ကမ္ဘာပေါ်က ကြောက်စရာအကောင်းဆုံး သင်္ချိုင်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ကာပူချင်(Capuchin) မြေအောက်သင်္ချိုင်းဟာ အီတလီနိုင်ငံ တောင်ပိုင်းက ပါလာမိုမြို့မှာတည်ရှိပါတယ်။ အရင်တစ်ခါ ကျွန်တော်ရေးခဲ့ဖူးတဲ့ “သေဆုံးခဲ့တာ အနှစ်၁၀၀ကျော်ပေမယ့် အိပ်ပျော်နေတဲ့ပုံစံသာဖြစ်နေတဲ့ ကလေးမလေး Rosalia Lombardo” ရဲ့ မံမီရှိတဲ့ သင်္ချိုင်းပေါ့။
သူနဲ့အတူ အခြား လူသေအလောင်းပေါင်း ၈၀၀၀ ကျော်ဟာ ဒီမြေအောက်သင်္ချိုင်းကြီးထဲမှာ ရှိနေပါတယ်။ ဒီ၈၀၀၀ ကျော်ထဲမှာ မံမီလုပ်ထားခြင်းခံရသူက ၁၂၀၀ကျော် ရှိပါတယ်။ သတ္တိရှိပါတယ်ဆိုတဲ့သူတွေတောင် ကျောအတော်စိမ့်မယ့်နေရာပေါ့။ လူသေအလောင်းတွေကိုပြသထားတဲ့အတွက် အများစုကတော့ ဒီနေရာကို လူပြတိုက် လို့ခေါ်ကြပါတယ်။
ကာပူချင် ဘုရားရှိခိုးကျောင်းကြီးရဲ့ အောက်မှာတည်ရှိတဲ့ ဒီကာပူချင်မြေအောက်သင်္ချိုင်းကို ၁၆ရာစုတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး သေဆုံးခဲ့တဲ့ဘုန်းတော်ကြီးအလောင်းတွေကို ထားရှိဖို့အတွက်ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ၁၅၉၉မှာသေဆုံးခဲ့တဲ့ ဘုန်းတော်ကြီး Silvestro ကို မံမီအဖြစ်ပြုလုပ်ကာထားရှိခဲ့ပါတယ်။ ဆွဲဆန့်ထားတဲ့မြေထည်ပြွန်တွေပေါ်မှာ အလောင်းတွေထဲက ရေဓာတ်ကိုခမ်းခြောက်အောင်လုပ်လိုက်ကြပြီး တခါတရံမှာတော့ ရှာလကာရည်ကို အသုံးပြုပါတယ်။ အလောင်းတွေကို အမွေးအကြိုင်ဆေးရည်တွေနဲ့ ပုံစံမပျက်အောင်ထားရှိပြီး တချို့ကိုတော့ မှန်အခေါင်းတွေထဲမှာထည့်ထားပါတယ်။
နောက်ပိုင်းမှာတော့ ပိုက်ဆံတတ်နိုင်သူ ငွေကြေးချမ်းသာသူတွေကပါ သူတို့ရဲ့အမျိုးအနွယ်တွေကို ထားရှိပေးဖို့ တောင်းဆိုလာတဲ့အတွက် ဘုန်းကြီးမံမီတွေသာမက လူမမီများလည်း ရှိလာခဲ့ပါတယ်။ လူတွေကတော့ သူတို့ရဲ့မိသားစုဝင်တွေကို အချိန်မရွေးလာရောက်ကြည့်ရှုှုချင်လို့ဖြစ်ပါတယ်။ ဒီနေရာမှာ အချို့မံမီတွေရဲ့အဝတ်အစားတွေကို ပုံမှန်လဲလှယ်ပေးလေ့ရှိပါတယ်။ တချို့သူတွေဆိုရင် သူတို့ရဲ့မိသားစုဝင်မံမီတွေကို ခေတ်မီအဝတ်အစားတွေတောင် ဆင်ပေးထားပါသေးတယ်။
သင်္ချိုင်းရေရှည်တည်မြဲနေစေဖို့ အတွက် အလှူရှင်တွေ ၊ မံမီရဲ့ဆွေမျိုးတွေက ပုံမှန်ထောက်ပံ့ထားတာဖြစ်ပါတယ်။ တကယ်လို့များ မိသားစုဝင်တွေဟာ မထောက်ပံ့ဘူးဆိုပါက သူတို့ရဲ့မံမီကို အပြင်မှာထားမှာမဟုတ်ပဲ စင်တစ်ခုခု တစ်ချောင်ချောင်မှာ ထိုးထားမှာဖြစ်ပြီး ငွေကြေးပုံမှန်ပြန်ပေးမှသာ မံမီကို ပြန်ထုတ်ပေးမှာဖြစ်ပါတယ်။
ဒီသင်္ချိုင်းခန်းမကြီးထဲမှာ အလောင်းတွေကို အမျိုးအစားခွဲထားပါသေးတယ်။ ဘုန်းတော်ကြီး ၊ ယောင်္ကျား ၊ မိန်းမ ၊ အပျိုစင် ၊ ကလေးငယ် စသည်ဖြင့်ပေါ့။ ၁၉၂၀ ခုနှစ်ဝန်းကျင်မှာတော့ ဒီသင်္ချိုင်းထဲမှာ မံမီအသစ်ထားခြင်းကို ပိတ်ပင်လိုက်ပါတယ်။ ဒါပေမယ့် သတ္တိရှိတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအဓိကလည်ပတ်လေ့ရှိတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒီသင်္ချိုင်းထဲကို ဝင်ပြီဆိုတာနဲ့ စူးရှတဲ့ စိမ်းရွှေရွှေအနံ့တွေကိုနဲ့ နံရံ့တွေမှာ ချိတ်ဆွဲထားတဲ့ အလောင်းကောင်တွေကို မြင်ရမှာဖြစ်ပါတယ်။ တချို့အလောင်းကောင်တွေ ဆိုတော်တော်ကြည့်ရဆိုးပြီး အရေပြားတွေကွာကျကာ အရေတွေကျနေတတ်လေ့ရှိတယ်လို့ ဆိုပါတယ်။ တော်ရုံသတ္တိရှိသူဟာ အဝမှာတင် လှည့်ပြန်ပြေးရမယ့်နေရာဖြစ်ပါတယ်။
ဒီအထဲက တချို့မံမီတွေကတော့ ဆေးစိမ်မှုနည်းပညာအလွန်ကောင်းပြီး အိပ်နေသလိုပဲ ထင်မှတ်ရပါတယ်။ ဒီအထဲမှာ နာမည်အကြီးဆုံးကတော့ အသက် ၂နှစ်အရွယ်မှာ သေဆုံးခဲ့တဲ့ ကလေးမလေး Rosalia Lombardo ရဲ့ မံမီဖြစ်ပါတယ်။ သတ္တိရှိလို့ သွားလည်ကြည့်ချင်တဲ့သူတွေကတော့ အောက်က ဗီဒီယိုဖိုင်လေးကို ဖွင့်ရင်း ဝင်ကြည့်နိုင်ပါတယ်။
VIDEO
Discussion about this post