၁။ စဝ်ရွှေသိုက် (၁၈၉၄-၁၉၆၂)
စဝ်ရွှေသိုက်သည် ရှမ်းလူမျိုးတစ်ဦးဖြစ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတနှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေ၏ နောက်ဆုံးစော်ဘွား (သို့မဟုတ်) မျိုးရိုးအရ မင်းသားဖြစ်သည်။ စဝ်ရွှေသိုက်သည် မြန်မာနိုင်ငံ ဇန်နဝါရီလ လွတ်လပ်ရေးရရှိသည့်နေ့မှ စတင်၍ တိုင်းပြည်တာဝန်ကို ဝန်ကြီးချုပ်ဦးနုနှင့်အတူ ဦးဆောင်ထမ်းရွက်ခဲ့သည်။
သမ္မတမဖြစ်မီက စဝ်ရွှေသိုက်သည် ဗြိတိသျှစစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက စစ်တပ်အာဏာသိမ်းသည့်အခါ ရှမ်းမင်းသားမှာ ဖမ်းဆီးချုပ်နှောင်ခံရသည်။ သူသည် နောက်ပိုင်းတွင် အကျဉ်းစံဘဝဖြင့် ကွယ်လွန်ခဲ့သည်။
၂။ ဒေါက်တာဘဦး(၁၈၈၇-၁၉၆၃)
ဒေါက်တာဘဦးသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဒုတိယမြောက်သမ္မတနှင့် ဗမာလူမျိုးဖြစ်သည်။ ၁၉၃၁ခုနှစ်တွင် စစ်ဆေးရေး အထူး ခုံရုံးအဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရပြီး ၁၉၃၂ခုနှစ်၊ ဧပြီလအထိ၊ အင်းစိန် ပြည်၊ သရက် ခရိုင်များ၏ စက်ရှင်တရားသူကြီး နှင့် အထူး တရားသူကြီး အဖြစ် ခန့်အပ် ခြင်း ခံရ ပြန်သည်။ ၁၉၃၂ခုနှစ်၊ ဧပြီလတွင် တရားလွှတ်တော် တရားဝန်ကြီး အဖြစ် အမြဲတမ်း တိုးမြှင့် ခန့်ထားခြင်း ခံရသည်။ ယင်းရာထူးသည် ဒုတိယကမ္ဘာစစ် ဖြစ်သည်အထိ ဖြစ်သည်။
၎င်းသည် ကိန်းဘရစ်တက္ကသိုလ်မှ ဥပဒေဘွဲ့ရရပြီး စဝ်ရွှေသိုက်၏ သမ္မတရာထူးကို ၁၉၅၂ ခုနှစ်၊ မတ်လတွင် မဆက်ခံမီအချိန်အထိ မြန်မာနိုင်ငံ၊ တရားရုံးချုပ်တွင် တရားသူကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ သမ္မတရာထူးကို ၁၉၅၇ ခုနှစ်၊ မတ်လအထိ ၅ နှစ်ထမ်းဆောင်ခဲ့သည်။
သမ္မတရာထူးမှ အနားယူပြီးနောက် ဒေါက်တာဘဦးသည် လူမှုဝန်ထမ်း လုပ်ငန်းများ ဖြစ်သော ကြက်ခြေနီအသင်း၊ ပြည်သူ့ သူနာပြုအဖွဲ့၊ တက္ကသိုလ် ရန်ပုံငွေအဖွဲ့၊ ပန်းဥယျာဉ် အသင်း စသည်တို့တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ရသော ပုဂ္ဂိုလ်ထူး ဖြစ်သည်။ ၁၉၅၇ခုနှစ်တွင် ‘ကျွန်ုပ်၏ မြန်မာနိုင်ငံ’ ခေါ် ကိုယ်ရေး အတ္ထုပ္ပတိ စာအုပ်ကို အင်္ဂလိပ် ဘာသာ ဖြင့် ရေးသားထုတ်ဝေခဲ့သည်။
၃။ မန်းဝင်းမောင် (၁၉၁၆-၁၉၈၉)
မန်းဝင်းမောင် ကရင်လူမျိုး၊ ဗုဒ္ဒဘာသာဝင်ဖြစ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ၏ တတိယမြောက် သမ္မတဖြစ်သည်။
၁၉၃၇-၄ဝ တွင် ဗမာ့ရေနံကုမ္ပဏီ (သန်လျင် ဘီအိုစီ) စာရင်းဌာန ကုမ္ပဏီဝန်ထမ်း၊ အတွင်းဝန်ရုံး အစိုးရဝန်ထမ်း အဖြစ် ဆောင်ရွက်သည်။ ၁၉၄၁ ခုနှစ်တွင် မေမြို့ ဗိုလ်သင်တန်း တက်၍ ၁၉၄၁-၄၂ တွင် အရာခံဗိုလ် အဖြစ် စစ်ဘက်၌ တာဝန် ထမ်းဆောင်သည်။လွတ်လပ်ရေးကြိုးပမ်းမှုအဖြစ် ထင်ရှားသည့်ဖြစ်ရပ်မှာ မြန်မာနိုင်ငံအတွင်းသို့ မဟာမိတ်အကူအညီဖြင့် ပြည်တွင်းတော်လှန်ရေးသမားများနှင့် ဆက်သွယ်ရန် လေထီးဖြင့် ဆင်းသက်လာသည့်တပ်သားများတွင် တစ်ဦးအပါအဝင်ဖြစ်သည့်အတွက် လေထီးသမ္မတ ဟုလည်း တင်စားခေါ်ကြသည်။
ယခင်အစိုးရဟောင်း ဝန်ကြီးတဦးအနေဖြင့် ၁၉၅၇ ခုနှစ်၊ မတ်လတွင် ဒေါက်တာဘဦး၏ သမ္မတရာထူးကို ဆက်ခံရန် ဝန်ကြီးချုပ်ဦးနု၏ ရွေးချယ်ခြင်းခံရသည်။ ဗိုလ်ချုပ်ကြီးနေဝင်းက စစ်တပ်အာဏာသိမ်းမှုအဖြစ် ဦးနုအစိုးရကို ဖြုတ်ချသည့်အချိန် ၁၉၆၂ ခုနှစ်၊ မတ်လအထိ မန်းဝင်းမောင်က သမ္မတရာထူးထမ်းဆောင်ခဲ့သည်။ ယင်းနောက် သူသည် ၅ နှစ် အကျဉ်းကျခံခဲ့ရသည်။ ၁၉၈၉-ခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့၊ အသက်(၇၃)နှစ်အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။
၄။ ဗိုလ်ချုပ်ကြီးနေဝင်း (၁၉၁၀-၂၀၀၂)
ငယ်အမည် ရှုမောင်ဟုခေါ်သူ ဦးနေဝင်းသည် ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရဟုဆိုသည့် စစ်တပ်က အာဏာထိန်းသည့်ကာလတွင် မြန်မာနိုင်ငံကို ခေတ္တမျှ ထိန်းချုပ်ခွင့်ရလာသည်။ သူသည် အမြဲတမ်း အာဏာရယူထားနိုင်ရန် ၁၉၆၂ ခုနှစ်၊ မတ်လတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး မြန်မာနိုင်ငံ၏ အကြီးအကဲနေရာကို ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်အထိ နှစ်ပေါင်း ၂၀ နီးပါးရယူထားခဲ့သည်။
တရုတ်-ဗမာကပြား တပ်မှူးတယောက်ဖြစ်သည့် သူသည် ၁၉၆၂ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) ကို တည်ထောင်ပြီး ဥက္ကဋ္ဌအဖြစ် ၁၉၈၈ ခုနှစ်အထိ တာဝန်ယူလျက် ယင်းနှစ် ကျောင်းသားများ ဆန္ဒပြအုံကြွမှုဖြစ်နေစဉ်အတွင်း ရာထူးမှ နုတ်ထွက်ခဲ့သည်။ ယင်းကာလတလျှောက်လုံး မဆလသည် တိုင်းပြည်တွင် တခုတည်းသော တရားဝင်ပါတီအဖြစ် ရပ်တည်ပြီး ဦးနေဝင်းက စီးပွားရေးလုပ်ငန်းများ ပြည်သူပိုင်သိမ်းခြင်းနှင့် ပြင်းထန်သော လူမျိုးရေးမုန်းတီးမှုကာလတခုဆီသို့ တိုင်းပြည်ကို သွတ်သွင်းခဲ့သည်။ စုစုပေါင်း ၂၆ နှစ်တာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဦးနေဝင်း ရပ်တည်နေခဲ့သည်။ နောက်ပိုင်းတွင် သူသည် ရန်ကုန်မြို့တွင် နေအိမ်အကျယ်ချုပ်ကျခံရင်း ကွယ်လွန်သွားခဲ့သည်။
၅။ ဗိုလ်ချုပ်ကြီးစန်းယု (၁၉၁၈-၁၉၉၆)
တရုတ်-ဗမာကပြားတဦးလည်း ဖြစ်သူ ဗိုလ်ချုပ်ကြီးစန်းယုသည် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့ပြီး ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံဟုလည်းခေါ်ဆိုသည့် တိုင်းပြည်၏ ပဉ္စမမြောက်သမ္မတဖြစ်သည်။
၁၉၄၂ ခုနှစ်မတိုင်မီက ရန်ကုန်မြို့ ဆေးကျောင်းတွင် ဒုတိယနှစ်အထိ တက်ရောက်ခဲ့သည်။ ကျောင်းသားသမဂ္ဂလှုပ်ရှားမှုနှင့် ကျောင်းသားသပိတ်၌ ပါဝင်ဆောင်ရွက်ခဲ့သည်။ တော်လှန်ရေး မတိုင်မီကပင် ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီ-ဒီ-အေ) တပ်ရင်း ၂ တွင် တပ်ရင်းမှုးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ဖက်ဆစ်တော်လှန်ရေးတွင် ချေမှုန်းတိုက်ခိုက်ရေးနှင့် အနောက်တိုင်းစစ်ဌာနချုပ်၏ လုံခြုံရေးတာဝန်များ ထမ်းဆောင်သည်။ ၁၉၄၆ ခုနှစ်တွင် အမှတ် ၃ ဗမာ့သေနတ်ကိုင်တပ်ရင်း၌ ဒုတိယဗိုလ်အဆင့်ဖြင့် တပ်စုမှူးအဖြစ် တပ်မတော်တာဝန်ကို စတင်ထမ်းဆောင်သည်။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီအဖွဲ့ဝင်အဖြစ် တာဝန် ပေးအပ်ခြင်းခံရသည်။ ၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် တော်လှန်ရေးအစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့် အခွန်ဌာနတာဝန်ခံ (ဝန်ကြီး) အဖြစ်လည်းကောင်း၊ ၁၉၆၉ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် မူလတာဝန်များ အပြင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဝန်ကြီး အဖြစ်လည်းကောင်း ထမ်းဆောင်သည်။ ဦးနေဝင်းက မဆလပါတီဥက္ကဋ္ဌလုပ်နေစဉ်အတွင်း သူသည် သမ္မတရာထူးကို ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလမှ ၁၉၈၈ ခုနှစ်၊ ဇူလိုင်လအထိ ထမ်းဆောင်ခဲ့သည်။ ဗိုလ်ချုပ်ကြီးစန်းယုသည် သမ္မတမဖြစ်လာမီ စစ်တပ်က ရေးဆွဲသည့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ရေးဆွဲရေးတွင် အရေးပါသည့်အခန်းကဏ္ဍက ပါဝင်ခဲ့သည်။ ဦးစန်းယုသည် ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။
၆။ ဗိုလ်မှူးချုပ်စိန်လွင် (၁၉၂၃-၂၀၀၄)
ဗမာလူမျိုးတဦးဖြစ်သူ ဗိုလ်မှူးချုပ်စိန်လွင်သည် ဒီမိုကရေစီအရေး လှုပ်ရှားတောင်းဆိုမှု ရေချိန်မြင့်တက်နေစဉ်ကာလအတွင်း ဆဋ္ဌမမြောက်သမ္မတအဖြစ် ၁၄ ရက်မျှသာ ထမ်းဆောင်ခဲ့ရသည်။ သူ အာဏာရခဲ့သည့်ကာလသည် ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၁၂ အထိဖြစ်ပြီး ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်တွင် ရန်ကုန်ဆေးရုံကြီးအနီး ဆန္ဒပြကျောင်းသားများကို ပစ်သတ်ရန် အမိန့်ပေးခဲ့သဖြင့် ရန်ကုန်မြို့၏ သားသတ်သမားဟု လူသိများထင်ရှားသည်။
ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေစဉ် ဗိုလ်မှူးချုပ်စိန်လွင် ပြုတ်ကျသွားခဲ့သည်။ အိမ်အကျယ်ချုပ်သဖွယ် ခံရပြီးနောက် မကြာမီပင် သူလည်း တရားမဝင် ရရှိနေသော ခံစားခွင့်များ၊ ဩဇာ အာဏာများ ဆုံးရှုံးခဲ့ပြီး မဖြစ်စလောက်သော စစ်တပ် ပင်စင် လစာလေးဖြင့် ဆင်းရဲနွမ်းပါးစွာ ရှင်သန် နေခဲ့ရသည်။ ဦးစိန်လွင်သည် ၂ဝဝ၄- ခုနှစ်၊ ဧပြီလ(၉)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၈၁)ရှိပြီ ဖြစ်သည်။ သူ့အနေဖြင့် သွေးလွှမ်းမှု အမျိုးမျိုးအတွက် တာဝန်ရှိခဲ့ပြီး ဦးသန့်ဈာပန ရုပ်ပျက်ဆင်းပျက် ဖြစ်ရမှုနှင့် ရှစ်လေးလုံး ရက်စက်မှုများက သူ့အတွက် နာမည် အပျက်ရဆုံးများ ဖြစ်ခဲ့သည်။
၇။ ဦးအေးကို (၁၉၂၁-၂၀၀၆)
ဦးအေးကိုသည် ဗိုလ်မှူးချုပ်စိန်လွင် နောက် တက်လာသော သမ္မတဖြစ်သည်။ ၁၉၈၈ ခုနှစ်၊ ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်ထိ (၂)ရက်သာ လစ်လပ်နေသော သမ္မတ တာဝန်ကို ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။ သီရိပျံချီ ဘွဲ့ရ တပ်မတော် အရာရှိကြီးဖြစ်သည်။ စာရိတ္တအလွန် အင်မတန်ကောင်းသည်ဟု ဆိုသည်။ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့၊ နေရှင်နယ် အမျိုးသား အထက်တန်းကျောင်းတွင် ဆယ်တန်းအထိ ပညာသင်ကြားခဲ့သည်။
၁၉၃၉-ခုနှစ်တွင် ကျောင်းသားသမဂ္ဂ အမှုဆောင်အဖြစ် ကျောင်းသားသပိတ်ကြီးတွင် ပါဝင်ခဲ့သည်။ ဦးအေးကိုသည် တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ နိုင်ငံတော်ကောင်စီ ဒုတိယဉက္ကဌ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အထွေထွေအတွင်းရေးမှူးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၂၇.၇.၁၉၈၈ တွင် တာဝန်မှ အနားယူခဲ့ပြီး ၂၀၀၆-ခု၊ စက်တင်ဘာ (၂၆)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန် ချိန်တွင် အသက်(၈၆)နှစ် ရှိပြီဖြစ်သည်။
၈။ ဒေါက်တာမောင်မောင် (၁၉၂၅-၁၉၉၄)
ဗမာလူမျိုးတဦးဖြစ်သူ ဒေါက်တာမောင်မောင်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ သတ္တမမြောက်သမ္မတဖြစ်ပြီး ထင်ရှားသည့်စာရေးဆရာတဦးလည်း ဖြစ်သည်။ သူသည် ဥပဒေပညာကို နယ်သာလန်နိုင်ငံ၊ Utrecht တက္ကသိုလ်နှင့် အမေရိကန်နိုင်ငံ၊ ယေးလ်တက္ကသိုလ်တို့တွင် သင်ယူခဲ့ပြီး ဦးနေဝင်း၏ မဆလပါတီအစိုးရအောက်တွင် တရားသူကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။
ဗိုလ်ချုပ်ကြီးစောမောင်ခေါင်းဆောင်သည့် စစ်တပ်က အာဏာမသိမ်းမီ ဒေါက်တာမောင်မောင်သည် သမ္မတအဖြစ် ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်မှ စက်တင်ဘာလ ၁၈ ရက်အထိ တလသာ ထမ်းဆောင်ခဲ့ရသည်။ ယင်းနောက် အစိုးရ၏ အမည်ကို ခေတ်ကာလအလျောက် ပြောင်းလဲခဲ့ရာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကဲ့သို့ စစ်ခေါင်းဆောင်များဦးဆောင်လျက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေကောင်စီဟု ခေါ်ဆိုခဲ့သည်။ အဆိုပါကာလမှ ၂၀၁၁ ခုနှစ်အထိ တိုင်းပြည်တွင် သမ္မတဟူသောရာထူးဖြင့် နောက်ထပ်ခေါင်းဆောင် ပေါ်ထွက်မလာခဲ့ချေ။
၉။ ဦးသိန်းစိန် ( ၁၉၄၅- )
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သပိတ်မှောက်ပြီး အနောက်အုပ်စု တိုင်းပြည်များက လွတ်လပ်၍ တရားမျှတမှုမရှိဟု သတ်မှတ်ခြင်းခံရသော ရွေးကောက်ပွဲအပြီး စစ်ဗိုလ်ချုပ်ကြီး အသွင်ပြောင်း နိုင်ငံရေးသမားကို အဋ္ဌမမြောက်သမ္မတအဖြစ် ၂၀၁၁ ခုနှစ်၊ မတ်လတွင် ပြည်ထောင်စုလွှတ်တော်က ရွေးကောက်တင်မြှောက်ခဲ့သည်။
ဦးသိန်းစိန်သည် ယခင်စစ်အစိုးရလက်ထက် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် သူသည် စစ်တပ်၌ ဒုတိယဗိုလ်ချုပ်ကြီးရာထူးမှ အငြိမ်းစားယူလိုက်ပြီး စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ဦးဆောင်ခဲ့သည်။ တိုင်းပြည်၏သမ္မတအဖြစ် ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်အထိ ထမ်းဆောင်ခဲ့သည်။
၁၀။ ဦးထင်ကျော် ( ၁၉၄၆- )
ဦးထင်ကျော်ကို ၁၉၄၆ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမျိုးသားစာဆို မင်းသုဝဏ်၏ ဒုတိယသားဖြစ်ပြီး လန်ဒန်တက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံဘာသာရပ် လေ့လာဆည်းပူးပြီး ဘွဲ့ရခဲ့သည်။ သူ့မိသားစုမှာ နိုင်ငံရေးအစဉ်အလာကြီးမားပြီး ဖခင်ကြီး မင်းသုဝဏ်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အရွေးချယ်ခံရသကဲ့သို့ ဦးထင်ကျော်၏ယောက္ခမဖြစ်သူ ဦးလွင်သည်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သူတဦးဖြစ်သည်။
အကျိုးအမြတ်မယူဘဲ ကျန်းမာရေးနှင့် ပညာရေးထောက်ပံ့နေသော ဖောင်ဒေးရှင်းတခုဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မိခင်အမည်ကို ဂုဏ်ပြုခေါ်ဝေါ်ထားသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတွင် ဦးထင်ကျော်သည် ထိပ်တန်းအမှုဆောင်တဦးဖြစ်သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်၏ ညာလက်ရုံး ယုံကြည်စိတ်ချရသူအဖြစ် သတ်မှတ်ခံရပြီး NLD ပါတီတွင်း၌လည်း ရိုးသားသူအဖြစ် ဂုဏ်သတင်းရှိသည်။ သူ့ဇနီးဖြစ်သူ ဒေါ်စုစုလွင်မှာ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။
ဦးထင်ကျော်သည် စာရေးဆရာတဦးလည်းဖြစ်ပြီး မွန်နှင့်ဗမာအမွေအနှစ်နှစ်ခုစလုံး ဆက်ခံလျက် ထင်ရှားသည့်မွန်စစ်ပွဲကို အစွဲပြုလျက် သူ့ဖခင်ကြီး ရွေးချယ်ပေးသည့် ဒလဘန်းဟူသော ကလောင်အမည်ဖြင့် စာပေများ ရေးသားလေ့ရှိသည်။ သူ့ဖခင်ကြီးအကြောင်း ရေးသားထားသည့် စာအုပ်တအုပ်ကို ၂၀၀၉ ခုနှစ်တွင် ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ၎င်း၏သမ္မတရာထူးသက်တမ်းမှာ ၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း ၂၀၁၈ မတ်လ ၂၁ ရက်တွင် နုတ်ထွက်ခဲ့သည်။
၁၁။ ဦးဝင်းမြင့် ( ၁၉၅၁ – )
ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်တွင် ၁၉၅၁ တွင် မွေးဖွားခဲ့သူ ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှ ဘူမိဗေဒ ဘွဲ့ နှင့်အတူ H.G.P., R.L တို့ကို ရရှိခဲ့သည်။ ဘွဲ့ရပြီးနောက် ဥပဒေပညာကို သာ လေ့လာလိုက်စားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နှင့် ပုသိမ်မြို့တို့တွင် အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ တွင် မဆလ အစိုးရ၏ ပြင်းထန်လှသော ဖိနှိပ်အုပ်ချုပ်မှု များ နှင့် စီးပွားရေး ချွတ်ခြုံကျလာခဲ့ရမှုများကြောင့် ဖြစ်ပေါ်လာခဲ့သော အထွေထွေ သပိတ်ကြီး တွင် နိုင်ငံရေး နယ်ထဲသို့ စတင်ကာ ခြေစုံ ပြစ် ဝင်ရောက်ခဲ့သည်။ ၁၉၈၈ လူထုအရေးတော်ပုံမှာပါဝင်ခဲ့မှုနဲ့ ဖမ်းဆီးခံခဲ့ရကာ ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင် ပြန်လည်လွတ်မြောက်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဓနုဖြူမြို့နယ် စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဧရာဝတီတိုင်း စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အမတ်အဖြစ် မဲအရေအတွက် ၂၀,၃၈၈ (၅၆%) ဖြင့် အနိုင်ခဲ့ရသည်။ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကိုတော့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်အထိ ထမ်းဆောင်ခဲ့သည်။ မတ်လ ၂၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဦးဝင်းမြင့်ကို ထောက်ခံမဲ ၂၇၃ မဲဖြင့် ဒုသမ္မတအဖြစ် ရွေးချယ်ခဲ့သည်။ ၀၁၈ မတ်လ ၂၈ ရက်နေ့တွင် ဦးဝင်းမြင့်ကို ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံတော် သမ္မတအဖြစ် မဲအများဆုံးနဲ့ ရွေးချယ်တင်မြှောက်ခဲ့သည်။
(အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုလိုပါက Myanmar′s Presidents Since Independence တွင် ဖတ်ပါ)
Via : Irrawaddy Burmese
Discussion about this post