သာမန်လူမျိုးစုငယ်လေးရဲ့ ခေါင်းဆောင်ဘဝကနေ ကမ္ဘာ့နယ်မြေတစ်ဆက်တည်း အကြီးဆုံးအင်ပါယာကို ထူထောင်ခဲ့တဲ့ စစ်ဘုရင်ကြီးဂျစ်ဂျစ်ခန်ဖြစ်လာမယ့် ဂျင်ဂျစ်ခန်ကို ၁၁၆၂ခုနှစ်မှာ ကမ္ဘာကျော်ဂိုဘီသဲကန္တာရထဲက မွန်ဂိုလီးယားနိုင်ငံ မြို့တော်အူလန်ဘာတာ နဲ့ အနည်းငယ်ဝေးတဲ့ ဒယ်လီဂန် ဗူလဒွတ်ဆိုတဲ့အရပ်မှာ မွေးဖွားခဲ့ပါတယ်။
ငယ်နာမည်က တီမူးဂျင်းဖြစ်ပြီး အဓိပ္ပါယ်ကတော့ သံမဏိလူသား(Iron Man) ဖြစ်ပါတယ်။ သူရဲ့ဖခင်ကတော့ ကိုယ်ယက်ခ်မျိုးနွယ်စုရဲ့ခေါင်းဆောင် ရက်စုခိုင်ဖြစ်ပါတယ်။ အသက် ၁၂နှစ်အရွယ်ကတည်းက တိုက်ရည်ခိုက်ရည်ကောင်းပြီး အမဲလိုက်ကျွမ်းကျင်သူဖြစ်ခဲ့တယ်။
ဖခင်ဖြစ်သူမှာ တာတာလူမျိုးတို့ရဲ့ အဆိပ်ခတ်လုပ်ကြံခြင်းကို ခံရပြီးတဲ့နောက်မှာ တီမူးဂျင်ဟာ လူမျိုးစုခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်က သူ့အသက်က ၁၃နှစ်ပဲ ရှိပါသေးတယ်။ ငယ်ရွယ်တဲ့သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ မနေချင်တဲ့သူတွေဟာ အခြားအုပ်စုတွေကို ပြောင်းရွေ့သွားတာကြောင့် သူ့ရဲ့တပ်အင်အားနည်းလာခဲ့တယ်။
သူကိုယ်တိုင်လည်း သူ့ဖခင်ရဲ့မဟာမိတ်ဖြစ်ခဲ့တဲ့ တရီချိုင်ရစ်လူမျိုးစုရဲ့ တိုက်ခိုက်ဖမ်းဆီးခြင်းကိုခံခဲ့ရတယ်။ သူ့ကိုသနားပြီး သံယောဇဉ်ရှိတဲ့ အစောင့်တစ်ဦးက လွတ်မြောက်အောင်ကူညီခဲ့တယ်။ အဲဒီအချိန်ကစလို့ တီမူးဂျင်ဟာ ညီအစ်ကိုများနဲ့အတူ လူအင်အား လက်နက်အင်အားကို စတင်စုစည်းခဲ့တယ်။
လူမျိုးစုပေါင်းများစွာ တစ်အုပ်စုစီ အကွဲကွဲဖြစ်နေတဲ့ မွန်ဂိုနယ်မြေတွေကို တရုတ်ကလွှမ်းမိုးဖို့ကြံနေတဲ့အချိန်လည်းဖြစ်တယ်။ တီမူးဂျင်ရဲ့ အမေဖြစ်သူ ဟိုလန်က မွန်ဂိုနိုင်ငံရေးအခြေအနေနဲ့ မဟာမိတ်ဖွဲ့ခြင်းရဲ့အရေးပါပုံတွေကို တီမူးဂျင်ကို သင်ပေးခဲ့တာကြောင့် တီမူးဂျင်ဟာ မဟာမိတ်ဖွဲ့ခြင်း လူစုဆောင်းခြင်းကို အားစိုက်ခဲ့တယ်။
အသက် ၁၆နှစ်မှာ အွန်ဂူရက်မျိုးနွယ်စုက ဘုတ်အူဂျင် ဆိုတဲ့မိန်းကလေးနဲ့ မဟာမိတ်ဖွဲ့ခြင်းအလို့ငှာလက်ထပ်ခဲ့ပြီး သားလေးဦး ထွန်းကားခဲ့တယ်။ ဂျင်ဂျစ်ခန်ဟာ သူသိမ်းပိုက်ခဲ့တဲ့နိုင်ငံတိုင်းကနေ အနည်းဆုံးဇနီးတစ်ယောက်စီ ယူခဲ့တယ်လို့ ဆိုကြတယ်။ ဒါပေမယ့် ဇနီးဘယ်ရွေ့ဘယ်မျှနဲ့ သားသမီးဘယ်လောက်ရှိခဲ့သလဲဆိုတာကိုတော့ သမိုင်းမှတ်တမ်းမကျန်ခဲ့ပါဘူး။
အဲဒီအချိန်က တီမူးဂျင်ရဲ့ အဓိကရန်သူ လူမျိုးစုတွေက နိုင်မန်း ၊ မားကစ် ၊ တန်ဂပ် ၊ ဂျင် နဲ့ တာတာ လူမျိုးစုတွေဖြစ်ကြတယ်။ အဲဒီနောက်တော့ ဂျင်ဂျစ်ခန်ဟာ ဆက်တိုက်ဆိုသလို လူမျိုးစုတွေကို တစ်စုပြီးတစ်စု အနိုင်ယူသိမ်းသွင်းနိုင်ခဲ့တယ်။ ဒီလိုသိမ်းသွင်းပြီးတဲ့အခါတိုင်းမှာ ရှုံးနိမ့်သူတွေကို သူ့လက်အောက်မှာ အမှုထမ်းစေခဲ့တယ်။
သိမ်းသွင်းလို့မရတဲ့သူတွေကိုတော့ အဆုံးစီရင်ခဲ့တယ်။ ဘုရင်တစ်ပါးလို မအုပ်ချုပ်ပဲ မိသားစုပုံစံနဲ့ သူ့ရဲ့တပ်ကို ဖွဲ့စည်းခဲ့တယ်။ သစ္စာဖောက်တဲ့သူတွေကိုတော့ ရက်ရက်စက်စက် အပြစ်ပေးတတ်တယ်။ ဒါကြောင့်လည်း ရှုံးနိမ့်သူတွေရဲ့ လေးစားမှုကိုရရှိပြီး သူ့ရဲ့တပ်ဟာ တစ်နေ့ထက်တစ်နေ့ အင်အားကြီးမားလာခဲ့တယ်။
၁၂၀၁ ခုနှစ် စစ်ပွဲတစ်ပွဲမှာ တီမူးဂျင်ရဲ့မြင်းဟာ ရန်သူလေးသည်တော် တစ်ယောက်ရဲ့ ပစ်ချက်ထိမှန်ခဲ့ဖူးတယ်။ စစ်ပွဲအနိုင်ရပြီးတဲ့နောက်မှာ ဂျစ်ဂျစ်ခန်က သူမြင်းကိုပစ်ခဲ့တဲ့ရန်သူကို ထွက်လာစေခဲ့တယ်။ ဘာကြောင့် သူ့ကိုမပြစ်ပဲ မြင်းကိုပြစ်ရတာလဲလို့ မေးတယ်။ လေးသည်တော်ကလည်း မကြောက်မရွံ့ပဲ ပြန်ဖြေတယ်။
သူပစ်တာဂျစ်ဂျစ်ခန်ရဲ့ လည်မျိုကိုဖြစ်ပြီး မြင်းကိုချော်ပြီးမှန်ခဲ့တာဖြစ်တယ်လို့ ဆိုတယ်။ ဒီအတွက် သူမတောင်းပန်နိုင်ဘူး။ သတ်ချင်လဲသတ် မသတ်ချင်လဲနေလို့ ဆိုပြီးနောက် တကယ်လို့သူ့ကိုမသတ်ခဲ့ရင်တော့ ဂျင်ဂျစ်ခန်ရဲ့ လက်အောက်မှာသစ္စာရှိစွာ အမှုထမ်းပါမယ်လို့ လျှောက်တယ်။ ဂျစ်ဂျစ်ခန်က လေးသည်တော်ကိုမသတ်တော့ပဲ သူ့တပ်မှာအမှုထမ်းစေခဲ့တယ်။ နောက်ပိုင်းမှာ အဲဒီလေးသည်တော်ဟာ သူ့ရဲ့ အားကိုးရတဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်လာခဲ့တယ်။
၁၂၀၆ခုနှစ်မှာ ဝီးဂူးဝါးပြည်ကို အောင်မြင်ပြီးတဲ့နောက် သူ့ရဲ့အောင်မြင်မှုတွေကို ထင်ရှားစိမ့်သောငှာ ဂျင်ဂျစ်ခန်ဟူသော အမည်ကိုယူခဲ့တယ်။ မွန်ဂိုတစ်နိုင်ငံလုံးကို စုစည်းပြီးတဲ့နောက် ၁၂၀၉ခုနှစ်မှာ တရုတ်နိုင်ငံတံတိုင်းကြီးကိုဖြတ်ကျော်ပြီး တရုတ်ပြည်မြောက်ပိုင်းကို စတင်ကျူးကျော်ခဲ့တယ်။ အလွယ်တကူအောင်မြင်ခဲ့ပြီး ပီကင်းမှာ နှစ်အနည်းငယ်နေခဲ့တယ်။
အဲဒီနောက်တော့ ကိုရီးယားနိုင်ငံကို ဆက်လက်တိုက်ခိုက်ခဲ့တယ်။ ကိုရီးယားကိုသိမ်းပိုက်ပြီးတဲ့အခါမှာ ပါရှားပြည်နဲ့ မဟာမိတ်ပြုတယ်။ ပါရှားဘုရင်က မခန့်လေးစားလုပ်ပြီး စေလွှတ်လိုက်တဲ့သံတမန်တွေကို ခေါင်းဖြတ်သတ်ခဲ့တယ်။ ဂျင်ဂျစ်ခန်ဟာ စစ်သည် ၇သိန်းနဲ့ ပါရှားပြည်ကို တိုက်ခိုက်ခဲ့တယ်။ မြို့ကြီး ၂မြို့စိစိညက်ညက်ကြေသွားပြီး ပါရှားဘုရင်ကတော့ ထွက်ပြေးသွားခဲ့တယ်။
အဲဒီနောက်တော့ ရုရှားပြည်နဲ့ အနီးအနားက နိုင်ငံတွေကို မဟာမိတ်ဖွဲ့ဖို့ သံတမန်တွေ စေလွှတ်ပြန်တယ်။ ရုရှားတို့က မိမိတို့တိုင်းပြည်သည် အလွန်ကြီးကျယ်ခမ်းနားကြောင်း မွန်ဂိုဟူသောအမည်ကို ကြားပင်မကြားဖူးကြောင်း မချေမငံ့ဆက်ဆံခဲ့သလို အခြားတိုင်းပြည်တွေကတော့ ဂျင်ဂျစ်ခန်ရဲ့သံတမန်တွေကို သတ်ဖြတ်ပစ်ခဲ့ကြတယ်။
ရုရှားအပါအဝင် အဲဒီနိုင်ငံအားလုံးကို အင်အားအလုံးအရင်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်။ နှစ်ပေါင်းများစွာ တစ်နိုင်ငံပြီးတစ်နိုင်ငံ သိမ်းပိုက်ခဲ့တယ်။ သူ့ရဲ့အားအကိုးရဆုံးတပ်ကတော့ မွန်ဂိုမြင်းစီးသူရဲများဖြစ်တယ်။ အားလုံး မွန်ဂိုအင်ပါယာရဲ့အောက်မှာ အညံ့ခံခဲ့ပြီး လက်ဆောင်ပဏ္ဍာတွေ ဆက်သလာခဲ့ကြကာ သစ္စာခံခဲ့ကြတယ်။
အနောက်ဘက်နိုင်ငံတွေကို ဆက်တိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် နေပြည်တော်သို့ပြန်လာခဲ့တယ်။ နေပြည်တော်ပြန်ရောက်တဲ့အချိန် မှာ ဂျင်ဂျစ်ခန်ရဲ့အသက်ဟာ ၆၀ ရှိပြီဖြစ်ပေမယ့် တရုတ်ပြည် အနောက်မြောက်ပိုင်းကို ချီတက်တိုက်ခိုက်ပြီး အောင်ပွဲခံခဲ့သေးတယ်။ တိုက်ခဲ့သမျှ တစ်ပွဲမှ အရှုံးမရှိခဲ့ဘူးလို့ ဆိုကြတယ်။ တိုက်ပွဲများတိုက်ရင်း အောင်ပွဲခံရင်း ၁၂၂၇ခုနှစ် သြဂုတ်လမှာတော့ စစ်ဘုရင်ကြီး ဂျင်ဂျစ်ခန် ကွယ်လွန်သွားခဲ့တယ်။
သူသိမ်းပိုက်ခဲ့တဲ့ အကျယ်အဝန်းကတော့ အိန္ဒိယအနောက်မြောက်ပိုင်း ၊ အီရန် ၊ ရုရှားနိုင်ငံတစ်စိတ်တစ်ဒေသ ၊ တရုတ်နိုင်ငံ မြောက်ပိုင်း ကြားဧရိယာအားလုံးဖြစ်တယ်။ စတုရန်းမိုင်ပေါင်း ၁၁သန်း နဲ့ ၁၂ကြား (ကမ္ဘာ့ကုန်းမြေရဲ့ ၁၆.၁၁ရာခိုင်နှုန်း) ကျယ်ဝန်းခဲ့ပြီး ကမ္ဘာ့တစ်ဆက်တည်း ဧရိယာအကြီးမားဆုံးအင်ပါယာတည်ထောင်သူ အဖြစ် သမိုင်းတင်ခဲ့တယ်။ စစ်ရေးစစ်ရာ အလွန်ကျွမ်းကျင်ပြီး စည်းကမ်းကောင်းတဲ့အင်ပါယာကြီးကိုဖွဲ့စည်းကာ မြင်းကုန်နှီးပေါ်မှ ဓားလွတ်ဖြင့် နိုင်ငံထူထောင်သူဖြစ်ခဲ့ပါတယ်။
သမိုင်းပညာရှင်များ ခန့်မှန်းချက်အရ ဂျင်ဂျစ်ခန်ရဲ့ မွန်ဂိုအင်ပါယာကြောင့် သေဆုံးခဲ့သူပေါင်း သန်း ၄၀ ခန့် ရှိတယ် လို့သိရပြီး ဒါဟာ အဲဒီအချိန်က ကမ္ဘာ့လူဦးရေကို သိသိသာသာပြောင်းလဲစေခဲ့တဲ့ အရေအတွက်ဖြစ်တယ်။ ဂျင်ဂျစ်ခန် ဘယ်လိုပုံစံရှိခဲ့တယ်ဆိုတာကိုဘယ်သူမှ မသိကြသလို ဂျင်ဂျစ်ခန်ရဲ့ အုတ်ဂူကိုတောင် ယခုထက်တိုင် ပညာရှင်များ မရှာဖွေနိုင်ကြသေးပါဘူး။
Discussion about this post