မြတ်စောညီနောင်ဘွဲ့ခံ နောင်တော်စေတီ ၊ ညီတော်စေတီ နှင့် မယ်တော်စေတီတို့မှာ တောင်ငူမြို့ ပေါင်းလောင်းမြစ် အရှေကဘက်ကမ်းတွင် ကျိန်းဝပ်တည်ရှိလေသည်။ တောင်ငူမြို့၏ နာမည်ကျော်သမိုင်းဝင်စေတီများဖြစ်ပြီး တောင်ငူ-သံတောင် ကြီးသွား ကားလမ်း၌ တည်ရှိ၏။ သမိုင်းဝင်မြတ်စောညီနောင်ဘုရားသမိုင်းကား –
သာသနာသက္ကရာဇ် (၁၈၆) ခုနှစ် ကျော်ခန့်က ဦးတောင်သူ နှင့် မယ်စန္ဒာ တို့သည် စစ်တောင်းမြစ်၊ ပေါင်းလောင်းမြစ် အရှေ့ကမ်း၊ မလီစု အရပ်တွင် အိမထောင်အစု ၁၂၀ ကျော်ဖြင့် ရွာတည်နေလေသည် ။ မယ်စန္ဒာ၏ မောင်တော်သူ ဦးကျောက်ဖား မှာလည်း ခပေါင်းချောင်းဖျားဘက်သို့ ပြောင်းရွှေ့ပြီး ရွာတည်၏ ။ ယင်းရွာမှာ မင်းဝံတောင်ခြေတွင် ရှိပြီး ဦးကျောက်ဖားရွာဟုပင် ခေါ်တွင်၏။
ဦးကျောက်ဖား အစ်မမယ်စန္ဒာတွင် မြတ်လှ နှင့် စောလှ ဟူသော သားနှစ်ယောက်ရှိသည်။ ဖခင်ဖြစ်သူ ဦးတောင်သူ မှာ သားနှစ်ဦး (၇)နှစ် သားအရွယ်ကပင် ကွယ်လွန်ခဲ့လေ၏။ သားများ အရွယ်ရောက်လာသောအခါ ရွာကြီးမှာ စည်ပင်လာခဲ့သဖြင့် မိခင် မယ်စန္ဒာ အား မလီစုတွင်ပင် ရွာအုပ်အဖြစ် ထားခဲ့ပြီး မလီစု နှင့် မနီးမဝေး အရပ်(ယခုတောင်ငူ)၌ နောင်တော်မြတ်လှ က ရွာတစ်ရွာ၊ ညီတော်စောလှ က ရွာတစ်ရွာ တည်ပြီး ရွာအုပ်လုပ်ကြ၏ ။ ရွာများမှာ မြတ်လှရွာ၊ စောလှရွာ ဟု အမည်တွင်လေ၏။
သာသနာသက္ကရာဇ် ၂၃၅ တွင် သီရိဓမ္မာသောက မင်းကြီးလက်ထက်တွင် ရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ် ကြီးမှူး၍ ပါဋလိပုတ်ပြည် အာသောကာရုံကျောင်းတိုက်တွင် တတိယအကြိမ် သင်္ဂါယနာတင်လေသည်။ သင်္ဂါယနာ တင်ပြီးနောက် ဓာတ်တော်များကို ဝေငှရာတွင် ရွာအုပ် ဦးကျောက်ဖား၊ ရွာအုပ် မြတ်လှ၊ ရွာအုပ် စောလှ တို့သည် ဓာတ်တော်များ ရရှိခဲ့ကြသည် ။
ရွာအုပ်မြတ်လှ သည် မိမိရရှိ လာသော မြတ်စွာဘုရား လက်ရုံးတော်မှ ကျသော ဓာတ်တော် ရှစ်ဆူမှ နှစ်ဆူကို မယ်တော် အား ခွဲပေး၏။ ညီတော် စောလှ ကလည်း မယ်တော်အား မြတ်စွာဘုရား၏ အောက်မေးရိုးတော်မှ ကျသော ဓာတ်တော် ရှစ်ဆူ အနက် နှစ်ဆူ ကို ခွဲပေး၏ ။ အစ်ကိုမြတ်လှ ကား ဘုရားအလောင်း ကြက်ဖြူမင်းအိပ်စက်ရာ ကုန်းမြင့်ထက်၌ ဖိနပ်တော်သံတောင် ခြောက်တောင် ချခင်းလျက် နောင်တော်စေတီ၊ ညီစောလှ အား ညီတော်အာနန္ဒာအလောင်း ကြက်ဖြူမင်းခွဲ ၍ အိပ်စက်ရာနေရာ၌ ဖိနပ်တော်သံတောင် ငါးတောင် နှစ်မိုက်ခင်းလျက် ညီတော်စေတီ တည်လေ၏။
အစ်ကိုမြတ်လှသည် ဘုရားရှင်၏ လက်ရုံး တော်ဓာတ်၊ ညီစောလှသည် ဘုရားရှင်၏ အောက် မေးဓာတ်တော်များကို အသီးသီးဌာပနာပြုကာ စေတီတည်ကြ၏။ စေတီနှစ်ဆူ၏ ဘွဲ့တော်များ ကား ဒါယကာ မြတ်လှနှင့် စောလှတို့၏ အမည်များ ကို ပညတ်ပြု၍ မြတ်စောညီနောင်စေတီတော်ဟူ ၍ ခေါ်ဝေါ်ကြကုန်၏။
မယ်တော် မယ်စန္ဒာ မှာလည်း မြတ်စွာဘုရား၏ လက်ရုံးတော် ဓာတ်တော် နှစ်ဆူ နှင့် အောက်မေးရိုးတော်မှ ကျသော ဓာတ်တော် နှစ်ဆူတို့ဖြင့် နောင်တော်စေတီ ၏ အနီးတောင်ဘက်နားတွင် စေတီတစ်ဆူတည်ထား၏ ။ စေတီ၏ဘွဲ့တော်ကို မယ်တော်စေတီ ဟုပင် တွင်လေသည်။ ဦးရီးတော်ဦးကျောက်ဖား(ကျောက်ဖားရွာအုပ်)တည်သော စေတီကို ရှင်ပင်ကျောက်ဖားစေတီဟု ခေါ်တွင်ခဲ့ရာမှ ကာလရှည်ကြာသော် ရှင်ပင်ကျောက်ဆောက်ဟုတွင်လာခဲ့လေသည်။
ပုဂံနရပတိစည်သူမင်းကြီးသည်တိုင်းခန်းလှည့်လည်တော်မူစဉ်ပေါင်းလောင်းမြစ်ကိုဆန်တက်၍ယိုယွင်းနေသောမြတ်စောညီနောင်စေတီနှင့်ရှင်ပင်ကျောက်ဆောက်စေတီတို့ကိုတွေ့သောအခါပြန်လည်ပြုပြင်တည်ထားကိုးကွယ်ခဲ့သည်ဟုဆိုလေသည်။
မြတ်စောညီနောင်ဘုရား ကား တောင်ငူမြို့နှင့် အနည်းငယ် အလှမ်းကွာသည့် နေရာဌာန၌ရှိသော တောဘုရားအသွင်ဖြစ်၍ ရောက်ခဲလှပါ၏။ တောရိပ်တောင်စွယ်ရှိသော အရပ်ဖြစ်ရကား သစ်ကြီးဝါးကြီးများဖြင့် သာယာလှပါပေသည်။ ဘုရားပွဲတော်အချိန်၌မူ အနီးအနားဝန်းကျင်များ သာမက အုတ်တွင်း၊ ရေတာရှည်ကဲ့သို့သော ရပ်ဝေး ဒေသများမှပင် လှည်းတပ်ကြီးများချကာ ဘုရားဖူးလာကြသည်မှာ အထူးပင်စည်ကားလှသည်ဟူ၍ ကြားသိရပါ၏။
ဘုရားပရိဝုဏ် အတွင်း တွေ့မြင်ရသည့် ထူးခြားချက်များကား ညီတော်စေတီရင်ပြင်ရှိ ဘုရားရှင်သို့ ဦးညွတ်နေသည့် ဝဏ္ဏသိင်္ဂီသားပိုက်မယ်တော်ရုပ် တုနှင့် နောင်တော်စေတီ ရင်ပြင်ရှိ ပုံသဏ္ဌာန် ထူးခြားလှသည့် မသိသူကျော် သွား၊ သိသူဖော်စား ခြင်္သေ့ရုပ်တုတို့ဖြစ်ပါ၏။
မြတ်စောညီနောင်ဘုရားသမိုင်းနှင့် တောင်ငူရာဇဝင် ဦးအောင်ခင် (တောင်ငူ)
မြို့တောင်ငူ၊ မြတ်စောညီနောင်နှင့် နော်ဘူဘောဆုတောင်းတောင်
မြတ်စောညီနောင် ဘုရားသမိုင်းအကျဉ်း
#သုတဇုန်
Discussion about this post