ကရူဘီယာဂူဟာ ကမ္ဘာ့အနက်ဆုံးဂူဖြစ်ပြီး ဂျောဂီယာနိုင်ငံ Abkhazia ဒေသက Arabika Massif တောင်မှာ တည်ရှိပါတယ်။ Arabika Massif တောင်ဟာ ထုံးကျောက်တောင်ဖြစ်ပြီး ဒီနေရာမှာ ဂူပေါင်းရာနဲ့ချီရှိပြီး အနက် မီတာ ၁၀၀၀ အထက်ဂူ ၅ခုရှိပါတယ်။
အဲဒီအထဲမှာ ကရူဘီယာဂူက အနက်ဆုံးဖြစ်ပါတယ်။ သူ့ကို Voronya ဂူ (သို့) ကျီးကန်းဂူလို့လည်းခေါ်ကြပါသေးတယ်။ ဂူဝမှာ ကျီးကန်းထောင်ပေါင်းများစွာဟာ အသိုက်ဖွဲ့ပြီးနေခဲ့ကြတာကိုတွေ့ရှိခဲ့ကြလို့ဖြစ်ပါတယ်။ အနက်ပေပေါင်း ၇၂၀၈ပေ ခန့် ရှိတာကြောင့် ကမ္ဘာ့အနက်ဆုံးဂူဖြစ်ပြီး ကမ္ဘာ့အတွင်းပိုင်းဝင်ပေါက်လို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်။
ကရူဘီယာဂူ လို့အမည်ပေးထားရခြင်းကတော့ ဒီဂူကို ၁၉၆၀ခုနှစ်က ပထမဆုံးရှာဖွေတွေ့ရှိခဲ့တဲ့ ရုရှားဘူမိဗေဒပညာရှင် Alexander Kruber ကို ဂုဏ်ပြုတဲ့အနေနဲ့ပေးထားခြင်းဖြစ်ပါတယ်။ Alexander Kruber ဟ ၁၉၁၀ခုနှစ်တည်းက Arabika Massif အကြောင်းကိုလေ့လာနေခဲ့တာဖြစ်ပြီး ၁၉၆၀ မှ ဒီဂူကိုတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ သူတို့စတင်တွေ့ရှိချိန်က ဂူရဲ့အနက်ဆုံးအဖြစ် ၃၁၅ပေကိုသာ ရောက်ရှိခဲ့ကြပါတယ်။ ဂူရဲ့ စုစုပေါင်း အရှည်ဟာ ၈.၃၄မိုင်ဖြစ်ပြီး နေရာအများစုရဲ့အနက်ကတော့ ပေ ၃၀၀ ဝန်းကျင်ရှိပါတယ်။
ဒီဂူဟာ အောက်ဘက်မှာ လမ်းကြောင်းနှစ်ခုကွဲထွက်သွားပါတယ်။ တစ်ခုကတော့ Novokuibyshevskaya ဖြစ်ပြီး အနက်ပေ ၄၂၆၅ပေ ရှိပြီး မူရင်းလမ်းကြောင်းကတော့ အနက်ပေ ၇၂၀၈ပေ ရှိပါတယ်။ အဲဒီနောက်တော့ ဘူမိဗေဒပညာရှင်အဆင့်ဆင့် ကြိုးစားတိုင်းတာခဲ့ပြီး အနက် ၇၂၀၈ ပေကိုရောက်ရှိခဲ့တာပါ။ ဒါတောင် မဆုံးသေးဘူးလို့ သိရပါတယ်။ အနက်ဆုံးနေရာ(၇၂၀၈ပေ) ကို ရောက်ရှိခဲ့သူကတော့ သဘာဝဂူလေ့လာရေးသမား နဲ့ ကျွမ်းကျင်သူ Gennady Samokhin ပဲဖြစ်ပါတယ်။
ကရူဘီယာလိုဏ်ဂူဟာ အလွန်နက်တဲ့ ဒေါင်လိုက်လိုဏ်ဂူတစ်ခုဖြစ်ပါတယ်။ တချို့နေရာတွေမှာ အလွန်ကျယ်ဝန်းသလို တချို့နေရာတွေမှာတော့ လူတစ်ကိုယ်စာဝင်ရုံလောက်ပဲ ရှိပါတယ်။ ရာသီဥတုကလည်း စွတ်စိုပြီး တစ်ခါတစ်ရံမှာနှင်းတွေဟာ ဂူအဝတွေကို ထူထပ်စွာပိတ်ထားလေ့ရှိပါတယ်။ ဒါကြောင့်လည်း အများစု မဆင်းနိုင်ကြတာဖြစ်ပါတယ်။
ဂူကြီးရဲ့အနက်ဆုံးနေရာနီးပါး(၇၀၂၀ပေ) ကိုရောက်ခဲ့ပြီး စံချိန်တင်နိုင်ခဲ့တဲ့အမျိုးသမီးတစ်ဦးလည်းရှိပါသေးတယ်။ သူကတော့ လစ်သူရေးနီးယားနိုင်ငံသူ Saul Pankene ဖြစ်ပါတယ်။ သူမကလည်း နက်ရှိုင်းတဲ့ဂူတွေကိုဆင်းရာမှာ အတွေ့အကြုံရှိသူဖြစ်ပြီး ကမ္ဘာ့အနက်ဆုံးဂူရဲ့အောက်ခြေကိုရောက်ရှိဖို့အတွက်တော့ အခြားဂူလေ့လာရေးကျွမ်းကျင်သူ ၁၇ဦးရဲ့ အကူအညီနဲ့အတူ အချိန် ၁၃ရက် ယူခဲ့ရပါတယ်။
ကရူဘီယာဂူကြီးထဲမှာ အများဆုံးတွေ့ရတဲ့တိရစ္ဆာန်ကတော့ ကင်းမြီးကောက်တွေဖြစ်ပြီး မျိုးစိတ်ပေါင်း ၁၂ခုလောက်တွေ့ရပါတယ်။ လိပ်ပြာ ၊ ပင့်ကူများစွာရှိပြီး ငှက်တွေကတော့ ဂူကြီးရဲ့အဝမှာ အသိုက်ဖွဲ့လေ့ရှိပြီး မိုးနဲ့ဆောင်းရာသီတွေမှာ လာရောက်ခိုနားလေ့ရှိကြပါတယ်။
Discussion about this post