Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မာသာထရီဇာ ဆိုတာ

by Thutamm
July 24, 2019
Reading Time: 1min read
0
မာသာထရီဇာ ဆိုတာ
Share on FacebookShare on Twitter

ရေးသားသူ – ဟိန်း (Heinfivestrings)

“အကြင်နာတရားဆိုတဲ့စကားလုံးဟာ တိုလည်းတိုတယ်။ ပြောရလည်းလွယ်တယ်။ သူ့ရဲ့ပဲ့တင်သံကတော့ ရှည်လျားကျယ်ပြောပါတယ်။”
ဒီစကားကို ပြောခဲ့တာဘယ်သူလဲ။ သမ္မတလား၊ အဖြုတ်ချခံအာဏာရှင်လား၊ ကမ္ဘာကျော်ပန်းချီဆရာလား၊ အရက်သမားလား၊ တော်လှန်ရေးသမားလား၊ ပါတီဥက္ကဌလား၊ ဝပ်ရှော့အလုပ်သမားလား၊ ပီဇာပို့သူလား၊ ကဗျာဆရာလား၊ အသေခံဗုံးခွဲသူလား။ မဟုတ်ပါဘူး။ သီလရှင်ကြီးတစ်ပါးပါ။ ရိုမန်ကတ်သလစ်သီလရှင်ကြီးတစ်ပါးပါ။ မွေးရပ်မြေက တခြား၊ သူပေးဆပ်ခဲ့တဲ့နေရာက တခြား။ သူကိုးကွယ်တာက တစ်ဘာသာ၊ သူစောင့်ရှောက်ခဲ့တာက ဘာသာစုံ။ သူလိုချင်မျှော်လင့်ခဲ့တာက ကမ္ဘာကြီးမှာမေတ္တာတရားတွေထွန်းကားဖို့၊ သူလက်ခံရရှိခဲ့တာက ဘွဲ့ထူးဂုဏ်ထူးပေါင်းများစွာနဲ့ဆုတံဆိပ်များ။

သူတည်ထောင်ခဲ့တဲ့ဂေဟာတွေကနေတဆင့် အခုဆိုရင် ဂေဟာပေါင်းမြောက်မြားစွာဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၃၃နိုင်ငံမှာ ပျံ့နှံ့လို့။ ကမ္ဘာသူကမ္ဘာသားတို့ဟာလည်း သူ့နာမည်ကို အခွင့်ကြုံတိုင်းတဖွဖွပြောလို့။ အယ်ဗေးနီးယန်းလူမျိုးတွေဟာလည်း သူ့ကြောင့် ဂုဏ်သိက္ခာတွေတက်လို့။ ၂၀ရာစုရဲ့ ယုံကြည်လေးစားမှုအခံရဆုံးပုဂ္ဂိုလ်များစာတမ်းမှာ သူ့နာမည်ဟာ ထိပ်ဆုံးမှာရပ်လို့။ ဟုတ်ပါတယ်။ ပရဟိတနဲ့ပတ်သက်လာရင် ခင်ဗျားတို့ကျွန်တော်တို့ လက်ဖျားခါကြရမယ့် သီလရှင်အိုကြီးမာသာထရီဇာ။

သူ့ကိုမွေးတာက သြဂုတ်လ ၂၆ရက်၊ ၁၉၁၀ခုနှစ်။ နာမည်အရင်းက Anjeze Gonxhe Bojaxhiu။ ဒါက အယ်ဗေးနီးယန်းဘာသာစကားအရ “နှင်းဆီဖူးလေး”။ လွယ်လွယ်ခေါ်တော့ အက်ဂနက်စ် ပေါ့။ Skopje ဆိုတဲ့မြို့လေး(အခုတော့ မက်ဆီဒိုးနီးယားနိုင်ငံရဲ့မြို့တော်)မှာ ကမ္ဘာမြေကို ချစ်ခြင်းမေတ္တာတွေ၊ အကြင်နာတရားတွေ၊ ကိုယ်ချင်းစာတရားတွေ ပေးဝေပေးမယ့် မိန်းကလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်။

သူဟာ အသက် ၈နှစ်မှာ ဘာသာရေးကို စတင်စိတ်ဝင်စားခဲ့ပြီး အသက် ၁၂နှစ်မှာတော့ ဘာသာရေးနဲ့ပဲ ဘဝကို တည်ဆောက်မယ်လို့ အခိုင်အမာဆုံးဖြတ်ခဲ့ပါတယ်။ ၁၉၂၈ခုနှစ်ရဲ့ သြဂုတ်လ ၁၅ ရက်နေ့မှာတော့ ဘာသာရေးခရီးစဉ်များကို လှည့်လည်သွားရင်း သီလရှင်ကြီးLoreto နဲ့ဆက်သွယ်မိပြီး ကိုဆိုဗိုနိုင်ငံက Black Madonna of Letnice ဘုရားကျောင်းမှာ အဓိဋ္ဌာန်ပြုခဲ့ပါတယ်။ ဒီအချိန်ကစပြီး သူဟာ သူ့အမေ၊ သူ့အမတို့ကို ဘယ်တော့မှပြန်မတွေ့တော့ပါဘူး။ ဒါဟာ ၁၈နှစ်သမီးတစ်ယောက် ကမ္ဘာကြီးထဲကို တိုးဝင်ခဲ့ခြင်းရဲ့ သမိုင်းအစပါပဲ။

စကားဆိုတာက အကြမ်းဖျဉ်းအနေနဲ့နှစ်မျိုးရှိပါတယ်။ တွေးတောပြောဆိုတာရယ်၊ ကိုယ်တွေ့အဖြစ်အပျက်ကို ပြန်လည်ပြောဆိုတာရယ်ပေါ့။ မာသာထရီဇာကတော့ “အကြင်နာတရားဆိုတဲ့စကားလုံးဟာ…”ဆိုတဲ့စကားကို ကိုယ်တွေ့အဖြစ်အပျက်များအပေါ်တွေးတောစဉ်းစားပြီးမှ ပြောတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ကရော ဒီစကားလုံးလေးရဲ့ အဓိပ္ပါယ်ကို ကိုယ်တွေ့ဖော်ဆောင်ပြီးပြီလား၊ တွေးရောတွေးမိကြရဲ့လား။ ပဲ့တင်သံတွေရှည်လျားကျယ်ပြောကြောင်း ကျွန်တော်တို့ မသိကြသေးပါဘူး။

၁၉၂၉ခုနှစ်မှာ အိန္ဒိယနိုင်ငံ၊ ဒါဂျီလင်းမြို့အစွန်က သူ့ဘုရားကျောင်းလေးရဲ့အနီး တောကျောင်းကလေးမှာ ဟိန္ဒိူဘာသာနဲ့အင်္ဂလိပ်ဘာသာကို သင်ယူခဲ့ပါတယ်။ သီလရှင်တစ်ပါးအဖြစ်ခံယူချိန် ၁၉၃၁ခုနှစ်၊ မေလ၂၄ရက်မှာတော့ “သာသနာပြုအဖွဲ့များကိုစောင့်ရှောက်တဲ့သူတော်စင်”လို့အဓိပ္ပါယ်ရတဲ့ အမည်တစ်ခုကို ခံယူခဲ့ပါတယ်။ ဒါပေမယ့် သူနဲ့နာမည်တူ သီလရှင်တစ်ပါးရှိပြီးဖြစ်တဲ့အတွက် အက်ဂနက်စ်ဟာ Teresa ဆိုတဲ့နာမည်ကို ရွေးချယ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကာလ္လကတ္တားအနောက်ပိုင်းက အန်တလီဆိုတဲ့ရွာလေးမှာ ကျောင်းအုပ်ဆရာမကြီးအဖြစ် ပြန်လည်တာဝန်ထမ်းခဲ့ပါတယ်။ ဒါပေမယ့် ကာလ္လကတ္တားမှာဖြစ်နေတဲ့ ဆင်းရဲနွမ်းပါးမှုမြင့်တက်လာခြင်းတွေ၊ ဟိန္ဒူ/မူဆလင်ဘာသာရေးအဓိကရုဏ်းတွေ၊ ငတ်မွတ်ခေါင်းပါးနေတဲ့လူတွေ၊ အနိဋ္ဌာရုံတွေနဲ့ ခဏခဏရောက်လာနေတဲ့ သေခြင်းတရားတွေကို တွေ့လိုက်ရတဲ့ ၁၉၄၆ခုနှစ်ရဲ့ သြဂုတ်လမှာတော့ မာသာထရီဇာဟာ လူမှုရေးလုပ်ငန်းတွေအတွက် ဘဝကို တစ်ဆစ်ချိုးလိုက်ပါတော့တယ်။

မာသာထရီဇာကပြောခဲ့ပါတယ်။ “ကျွန်မသွေးက အယ်ဗေးနီးယားသွေး၊ ကျွန်မနိုင်ငံသားအဖြစ်ခံယူထားတာက အိန္ဒိယ၊ ကျွန်မယုံကြည်ကိုးကွယ်တာက ရိုမန်ကတ်သလစ်။ ဒါပေမယ့် ကျွန်မအလုပ်အကိုင်က ကမ္ဘာကြီးတစ်ခုလုံးနဲ့ဆိုင်တယ်။ ကျွန်မအသည်းနှလုံးဟာ ငြိမ်းချမ်းသောတရားဓမ္မတွေနဲ့ပြည့်နေတယ်”။

မာသာထရီဇာရဲ့ နောက်ထပ်မှတ်သားစရာစကားတစ်ခွန်းရှိပါသေးတယ်။ “ဘယ်အရာကိုမှကြီးကျယ်ခမ်းနားဖို့မျှော်လင့်ပြီးမလုပ်ပါနဲ့။ ဒါပေမယ့်အသေးအမွှားကိစ္စလေးတွေကိုတော့ ကြီးမားတဲ့ချစ်ခြင်းမေတ္တာနဲ့ဆောင်ရွက်ပါ။ ဒါကသာ မြင့်မြတ်ခမ်းနားခြင်းအစစ်အမှန်ပါ”။ ဟုတ်ပါတယ်။ လူမှုရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ တချို့တချို့သောသူတွေဟာ မလိုအပ်ပါဘဲနဲ့ ချဲ့ထွင်အသားယူလိုကြပါတယ်။ ရေဘေးကယ်ဆယ်ရေးသွားရောက်ဖို့ မော်ဒယ်လ်မြင့်ကားတစ်စီးမျှော်လင့်တာမျိုး၊ ပရဟိတလုပ်ငန်းရုံးခန်းဖွင့်ဖို့ မြို့လယ်မှာနေရာကောင်းကောင်းလိုချင်တာမျိုး၊ အလှူရှင်တွေနဲ့ ချိတ်ဆက်ဖို့ တယ်လီဖုန်းငါးလုံးလောက်တောင့်တတာမျိုး၊ အလှူရှင်တွေကို ပြပြီးစည်းရုံးဖို့ မှတ်တမ်းတင်ဓာတ်ပုံတွေ၊ ရုပ်/သံတွေ အတွက် Full HD ကင်မရာတွေအလိုရှိတာမျိုး၊ အထောက်အပံ့ပစ္စည်းနဲ့ငွေကြေးအနည်းငယ်ပေးဖို့အရေး အခမ်းအနားနဲ့၊ ဗီနိုင်းနဲ့၊ တိုက်ပုံနဲ့၊ စင်ပေါ်တက်ပြီးဓာတ်ပုံအရိုက်ခံချင်တာမျိုးကတော့ တကယ့်လူမှုရေးစိတ်ဓာတ်ပြင်းထန်သူတွေအတွက် လိုပင်လိုသော်ငြား သိပ်ပြီးအရေးမပါလှဘူးလို့ ထင်ပါတယ်။

“ပေးပါ၊ ဘာနာကျင်ဒုက္ခကိုမှ မခံစားကြရသေးခင်ပေးပါ”တဲ့။ ကျွန်တော်တို့ လှူကြတယ်၊ ကမ်းကြတယ်။ ကျွန်တော်တို့အများစုရဲ့ အလှူအတန်း၊အပေးအကမ်းတွေကို ပြန်ကြည့်ကြရအောင်ပါ။ ကျွန်တော်တို့မှာ ပြည့်စုံနေသောအခါများတွင်မှ၊ သို့တည်းမဟုတ် ကျွန်တော်တို့အတွက် သပ်သပ်ဖယ်ထားပြီး ဖြစ်သော ဝေစုများအပြင်ကမှ ပေးကြကမ်းကြတဲ့အဖြစ်တွေသာ ဟောဒီကမ္ဘာမှာ များနေပါတယ်။ ပုဆိုးအထည်နှစ်ဆယ်ရှိတဲ့အထဲကနေ ရေလဲပုဆိုးတစ်ထည်ကို မီးဘေးဒုက္ခသည်တွေအတွက် လှူလိုက်တယ်။ အိမ်မှာကြက်သားဟင်းနဲ့အစိမ်းကြော်ချက်တဲ့အထဲကနေ အနှစ်ကလေးနည်းနည်းဆမ်း၊ အစိမ်းကြော်လေးပုံထားတဲ့ထမင်းတစ်ထုပ်ကို ရေဘေးဒုက္ခသည်တွေအတွက်လှူလိုက်တယ်။ ချိုင်းကြားမှာညှပ်ထားတဲ့ ပိုက်ဆံအိတ်ကြီးကိုဖွင့်၊ ၁သောင်းတန် ၅ထောင်တန်တွေကို ဘေးနည်းနည်းတွန်း၊ ၅၀တန်အနွမ်းလေးတစ်ရွက်ကို မရရအောင်ရှာပြီး လမ်းဘေးမှာထိုင်နေတဲ့အမယ်အိုကြီးရှေ့ ပစ်ချလိုက်တယ်။ မလှူတာထက်စာရင် ဒီလောက်လှူတာက ပိုမကောင်းဘူးလားလို့ အတွန့်တက်လှောင်ပြောင်ရင်ရပေမယ့် သမိုင်းထဲက ပရဟိတသူရဲကောင်းတို့အကြောင်းကို ကျွန်တော်တို့ဖတ်ရှုပြီးကြတဲ့အခါမှာ ကမ္ဘာဟာ ဒီလောက်နဲ့ မလုံလောက်သေးကြောင်း အခိုင်အမာပြောဆိုလာနိုင်ပါတယ်။ မနာကျင်ခင်၊ မခံစားရသေးခင်၊ ဒုက္ခမရောက်သေးခင် ပေးပါ လို့ မာသာထရီဇာက ဆိုထားပြီးမဟုတ်လား။

ကျွန်တော်တို့စွန့်မယ့်လွှတ်မယ့်အရေး ကိုယ့်အတ္တကိုယ်ပြန်သိမ်းနေတဲ့အချိန်ပိုင်းလေးအတွင်းမှာပဲ နာကျင်တဲ့လူက နာကျင်ပြီးသွားပြီ။ ခံစားတဲ့လူက ခံစားပြီးသွားပြီ။ ဒုက္ခရောက်တဲ့လူက ဒုက္ခရောက်ပြီးသွားပြီ။ ဒီအကြောင်းတွေတွေးမိရင် “ကျွန်မ မာစီဒီးကားမလိုချင်ဘူး။ ဒီတန်ဖိုးနဲ့ညီတဲ့ အာလူးတွေ၊ ဂျုံတွေ၊ ဆေးဝါးတွေပဲ ပေးပါ”ဆိုတဲ့ မာသာထရီဇာကိုပဲ ကျွန်တော်သတိရနေမိပါတော့တယ်။

သူဟာ ကမ္ဘာ့နိုင်ငံပေါင်း မြောက်မြားစွာကိုခရီးသွားခဲ့တယ်။ သွားသမျှခရီးတိုင်းဟာလည်း ယူဖို့မဟုတ်၊ ပေးရန်သက်သက်သာဖြစ်တယ်။ ချမ်းသာသောနိုင်ငံများရဲ့ သက်ဆိုင်ရာအစိုးရ၊ နိုင်ငံအကြီးအကဲတို့က ပေးကမ်းတာတွေကို ယူခဲ့ရင်တောင် ငတ်မွတ်ဆင်းရဲနေသူအပေါင်းအတွက်သူက ခဏတာလက်ခံပေးခြင်းသာဖြစ်ခဲ့ပါတယ်။ မာသာထရီဇာဟာ ဂေဟာပေါင်းများစွာကို သူ့အသွေးသူ့အသားနဲ့လည်ပတ်မောင်းနှင်စေခဲ့တယ်။ အနာကြီးရောဂါသည်တွေ၊ မိဘမဲ့ကလေးတွေ၊ တီဘီရောဂါသည်တွေ၊ စစ်ကြောင့်အတိဒုက္ခရောက်သူတွေ၊ ကပ်ရောဂါဆိုးကြောင့်လူရုပ်သူရုပ်မပေါ်တော့သူတွေရဲ့ အားကိုးရာဟာ မာသာထရီဇာလို့ ကမ္ဘာကြီးကလက်ခံလာခဲ့တယ်။

သူ့ကိုလေးစားအားကျတဲ့လူတွေဟာ ပရဟိတလုပ်ငန်းတွေကို တက်တက်ကြွကြွလုပ်ဆောင်ခဲ့ကြပါတယ်။ မာသာထရီဇာရဲ့ လူမှုရေးလုပ်ငန်းတွေအတွက် ပူးပေါင်းပါဝင်လာသူတွေကို သူက အချက်သုံးချက်လိုက်နာစေခဲ့တယ်။ ဗြဟ္မစိုရ်တရားလက်ကိုင်ထားဖို့၊ ဆင်းရဲသူတွေကို ကူညီရင်း ကိုယ်တိုင်ဆင်းရဲတာကို ခံနိုင်ဖို့နဲ့ အရေးကြီးဆုံးအဖြစ် ချစ်ခြင်းမေတ္တာအားလုံးကို သူတို့အပေါ်အစွမ်းကုန်ပေးဆပ်ဖို့ပါပဲ။ တစ်နည်းပြောရရင် “ငါ”ဆိုတဲ့ အတ္တကို လုံးဝလွှင့်ပစ်လိုက်ဖို့ပါ။

သူကိုယ်တိုင်လည်း ဘယ်လောက်အထိကိုယ်ကျိုးစွန့်ခဲ့သလဲဆိုရင် မွေးရပ်မြေအယ်ဗေးနီးယားကိုတောင် သူ့အသက် ၈၁နှစ်၊ ၁၉၉၁ခုနှစ်မှ ပထမဆုံးအကြိမ်ပြန်ရောက်ခဲ့ပါတယ်။ မာသာထရီဇာဟာ သူမကွယ်လွန်မီအချိန်များ၊ သူကွယ်လွန်ပြီးအချိန်များမှာဆုတံဆိပ်ပေါင်းများစွာကို ရရှိခဲ့ပါတယ်။ ၁၉၇၉ခုနှစ်မှာ ရရှိခဲ့တဲ့ နိုဘယ်လ်ဆုအပါအဝင်ပေါ့။ ဒီဆုကို ပေးအပ်တဲ့အခါမှာလည်းလုပ်နေကြ ဂုဏ်ပြုအခမ်းအနားတွေ၊ ညစာစားပွဲတွေကို ငြင်းဆိုခဲ့ပါတယ်။ သူရရှိမယ့် ဒေါ်လာ တစ်သိန်းကိုးသောင်းကျော်ကိုသာ အိန္ဒိယက ဒုက္ခရောက်နေသူတွေအတွက် တောင်းခံခဲ့ပါတယ်။

ပရဟိတလုပ်ငန်းတွေဟာ ငြိမ်းချမ်းရေးနဲ့လည်းတိုက်ရိုက်အချိုးကျနေတယ်ဆိုတာ ကျွန်တော်တို့သိလာရပါတယ်။ မတရားအနိုင်ကျင့်မယ်၊ သယံဇာတတွေ လက်ဝါးကြီးအုပ်မယ်၊ ယဉ်ကျေးမှုအမွေအနှစ်တွေ ဖျက်ဆီးမယ်၊ လူမျိုးရေးခွဲခြားဆက်ဆံမယ်။ ဒါတွေကြောင့် “နာ”လို့ဖြစ်တဲ့စစ်ပွဲတွေရှိလာပါတယ်။ အမျိုးကိုထိလို့နာတယ်၊ ရေမြေတောတောင်ကိုထိလို့နာတယ်၊ ယဉ်ကျေးမှုကိုထိလို့နာတယ်။ ဒါဟာလူသားဆန်ခြင်းတစ်မျိုးပဲလေ။ ကျွန်တော်တို့အပြစ်မဆိုသာပါဘူး။

ဒါပေမယ့် “နာ”လို့ဖြစ်တဲ့စစ်ပွဲတွေရဲ့ သက်တမ်းကြာလာရင်တော့ “ဆာ”လို့ဖြစ်တဲ့စစ်ပွဲတွေအဖြစ် အသွင်ပြောင်းသွားပါတယ်။ “ဆာ”လို့ဖြစ်တဲ့စစ်ပွဲတွေဟာ လက်နက်တွေနဲ့တိုက်ခိုက်ကြတာဖြစ်နိုင်သလို ငြိမ်းချမ်းစွာနေထိုင်နေရင်းလည်း ဖြစ်နိုင်ပါတယ်။ “ဆာ”လို့ဖြစ်တဲ့စစ်အတွက် စားပွဲပေါ်မှာထိုင်ပြောနေရုံနဲ့တော့ အလွယ်တကူမပြေလည်နိုင်ပါဘူး။ ဒါကို ကမ္ဘာကြီးကသေချာမသိသေးဘူး၊ သိဖို့မကြိုးစားသေးဘူး၊ မသိချင်ယောင်ဆောင်ထားဆဲပါ။ ကဗျာဆရာ လူအိမ် က သူ့ရဲ့နာမည်ကျော် “ရူးနေတဲ့ကမ္ဘာ” ဆိုတဲ့ ကဗျာမှာ ဒီလိုထည့်ရေးခဲ့ဖူးပါတယ်။

ကမ္ဘာဟာ
ခုအချိန်ထိ
အရေးကြုံမှ
အရပ်ကူပါ လူဝိုင်းပါ လုပ်ချင်နေတုန်းပဲ

ဒိုင်ယာနာမသေခင်
နောက်ဆုံးသောက်သွားတဲ့ဟင်းချိုဟာ
ဒေါ်လာ(၄၀၀၀)တန်တယ်
ဗီယင်နာကို

ဂျော့ချ်ဘုချ်လာတော့
တည်းခိုခန်းတစ်ညစရိတ်ဟာ
ဒေါ်လာ(၆၀၀၀)ကျတယ်။

“ဘုရင်ခံချုပ်က နှစ်ယောက်စာဝတ်ထားပြီပဲ
ကျွန်တော်ဝတ်ဖို့မလိုတော့ပါဘူး” တဲ့
မဟတ္တမဂန္ဒီပြောခဲ့သလိုပါပဲ

လူပေါင်းများစွာဟာ ကျောပြောင်နေပြီး
လူအချို့ဟာ တောင်ပုံရာပုံရှိနေတယ်
ကမ္ဘာက သိပုံမရဘူး။

ကမ္ဘာဟာ သူ့ကိုယ်သူ ကမ္ဘာတည်မယ်ထင်နေရဲ့
ဘဝင်လည်းမြင့်ရဲ့
ရူးလည်းရူးရဲ့
ဂိုက်ပေးလည်းကြမ်းရဲ့

ကမ္ဘာကို မထီမဲ့မြင်ပြုရဲ့
“မာသာထရီဆာ”က တစ်ယောက်တည်း

“ဘင်လာဒင်”တွေအများကြီးပဲ
“ဂန္ဒီ”က တစ်ယောက်တည်း
“ဟစ်တလာ”တွေက အများကြီးပဲ။

မာသာထရီဇာနဲ့ပတ်သက်တဲ့မှတ်တမ်းရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေများစွာထဲကမှ ကျွန်တော်မှတ်မိနေတဲ့ ဇာတ်ဝင်ခန်းတစ်ခုရှိပါတယ်။ အချိန်က အိန္ဒိယနိုင်ငံမှာ လူမျိုးရေး/ဘာသာရေးခွဲခြားမှုတွေ ပြင်းထန်နေချိန်။ မာသာထရီဇာ ကယ်တင်စောင့်ရှောက်ပေးနေတဲ့ အနူအရွဲလူတွေ၊ ပိန်လှီခြောက်ကပ်လူနာတွေ၊ ယင်တလောင်းလောင်းအနာဗရပွနဲ့ ရောဂါသည်တွေကို မြို့သူမြို့သားတွေက လက်မခံချင်ကြတဲ့အတွက် အလှူရှင်တစ်ယောက်ရဲ့ကူညီမှုနဲ့အတူ မြို့စွန်က ဘုရားကျောင်းကလေးဆီ ပြောင်းရွှေ့ခဲ့ရပါတယ်။ အကြမ်းဖက်လိုစိတ်ပြင်းထန်နေတဲ့ လူတချို့ဟာ တုတ်တွေ၊ဓားတွေ၊လက်နက်တွေကိုင်လာပြီး ဘုရားကျောင်းလေးရှေ့မှာ အော်ဟစ်ဆဲဆိုကြပါတယ်။ အဖြူရောင်ဝတ်ရုံကို အပြာရောင်အနားကွပ်ကလေးတွေနဲ့ မာသာထရီဇာက လူအုပ်ကြီးရှေ့မှာ လာရပ်ပြီး စကားတစ်ခွန်းပြောပါတယ်။

“ရှင်တို့ ကျွန်မကို ရိုက်ချင်လား၊ ရိုက်ပါ။ ကျွန်မကို သတ်ချင်လား၊ သတ်ပါ။ ဒီလိုမလုပ်ခင်ကျွန်မတစ်ခုတော့ ပြောလိုက်မယ်။ အခုအထဲမှာရှိနေတဲ့လူတွေဟာ ဟိန္ဒူတွေ၊မူဆလင်တွေ။ ရှင်တို့လူမျိုးတွေ၊ ရှင်တို့နိုင်ငံသားတွေ၊ ရှင်တို့ဘာသာဝင်တွေ။ ကျွန်မအမျိုးတစ်ယောက်မှ မပါဘူး။ ကျွန်မနိုင်ငံသားတစ်ယောက်မှ မပါဘူး။ နည်းနည်းလေးဖြစ်ဖြစ်စဉ်းစားကြစမ်းပါ”။
လူအုပ်ကြီးဟာ မီးကိုရေနဲ့ငြိမ်းသလို ငြိမ်လို့၊ တိတ်ဆိတ်ညသန်းခေါင်ယံလို ငြိမ်လို့၊ လှိုင်း၊လေ လှုပ်ရှားခြင်းမရှိတဲ့ ရေပြင်လို ငြိမ်လို့။ မာသာထရီဇာရဲ့စကားကြောင့် ကိုယ့်အတ္တကိုယ်ရှက်ပြီး အလျှိုလျှိုထွက်သွားကြတော့တာလေ။

တစ်ဘဝလုံးကို အိန္ဒိယနိုင်ငံနဲ့ ကမ္ဘာပေါ်က ဒုက္ခသည်များအတွက်ပေးဆပ်ခဲ့တဲ့ မာသာထရီဇာဟာ မရဏတရားအတွက်ပေးဆပ်ဖို့လည်း အချိန်ရောက်လာပါတယ်။ နိုင်ငံအများအပြားကို ခရီးသွားနေပေမယ့် သူ့ရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးကုသဖို့ထက် သူ့ဂေဟာတွေက ဒုက္ခသည်တွေအတွက်ပဲ စိုးရိမ်ပူပန်ခဲ့တဲ့သူပါ။ ရောမမြို့မှာ ပုပ်ရဟန်းမင်းကြီးဂျွန်ပေါလ်(၂)နဲ့တွေ့ဆုံစဉ် ၁၉၈၃ကတည်းက မာသာထရီဇာဟာ နှလုံးရောဂါကို ခံစားနေရပြီဖြစ်ပါတယ်။ ၁၉၉၆ခုနှစ် သြဂုတ်လအတွင်းမှာ ငှက်ဖျားရောဂါကို အပြင်းအထန်ခံစားပြီးခဲ့ချိန်မှာတော့ သူ့ရဲ့ဇရာဟာ ကျန်းမာရေးကို အနှောက်အယှက်ပေးလာခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ကမ္ဘာကြီးရဲ့အားကိုးရာငြိမ်းချမ်းရေးရဲ့မိခင်၊ ရှုံ့တွမှုန်ဝေနေတဲ့အသားအရေနဲ့ မျက်နှာပေါ်ကအရေးအကြောင်းတွေကြားက စူးရှမျက်ဝန်းပိုင်ရှင်၊ ဒုက္ခသည်တွေကို ဆွဲပွေ့အားပေးလိုက်ဖို့ ဝန်မလေးခဲ့တဲ့ ဝတ်ရုံအဖြူမှာ အပြာရောင်အနားကွပ်ကလေးတွေနဲ့ သီလရှင်ကြီးမာသာထရီဇာဟာ ၁၉၉၇ခုနှစ်၊ စက်တင်ဘာလ ၅ရက်နေ့မှာ မြင့်မြတ်စွာကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့ဈာပနကို ကမ္ဘာအရပ်ရပ်က နိုင်ငံတော်ဝန်ကြီးချုပ်များ၊ သမ္မတများ၊ ပရဟိတသမားများနှင့် သူကူညီစောင့်ရှောက်ခဲ့သော ဒုက္ခသည်များက ခမ်းနားစွာကျင်းပခဲ့ကြပါတယ်။ သူကွယ်လွန်သွားချိန်မှာတော့ သူ့အတွက်ဝိုင်းဝန်းအားဖြည့်ပေးခဲ့ကြတဲ့ ပရဟိတသမားများ၊သီလရှင်များ စုစုပေါင်း(၁)သန်းကျော်ဟာ နိုင်ငံပေါင်း ၁၃၃နိုင်ငံမှာ အနာကြီးရောဂါတွေအတွက်၊ တီဘီရောဂါတွေအတွက်၊ မိဘမဲ့တွေအတွက်၊ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေသူတွေအတွက် ဆက်လက်ပေးဆပ်နေကြဆဲဖြစ်ပါတယ်။

“လူဆိုတာအေးအေးချမ်းချမ်းမနေခဲ့ရရင်တောင် အေးအေးချမ်းချမ်းသေရမယ်” တဲ့။ မာသာထရီဇာပြောခဲ့တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်တော့ နားဝင်ချိုဖို့မလွယ်တဲ့စကားပါ။ တစ်ရက်လုပ်အားခကို တစ်ရက်ဝမ်းစာအဖြစ်ပြောင်းလဲလိုက်ရတဲ့သူတွေမှာ ဘယ်ကလာပြီးကျန်းမာရေးစရိတ်၊ နာရေးစရိတ်ဟာ အဆင်သင့်ဖြစ်ပါ့မလဲ။ နာရေးကူညီမှုအသင်းတွေနဲ့ စေတနာရှင်တွေကြောင့်သာ နည်းနည်းဖြေသာနိုင်နေတာပေါ့။ ဒီလိုလူမှုရေးသမားတွေဟာ သေနတ်တစ်ချက်မဖောက်၊ ဓားတစ်ချက်မဝင့်၊ လက်သီးတစ်ချက်မထိုးတဲ့ သူရဲကောင်းတွေပါပဲ။ သေနတ်ပစ်ပြီးနိုင်ငံကိုကာကွယ်၊ ဓားခုတ်ပြီးလူမျိုးကိုကာကွယ်၊ လက်သီးထိုးပြီးပိုင်နက်ကို ကာကွယ်မှသာ သူရဲကောင်းလို့မြင်တဲ့အမြင်တွေ ဒီနေ့ကမ္ဘာကြီးမှာ မျိုးတုံးသွားတာကြာပါပြီ။

လက်ထဲမှာ မေတ္တာတရားထည့်ထားပါ၊ တခြားလက်တစ်စုံကိုပေးပါ။ ဒါသူရဲကောင်းပဲ။ အကြည့်ထဲမှာ အကြင်နာတရားထည့်ထားပါ။ တခြားမျက်ဝန်းတစ်စုံကိုကြည့်ပါ။ ဒါသူရဲကောင်းပဲ။ နှုတ်ခမ်းပေါ်မှာ ငြိမ်းချမ်းရေးကိုတင်ထားပါ။ တခြားနှုတ်ခမ်းတစ်စုံကို ပြုံးပြပါ။ ဒါသူရဲကောင်းပဲ။ သံချပ်ကာတိုက်ပွဲဝင်ဝတ်စုံဝတ်ထားတဲ့ သူရဲကောင်းတွေထက် အဖြူရောင်ဝတ်ရုံမှာ အပြာရောင်အနားကွပ်ထားတဲ့ သီလရှင်ကြီးကို ကမ္ဘာကြီးဟာ၊ ကျွန်တော်တို့ဟာ ပိုမိုလွမ်းဆွတ်လိုအပ်ပါတယ်။ ကဗျာဆရာလူအိမ်ရဲ့ “ရူးနေတဲ့ကမ္ဘာ”ဆိုတဲ့ကဗျာထဲက အပိုဒ်တချို့ကို ရေရွတ်နေရင်းနဲ့ပေါ့။

“ဒါးဗို့”မှာအစည်းအဝေးလုပ်တော့
“နီဂရိုးပွန်တီ”က
ကလေးတွေအတွက် ဒေါ်လာ(၁၀၀)တန်ကွန်ပြူတာတွေထုတ်ရမယ်

“ဘီလ်ဂိတ်”က ဒီလိုမဟုတ်
ကွန်ပြူတာနဲ့ တွဲကြည့်လို့ရတဲ့ ဆဲလ်ဖုန်းတွေ ထွင်ဖို့လိုတယ်တဲ့

“ရှာရွန်စတုန်း”က ပြောတယ်
လောလောဆယ် အာဖရိကပြည်သူတွေကို
ခြင်ထောင်တွေပေးရမယ်တဲ့။

တကယ့် မီးစတစ်ဖက်ရေမှုတ်တစ်ဖက်ပါပဲ
ကမ္ဘာဟာ
တစ်ဖက်မှာ လေသံကောင်းလွှင့်ပြီး
တစ်ဖက်မှာတော့ ဇိမ်နဲ့ ငြိမ့်ချင်နေတုန်းပဲ

ကမ္ဘာဟာ ခုချိန်ထိ
တရားတွေ့သလိုလိုနဲ့
တရားကိုကွေ့ရှောင်နေတုန်းပဲ။

ဟိန်း
17.4.13

ကိုးကား

– en.wikipedia.org
– www.motherteresa.org
– ဆရာ လူအိမ်(ရူးနေတဲ့ကမ္ဘာ)
Instyle မဂ္ဂဇင်း

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Next Post
ဖခင်ရဲ့မျက်နှာကို မထောက် တိုင်းပြည်အား သစ္စာဖောက်ခဲ့သူ

ဖခင်ရဲ့မျက်နှာကို မထောက် တိုင်းပြည်အား သစ္စာဖောက်ခဲ့သူ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!