ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)
လူသားများ ရှင်သန်ရပ်တည် နေထိုင်လျက်ရှိသည့် ဤကမ္ဘာတွင် လူသားများ၏ ပြုမူနေထိုင် လှုပ်ရှားဆောင်ရွက် ကြိုးပမ်းမှုများကြောင့် လူသားတစ်ဦးစီ၏ ဖြစ်စဉ်မှသည် ဒေသတစ်ခု၊ နိုင်ငံတစ်ခု၏သမိုင်း၊ ကမ္ဘာ့သမိုင်း ဖြစ်လာခဲ့သည်။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်သာယာမှုကို ရှာဖွေကြရင်း လူသားမျိုးဆက်များ ရှင်သန်တိုးတက်ခဲ့ကြရာ ကမ္ဘာ့သမိုင်းကို ဖန်တီးကြသူများတွင်လူငယ် လူကြီးများသာမက ကလေးများလည်း ပါဝင်ခဲ့ပေသည်။
ကမ္ဘာကြီးကို မည်သူတို့က ပြောင်းလဲစေခဲ့သနည်း၊ နယ်ပယ်အသီးသီးတွင် လူသားတို့၏ ကောင်းကျိုးဆိုးကျိုးများကို ဖြစ်ပေါ်ပြောင်းလဲစေခဲ့သည့် လူသားများအနက် အောက်ဖော်ပြပါ ကလေးများသည် အလွန်ထင်ရှားသော စံပြမောင်မယ်များအဖြစ် သမိုင်းတွင်ခဲ့ကြသည်။
အန်းဖရန့် (Anne Frank, 1929 – 1945)
အန်းဖရန့်သည် ဖရန့်ဖွတ်မြို့တွင် နေထိုင်သည့် ဂျာမန်နွယ်ဖွား ဂျူးလူမျိုး မိန်းကလေးတစ်ဦး ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် အတွင်း နယ်သာလန်နိုင်ငံကို ဂျာမန်တို့ သိမ်းပိုက်ထားစဉ် ကာလတွင် အန်နီဖရန့်နှင့် မိသားစုသည် ဂျာမန်များ၏ အန္တရာယ်ကြောင့် ပုန်းအောင်းနေခဲ့ရသည်။ ပုန်းအောင်းနေစဉ် ရက်များအတွင်း အန်းဖရန့်ရေးသားခဲ့သည့် နေ့စဉ်မှတ်တမ်းကို ပုံနှိပ် ထုတ်ဝေပြီးသည့် နောက်ပိုင်းတွင် အန်းဖရန့်သည် ကွယ်လွန်ပြီးနောက်မှ နိုင်ငံတကာတွင် ထင်ပေါ်ကျော်ကြားသည့် မိန်းကလေး တစ်ယောက် ဖြစ်လာခဲ့သည်။
အန်းဖရန့်နှင့် မိသားစုသည် နာဇီတို့ ဂျာမနီတွင် အာဏာရရှိချိန်အတွင်း ၁၉၃၃ ခုနှစ်တွင် နယ်သာလန်နိုင်ငံ၊ အမ်စတာဒန်မြို့သို့ ပြောင်းရွှေ့ခဲ့ကြသည်။ ဂျာမန်တို့ နယ်သာလန်သို့ ရောက်ရှိလာချိန်၊ ၁၉၄၀ ပြည့်နှစ်တွင် အန်းဖရန့် မိသားစုသည် အမ်စတာဒန်တွင် ပိတ်မိနေခဲ့ကြသည်။ ဂျာမန်တို့သည် ဂျူးလူမျိုးများ လူဦးရေ တိုးတက်လာမှုကို နှိပ်ကွပ်နေသဖြင့် အန်းဖရန့် မိသားစုသည် ၁၉၄၂ ခုနှစ် ဇူလိုင်လတွင် ဖခင်ဖြစ်သူ၏ ရုံးခန်းအတွင်း အခန်းများတွင် ပုန်းအောင်းနေခဲ့ကြရသည်။
၂ နှစ်ကြာ ပုန်းအောင်းခဲ့ကြပြီးနောက် အန်းဖရန့်နှင့် မိသားစုသည် သစ္စာဖောက်ခံခဲ့ရကာ ထိန်းသိမ်းရေးစခန်းသို့ အပို့ခံခဲ့ကြရသည်။ အန်းဖရန့်သည် ဖမ်းဆီးခြင်းခံရပြီး (၇)လ အကြာတွင် Bergen-Belsen စခန်း၌ အူရောင်ငန်းဖျား ရောဂါကြောင့် သေဆုံးခဲ့သည်။ မိသားစုအတွင်း မသေဘဲ တစ်ဦးတည်း ကျန်ခဲ့သည့် ဖခင်ဖြစ်သူ အော်တိုဖရန့်သည် စစ်ကြီးပြီးချိန်တွင် အမ်စတာဒန်သို့ ပြန်လည် ရောက်ရှိ လာခဲ့ပြီး သမီးဖြစ်သူ၏ နေ့စဉ်မှတ်တမ်းကို ပုံနှိပ်ထုတ်ဝေနိုင်ရန် ကြိုးပမ်းခဲ့သည်။
အန်းဖရန့်သည် သူ၏နေ့စဉ်မှတ်တမ်းကို ဒတ်ချ်ဘာသာဖြင့် ရေးသားခဲ့ပြီး အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုကာ ၁၉၅၂ ခုနှစ်တွင် ပထမဆုံး ထုတ်ဝေခဲ့သည်။ အန်းဖရန့်၏ အရေးအသားစွမ်းရည်ကို အသိအမှတ်ပြု လက်ခံခဲ့ကြပြီး အကျော်ကြားဆုံး တစ်ယောက် ဖြစ်လာခဲ့ကာ အစုလိုက်အပြုံလိုက် ဒုက္ခ ခံစားနေကြသူများ အရေးကို ဆွေးနွေးခဲ့ကြသည်။
စမန်သာစမစ် (Samantha Smith 1972 – 1985)
အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်နိုင်ငံအကြား စစ်အေးကာလအတွင်း မန်ချက်စ်တာမိန်းမှ အမေရိကန်ကျောင်းသူ စမန်သာရိဒ်စမစ်သည် ထင်ရှားကျော်ကြားသူ ကလေးငယ် မိန်းကလေးတစ်ဦး ဖြစ်လာခဲ့သည်။ စမန်သာစမစ်သည် အသက် ၁၀ နှစ် အရွယ် ၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ထိုစဉ်က ဆိုဗီယက်ခေါင်းဆောင် ယူရီ အန်ဒရိုပေါ့ထံ စာတစ်စောင် ရေးသားပေးပို့ခဲ့သည်။
အမေရိကန်နှင့် ဆိုဗီယက်နိုင်ငံအကြား ဆက်ဆံရေး တင်းမာမှုများ အဘယ်ကြောင့် ဖြစ်ရသည်ကို နားလည်နိုင်ရန် အဖြေရှာသင့်ပါကြောင်း စမန်သာက သူ၏ စာတွင် ဆိုဗီယက်ခေါင်းဆောင်အား တိုက်တွန်းခဲ့သည်။ စမန်သာ၏စာကို ဆိုဗီယက်သတင်းစာ ပရာဒါတွင် ဖော်ပြခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားမှုကို မရရှိခဲ့ချေ။
မိမိ၏စာကို ဖော်ပြခဲ့သဖြင့် ဝမ်းသာရွှင်မြူးခဲ့သည့် စမန်သာသည် အမေရိကန်နိုင်ငံဆိုင်ရာ ဆိုဗီယက်သံအမတ်ကြီးထံ ဆိုဗီယက် ခေါင်းဆောင်က သူ့အား အကြောင်းပြန်ရန် ရည်ရွယ်ခြင်းရှိ မရှိ စာရေးသား မေးမြန်းခဲ့ရာ ၁၉၈၃ ခုနှစ် ဧပြီလ ၂၆ ရက်တွင် အန်ဒရို ပေါ့ထံမှ အကြောင်းပြန်စာ လက်ခံရှိခဲ့သည်။ စမန်သာသည် အမေရိကန်နှင့် ဆိုဗီယက် နှစ်နိုင်ငံအကြား စေတနာ ကောင်းမွန်သော သံတမန် တစ်ဦးအဖြစ် အာရုံစိုက်ခြင်း ခံခဲ့ရကာ အမေရိကန်ပြည်ထောင်စု၏ အသက်အငယ်ဆုံး သံအမတ်အဖြစ် ထင်ရှားလာခဲ့သည်။
စမန်သာသည် ဂျပန်နိုင်ငံတွင် ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး စာအုပ်တစ်အုပ် ရေးသားခဲ့ကာ ရုပ်သံဇာတ်လမ်းတွဲ တစ်ခုတွင် ခေါင်းဆောင်နှင့် တွဲဘက် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အသက် ၁၃ နှစ်အရွယ်တွင် လေယာဉ်ပျက်ကျ၍ သေဆုံးခဲ့သည်။
ဟက်တာ ပီရက်တာဆန် ( Hector Pieterson 1964 – 16 June 1976)
ဟက်တာ ပီရက်တာဆန်သည် တစ်ချိန်က လူဖြူလူမည်း ခွဲခြားခဲ့သည့် တောင်အာဖရိက နိုင်ငံ၊ ဆွာပို အရေးအခင်း၏ အမှတ်လက္ခဏာ ပုံရိပ်တစ်ခု ဖြစ်လာခဲ့သည်။ဆန္ဒပြ ကျောင်းသားများကို အစိုးရက သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့သဖြင့် အသက် ၁၂ နှစ်သာ ရှိသေးသည့် ဟက်တာ ပီရက်တာဆန်၏ သေလုနီးပါး ဓာတ်ပုံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားခဲ့သည်။ သူ့ကို အဖော်တစ်ယောက်က ပွေ့ချီသွားသည့် ဓာတ်ပုံကို သတင်း ဓာတ်ပုံသမား ဆမ်အန်ဇီမာက ရိုက်ကူးခဲ့သည်။
ထိုအချိန်မှစ၍ ဇွန်လ ၁၆ ရက်သည် လူဖြူလူမည်း ခွဲခြားသည့် အစိုးရ၏ ရက်စက်မှုကို တွန်းလှန်သည့် အထိမ်းအမှတ် ရက်တစ်ရက်အဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့သည်။ယခုအခါတွင် ဇွန်လ ၁၅ ရက်သည် တောင်အာဖရိကနိုင်ငံ၏ လူငယ်များကို ဂုဏ်ပြုပြီး လူငယ်တို့ လိုအပ်ချက်များကို သတိမူမိစေရန် ရည်ရွယ်သည့် အမျိုးသားလူငယ်နေ့ ဖြစ်လာခဲ့သည်။
ပီရက်တာဆန် မိသားစုသည် မူလက ပစ်ဆို (Pitso)မိသားစု ဖြစ်ခဲ့သော်လည်း လူဖြူသွေးနှောအမည် ပီရက်တာဆန်ကို ခံယူရန် ဆုံးဖြတ်ခဲ့ကြသည်။ လူဖြူလူမည်း ခွဲခြားခံခဲ့ရသည့် ကာလများတွင် တောင်အာဖရိကနိုင်ငံ၌ သွေးနှောသူများသည် လူမည်း များထက် ပိုမိုကောင်းမွန်သည့် အခွင့်အရေးများ ရရှိခဲ့သည်။ ၂၀၀၂ ခုနှစ် ဇွန်လ ၁၆ ရက်တွင် ဟက်တာပီရက်တာဆန် အမှတ်တရ ပြတိုက်ကို သူသေနတ်ဖြင့် အပစ်ခံရသည့် နေရာဖြစ်သည့် အိုလန်ဒို အနောက်ပိုင်းတွင် ဖွင့်လှစ်ခဲ့သည်။ ယင်းပြတိုက်ကို ၁၉၇၆ ခုနှစ် အရေးအခင်းတွင် ကွယ်လွန်ခဲ့သည့် ဟက်တာ ပီရက်တာဆန်နှင့် နိုင်ငံတစ်ဝန်းမှ အခြားကျောင်းသားများကို ဂုဏ်ပြုဖွင့်လှစ်ခဲ့သည်။
အီဘယ်မေစီ (Iqbal Masih 1982 – 1995)
အသက် လေးနှစ်အရွယ်တွင် ပါကစ္စတန်နိုင်ငံ ကော်ဇောစက်ရုံသို့ အမေရိကန် ဒေါ်လာ ၁၂ ဒေါ်လာနှင့် ညီမျှသောငွေဖြင့် ကလေးကျွန်အဖြစ် ရောင်းစားခြင်းခံခဲ့ရသည့် အီဘယ်မေစီသည် ပါကစ္စတန်နိုင်ငံ လာဟိုးမြို့အနီး မူရစ်ဒ်ကီမြို့ရှိ ကောဇော ယက္ကန်း စင်အနီးတွင် ကြိုးဖြင့် ချည်နှောင်ထားခြင်း ခံခဲ့ရသည်။ အီဘယ်မေစီသည် တစ်ရက်လျှင် ၁၂ နာရီ အလုပ်လုပ်ရပြီး ကာလရှည်ကြာ စွာ အလုပ်ပင်ပန်းမှု၊ အစာအာဟာရ လုံလောက်စွာ မစားသုံးရမှု၊ စောင့်ရှောက်ခံရခြင်း ကင်းမဲ့မှုများကြောင့် ကြုံလှီကာ လူစဉ်မမီ ဖြစ်ခဲ့ရသည်။ အသက် ၁၂ နှစ် အရွယ်တွင် အီဘယ်မေစီသည် ခြောက်နှစ်သား ကလေးတစ်ယောက် အရွယ်သာ ရှိခဲ့သည်။
အီဘယ်မေစီသည် အသက် ၁၀ နှစ် အရွယ်တွင် ရက်စက်လှသည့် ကျွန်အဖြစ်မှ ထွက်ပြေး လွတ်မြောက်ခဲ့ကာ ပါကစ္စတန် နိုင်ငံ အလုပ်သမား လွတ်မြောက်ရေး တပ်ဦးသို့ ရောက်ရှိလာခဲ့သည်။ အီဘယ်မေစီသည် ကမ္ဘာတစ်လွှား ကလေးများကို အလုပ် သမားများအဖြစ် ခိုင်းစေခြင်းမှ ရပ်တံ့ရန် ဆောင်ရွက်သည့် လုပ်ငန်းတွင် အကူအညီ များစွာ ပေးခဲ့သည်။ အီဘယ်မေစီသည် ပါကစ္စတန်ကလေးငယ် ၃၀၀၀ ကျော်ကို စာချုပ်များဖြင့် ချည်နှောင်ထားသည့် အလုပ်သမားများအဖြစ်မှ လွတ်မြောက်စေခဲ့ကာ ကမ္ဘာအနှံ့ ကလေးလုပ်သားများ အရေးကို လှည့်လည် ဟောပြောခဲ့သည်။
အီဘယ်မေစီသည် ၁၉၉၅ ခုနှစ်၊ အီစတာပွဲတော်ညတွင် သတ်ဖြတ်ခြင်း ခံခဲ့ရရာ ကော်ဇောလုပ်ငန်း မာဖီးယားဂိုဏ်းသားများက လုပ်ကြံခဲ့သည်ဟု အများက ယူဆခဲ့ကြသည်။ ကလေး လုပ်သားများကို ခိုင်းစေသည့် စက်မှု လုပ်ငန်းများကို လူသိ ထင်ရှားဖြစ် လာစေရန် အီဘယ်မေစီက ဆောင်ရွက်ခဲ့သဖြင့် အသတ်ခံရခြင်းဖြစ်ပြီး သူသည် မသေဆုံးမီ ၁၉၉၄ ခုနှစ်က Reebok လူ့အခွင့် အရေးဆုကို ရရှိခဲ့သည်။
၂၀၀၀ ပြည့်နှစ်တွင် ကလေးအခွင့်အရေးဆိုင်ရာ ကမ္ဘာ့ကလေးများဆု (The World’s Children’s Prize for the Rights of the Child)ကို ထူထောင်ချိန်တွင် အီဘယ်မေစီသည် ပထမဆုံး ဆုချီးမြှင့်ခံရသူ ဖြစ်ခဲ့ပြီး ထိုအချိန်တွင် လူ့လောက၌ အီဘယ်မေစီ မရှိတော့ပါချေ။
နကိုစီ ဂျွန်ဆင် (Nkosi Johnson 1989 – 2001)
တောင်အာဖရိကနိုင်ငံ၊ ဂျိုဟာနက်စ်ဘာ့ခ် အရှေ့ပိုင်းမြို့နယ် တစ်ခုတွင် ၁၉၈၉ ခုနှစ်က ဖွားမြင်ခဲ့သည့် နကိုစီသည် သူ၏ ဖခင် မည်သူမှန်း မသိရှိခဲ့ချေ။ နကိုစီသည် မွေးဖွားစဉ်ကပင် ခုခံအားကျဆင်းမှု ရောဂါ ခံစားခဲ့ရကာ ဂေးလ်ဂျွန်ဆင်ဆိုသူ ဆေး ပညာရှင်တစ်ဦးက တရားဝင် မွေးစားခဲ့သည်။သို့သော် ဂေးလ်ဂျွန်ဆင်၏ မိခင်ဖြစ်သူ မကျန်းမာချိန်တွင် ဂေးလ်ဂျွန်ဆင်သည် နကိုစီအား ကြာရှည် မစောင့်ရှောက်နိုင်ခဲ့ပါချေ။
ဒေသမူလတန်းကျောင်း တစ်ကျောင်းက ၁၉၉၇ ခုနှစ်တွင် နကိုစီဂျွန်ဆင်ကို သူ၏မွေးရာပါ ခုခံအားကျဆင်းမှုရောဂါ ရှိနေမှုကြောင့် ကျောင်းတက်ရောက်ခွင့် ငြင်းပယ်ခြင်း ခံခဲ့ရချိန်တွင် နကိုစီဂျွန်ဆင်သည် ပထမဆုံး လူသိများလာခဲ့သည်။ နကိုစီ ဂျွန်ဆင်၏ ဖြစ်ရပ်သည် တောင်အာဖရိကနိုင်ငံ နိုင်ငံရေးလောကတွင် အုတ်အုတ်ကျက်ကျက် ဖြစ်လာခဲ့ကာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေက ဆေးဘက်ဆိုင်ရာ အကြောင်းကြောင့် ခွဲခြားဆက်ဆံမှုကို တားမြစ်ခဲ့ရာမှ နကိုစီ ဂျွန်ဆင်သည် ကျောင်းတက်ခွင့် ရရှိခဲ့သည်။
နကိုစီ ဂျွန်ဆင်သည် ၁၃ ကြိမ်မြောက် AIDS ညီလာခံတွင် အဓိက ဟောပြောသူ တစ်ယောက် ဖြစ်လာခဲ့ကာ ခုခံအား ကျ ဆင်းနေသည့် ဝေဒနာရှင်များအား ပွင့်လင်းစွာ ဝန်ခံပြောဆို၍ ဆေးကုသမှုခံယူရန် တိုက်တွန်းခဲ့သည်။ နကိုစီ ဂျွန်ဆင် ပြောကြားခဲ့သည့်-
“ကျွန်တော်တို့ကို စောင့်ရှောက်ပါ၊ ကျွန်တော်တို့ကို လက်ခံပါ၊ ကျွန်တော်တို့ အားလုံးက လူသားတွေပါ၊ ကျွန်တော်တို့ ပုံမှန်လူသားတွေပါ၊ ကျွန်တော်တို့မှာ လက်တွေ ရှိပါတယ်၊ ခြေတွေရှိပါတယ်၊ လမ်းလျှောက်နိုင်ပါတယ်၊ စကားပြောနိုင်ကြပါတယ်၊ အခြား လူသားတွေလိုပဲ အကူအညီတွေ လိုအပ်ပါတယ်၊ ကျွန်တော်တို့ကို မကြောက်ပါနဲ့ဗျာ၊ ကျွန်တော်တို့ အားလုံးအတူတူပါဘဲ” -ဟူသည့် စကားသည် အလွန်ထင်ရှားခဲ့သည်။
တောင်အာဖရိက ခေါင်းဆောင် နယ်လ်ဆင် မင်ဒဲလားက နကိုစီဂျွန်ဆင်ကို ဘဝကို တိုက်ပွဲ အမှတ်လက္ခဏာ ကလေး တစ်ယောက်အဖြစ် ရည်ညွှန်းခဲ့သည်။တောင်အာဖရိက အသံလွှင့်ကော်ပိုရေးရှင်း (SABC3) က နကိုစီဂျွန်ဆင်ကို တောင်အာဖရိ၏ အထင်ရှားဆုံး နိုင်ငံသားများ စာရင်းတွင် နံပါတ် ၅ နေရာတွင် ရပ်တည်နေသူဟု သတ်မှတ်ခဲ့သည်။ နကိုစီဂျွန်ဆင် ကွယ်လွန်ချိန်၌ သူသည် ခုခံအားကျဆင်းမှု ရောဂါခံစားရသည့် ကလေးများအနက် သက်တမ်းအရှည်ဆုံး ရှင်သန်ခဲ့သူ တစ်ဦးဖြစ်ခဲ့သည်။
အွမ်ပရာကက်ချ်ဂါဂျာ(Om Prakash Gurjar 1992- )
အသက် ငါးနှစ် အရွယ်တွင် မိဘများထံမှ ဝေးရာသို့ ခေါ်ဆောင်ခံခဲ့ရပြီး လယ်ကွင်းများတွင် အလုပ်လုပ်ခဲ့ရသည့် အွမ်ပရာ ကက်ချ်ဂါဂျာသည် Bachpan Bachao Andolan လှုပ်ရှားသူများ၏ ကယ်တင်ခြင်းကြောင့် လွတ်မြောက်လာသည့် ကလေးငယ် ဖြစ်သည်။ အွမ်သည် ကလေးလုပ်သား ဘဝမှ လွတ်မြောက်ပြီးချိန်တွင်သူ၏ ဇာတိ ရာဂျက်စ်တန်တွင် အခမဲ့ ပညာရေးအတွက် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။ ကလေးမိတ်ဆွေ ကျေးရွာများ(child friendly villages) ကွန်ရက်တစ်ခုကို ထူထောင်ရန် အကူအညီများ ပေးခဲ့သည်။ ယင်းကွန်ရက်သည် ကလေးများ၏ အခွင့်အရေးကို လေးစားရန်နှင့် ကလေးများကို ခိုင်းစေခြင်းကို ခွင့်မပြုရန် ရည်ရွယ်ခဲ့သည်။
အွမ်သည် ကလေးတိုင်းကို ခေါင်းပုံဖြတ်၊ အမြတ်ထုတ်ခြင်းမှ ကာကွယ်နိုင်ရန် မွေးစာရင်း ထုတ်ပေးရေးကို ဦးတည်သည့် ကွန်ရက်တစ်ခုကို ထူထောင်ခဲ့သည်။ အွမ်က ကလေးတိုင်းကို မွေးစာရင်း ထုတ်ပေးပြီး မှတ်ပုံတင်ပေးခြင်းသည် ကလေး အခွင့်အရေးများကို ထိနိးသိမ်းနိုင်မည့် ပထမဆုံး ခြေလှမ်းဟု ပြောဆိုခဲ့သည်။မွေးစာရင်း မှတ်ပုံတင်တွင် ကလေး၏ အသက်ကို ဖော်ပြသဖြင့် ကလေးကျွန်ပြုခြင်း၊ လူကုန်ကူးခြင်း၊အဓမ္မ လက်ထပ်စေခြင်း၊ ကလေးစစ်သားအဖြစ် ထမ်းဆောင်စေခြင်းတို့ကို ဟန့်တားနိုင်မည် ဖြစ်သည်။
အွမ်၏ ကလေးများ အခွင့်အရေး စွမ်းဆောင်မှုများကြောင့် ၁၉၉၃ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိကနိုင်ငံ သမ္မတ ကလပ်(FW de Klerk) က အွမ့်အား နိုင်ငံတကာ ကလေးများ ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခဲ့သည်။
သန်ဒွီချာမာ (Thandiwe Chama 1991 – )
အသက် ၁၆ နှစ်အရွယ် ဇန်ဘီယာမိန်းကလေး သန်ဒွီချာမာသည် ၂၀၀၇ ခုနှစ်အတွက် နိုင်ငံတကာ ကလေးများ ငြိမ်းချမ်းရေးဆုကို ကမ္ဘာတစ်လွှား အမည်စာရင်း တင်သွင်းခံရသူ ၂၈ ဦးကို ကျော်ဖြတ်၍ ဆွတ်ခူးနိုင်ခဲ့သည်။ ယင်းဆုကို နယ်သာလန်နိုင်ငံ၊ ဟိသ်မြို့တွင် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်များက သန်ဒွီချာမာကို ချီးမြှင့်ခဲ့သည်။ နကိုစီ ရုပ်ထုပါ ဆုတံဆိပ်နှင့်အတူ သန်ဒွီချာမာ၏ လုပ်ငန်းများတွင် တိုက်ရိုက်သုံးစွဲနိုင်ရန် ဆုကြေး ယူရို တစ်သိန်းကို ပေးအပ်ခဲ့သည်။
သန်ဒွီချာမာ အသက်ရှစ်နှစ်အရွယ် ၁၉၉၉ ခုနှစ်တွင် ကျောင်းတက်နေစဉ် သူတက်နေသည့် ကျောင်းတွင် စာသင်ကြားမည့် ဆရာမရှိသဖြင့် ကျောင်းပိတ်လိုက်ရချိန်တွင် သန်ဒွီချာမာသည် ကျောင်းပိတ်လိုက်ခြင်းကို လုံး၀ လက်မခံနိုင်ဘဲ ကလေး အယောက် ၆၀ ကို ဦးဆောင်လျက် အခြားကျောင်းတစ်ခုကို လမ်းလျှောက် ရှာဖွေခဲ့သည်။ ဤသို့ဖြင့် ကလေးများ အားလုံးသည် Jack Cecup ကျောင်းသို့ ရောက်ရှိခဲ့ကြသည်။ ယင်းအောင်မြင်မှုကို အားဖြည့်လျက် သန်ဒွီချာမာသည် ကလေးများ ပညာရေးအတွက် တိုက်ပွဲဝင်သူ တစ်ယောက် ဖြစ်လာခဲ့သည်။
သန်ဒွီချာမာသည် ဘုရားကျောင်းများတွင် အလွယ်တကူ ဆွေးနွေးလေ့မရှိသည့် ကလေးသူငယ်များနှင့် ခုခံအားကျဆင်းမှု ရောဂါ စသည့် အကြောင်းများကို ပြောကြားရခြင်းကို သဘောကျလာခဲ့သည်။ ကလေးတစ်ယောက်မျှသာ ဖြစ်သော်လည်း သန်ဒွီ ချာမာသည် သူငယ်ချင်းတစ်ယောက်နှင့် အတူ ခုခံအားကျဆင်းမှုရောဂါ အန္တရာယ်ကို ကလေးများအား ပြောပြသည့် “The Chicken with AIDS” အမည်ရှိ ပုံပြ စာအုပ်ကို ထုတ်ဝေခဲ့သည်။
သန်ဒွီချာမာက ကလေးများကို အခွင့်အရေးတစ်ရပ် ပေးပါက သူတို့သည် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်သော နေရာတစ်ခု ဖြစ်လာစေရန် အကျိုးပြုကြမည်မှာ အသေအချာပင် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲရာတွင် ကလေးသူငယ်များ၏ အခန်းကဏ္ဍသည်လည်း တစ်ထောင့်တစ်နေရာမှ အရေးပါနေကြောင်း အထက်တွင် ဖော်ပြခဲ့သည့် ကလေး ခုနစ်ယောက်၏ ကြိုးပမ်းမှုများက သက်သေထူလျက် ရှိနေပေသည်။
မောင်သာ(ရှေးဟောင်းသုတေသန)
Discussion about this post