Via : သုတကြယ်စင်
ကမ္ဘာဂြိုလ် ဟာ နေအဖွဲ့အစည်းထဲမှာ သက်ရှိတွေနေထိုင်လို့ရတဲ့ တစ်ခုတည်းသောဂြိုလ်ဖြစ်ပါတယ် ။ ကမ္ဘာဂြိုလ်အတွင်းမှာ သက်ရှိမျိုးစိတ်ပေါင်း သန်းနှစ်ထောင်လောက်မှီတင်းနေထိုင်ကြတယ်လို့ဇီဝဗေဒပညာရှင်တွေက ဆိုပါတယ် ။
ဒါပေမယ့် ကမ္ဘာဂြိုလ်ထဲမှာကိုပဲ သက်ရှိတွေ နေထိုင်ရှင်သန်ဖို့မဖြစ်နိုင်တဲ့ နေရာဒေသတွေရှိနေပါတယ် ။ အဲဒီနေရာတွေကိုတော့ ဇီဝဗေဒ ပညာရှင်တွေက သေမင်းခံတွင်းဝ ( သို့) Dead Zone ဆိုပြီး အမှတ်သညာပြုခေါ်ဆိုကြပါတယ်။
အဲဒီနေရာတွေကို ဘာကြောင့် Dead Zone ဆိုပြီးခေါ်ရသလည်း ဆိုတော့ အဲဒီနေရာမှာ သက်ရှိတွေနေထိုင်ဖို့အတွက် မရှိမဖြစ်အရာဖြစ်တဲ့အောက်ဆီဂျင်ဓာတ် အလွန် အမင်းနည်းပါးလို့ပါပဲ။ အဲဒီနေရာတွေ တော်တော်များများဟာ ပင်လယ်သမုဒ္ဒရာ ၊ ကမ်းရိုးတန်းနေရာ တွေနဲ့ ရေအိုင်ကြီးတွေရှိတဲ့နေရာတွေ ဖြစ်ကြပါတယ်။
၁၉၇၀ လောက်မှာ oceanographer အဖွဲ့အစည်းက အဲဒီ Dead Zones တွေကိုစတင်တွေ့ရှိ သတိထားမိခဲ့ ပြီး အမေရိကန် သမုဒ္ဒရာပိုင်းဆိုင်ရာ ပညာရှင်တွေ ၊ ဇီဝဗေဒပညာရှင်တွေနဲ့ ပူးပေါင်းပြီး လေ့လာစောင့်ကြည့်မှု့တွေ ပြုလုပ်ခဲ့ကြပါတယ်။
၂၀၁၄ မတ်လ UN enviroment Program အတွက် တင်သွင်းခဲ့တဲ့ စာတမ်းအရ အခုဆိုရင် ကမ္ဘာပေါ်မှာ Dead Zone ပေါင်း ၄၀၀ ကျော်ထိ တိုးပွားလာနေပြီး နဂိုရှိပြီးသား dead zones တွေရဲ့ အကျယ်အဝန်းဟာလည်း တဖြည်းဖြည်းကြီးထွားလာနေပြီ ဖြစ်ပါတယ်။ အခုဆိုရင် အကြီးမားဆုံး Dead Zone တစ်ခုရဲ့ အကျယ်အဝန်းဟာ စတုရန်းကီလိုမီတာ ၇၀၀၀၀ ကျော်ထိရှိနေပါပြီ။
အထင်ရှားဆုံးနဲ့ အကြီးမားဆုံး Dead Zone အဖြစ် ရှိနေတာကတော့ မက္ကဆီကို ပင်လယ်ကွေ့တဝိုက်နားက မက္ကဆီကိုကမ်းရိုးတန်းတစ်လျှောက်နေရာတွေဖြစ်ပါတယ် ။ အခုဆိုရင် မက္ကဆီကို ကမ်းရိုးတန်းတလျှောက်မှာ ရေနေသတ္တဝါတွေ လုံးဝနီးပါးမရှိတော့ပဲ မက္ကဆီကို ရေလုပ်သားတွေဟာ ကမ်းလွန်ပင်လယ်ပြင်မှာသာငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်နေရပြီဖြစ်ပါတယ်။
နောက်ထပ်ထင်ရှား ကြီးမားတဲ့ Dead Zones တွေကတော့ Kattegat လို့ခေါ်တဲ့ ဘောလ်တစ်ပင်လယ်ဝနေရာ၊ Erice ရေကန် ၊ St. Lawrence River မြစ်အောက်ပိုင်း တောင်တရုတ်ပင်လယ် ဂျပန်ကမ်းရိုးတန်းတဝိုက် စတဲ့နေရာများဖြစ်ပါတယ်။
အဲဒီနေရာတွေကို စုပေါင်းလိုက်မယ်ဆိုရင် ကမ္ဘာ့ဧရိယာစုစုပေါင်းရဲ့ ၂ % ရာခိုင်နှုန်းကျော်ပါတယ် ။ အခုလို dead Zone တွေ တိုးပွားကျယ်ပြန့်လာတဲ့အကျိုးဆက်အနေနဲ့ ကမ္ဘာပေါ်မှာ သက်ရှိမျိုးစိတ်တွေနေထိုင် ရာနေရာတွေ လျော့ပါးလာပြီး မျိုးစိတ်တော်တော်များများကို မျိုးသုဉ်းပျောက်ကွယ်သွားစေနိုင်ပါတယ် ။
နောက်ထပ်အကျိုးဆက်အနေနဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အခက်အခဲကို ပိုမိုကျပ်တည်းစေတဲ့အပြင် ရေနေသတ္တဝါ များ အပင်များအတွက် ပုံမှန် လုပ်ဆောင်နေကျ မျိုးဆက်ပြန့်ပွားခြင်း လုပ်ငန်းတွေကို အကြီးအကျယ် အနှောက်အယှက်ပြုနိင်ပါတယ် ။
အခုလို Dead Zones တွေ ဖြစ်ပေါ်ပွားများလာရတဲ့ အဓိက အကြောင်းအချက်ကတော့ ကမ္ဘာ့ စက်ရုံတွေရဲ့ ညစ်ညမ်းစွန့်ပစ်ပစ္စည်းတွေအားလုံးဟာ ပင်လယ်သမုဒ္ဒရာတွေဆီကို ဖြစ်ပြီး အဲဒီနေရာတဝိုက်မှာ ရေထုဟာ အဆမတန်ညစ်ညမ်းသွားလို့ပါ။ နောက်တချက်ကတော့ ရေအောက်မီးတောင်တွေ ပေါက်ကွဲမှု့ကြောင့် ဖြစ်ပြီး ရေအိုင် ကြီးတွေရဲ့ Dead Zone တွေကတော့ ရေအိုင်တွင်း မှာ Decay of algae တွေ အဆမတန်ပေါက်ဖွားလာလို့ဖြစ်ပါတယ်။
အခုဆိုရင် Dead Zone တွေဟာ ပင်လယ် ပြင်ဒေသတွေတင်မကတော့ပဲ ကုန်းတွင်းပိုင်းဒေသတွေမှာပါ ဖြစ်လာနိုင်ချေရှိတယ်ဆိုပြီး UN ရဲ့ Environmental Conference က စိုးရိမ်တကြီးထောက်ပြနေပြီဖြစ်ပါတယ်။
နောက်လာမယ့် ၁၀ နှစ်အတွင်း ကမ္ဘာပေါ်မှာမှာDead Zone သေမင်းခံတွင်းဝပေါင်း ၆၀၀-၈၀၀ ကြားရှိလာနိုင်ပြီး နောက်ဆယ်စုနှစ်အတွင်းမှာ ကမ္ဘာ့လူသားတွေဟာ စားနပ်ရိက္ခာ အခက်အခဲကို အကြီးအကျယ်ခံစားရလိမ့်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။
VIDEO
မက္ကဆီကိုပင်လယ်ကွေ့ မှာ ရှိတဲ့ ကမ္ဘာ့အကြီးဆုံး DeadZone
Discussion about this post