင်ပေါ် အပန်းဖြေ စခန်း (Gran Sasso Camp) တွင် ချုပ်နှောင်ခံထားရသည်ဟု ထောက်လှမ်း ရရှိခဲ့ပါသည်။
အဆိုပါ တောင်ပေါ်စခန်းသို့ ဂလိုက်ဒါ စက်မဲ့ယာဉ်များဖြင့် လျှပ်တစ်ပြတ် ဆင်းသက်ကာ အော်ပရေးရှင်း အုတ်ခ် (Op-eartion Oak) အမည်ဖြင့် မူဆိုလီနီအား ကယ်တင်ရန်ဖြစ်သည်။
ဂျန်မန် စစ်ရေး ကျွမ်းကျင်သူ အားလုံးက (၈၀) ရာခိုင်နှုန်း အထိအခိုက် အကျအဆုံး ဖြစ်နိုင်ပြီး အောင်မြင်ရန် မလွယ်ကူလှဟု အကြံပေးခဲ့သော်လည်း “ဗိုလ်ကြီး စကော်ဇနီကို ငါ ယုံကြည်တယ် မအောင်မြင်နိုင်စရာ အကြောင်းမရှိ” ဟုဆိုကာ ဟစ်တလာက အော်ပရေးရှင်းကို ဆက်လက်လုပ်ဆောင်စေခဲ့သည်။
၁၉၄၃ ခုနှစ်၊ စက်တင်ဘာ (၁၂) ရက်နေ့ ညသန်းခေါင်တွင် အလယ်ပိုင်း အီတလီရှိ ဂရင်းဆက်ဆို တောင်ပေါ်အထက်ကောင်းကင်ပြင်သို့ ဗိုလ်ကြီး စကော်ဇနီနှင့် အသေခံတပ်ဖွဲ့ များ စက်မဲ့ ဂလိုက်ဒါ လေယာဉ်များဖြင့် ဝဲပျံရောက်ရှိလာပြီး မူဆိုလီနီကို ချုပ်နှောင်ထားရာ ရဲတိုက်ရှေ့ မြေပြင်ပေါ်သို့အစောင့်များ မရိပ်မိခင် အသံမထွက်ဘဲ တောင်ပေါ်သို့ညင်သာစွာ ဆင်းသက်နိုင်ခဲ့ပါသည်။
အံ့ဘနန်း လက်ဖျားခါလောက်သော ကြီးကျယ်သည့် စွန့်စားခန်းနှင့် အရဲဝံ့ဆုံးသော ထိုလျှပ်တစ်ပြတ် စစ်ဆင်ရေးသည်(၁၂) မိနစ်သာ ကြာခဲ့၍ သေနတ် တစ်ချက် မဖောက်ရဘဲ လုံးဝ အောင်မြင်ခဲ့ပါသည်။
ရဲတိုက်တွင်းရှိ အချုပ်ခန်းကို ဖောက်ခွဲပြီး အခန်းတွင်းသို့ ရောက်ရှိသည့်အခါ မူဆိုလီနီကို တွေ့တွေ့ချင်း စကော်ဇနီက
“ခေါင်းဆောင်ကြီးကို ကယ်တင်နိုင်ရန်အတွက် ကျွနု်ပ်အား ဖျူရာ မှ စေလွှတ်လိုက်ပါသည်” ဟု (“Duce, the Führer has sent me to set youfree”) နုတ်ခွန်းဆက် စကားဆိုရာတွင် မူဆိုလီနီက
“ငါ့ သူငယ်ချင်းက ငါ့ကို ပစ်မထားဘူးဆိုတာ ငါသိတယ်” (“I knew that my friend would not forsake me”) လို့ ပြန်ပြော ရှာပါတယ်။
မူဆိုလီနီအား ကယ်တင်ပြီးနောက် ဗီယင်နာမြို့သို့ခေါင်ဆောင်လာနိုင်ခဲ့သည့် အကျိုးဆက် အဖြစ် စကော်ဇနီလည်း ညတွင်းချင်းပင် ဗိုလ်မှူးရာထူးသို့တိုးမြှင့် ချီးမြှောက်ခြင်း ခံရပြီး ဂျာမန် တပ်မတော် အတွင်းမှာ အမြင့်ဆုံး သူရဲကောင်းဘွဲ့ဖြစ်သည့် (Knight’s Cross of the Iron Cross with Oak Leaves) ဆုကို ဟစ်တလာက ပေးအပ်ခဲ့ပါသည်။ မူဆိုလီနီက (100 Musketeers) သူရဲကောင်းဆု ကို အပ်နှင်းခဲ့ပါတယ်။ ထို့အပြင် သူသည် သူ၏အသေခံတပ်သားများကို မဟာမိတ်စစ်သား အယောင်ဆောင်စေကာ မဟာမိတ်တပ်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်စေခြင်းစသည့် နာဇီစစ်တပ်၏ အရေးကြီး စစ်ဆင်ရေး တော်တော်များများကို ဦးဆောင်ခဲ့သေးသည်။
စစ်အပြီးတွင် နာဇီဂျာမနီတို့ စစ်ရှုံးသည့်အတွက် စစ်အတွင်းက ကျုးလွန်ခဲ့သည့် ပြစ်ဒဏ်များအား စီရင်ရန် စစ်ခုံရုံးတစ်ရပ်ကို နျူရင်ဘတ်မြို့တွင် ဖွင့်လှစ်ခဲ့လေသည်။ စကော်ဇနီလည်း အဆိုပါ စစ်ခုံရုံးသို့ အတင်ခံရပြီး စစ်အတွင်းက ပြစ်ချက်များအား တရားစွဲဆိုခဲ့သော်လည်း မဟာမိတ်တပ်သား၊ စစ်ဗိုလ်များက စကော်ဇနီမှာ စစ်သားဖြစ်သည့်အတွက် စစ်မိန့်အရ ဆောင်ရွက်ခဲ့သည်များအား စီရင်ချက်ချမှတ်ပါက မိမိတို့ မဟာမိတ်တပ်သား၊စစ်ဗိုလ်များအနေဖြင့်လည်း အလားတူစီရင်ချက်မျိုးချမှတ်ခံရမည်ဖြစ်ကြောင်း ကာကွယ်ကာ ဝန်ခံထွက်ဆိုပေးကြသဖြင့် စကော်ဇနီတစ်ယောက် ကွင်းလုံးကျွတ်လွတ်သည်။
သို့သော်လည်း ဥရောပတိုက်အတွက် အန္တရာယ်အရှိဆုံးလူတစ်ဦးအနေဖြင့် သတ်မှတ်ထားကာ ဆက်လက်၍ အကြောင်းမည်မည်ရရမရှိဘဲ အကျဉ်းချထားခဲ့ကြသည်။ ထောင်အတွင်းမှလည်း ပြင်ပရှိ အသေခံတပ်သားဟောင်းများဖွဲ့ထားသည့် လျှို့ဝှက်အဖွဲ့နှင့် ဆက်သွယ်နိုင်ခဲ့ပြီး ၁၉၄၈ခုနှစ်၊ ဇူလိုင်လ၊ ၂၇ရက်နေ့တွင် ထိုအဖွဲ့၏အကူအညီဖြင့် စကော်ဇနီသည် စပိန်နိုင်ငံသို့ ထွက်ပြေးလွတ်မြောက်ခဲ့သည်။
ထိုမှတစ်ဖန် အာဂျင်တီးနားသို့ ပြောင်းရွှေ့ နေထိုင်ပြီး စပိန်နိုင်ငံသို့ ပြန်လည် အခြေချခဲ့သည်။ စပိန်တွင် နေထိုင်စဉ် ဆောက်လုပ်ရေး ကုမ္ပဏီ တည်ထောင်ပြီး မာလ်တီ မီလျံနာ တစ်ယောက်အဖြစ် အောင်မြင်ခဲ့သည်။
၁၉၇၅ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့ အသက် (၆၇) အရွယ်၌ စပိန်နိုင်ငံ မဒရစ်ဒ် (Madrid) မြို့တွင် လည်ချောင်းကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပါသည်။
သူ၏ အရိုးပြာကို ဩစထရီးယားနိုင်ငံ၊ ဗီယင်နာမြို့သို့သယ်ဆောင်လာပြီး သူ၏မိသားစုနှင့်တစ်ကွ နာဇီပါတီဝင်ဟောင်းများ တက်ရောက်၍ နာဇီပုံစံအတိုင်း အလေးပြုကာ (Döbling Cemetery) တွင် သြင်္ဂိုလ် မြှုပ်နှံခဲ့ပါလေတော့သတည်း။
*မဟာမိတ်များက ခွင့်မပြုသည်မို့လား မသိပါ ယခုထိသူ့အား ကယ်တင်သည့် ရုပ်ရှင်စစ်စစ် မကြည့်ဖူးသေးပါ။ သို့သော် မိမိတို့ ငယ်စဉ်က မူဆိုလီနီကို ကယ်တင်သည့် ပုံစံဆန်ဆန် ရုပ်ရှင် တစ်ချို့ကို သမ္မတ ရုပ်ရှင်ရုံတွင် ကြည့်ခဲ့ဖူးပါသည်။
Andrew Soe
Discussion about this post