ရေးသားသူ – ဆြာကြက် (Kyaw Min Hein)
“ဖောင်ဖျက်” ”ဘုရင့်နောင် ဖောင်ဖျက်သလို” ဆိုတဲ့အသုံးအနှုန်းက “နောက်ဆုတ်ရန်မရှိ ရှေ့ဆက်တိုးရမည် အောင်ပွဲရရမည်” ဆိုတဲ့ အဓိပ္ပါယ်နဲ့ပဲ သုံးဖို့ကောင်းပါသဗျ။ မထူးဇာတ်ခင်းတဲ့အဓိပ္ပါယ်မဟုတ်ဖူးဗျ။ နောက်တစ်ခုက ဖောင်ဖျက်တယ်ဆိုသည်မှာလဲ အမြဲတမ်းဖျက်ကြုံရင်ဖျက်၊ ဖျက်ချင်မှဖျက် အဲ့လို ဗရမ်းဗတာကြီးမဟုတ်ဖူး။ လိုအပ်မှဖျက်ရတဲ့အမျိုးဗျ။ ဟာ… နောင်ရိုးထုံး နှလုံးမူ၊ ဘုရင့်နောင်ဖောင်ဖျက်ပြီဆိုပြီး ရှိစုမဲ့စုပိုက်ဆံကို တစ်ကွက်ကောင်း ချဲထိုးပစ်တာမျိုးကျတော့ သိပ်မနိပ်ဖူး။ ဒါကျ အလွဲသုံးစားလုပ်တာ ဖြစ်သွားပြီ။ ဘုရင့်နောင်ကို Abuse လုပ်တာ။
ဘုရင့်နောင်လို့ဆိုလိုက်တာနဲ့ ရှင်ရဲထွဋ်၊ တပင်ရွှေထီး၊ နောင်ရိုးတိုက်ပွဲ၊ ဒုတိယမြန်မာနိုင်ငံတော်၊ ယိုးဒယားကိုအောင်နိုင်သူ၊ စသည်ဖြင့်ပေါ့။ လူသိများကြတယ်။ ဒါပေသိ လူအကြောင်းကိုပြောရင် သူ့ရဲ့ကလေး ဘဝ၊ သူ့ကိုမွေးတဲ့ခေတ်ကာလအနေအထားပါမှ ပုံပေါ်တာဗျ။ သူငယ်ငယ်က အခုခေတ်မြန်မာ့မြေပုံလိုနယ်နမိတ်ထဲမှာ မြို့ပြနိုင်ငံငယ်လေးတွေ အများကြီးပြန့်ကျဲနေတာ။ တစ်မြို့သည် တစ်နိုင်ငံ ဘုရင်တစ်ယောက်ရှိတယ်။ အဲ့သည့်မြို့တွေ မြို့တွေက ဘုရင်တွေကို အနိုင်ယူပြီးကိုယ့်အာဏာစက်အောက်ကိုဆွဲသွင်းလိုက်တဲ့အခါ အင်ပါယာပေါ့။
နိုင်ငံကို ရှေ့နောက်အပေါ်အောက်ပိုင်းလိုက်ရင် အင်ပါယာ၄ခုကွဲနေတယ် (အဲ့အချိန်က) အနောက်မှာရခိုင်၊ အပေါ်မှာအင်းဝ၊ အရှေ့မှာ ရှမ်း၊ အောက်မှာ ဟံသာဝတီ၊ ပြည်မြို့က ဟံသာဝတီရဲ့မဟာမိတ်။ တောင်ငူကတော့ အားလုံးနဲ့တည့်အောင်ပေါင်းနေရတဲ့ ပိစိလေး၊ ဒါပေမဲ့ အရေးလုပ်ပြီးတိုက်စရာလဲမလို၊ သူ့နေရာကပွိုင့်မကျ သွားရေးလာရေး ခက်တယ်ဆိုတော့ စစ်ဒဏ်ကိုမခံရဘူး။ အင်းဝ-ဟံသာဝတီ အနှစ်၄၀ စစ်ရယ်၊ သိုဟန်ဘွားတို့နဲ့ အင်းဝနဲ့ တိုက်တဲ့စစ်ရယ်၊ ဒီနှစ်ခုကိုရှောင်ဖို့ပြေးကြတဲ့လူတွေက တောင်ငူဘက်ကိုပဲသွားကြတယ်။ ဒါတွေဟာတောင်ငူအတွက် Manpower bonus ဖြစ်လာတယ်၊ အင်းဝရဲ့ Brain Drain သည် တောင်ငူအတွက် Brain Gain ဖြစ်လာတယ်။ ဒါတွေကရွှေထီး-ရဲထွဋ် တို့တည်ထောင်မဲ့နိုင်ငံရဲ့ အရင်း (Capital) တွေဖြစ်လာပါတယ်။
Situation Analysis
အထက်မှာပြောခဲ့တဲ့ အင်အားစု၄ခုမှာ အင်းဝနဲ့ဟံသာသည် အကြာကြီး ရန်ဖြစ်ထားတဲ့အတွက် ပါးပါးပဲကျန်တယ်။ အဲ့သည်မှာမှ ရှမ်းကဝင်ကြိတ်သွားတော့ အင်းဝပျက်ပါတယ်။ ဟံသာဝတီသည် ပင်လယ်ထွက်ပေါက်ရှိတယ်၊ Oversea Trade ရှိတယ်၊ ရခိုင်ရယ် ပြည်ရယ်နဲ့ မဟာမိတ်ပြုထားတယ်။ သူ့ရဲ့အဓိကပြသနာက ခေါင်းဆောင်မှုအရည်အသွေးပါ။ ရာဇာဓိရာဇ်အလွန်မှာတက်လာတဲ့ သုရှင် က ခေတ်စကားနဲ့ပြောရရင်ဆိုဒ်မပြည့်ဘူးပေါ့ဗျာ။ ရာထူးနဲ့ကိုက်ညီတဲ့အရည်အချင်းမရှိပါပေါ့။
ဆိုတော့.. အကယ်၍များသာ ရခိုင်-ပြည် အတွဲက မဟာမိတ်ဖျက်ပြီး Push to south လုပ်လာရင် ကြားထဲက အားနည်းတဲ့ တောင်ငူသည် ကြေထွက်သွားမယ်။ ဘုရင့်နောင်တို့က ဒီအရေးကိုကြိုမြင်တဲ့အတွက်ကြိုပြင်တယ်၊ အင်အားတည်ဆောက်တယ်၊ ကျွဲနှစ်ကောင်ကြားက မြေစာပင်ဖြစ်ခံမည့်အစား ကျွဲတွေကိုပေါ်စားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။
ဘယ်ကျွဲကိုရွေးမှာလဲ (The Beautiful Takeover)
ဘယ်ကျွဲကိုရွေးလဲဆိုတော့ ခေါင်းဆောင်မှုညံ့ဖျင်းတဲ့ ဟံသာဝတီပါပဲ။ ဟံသာဝတီ စစ်ဆင်ရေးမစခင်မှာ တောင်ငူဟာ သူ့ရဲ့ခေါင်းဆောင်မှုကို ခိုင်မာအောင်လုပ်ပါတယ်။ လက်မထိပ်ကိုအပ်စိုက်ပြီးတူနဲ့ထု မတုန်မလှုပ် သူကိုသာ သူရဲကောင်းလို့သတ်မှတ်တယ်ဆိုတဲ့ လူရွေးပွဲဟာ ပြင်ဆင်မှု များထဲကတစ်ခုဖြစ်ပါတယ်။ ကျနော့်ယူဆချက်ကတော့ ဒီသူရဲကောင်းရွေး ပွဲက ရှေးခေတ်ရဲ့ Psycho test ပါပဲ။ လက်ရွေးစင်တွေရွေးပြီးတာနဲ့ ရွှေမောဓောပေါ်မှာနားသမင်္ဂလာလုပ်ပါတယ်။ အတိအလင်း စိန်ခေါ်လိုက်တဲ့သဘောပါပဲ။
ဆက်တိုက်ဆိုသလိုပဲ ပွင့်လင်းရာသီတွေမှာ တောင်ငူ တပ်တွေဟာ ပဲခူးအထိ penetrate လုပ်ဖို့ကြိုးစားပါတယ်။ ဟံသာဝတီ ခံတပ်တွေမှာ ပေါ်တူဂီလုပ်သေနတ်၊ အမြောက်တွေတပ်ထားတာရယ်၊ အုပ်ချုပ်တဲ့ အမတ်ကြီးနှစ်ယောက်ရဲ့အကွက်စေ့မှုရယ် ဒါကြောင့် Raid တွေ Fail ဖြစ်ပါတယ်။ ဒီပြသနာကို သူလျှိုစစ်ဆင်ရေးနဲ့ဖြေရှင်းပါတယ်။ ခေတ်အခေါ် ဆေးထိုးတယ်ပေါ့။ ချကျွေးလိုက်တဲ့ငါးစာကို မိမိရရကြီးဟပ်ထည့်လိုက်တာကတော့ သုရှင်ပါပဲ၊ အမတ်ကြီးနှစ်ပါးကိုသစ္စာဖောက်လို့ စွပ်စွဲပြီးချက်ခြင်းသတ်ပါတယ်။ ဟံသာဝတီရဲ့ အဓိကခံစစ်ပြိုကျသွားပါပြီ။
အကျိုးဆက်ကတော့ ပဲခူးကျပြီး သုရှင်ရဲ့တပ်တွေဟာ ကြည်း၊ရေ နှစ်ကြောင်း ခွဲပြီးပြေးရပါတယ်။ ဘယ်ကိုပြေးလဲဆိုတော့ ပြည် ကိုပြေးပါတယ်။ သုရှင်ရဲ့အကြံကတော့ အဆုံးအရှုးံကိုကန့်သတ် (Limit the loss) ပြီးပြည်မှာ Refit n Resupply လုပ်ရင်းတပ်တွေကိုအနားပေး၊ တောင်ငူတပ်တွေလာတိုက်မှ စောင့်ဖြုတ်ပြီးတော့ပဲခူးအထိ တန်ပြန်ထိုးစစ်ဆင်မှာဖြစ်ပါတယ်။ ဒါကိုသိတဲ့တောင်ငူတပ်တွေဟာ သုရှင်ကိုနောက်ကိုအတင်း လိုက်စစ်ဆင်ပါတယ်။ ထိတွေ့မှုများစွာဖြစ်ခဲ့တဲ့အထဲမှာမှ နောင်ရိုးတိုက်ပွဲ ဟာ အထင်ကရနဲ့ မဟာဗျူဟာမြောက်အောင်ပွဲ (Strategic Victory)ဖြစ်ပါတယ်။
ရေအလျင်ထိုးစစ် (The Expanding Torrent)
သိမ်းငှက်တွေသားကောင်ကိုသုတ်ချီပြီးချက်ခြင်းပျံတက်သွားပုံကိုမြင်ကြည့်ပါ။ သာမန်အားဖြင့်အလေးချိန်တစ်ခုကိုသယ်ပြီးချက်ခြင်းပျံတက်ဖို့ဆိုတာ မလွယ်ပါဘူး၊ ဒါပေမဲ့သိမ်းငှက်ကဘယ်လိုလုပ်သွားလဲ။ သိမ်းငှက်ဟာ အမြင့်ကနေသားကောင်ဆီကို speed နဲ့ထိုးဆင်းပြီး သူ့ရဲ့ပစ်မှတ်နေရာဖြစ်တဲ့ ခါးရိုးကိုအားနဲ့ဆောင့်ချပစ်လိုက်တဲ့အခါ ခါးကျိုးသွားပြီးသုတ်ချီသွားဖို့လဲ လွယ်သွားပါတယ်။
ပြီးတော့မှ residual speed နဲ့ momentum ကိုသုံးပြီး lift off လုပ်ပါတယ်။ ရေစီးနှင့်ဆည်မှာ ရေစီးဆိုတဲ့ အား ကို ဆည်ဆိုတဲ့ ခုခံအားနဲ့ပြန်ထိမ်းခြင်းပါ။ ဆည်ရဲ့မျက်နှာပြင်တစ်ခုလုံးကို ရေကဖိအားပေးထားတယ်၊ တပြိုင်တည်းမှာပဲ ဆည်ရဲ့ပျော့ကွက်ဧရိယာလေးကို အရှိန်အဟုန်ပြင်းပြင်းနဲ့ဆောင့်ချလိုက်တဲ့အခါ ဆည်တစ်ခုလုံးကျိုးကျပါတယ်။ ဒီသဘောတရားကို နောင်ရိုးတိုက်ပွဲမှာ နည်းဗျူဟာမြောက်အသုံးချသွားခဲ့ပါတယ်။
ဘုရင့်နောင်၏ SWOT (SWOT Analysis)
SWOT Analysis အရှည်ကောက်က Strength, Weakness, Opportunity, Threat Analysis ပါ။ တိုက်ပွဲတစ်ခုမစခင်မှာ ရန်သူ့အနေအထား၊ သဘောသဘာဝနှင့်အလေ့အထ၊ နေရာယူပုံနှင့်မြေအနေအထား၊ လက်နက်အင်အား စတဲ့အချက်တွေကို ထောက်လှမ်းပြီး ကိုယ့်တပ်နဲ့ပြန်ယှဉ်ရပါတယ်။ ပြီးခါမှတိုက်သင့်မသင့်၊ တိုက်မည့်ပုံစံ ကို စီမံချက်ဆွဲပြီး၊ တိုက်စစ်စီမံချက်အတိုင်း လှုပ်ရှားကြရတယ်။ ကိုယ့်ထက်အင်အားကြီးတဲ့ရန်သူကို နိုင်အောင်ချဖို့ ဆိုတာ ဖောင်ဖျက်လိုက်ရုံနဲ့မရနိုင်ပါဘူး။
အဆင့်ဆင့်စဉ်းစားပြီးမှ သေသေ ချာချာလုပ်ရပါတယ်။ ချောင်းကိုကူးပြီးတစ်ဖက်ကမ်းကရန်သူကိုတိုက်ရတဲ့ အခါမျိုးမှာ အမှားအယွင်းမရှိအောင် ပိုပြီးဂရုစိုက်ရမှာဖြစ်ပါတယ်။ SWOT သည် မိမိအဖွဲ့ကိုဗဟိုပြုတွက်ချက်ခြင်းဖြစ်ပါသည်။
Strength (အားသာချက်)
မိမိတပ်၏ လုပ်နိုင်စွမ်း၊ limitation ကိုသိခြင်း
မိမိတပ် စိတ်ဓာတ်တက်ကြွနေခြင်း
ရန်သူ စိတ်ဓာတ်ကျနေခြင်း
ရန်သူ့တပ်မှာ ကြေးစားစစ်သည်အများစုဖြစ်ခြင်း
Weakness (အားနည်းချက်)
ရန်သူ့အင်အားသာလွန်ခြင်း
မိမိတပ်မှုးများတွေဝေခြင်း ဝိဝါဒကွဲနေခြင်း
စိုးရိမ်စိတ်များနေခြင်း
Opportunity (အခွင့်အရေး)
မိမိအရေးသာခဲ့ပါက ရန်သူ့အင်အားချိနဲ့သွားနိုင်ခြင်း
ရန်သူ့စိတ်ဓာတ်ကျဆင်းပြီး မိမိစိတ်ဓာတ်တက်ကြွနိုင်ခြင်း
တပင်ရွှေထီး၏တပ်များကမ်းတက်နိုင်ရန် ကာပေး၍ရ
Threat (အန္တရာယ်)
ရန်သူ့ကြေးစားတပ်ဖွဲ့၏ သေနတ်များ၊ စိန်ပြောင်းများ
မိမိကမ်းတက်မည့်နေရာမှဆီး၍ခုခံပါက ချောင်းကူးနေသော
စစ်သည်များစွာကျဆုံးမည်။
နောင်ရိုးတိုက်ပွဲ (The Powerful Combination of Leadership and Courage)
အထက်မှာရေးခဲ့သလိုပဲ သုံးသပ်ပြီး ဘုရင့်နောင်ဟာ O group meeting (တပ်မှုးအစည်းအဝေး)ခေါ်တဲ့အခါ ပြသနာထပ်ပေါ်ပါတယ်၊ ဘာလဲဆိုတော့ တပ်မှုးအတော်များများက မတိုက်သင့် လို့ ဆုံးဖြတ်ပါတယ်။ ဒါကြောင့် အအုပ်အစည်းမပျက်စေဖို့ တိုက်မယ် ဘုရင့်ကိုလဲ နိုင်ပြီလို့ သတင်းပို့ထားပြီးသား လို့ ပရိယာယ်သုံးလိုက်တယ်။ ဝိတ်နဲ့ဖိတယ်ဆိုရမပေါ့။ ဒီတော့မှ သူ့တပ်မှုးတွေငြိမ်သွားတယ်။ ဒါပေမဲ့ ဘုရင်ကိုကြောက်လို့သာ စိတ်ကတော့ ဒီပွဲမှာမပါချင်ဘူး။
ဒါကြောင့် ကမ်းကိုကူးပြီးတာနဲ့ ဖောင်တွေကိုမီးရှို့ဖို့အမိန့်ပေးတော့ အသည်းအသန်ကိုပြန်ပြောတော့တာပေါ့ စစ်သူကြီးရူးနေလား၊ အရေးမလှလို့ ဆုတ်ရရင်ဘယ်လိုလုပ်ကြမှာလဲ၊ ဘုရင်ကိုလဲလိမ်ပြီးသတင်းပို့ထားသေးတယ်၊ ဟိုကကြိတ်ရင်ခများရှင်းမှာလား၊ ဘာလား ညာလားနဲ့ အသံတွေထွက် လာတော့တယ်။ အခြေအနေက အထိမ်းအကွပ်မတတ်ရင် အုပ်ချုပ်မှုပျက်ပြားတပ်ပျက်၊ အခန့်မသင့်ရင်တပ်မှုးကိုပါပြန်သတ်သွားနိုင်တဲ့အခြေအနေ။
ဘုရင့်နောင်ထိမ်းသွားတဲ့ပုံစံလေးက ရိုးပါတယ် မင်းတို့ပြောတာငါသိပါတယ် သေပြီးသားလူကိုဘုရင်ကဘယ်လိုကြိတ်လို့ရမှာလဲ၊ ငါတို့နိုင်ရင်ကော ဘယ်ဘုရင်ကလာကြိတ်မှာလဲ၊ ရှုံးရင်သေမယ် အဲ့တော့ မသေချင်နိုင်အောင်ချ။ သူပြောတဲ့စကားအဓိပ္ပါယ်ကဒါပဲ။ အဲ့တော့မှ သူ့တပ်မှုးတွေသတိပြန်ဝင်လာတယ်။ ဟံသာဝတီရဲ့ခံစစ်ပုံစံက ကင်းမလက်ထောင်ခံစစ်လို့ခေါ်ပါတယ်။ တပ်တွေရဲ့နေရာယူပုံက ပ စောက်ပုံစံယူထားတယ်။ ပစောက်ရဲ့အဝနေရာက ဝင်လာမဲ့တပ်တွေကို အတွင်းထဲမှာပိတ်ပြီးသတ်ဖို့ ပြင်ထားပါတယ်။
ဘုရင့်နောင်က သူ့တပ်ကို သုံးစုခွဲပါတယ်။ လက်ဝဲကြောင်း၊ လက်ယာကြောင်းမှာ သူစိတ်အချဆုံး နှစ်ယောက်ကိုဦးစီးစေပါတယ်။ပင်မတိုက်စစ်မှာသူကိုယ်တိုင်ဦးစီးပါတယ်။ တောင်ပံစစ်ကြောင်းနှစ်ခုဟာ ရန်သူ့ခံစစ်လက်တံ ပစောက်ပုံရဲ့ အဝင်ဝတစ်ဖက်တစ်ချက်ကို fix လုပ်ဖို့ဖြစ်ပါတယ် ဒါမှ ပင်မ စစ်ကြောင်းဟာ ပိတ်ပြီးအသတ်မခံရမှာဖြစ်တယ်။ ပင်မစစ်ကြောင်းရဲ့ ပစ်မှတ်က ရန်သူ့စစ်သူကြီးဖြစ်ပါတယ်။ စိတ်ဓာတ်ပျက်နေတဲ့ရန်သူ့တပ်ကို တစ်ယောက်မကျန်ချေမှုန်းခြင်းထက် လက်နက်ချအညံ့ခံစေဖို့ရည်ရွယ်ပါတယ်။
ဘုရင့်နောင်ကိုယ်တိုင်ဆင်စီးပြီးရန်သူ့စစ်သူကြီးကိုဖိတိုက်လို့ ရန်သူ့ခေါင်းဆောင် လက်လွတ်ထွက်ပြေးရပါတယ်။ ခံစစ်ကြောင်းကိုဖောက်ထွက်သွားတဲ့ တောင်ငူတပ်တွေက ဟံသာဝတီရဲ့စစ်နံနှစ်ဖက်ကိုနောက်ကျောကပြန်ဝိုင်းတဲ့အခါမှာ ဘယ်လိုမှတောင့်ခံလို့မရတော့ပဲနဲ့ လက်နက်ချရပါတော့တယ်။ ဒါကိုဒီနေ့ခေတ်မှာ Economy of Force လို့သုံးနှုန်းပါတယ်။ အလုပ်နဲ့ရလဒ်နဲ့သုံးရမည့်အားကိုချိန်ဆခြင်းပါ။ အားနည်းနည်းသုံးပြီး ရလဒ်ကြီးကြီးထွက် တယ်ဆိုရင် အမြတ်ကြီးတယ်မဟုတ်လား။
ဒီပွဲမှာ တောင်ငူကအဆမတန် ကိုအမြတ်ထွက်ပါတယ်၊ ဟံသာဝတီရဲ့တပ်အင်အားဟာ အတော်ပြုန်းတီးသွားပြီး အဆိုးဆုံးက စိတ်ဓာတ်ထိုးဆင်းသွားခြင်းဖြစ်ပါတယ်။ ဟံသာဝတီဘက်က ပေါ်တူဂီလုပ် သေနတ်၊စိန်ပြောင်း၊ခဲယမ်း အပြင် စစ်သားတွေပါသုံ့ပန်းအနေနဲ့ရလိုက်ပြီး သခင်အသစ်ရှာနေတဲ့ ပေါ်တူဂီကြေးစားတွေကိုပါ ကိုယ့်အောက်ကိုဆွဲသွင်းနိုင်ခဲ့တော့ လက်နက်အင်အားမှာလဲ plus ပြပါတယ်။ နောက်ပိုင်း အယုဒ္ဒယကိုချီတဲ့အခါ အထောက်အကူဖြစ်လာပါတယ်။ ဖောင်ကိုဗရမ်းဗတာမဖျက်ခဲ့ပါဘူး။ Calculated Risk ပါ။
စာလဲတော်တော်ကိုရှည်ပါပြီ၊ အနှစ်ချုပ်ပါတော့မယ်။ ဘုရင့်နောင်ရဲ့ ဒုတိယမြန်မာနိုင်ငံတော်ဟာ အနော်ရထာရဲ့ ပထမအလောင်းဘုရားရဲ့ တတိယထက် ကျယ်ပြန့်တဲ့နယ်ပယ်၊ ပိုကောင်းတဲ့အုပ်ချုပ်ရေးစနစ်ရှိပြီး၊ ပြည်တွင်းရေးလဲပိုတည်ငြိမ်ပါတယ်။ အရှေ့တောင်အာရှရဲ့အကြီးဆုံး အင်ပါယာတစ်ခုဖြစ်ပါတယ်။ ယိုးဒယားတွေဆို ဘုရင့်နောင်ကိုခုထိကြောက်တုန်း၊ ဘုရင်တစ်ပါးလိုကြောက်တာ၊ ဘုန်းရှင်ကံရှင်တစ်ယောက်လို့ယုံကြည်ကြတာ။ သူ့နောက်အလောင်းဘုရားကိုတော့ကြောက်ပဲကြောက်တာ။
ဘာကြောင့်လဲဆိုတော့ ယိုးဒယားဘုရင့်သား နရဲစွမ်ကို အာမခံအနေနဲ့သာခေါ်လာတယ်၊ လူတန်းစေ့ထားတယ် လူရာဝင်အောင်ထားတယ် စစ်ပညာပါသင်ပေးတယ်၊ ဒါကြောင့် ယိုးဒယားတွေဟာ ဘုရင့်နောင်အပေါ်မှာ စိတ်မနာဘူး၊ မမုန်းဘူး၊ ရှိန်တယ်။အင်္ဂလိပ်တွေမြန်မာပြည်ကို လာသိမ်းတယ်၊ ယူချင်ရာယူတယ် ဗမာကလွဲလို့တစ်ခြားလူတွေကို အကုန်စစ်မှုထမ်းခိုင်းတယ်၊ ဗမာတွေကိုစစ်မှုထမ်းခွင့်မပေးဘူး၊ သူတို့အသေအလဲခံရမှ မဖြစ်လွန်းလို့မှသာ စစ်သားအဖြစ်လက်ခံတယ်၊
ပြောချင်တာက ရှေးမြန်မာဘုရင်တွေဟာ ပေါက်တတ်ကရတွေမဟုတ်ဖူး။ အထောက်အထားမရှိဘဲနဲ့ ပေါက်တတ်ကရတို့၊ လူသတ်ကောင်တို့ စစ်ဘုရင်တို့လျောက်ပြောလို့မရဘူး။ အနော်ရထာဟာ အရက်သမားကြီးဖြစ်တယ် ဘာကြောင့်ဒီလိုပြောလဲဆိုတော့ DSA ရှေ့မှာသူ့အရုပ်ထားလို့ပါ ဆိုတော့ ကျိုးကြောင်းဆီလျော်ရဲ့လား ခင်ဗျားတို့စဉ်းစားကြည့်ပါဦး။ သမိုင်းဆိုတာ အထောက်အထားနဲ့ သက်သေနဲ့ပြရတဲ့အမျိုးဖြစ်တယ်။ သူများပြောသမျှယုံရတဲ့ဘာသာရပ်မဟုတ်ဖူး၊ စိတ်ခံစားမှုသက်သက် နဲ့ဆုံးဖြတ်လို့လဲမရဘူး။ Choose wisely, Use responsibly ပေါ့ဗျာ။
ဆြာကြက် (Kyaw Min Hein)
စာပြီးရက်
၁၃၊၁၊၂၀၁၈
Discussion about this post