စာရေးဆရာမကြီး ခင်မျိုးချစ်ကို ၁၉၁၅ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် စစ်ကိုင်းမြို့အဖရာဇဝတ်ဝန်ထောက် ဦးတော်၊ အမိဒေါ်သန်းတင်တို့မှ ဖွားမြင် ခဲ့သည်။ မွေးချင်း ငါးယောက်အနက် အကြီးဆုံးဖြစ်ပြီး ညီမတစ်ယောက်နှင့် မောင်သုံးယောက်ရှိသည်။ အမည်ရင်းမှာ မခင်မြ ဖြစ်သည်။
ဖခင်ဘက်မှ အဖိုးဖြစ်သူမှာ မြန်မာပညာရှိ သီရိစတုရ င်္ဂဗလဘွဲ့ခံဦးဖေ (ခရစ် ၁၈၆၁-၁၉၄၃) ဖြစ်ပြီး အဖွားဖြစ်သူမှာ ဗန်းမော်အတွင်းဝန်ဦးဖိုး၏ သမီး ဗန်းမော်ခင်လေးကြီးဖြစ်သည်။ ငယ်စဉ်က သရက်မြို့ အစိုးရအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ၁၉၃၂ ခုနှစ်မိတ္ထီလာ အမျိုးသားကျောင်းမှ ဆယ်တန်းအောင်မြင်၍ တက္ကသိုလ် ဆက်တက်ခဲ့သည်။ သို့သော် တစ်နှစ်သာတက်၍ ကျောင်းထွက်လိုက်ရသည်။
၁၉၃၂ တွင် တက္ကသိုလ်မဂ္ဂဇင်း ‘ဝသန္တ’ စာစောင်သို့ ဆာဝါလတာစကော့ (Sir Walter Scott) ၏ Patriotism (မျိုးချစ်စိတ်ဓာတ်) ကဗျာကို မှီး ၍‘ဇာတိမာန်’ အမည်ဖြင့် တေးထပ်တပုဒ်ကိုရေး၍ပေးပို့ခဲ့ရာ ကလောင်အမည်ထည့်မရေးခဲ့သည့်အတွက် စာစောင်အယ်ဒီတာ ဒေါ်သန်းရင်က ကလောင် အမည်ကို ‘ခင်မျိုးချစ်’ ဟု အမည်တပ်ပေးခဲ့ရာမှ ‘ခင်မျိုးချစ်’ အမည်တွင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဒဂုန်မဂ္ဂဇင်း၊ သူရိယ သတင်းစာ၊ ဘားမား ဂျာနယ်တို့၌ဆောင်းပါး၊ ဝတ္ထုတိုများ ဆက်လက် ရေးသားခဲ့သည်။
ပထမဆုံးရေးသားခဲ့သောဒဂုန်မဂ္ဂဇင်းပါ ဝတ္ထုတိုနှင့်ပတ်သက်၍ ဆရာမကြီးသည် ၁၉၉၅ ဒီဇင်ဘာလထုတ် ရွှေစင်မဂ္ဂဇင်း၌ ဤသို့မှတ်တမ်းတင်ထားသည်။“မနေ့က စာရေးသူဆီကို စာအိတ်ကြီး တစ်အိတ်ရောက်လာတယ်။ သိလိုဇောနဲ့ ဖွင့်ကြည့်လိုက်တော့ စာရေးသူရဲ့ ဝတ္ထုကော်ပီဖြစ် နေတယ်။ ပူးတွဲပါလာတဲ့စာက အယ်ဒီတာဒဂုန်ဦးလှဘေ ကိုယ်တိုင် စိတ်ရှည်ရှည်ရေးလိုက်တဲ့စာဖြစ်တယ်။ အယ်ဒီတာက စာရေးသူရဲ့ ဝတ္ထုက ရှည်လွန်းနေတယ်တဲ့။ ပြီးတော့ ဝတ္ထုကို ဘယ်လိုပြုပြင်ပေးရင်ကောင်းမယ် ဆိုတဲ့ အကြံပေးချက်တွေလည်းပါတယ်။ ဒဂုန်ဦးလှဘေရဲ့ကျေးဇူးကြီးပါပေတယ်။ ဒါနဲ့ အယ်ဒီတာအကြံပေးတဲ့အတိုင်း ဝတ္ထုကို ပြုပြင်ရေးပြီးပြန်ပို့လိုက်တော့ ဒဂုန်မဂ္ဂဇင်းမှာ ပါလာတယ်” ဤသည်ကား ဆရာမကြီး၏ ပထမဆုံးဝတ္ထုတိုနှင့်ပတ်သက်၍ သူကိုယ်တိုင်ရေးသားချက်ဖြစ်သည်။
ယင်းနောက် သူရိယသတင်းစာတွင် အခန်ဆက် ရေးသားခဲ့သော ‘ကောလိပ်ကျောင်းသူ’ အခန်းဆက်ဝတ္ထုရှည်ကို ၁၉၃၆ ခုနှစ်တွင် လုံးချင်းအဖြစ်ပထမဆုံး ပုံနှိပ်ထုတ်ဝေခဲ့သည်။ အဆိုပါဝတ္ထုနှင့် ပတ်သက်၍ ဆရာမကြီးအား သူရိယသတင်းစာတွင် အဆက်အသွယ်ရှိ သည့် မိတ်ဆွေတဦးက ဇဝန၏ ‘ကောလိပ်ကျောင်း သား’ ဝတ္ထုခေတ်စားနေသည်မို့ ‘ကောလိပ်ကျောင်းသူ’ ဝတ္ထုရှည်ရေးရန်တိုက်တွန်းရာမှ ရေးသားခဲ့သည်ဟု ဆိုသည်။ ၁၉၃၈ ခုနှစ်တွင် ကျောင်းသားသပိတ်ကြီး၌ ပါဝင်၍ နိုင်ငံရေးကို တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။၁၉၃၉ ခုနှစ်တွင် ဦးခင်မောင်လတ် (လုပ်သားပြည်သူ့နေစဉ် အင်္ဂလိပ်သတင်းစာ အယ်ဒီတာချုပ်) နှင့် လက်ထပ်၍ ၁၉၄ဝ ပြည့်နှစ်တွင် သား ခင်မောင်ဝင်း (သင်္ချာပါမောက္ခ ဒေါက်တာခင်မောင်ဝင်း) ထွန်းကားခဲ့သည်။
၁၉၄၁ ခုနှစ်နှင့် ၁၉၄၅ ခုနှစ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော်ရုံး၌ အမှုထမ်းစဉ် Three Years Under the Japs (သုံးနှစ်တာ ဂျပန်လက်အောက်ခံဘဝ)စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။ အဆိုပါစာအုပ်၌ ဆရာမကြီးခင်မျိုးချစ်က ဖက်ဆစ်ဂျပန်များ၏ ဆိုးသွမ်းယုတ်မာပုံများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့သူဖြစ်ပြီး သူတို့၏ အမူအကျင့်များကို ခါးခါးသီးသီးဆန့်ကျင်ပြီး ဖက်ဆစ်များအပေါ် တော်လှန်ရေးဆင်နွှဲ အပြီးမှာပင် ရေးသားခဲ့ခြင်းဖြစ်သည်။ အဆိုပါစာအုပ်ကို ၁၉၄၅ ခုနှစ်တွင် ပထမအကြိမ်ထုတ်ဝေခဲ့ပြီး အာဇာနည် ဒီးဒုတ်ဦးဘချိုက အမှာစာရေးပေးထားသည်။ အုပ်ချုပ်ရေး၌ နီးနီးကပ်ကပ်နေထိုင် ကျင်လည်ခဲ့ရသဖြင့် ဖက်ဆစ် ဂျပန်များနှင့်လည်း ထိပ်တိုက်ရင်ဆိုင်ခဲ့ရပုံများကို နာနာကြည်းကြည်း မှတ်တမ်းတင်ခဲ့လေသည်။
ဆရာဦးဘချို၏ အမှာစာတွင် –
“ဤစာအုပ်သည် သာမန်မြန်မာလူမျိုးတဦး၏ခံစားချက် များကို ရောင်ပြန်ဟပ်ထား သည်။ တဖက်တွင်လည်း သမိုင်းသုတေ သီများအတွက် ဂျပန်ခေတ်သုံးနှစ်အတောအတွင်း မြန်မာနိုင်ငံ၏ သမိုင်းဖြစ်စဉ်များနှင့် ပတ်သက်၍ မှတ်တမ်း မှတ်ရာ သဲလွန် စများကို ရရှိနိုင်ပါ သည်။ သုံးနှစ်တာ ဂျပန်ခေတ်အတွင်းကအဖြစ်အပျက်များကို လှစ်ဟပြထားသည့်ရေးသားချက်များတွင် မြန်မာတပြည်လုံး စစ်အကျဉ်းစခန်းကြီးအဖြစ်ရောက်ရှိခဲ့ရပုံ၊ ထိုအကျဉ်းစခန်းကြီးသည် နာမည်ဆိုးဖြင့်ကျော်ကြားသော ‘ရှက်စရာမော်ကွန်းကျောက်တိုင်များ’ ဟု အမည်တွင်သော နာဇီအကျဉ်း စခန်းများထက်ပင်သာလွန်သောမှတ်တိုင်တခုဖြစ်ကြောင်းကို ဤစာအုပ်ကလေးတွင် တွေ့ရှိရမည်ဖြစ်သည်”
ဟု ရေးသားခဲ့လေသည်။
ယခုအခါ အဆိုပါစာအုပ်ကို ဆရာမကြီးခင်မျိုးချစ်၏ မြေးဖြစ်သူ ဂျူနီယာဝင်းက မြန်မာဘာသာသို့ပြန်ဆိုခဲ့ပြီး ၂ဝဝ၉ ခုနှစ်က အတွေးအမြင် မဂ္ဂဇင်းတွင် ၄ လဆက်ဖော်ပြခဲ့သည်။ ထိုဘာသာပြန်နှင့်အတူ မူရင်းအင်္ဂလိပ်ဘာသာဖြင့်တွဲ၍ ဒေါင်းစာပေက ၂ဝ၁၁ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေခဲ့သည်။ ထို့နောက် ဆရာမကြီးခင်မျိုးချစ် သည် စစ်ပြီးနှင့် လွတ်လပ်ရေးရပြီး ခေတ်များတွင် အိုးဝေသတင်းစာ၊ တိုင်းရင်းသူဂျာနယ်၊ စာပေဗိမာန်တို့တွင် အမှုထမ်းခဲ့သည်။၁၉၅၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်စာ) ဖြင့် ရရှိခဲ့သည်။ ၁၉၅၆ ခုနှစ်တွင်၁၃ Carat Diamond (၁၃ ရတီစိန်ကြီးဝတ္ထု) တို့ကိုမေလထုတ် ဂါးဒီးယန်းအင်္ဂလိပ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။ ၁၉၅၂ မှ ၁၉၆၂အတွင်း ဂါးဒီးယန်းအင်္ဂလိပ်သတင်းစာတိုက်တွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ်အမှုထမ်းရင်း အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးများရေးသားခဲ့သည်။
၁၉၅၃-၅၄ တွင် အပျင်းဖြေနည်း၊ ကမ္ဘာကျော်ကြား စာနှင့်စကား၊ ရှိတ်စပီးယားပုံပြင်များ (ပတွဲ၊ ဒုတွဲ) တို့ကို စာပေဗိမာန်စာစဉ်များအဖြစ် ရေးသားပြုစုခဲ့သည်။ ၁၉၆၃ မှ ၁၉၆၈အတွင်း Working People’s Daily တွင် အယ်ဒီတာ အဖြစ်အမှုထမ်းရင်း (Hero of Old Burma) ဝတ္ထုရှည်နှင့် Quest for Peace (ကိုယ်ရေးအတ္ထုပ္ပတ္တိ) တို့ကို အင်္ဂလိပ်ဘာသာဖြင့် အခန်းဆက်ရေးသားဖော်ပြခဲ့သည်။ ဆရာမကြီး အင်္ဂလိပ်ဘာသာဖြင့် စားရေးချင်စိတ်ဖြစ်ပေါ်လာသည်မှာဦးခင်ဇော် (ကေ) ၏ ‘ကိုယ်ရေးအတ္ထုပ္ပတ္တိ’ ကို ဖတ်ရခြင်းနှင့် ဆရာ တက်တိုး၏ အင်္ဂလိပ်ဘာသာဖြင့်ရေးသော ဝတ္ထုတိုများကိုဖတ်၍ အားကျခြင်းတို့ကြောင့် ဖြစ်သည်ဟုဆိုသည်။
အင်္ဂလိပ်ဘာသာဖြင့်ရေးသားခဲ့သည့်စာများအနက် Anawratha of Burma (အနော်ရထာ) နှင့်ပတ်သက်၍ ဆရာမကြီးက သူငယ်စဉ်က သူ့အဖိုး ဦးဖေ ပြောပြသော သမိုင်းပုံပြင်များကို နားထောင်နေခဲ့စဉ်ကပင် အနော်ရထာ၊ ကျန်စစ်သားတို့ကို စိတ်ဝင်စားခဲ့သဖြင့် ထိုစဉ်ကပင် အခြေခံအုတ်မြစ်ချခဲ့သည်ဟုဆိုသည်။ သူသည် သူ့ကိုယ်သူ ဝတ္ထုရေးဆရာဟု မသတ်မှတ်။ သတင်းစာဆရာသာဖြစ်သောကြောင့် အနော်ရ ထာကိုရေးသောအခါ အခန်းတခန်းစီကို သတင်းတပုဒ်ရေးသလို သီးခြားစဉ်းစား၍ရေးခဲ့သည်ဟုဆိုသည်။ အနော်ရထာကို ရေးသောအခါ၌ လည်း အဓိကဇာတ်ကောင်များ စတွေ့သည့်အကြောင်းများကို အလေး ပေး၍ရေးသားခဲ့သည်။ ဥပမာ အနော်ရထာနှင့် ကျန်စစ်သား၊ အနော်ရထာနှင့် ညောင်ဦးဖီး၊ အနော်ရထာနှင့် ရှင်အရဟံတွေ့ခန်းတို့ကို ခုနစ်ရက်မျှ စဉ်းစား၍ ရေးခဲ့သည်ဟုဆိုသည်။ ထို့ကြောင့်လည်း Anawratha စာအုပ်သည် သမိုင်းဝင်ပုဂ္ဂိုလ်များကို စာအုပ်ထဲက နာမည်များသာမဟုတ်ဘဲ သက်ရှိလူသားဖြစ်အောင်၊ စာဖတ်သူများ စိတ် ထဲတွင် တကယ့်လူပုဂ္ဂိုလ်များ အကြောင်းကို ဖတ်ရသကဲ့သို့ဖြစ်အောင်ရေးသားနိုင်ခဲ့သည်ကို တွေ့ရလေသည်။ အဆိုပါ Anawratha of Burma စာအုပ်ကို နောက်ပိုင်းထုတ် အကြိမ်များတွင် King Among Men ဟူ၍ အမည်ပြောင်းထုတ်ဝေခဲ့သည်။
ယနေ့တိုင် မထုတ်ဝေရသေးသော သူ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်သည့် Quest for Peace (ငြိမ်းချမ်းရေးရှာပုံတော်) စာမူကို မြန်မာဘာ သာဖြင့်မရေးဘဲ အင်္ဂလိပ်ဘာသာဖြင့်ရေးသားရခြင်းနှင့်ပတ်သက်၍ ဆရာမကြီးက –
“ကျမသည် မြန်မာဘာသာအရေးအသားတွင် ကျွမ်းကျင်တတ် မြောက်ချင်သလောက် မတတ်မြောက် သေး၍တကြောင်း၊ ကျမကိုယ် ကျမ သခင် ကိုယ်တော်မှိုင်း၊ သခင်ဘသောင်း၊ ရွှေဥဒေါင်း၊ ဦးထင်ဖတ် (မောင်ထင်) တို့နှင့် နှိုင်းယှဉ်ပြီး မြန်မာလိုရေးတယ်ဆိုတာ ဒီလိုပုဂ္ဂိုလ်ကြီး တွေလို ရေးတတ်မှ ရေးသင့် ဟု ထင်မြင်မိ၍တကြောင်း၊ ရေးသားသော အကြောင်းအရာ တော်တော်များများသည် မြန်မာစာဖတ်ပရိသတ် အတွက် လက်မခံနိုင်သည့်အရာများဖြစ်နေသောကြောင့်ဖြစ်သည်” ဟု ဆိုသည်။ ထို့အပြင် သူ့မြန်မာစာအရေးအသားသည် စကားပရိယာယ်မကြွယ်ဝသဖြင့် တဖက်လူနားဝင်အောင် မရေးနိုင်သည်လည်း ဖြစ်နိုင်သည်ဟုဆိုသည်။
အင်္ဂလိပ်ဘာသာတွင် Understatement, Idiom,Synonym, Antonym များဖြင့် ပရိယာယ်သုံး၍ အပေါ်ယံရေး လိုက်ရုံဖြင့် စာဖတ်သူများအား ထည့်မရေးထားသော အကြောင်းအရာ များကို နားလည်အောင်ရေးနိုင်သည်။ မြန်မာလို ဤသို့ရေးနိုင်စွမ်း သူ့မှာမရှိပါဟု ဘွင်းဘွင်းဆိုသည်။ ၁၉၅၆ မေလထုတ် ဂါးဒီးယန်းမဂ္ဂဇင်းတွင် ၁၃ ရတီစိန်ကြီး (13 Carat Diamond ) ဝတ္ထုကို စတင်ဖော် ပြခြင်းခံရသည်။ ၎င်းဝတ္ထုကို ဂျာမန်၊ အူရဒူ၊ယူဂိုစလပ်၊ အီတလီဘာသာများသို့ ပြန်ဆိုခြင်းခံရသည်။ ထို့နောက် ၁၉၅၂ သြဂုတ်လတွင် သတင်းစာလောက စာအုပ်ကို ရေးသား ထုတ်ဝေသည်။ ထို့နောက် ဆရာမကြီးခင်မျိုးချစ်သည် ၁၉၆၉ မှ ၁၉၈၁ အတွင်းတွင် “13Carat Diamond and Other Stories, Colourful Burma, BurmeseScenes and Sketches Flowers and Festival Round the BurmeseYear, Anawratha of Burma” ဟူသော အင်္ဂလိပ်ဘာ သာဖြင့် စာအုပ်များနှင့် ဒင်းနစ်ဝှစ်လီ၏ စာအုပ်ကိုဘာသာပြန်ခဲ့သော နှစ်လောကတိုက်ပွဲ၊ မိုက်ကယ်အိန်ဂျလို၊ အာ၊ ဂျေ မင်းနီးရေးသောစာအုပ်ကိုပြန်ဆိုသည့် စွန့်ခဲ့ရကျွန်မဘဝပါရှင်၊ ဥရောပစာပေယဉ်ကျေးမှုအနုပညာမိတ်ဆက် တို့ကို ရေးသားခဲ့သည်။
၁၉၇ဝ ပြည့်နှစ်တွင် အရှေ့တောင်အာရှနိုင်ငံများမှ စာရေးဆရာများ ပါဝင်ယှဉ်ပြိုင်ကြသော အင်္ဂလိပ်ဘာ သာဝတ္ထုတိုပြိုင်ပွဲတွင် Her Infinite Variety ဝတ္ထုတိုသည် ပထမဆုကို ဆွတ်ခူးနိုင်ခဲ့၏။ ထိုနှစ်မှာ တို့လူကလေးများ ဆိုသလေးနှင့် ဥရောပစာပေ ရှေးခေတ်၊ အလယ်ခေတ် စာအုပ်များ ရေးသားထုတ်ဝေသည်။ ခင်ပွန်းဖြစ်သူ ဦးခင်မောင်လတ်နှင့်တွဲဖက်၍လည်း မိသားစုအတွက်ပျော်တော်ဆက် ဟာသစာစောင် ကို ထုတ်ဝေသည်။ ထိုစာစောင်တွင် တာဝန်ခံအယ်ဒီတာအဖြစ်လည်းကောင်း၊ ပင်တိုင်ဆောင်းပါးရှင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ သည်။ ၁၉၇၆ ခုနှစ်တွင် မြန်မာယဉ်ကျေးမှုအနုပညာ၊ ဘာသာရေးဓလေ့ထုံးစံတို့နှင့်ပတ်သက်၍ အင်္ဂလိပ်လိုရေးသားချက်များကို Colourful Burma အမည်ဖြင့် စာအုပ်ရေးသားထုတ်ဝေခဲ့သည်။
၁၉၈ဝ ပြည့်နှစ် တွင် Asia Magazine Y Kyaikhtiyo (ကျိုက်ထီးရိုး) ဘုရားအကြောင်းဆောင်းပါးကို ဖော်ပြခြင်းခံရသည်။ ယင်းမဂ္ဂဇင်း၌ပင် ၁၉၈၁ ခုနှစ်၌ A Pagoda Where Fairytale Char-acters Come to Life အမည်ရှိ အင်္ဂလိပ်ဘာသာဖြင့် မယ်လမုဘုရား အကြောင်း ရေးသားသည့်ဆောင်းပါးကို ဖော်ပြခြင်းခံရသည်။ ထိုနှစ်မှာပင် Flowers andFestival Round the Burmese Year စာအုပ်ကိုပြုစု ရေးသား ခဲ့သည်။ ဆရာမကြီးသည် ဗမာ့ကာကွယ်ရေးတပ်မတော်၌ အမှုထမ်းခဲ့မှုကြောင့် ၁၉၈၃ ခုနှစ်တွင် နိုင်ငံတော်မှချီးမြှင့်သော မော်ကွန်းဝင် (တတိယ ဆင့်) ရရှိခဲ့သည်။ ယင်းနောက်သောင်းပြောင်းထွေလာမဂ္ဂဇင်းတွင်ရေးသားခဲ့သော ဆောင်းပါးများကိုစုစည်း၍ ၁၉၈၆ ခုနှစ်တွင် ပဒေသာစာပေမှ ထုတ်ဝေခဲ့ သည်။
၁၉၉၉ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့၊ (၁၂းဝဝ) နာရီတွင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ပြည်ရိပ်သာလမ်း၊ အမှတ် (၅ဝ၅/၈) နေအိမ်၌ ကွယ်လွန်သွားခဲ့သည်။ ကြွင်းကျန်သောရုပ်ကလာပ်ကို ဇန်နဝါရီလ (၃) ရက်၊ နံနက်(၁၁းဝဝ) နာရီတွင် ထိန်ပင်သုဿန်သို့ပိုဆောင်၍ သြင်္ဂိုဟ်ခဲ့သည်။ ကွယ်လွန်ချိန်၌ သားဒေါက်တာ ခင်မောင်ဝင်း (အငြိမ်းစားပါမောက္ခ၊ သင်္ချာဌာန၊ ရန်ကုန်တက္ကသိုလ်)၊ ဒေါ်ခင်ညွန့်ရီ (ခ) တက္ကသိုလ်ရွှေရည်ဝင်း၊ မြေး မောင်မောင်ဝင်း (ခ) မောင်ရစ်၊ မမေသန်းဌေး၊ မီမီဝင်း (ခ) ဂျူနီယာဝင်းတို့ ကျန်ရစ်ခဲ့သည်။
သန်းဝင်းလှိုင်
မိုးမခဂျာနယ်
ကိုးကား
၁။ မလိခ၊ မြန်မာစာပေအဘိဓာန် (ပထမတွဲ)၊ စာ ၁၈၉။
၂။ ခင်မျိုးချစ်၊ သတင်းစာလောက၊ ခေတ်ပြိုင်စာအုပ်တိုက်၊ ၂ဝဝ၄၊ စက်တင်ဘာ။
၃။ ခင်မျိုးချစ်၊ ကိုင်း ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ ရတနာပုံစာအုပ်တိုက်၊ (တ) ကြိမ်၊ ၂ဝဝ၈။
၄။ ကြေးမုံသတင်းစာ (၇-၁-၉၉)။
Discussion about this post