ဘိုင်ကယ်အိုင် ( Lake Baikal) သည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ရေကန်ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၂၅-၃၀သန်း ဝန်းကျင်ခန့် ကတည်းကပင် တည်ရှိခဲ့သည်။ ကမ္ဘာပေါ်တွင် အနက်ဆုံးသော အိုင် ဖြစ်ပြီး ပျမ်းမျှ အနက် ၇၄၄.၄(၂၄၄၁ပေ) မီတာခန့်မျှ ရှိသည်။ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ တောင်ပိုင်း အာကွတ် အိုဘလတ်စ် အုပ်ချုပ်ရေး ဒေသ (Irkutsk Oblast) နှင့် ရုရှားနိုင်ငံ၏ တစိတ်အပိုင်း ဖြစ်သော ဘားရတ်နိုင်ငံ (Buryat Republic) တို့ ကြားတွင် တည်ရှိသည်။
ကမ္ဘာပေါ်တွင် ထုထည် အများဆုံး ရေချိုကန်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ အေးခဲမနေသော ရေချိုများ၏ ၂၀ ရာခိုင်နှုန်းမျှ ရှိသည်။ အနက်ဆုံးနေရာသည် ၅,၃၈၇ပေ( ၁၆၄၂ မီတာ) မျှ နက်သဖြင့် ဘိုင်ကယ်အိုင်သည် ကမ္ဘာပေါ်ရှိ ရေအိုင်များတွင် အနက်ဆုံး နှင့် အကြည်လင်ဆုံး ရေအိုင်ဖြစ်သည်။ ဘိုင်ကယ်အိုင်သည် တန်ဂန်ရီကာအိုင် ကဲ့သို့ပင် ရှေးခေတ်ကာလက ကျောက်လွှာများ ရွှေ့လျားမှုကြောင့် ပေါ်ပေါက်လာသော ရေအိုင် ဖြစ်ပြီး လခြမ်းပုံသဏ္ဌာန် ရှည်မျောမျော ရှိသည်။
ဘိုက်ကယ် ဟူသော စာလုံးသည် ဒေသခံလူမျိုးတို့စကားဖြစ်သည့် Baykal (သို့) Baygal Nuvr ဟူသော စကားလုံးများမှ ဆင်းသက်လာသည်ဟုဆိုကြပြီး ကြီးမားသောရေကန်ကြီး (သို့) သဘာ၀ ရေကန်ကြီးဟု အဓိပ္ပါယ်ရသည်။
ရေမျက်နှာပြင် ဧရိယာ ၁၂,၂၄၈ စတုရန်းမိုင် (၃၁,၇၇၂ စတုရန်း ကီလိုမီတာ) မျှ ရှိပြီး ဆူပီးရီးယားအိုင်နှင့် ဝိတိုရိယအိုင် တို့ထက် မျက်နှာပြင် ဧရိယာအားဖြင့် သေးငယ်သည်။ ဘိုင်ကယ်အိုင်သည် အပင်မျိုးစိတ် ၁၀၀၀ နှင့် သတ္တဝါ မျိုးစိတ်ပေါင်း ၂၅၀၀ ကျော်တို့ နေထိုင်ရာ နေရာဖြစ်ပြီး ၎င်းတို့၏ သုံးပုံ နှစ်ပုံကို ကမ္ဘာပေါ်ရှိ အခြားမည်သည့်နေရာတွင်မျှ မတွေ့နိုင်ပေ။ nerpa ဟုခေါ်သော ရေချိုဖျံများ နေထိုင်ရာနေရာဖြစ်ပြီး သူတို့ကို ဘိုက်ကယ်ဖျံဟုလည်း ခေါ်ကြသည်။ ဘိုက်ကယ်ရေအိုင်ကြီးကို ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ၁၉၉၆ ခုနှစ်တွင် ကြေငြာခဲ့သည်။
ထို့အပြင် ထိုဒေသသည် ဘားရတ်လူမျိုးစုတို့ နေထိုင်ရာ နေရာဖြစ်ပြီး ထိုလူမျိုးစုတို့သည် ကန်၏ အရှေ့ဘက်ခြမ်းတွင် နေထိုင်ကြကာ ဆိတ်၊ ကုလားအုပ်၊ နွား၊ သိုး စသည်တို့ကို မွေးမြူကြသည်။ ဘိုင်ကယ်အိုင် ပတ်လည်၏ အများစုမှာ နှင်းတောင်တန်းများဖြစ်ကြသည်။ ဒေသ အပူချိန်သည် ဆောင်းရာသီတွင် အနှုတ် ၁၉ ဒီဂရီ ဆဲလ်စီးယပ် (-၂ ဒီဂရီ ဖာရင်ဟိုက်) မှ နွေရာသီတွင် ၁၄ ဒီဂရီ ဆဲလ်စီးယပ် (၅၇ ဒီဂရီ ဖာရင်ဟိုက်) အထိ ပြောင်းလဲမှု ရှိသည်။ ဘိုင်ကယ်အိုင်ကို “ညီအမအိုင်များ၏ အစ်မကြီး” ဟု တင်စား ခေါ်ဝေါ်လေ့ ရှိကြသည်။
ဘိုင်ကယ်အိုင်ထဲတွင် ကျောက်ဆောင်ထူထပ်သော ကျွန်းကြီးကျွန်းငယ်ပေါင်း၂၇ခုရှိပြီး လူနေထိုင်မှု အလွန်နည်းပါးသည်။ အကြီးဆုံးကျွန်းမှာ စင်ကာပူနိုင်ငံ အရွယ်အစားခန့်ရှိသည့် Olkhon ကျွန်းဖြစ်သည်။ ထိုကျွန်းပေါ်တွင်မူ ရွာငယ်ကလေးများ ရှိနေပြီး စုစုပေါင်း လူဦးရေ ၁၇၀၀ ဝန်းကျင် နေထိုင်ကြသည်။ ရေအိုင်ထဲတွင် တည်ရှိသော ကျွန်းများအနက် ကမ္ဘာ့တတိယအကြီးဆုံး ကျွန်းလည်းဖြစ်သည်။ ရေအိုင်ကြီးထဲတွင် ရွံ့မီးတောင်ပေါင်း ရာနှင့်ချီ ရှိနေသေးသည်။
ဘိုင်ကယ်အိုင်ထဲသို့ မြစ် ၊ ချောင်း ၊ စမ်းချောင်း ပေါင်း ၃၀၀ခန့်က စီးဝင်နေကြသော်လည်း ပြန်လည်စီးဆင်းသည့်နေရာဟူ၍ Angara မြစ်တခုသာရှိသည်။ ဘိုင်ကယ်အိုင်၏ နေရာအများစုသည် ဇန်နဝါရီလ မှ မေလကြားတွင် ရေခဲနေလေ့ရှိတာကြောင့် ထိုကာလများတွင် ဘိုင်ကယ်အိုင် ရေပြင်ပေါ်တွင်လမ်းလျှောက်နိုင်သည်။ ကမ္ဘာပေါ်က အကြည်လင်ဆုံးရေအိုင်များထဲမှ တစ်ခုဖြစ်ပြီး တစ်ခါတစ်ရံ ရေအောက်အနက် ၄၀မီတာခန့် အထိ ကြည်လင်စွာမြင်ရလေ့ရှိသည်။ ဘိုက်ကယ်ရေအိုင်ကြီးကို ရုရှားနိုင်ငံ၏ ပုလဲရတနာ Pearl of Russia ဟုလည်း တင်စားခေါ်ဝေါ်ကြသေးသည်။
Discussion about this post