• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Monday, January 25, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တခေတ်တခါက မြန်မာ့ဘောလုံးသူရဲကောင်းကြီး (ဦး) ဗဟာဒူး

by Thutamm
August 3, 2019
Reading Time: 1min read
0
တခေတ်တခါက မြန်မာ့ဘောလုံးသူရဲကောင်းကြီး (ဦး) ဗဟာဒူး
Share on FacebookShare on Twitter

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ (၁၉၅၂ ကနေ ၁၉၇၀) ထိဘောလုံးကန်ခဲ့ပြီး မြန်မာ့လက်ရွှေးစင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဆပ်ဗဟာဒူး (Suk Bahadur) ဆိုတဲ့ ဂေါ်ရဂါးလူမျိုး ဘောလုံးသူရဲကောင်း တစ်ယောက်ရှိခဲ့ဖူးပါသည်။ သူဟာ ထူးချွန်ပြောင်မြောက်တဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး တချိန်က ဗမာ့လက်ရွှေးစင် အသင်းကို ထွန်းတောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ မြန်မာ့သူရဲကောင်း ဘောလုံးကစားသမားတစ်ဦးပါ။ အထူးသဖြင့် ရှေ့တိုက်စစ်မှုး နေရာ နှင့် တောင်ပံကစားသမားနေရာကို ကစားခဲ့တဲ့သူလည်းဖြစ်ပါသည်။

ဗဟာဒူးကို ရှမ်းပြည်နယ်မှာ မွေးဖွားခဲ့ပြီး၊ ဘောလုံးသမားဘ၀ ခရီးရှည်ကြီးတွင် ဗဟာဒူးအနေဖြင့် ရှမ်းပြည်နယ် လက်ရွှေးစင်ကစားသမားကနေ စတင်ခဲ့သည်။ မြန်မာ့ဘောလုံးလောက သွေးသစ်လောင်းရေးအတွက် ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ၁၉၅၂ ခုနှစ်တွင် တိုင်းနှင့်ပြည်နယ်ဘောလုံးပြိုင်ပွဲကို စတင်ကျင်းပခဲ့ပြီးနယ်အသီးသီးမှ လူငယ်ခြေတက် ဘောလုံးသမားများကို ဖော်ဆောင်ပေးခဲ့သည်။ ပထမအကြိမ် ပြည်နယ် နှင့်တိုင်းပွဲစဉ်မှာ ရှမ်းပြည်အသင်းအတွက် ပထမဆုဒိုင်းကြီးရအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ပထမဆုရရေးအတွက် အဓိကကျသော အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး၊ ပြိုင်ပွဲအပြီးအတွင် စစ်ကိုင်းတိုင်းအသင်းမှ ဘယ်စွန်လူ ထူးဝါး နှင့်အတူ ရန်ကုန်မှာ ကျန်ခဲ့ရပြီး ပထမတန်းအသင်းများတွင် ဆက်လက်ကစားခဲ့ရပါသည်။ တပ်မတော်သား တစ်ဦးလည်း ဖြစ်သောကြောင့် တပ်မတော်ကြည်းအသင်းတွင် ဝင်ရောက်ကစားခဲ့ပါသည်။

ထို့နောက်မြန်မာပြည်တွင် ကျင်းပသော ဒုတိယအကြိမ်မြောက် လေးနိုင်ငံဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဘောလုံးသမားအဖြစ်ရွေးချယ်ခံရသည်။ ပထမပွဲအဖြစ် သီရိလင်္ကာနှင့်ကစားရရာ ဗဟာဒူးသည် ညာတောင်ပံအစွန်လူအဖြစ် ဘောလုံးသမ္ဘာရင့်ထွန်းရှိန်နှင့် တွဲကစားရသည်။ မြန်မာအသင်းရရှိသော ၃ ဂိုးအနက် ၂ ဂိုးမှာ ဗဟာဒူးညာတောင်ပံမှ တိုက်စစ်ဆင်ဖန်တီးပေးမှုကြောင့်ဖြစ်သည်။ ထိုတစ်ပွဲတည်းနှင့် ဗဟာဒူးမှာ နိုင်ငံတကာဘောလုံးပြိုင်ပွဲတွင် နာမည်ထင်ရှားခဲ့ပါသည်။ ၁၉၅၄ ခုနှစ် ဒုတိယအကြိမ်အာရှအိုလံပစ် ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းသည် ရှုံးပွဲမရှိဘဲ တတိယ ရရှိခဲ့သည်။ မြန်မာ့ဘောလုံးသမိုင်းတွင် ထင်ရှားသော အောင်မြင်မှုမှတ်တိုင်တစ်ခုကို ဗဟာဒူးပါဝင်ပြီး စိုက်ထူပေး နိုင်ခဲ့သည်။

တကယ်လည်း ဗဟာဒူးအနေဖြင့် ဗိုလ်မူးတစ်ယောက်အဖြစ် မြန်မာ့ တပ်မတော် ခြေမြန်တပ်ရင်း (၄) တွင်တာဝန်ထမ်းဆောင်ဖူးခဲ့ပါသည်။ ဘောလုံးပညာတွင် ထူးချွန်ရုံမကဘဲ တစ်ဘက်တွင် ဗဟာဒူးသည် တပ်မတော်သားတစ်ယောက် တာဝန်ကိုလည်း တိုင်းပြည်အတွက် ပေးဆပ်ရပြန်သည်။ နယ်ချဲ့တရုတ်ဖြူတို့ကို တွန်းလှန်ရာ တွင် ရှေ့တန်းစစ်မျက်နှာပြင်တွင် ကျည်ဆံများကြား ရုန်းကန်တိုက်ပွဲဝင်ခဲ့ရပါသည်။ ဖတဆိုးလေးဖြစ်ခဲ့ရသည့် ဗဟာဒူးသည် ငယ်စဉ်က အတန်းပညာကို ကောင်းစွာ မသင်ခဲ့ရပါ။ သူ၏ ဖခင် အမ်၊အက်စ်၊သာပါးသည် နာမကျန်းဖြစ်ကာ ဗဟာဒူး ရှစ်နှစ်သားအရွယ်၌ သူတို့မိသားစုကို မျက်ကွယ်ပြုသွားသောအခါတွင် ဗဟာဒူး တို့တတွေမှာမုဆိုးမ မိခင်နှင့်အတူ မျက်နှာငယ်နှင့် ကျန်ရစ်ခဲ့ကြသည်။

ဒုတိယ ကမ္ဘာစစ်မီးရှိန်နှင့် ပြည်တွင်းစစ်မီးရှိန်များကြောင့် ဗဟာဒူးမှာ အတန်းကုန်အောင် ပညာမသင်ကြားခဲ့ရရရှာခြင်းဖြစ်၏။ သို့သော်လည်း မခင်သန်းမြင့်နှင့် လက်ထပ်ခဲ့ပြီးနောက်ပိုင်းတွင် ကြိုးစားမှုှု ဇွဲလုံ့လ ကို အရင်းတည်ပြီး ဇနီး ဖြစ်သူထံတွင် အချိန်ပိုကျောင်းတက်ကာ ခေတ်ကို အပြေးအလွှား လိုက်ခဲ့ရရှာသည် နောက်ပိုင်းမှာ အင်္ဂလိပ်သတင်းစာများကို ကောင်းကောင်းဖတ်နိုင်သည်ဟု ပြောဆို ချီးမွမ်းကြသည်။ သူဟာ တင်းနစ်၊ ဟော်ကီ နှင့် မီတာ ၁၀၀ အပြေး စတဲ့ အားကစားနည်းများတွင်လည်း ထူးချွန်တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ခဲ့ပါသေးသည်။ ဗဟာဒူးသည် တာတိုပြေးရာတွင်လည်း ထူးချွန်ပြီး မြန်မာ့အပြေးလမ်းကြောင်းတွင် အမြန်ဆုံး အပြေးသမားအဖြစ်စာရင်းဝင်ခဲ့ကာ မီတာ ၁၀၀ ကို ၁၁ စက္ကန့်ရအောင် ပြေးနိုင်စွမ်းလည်းရှိပါသည်။

ဗဟာဒူးအနေဖြင့် ကံကြမ္မာဆိုးများနှင့်လည်း တွေ့ကြုံခဲ့ရဖူးသည်။ ၁၉၆၂ မြန်မ့ာမြေပေါ်တွင် ကျင်းပသည့် ကျွန်းဆွယ်ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာသည် ဗိုလ်လုပွဲမှာ နိုင်မည် အသေချာပင်ဖြစ်သော်လည်း အိမ်ရှင်ပရိတ်သတ်ရှေ့တွင် မလေးရှားကို (၂ – ဝ)ဂိုးဖြင့်အနေနိမ့်ခဲ့ပါသည်။ ထိုအခါ သက်ဆိုင်ရာ အာဏာပိုင် တို့က လောင်းကစား သံသယဖြင့် ဗဟာဒူး၊ တင်ကြည်၊ ကိုကိုကြီး၊ ကျော်ဇောနှင့် ကျော်အေးတို့ငါးဦးကို ရာသက်ပန် ပွဲပယ်ပြစ်ဒဏ်ပေးခဲ့ပါသည်။ ကံကောင်းထောက်မစွာဖြင့် အယူခံဝင်ပြီးနောက် ပြစ်ဒဏ်မှ ကင်းလွတ်ခဲ့ရသည်။ အရွယ်အားဖြင့် အသက်(၄၀)နား ရောက်နေသော်လည်း ဗဟာဒူးမှာ အောင်မြင်ကျော်ကြားသော ကစားသမားတစ်ဦးအဖြင့် ထွန်းတောက်နေဆဲ ဖြစ်ပါသည်။

၁၉၆၅ခုနှစ် မာဒေးကားတွင် မြန်မာအသင်း တတိယ ရစဉ်က ပါဝင်ခဲ့ပြီး အသင်းဖော် ခင်မောင်ထွန်းနှင့်အတူ အာရှလက်ရွေးစင်အဖြစ် ရွေးချယ်ခံရသည်။ အင်္ဂလန်တွင် ရှက်ဖီးဝင်းစဒေး၊ ဖူလ်ဟမ်တို့နှင့်ခြေစမ်းရာတွင် ပါဝင်ကစားခဲ့ဖူးသည်။ ၁၁ ကြိမ်မြောက် မာဒေးကားတွင် ချန်ပီယံဆုရပြီး အာရှလက်ရွေးစင် အဖြစ် (ဂိုး)တင်အောင်၊ မောင်မောင်တို့နှင့်အတူ ရွေးချယ်ခံရပါသည်။ အင်္ဂလန်မှ လက်စတာ၊ ဆောက်သမ်တန် တို့နှင့်ကစားရာ အရေးနိမ့်သော် လည်း ခြေစွမ်းပြ နိုင်ခဲ့၏။ ထို့နောက် အာရှအိုလံပစ် ရွှေတံဆိပ်ရ မြန်မာအသင်းမှ လူငယ်များ ဥရောပခြေစမ်းခရီးတွင် ပါဝင်သွားကြသဖြင့် ဗဟာဒူးမှာ လက်ရွေးစင်အသင်းကြီးအတွက် ကစားပေးခဲ့ရပါသည်။

ဗဟာဒူးသည် ဘောလုံးကစားစဉ် ခြေကျိုးခဲ့ရဖူးသည်။ ၁၉၅၅ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်မှသာ ဘောလုံးပြန်ကစား နိုင်လာသည်။ လေးနိုင်ငံဘောလုံးပြိုင်ပွဲ၏ ဇာတ်သိမ်းဖြစ်သော စတုတ္ထအကြိမ်မြောက်ပြိုင်ပွဲတွင် ဗဟာဒူးသည် ဘောလုံးလောကသို့တစ်ကျော့ပြန်ဝင်ရောက်လာပြီး ခြေစွမ်းပြကစားခဲ့ပါသည်။ ပြိုင်ပွဲအစအဆုံး တစ်ဦးတည်း (၄)ဂိုးသွင်းကာ မြန်မာအသင်း၏ ဂိုးသွင်းဘုရင် ဖြစ်လာခဲ့သည်။ ဗဟာဒူး၏တွဲဖက်မှာ သူနှင့်အတူ တိုင်းဘောလုံးသမားဘဝမှ လက်ရွေးစင်ဖြစ်လာသူ ထူးဝါးပင်ဖြစ်သည်။ အိန္ဒိယအသင်းမှ ပူရန်ဗဟာဒူး နှင့်အတူထင်ပေါ်ကျော်ကြားလာခဲ့သည်။ ဗဟာဒူးကား မြန်မာ့လက်ရွေးစင်ဘောလုံးသမားတစ်ဦးအဖြစ် (၁၄) နှစ်တိုင်အောင် ပါဝင်ကစားပေးခဲ့ပြီး၊ အကောင်းဆုံးဘောလုံးသမားအဖြစ် ၂ ကြိမ်သတ်မှတ်ခံရပြီး အမြင့်ဆုံးဆုကလပ်ကိုလည်း ၁၉၆၆ ခုနှစ်တွင်ရရှိခဲ့ပါသည်။ မြန်မာ့ဘောလုံး သမိုင်းကြောင်းမှာ ပထမဦးဆုံး အကောင်းဆုံးအားကစားသမားဆု စတင်ချီးမြှင့်သည့် ၁၉၅၅ နှင့် ၁၉၅၆ တွင် ဗဟာဒူး က ရရှိခဲ့ပါသည်။

နိုင်ငံတော်အတွက် မြန်မာ့လက်ရွေးစင်အဖြစ် ပါဝင်ခဲ့ပြီး အာရှ လူငယ်ဖလား ဘောလုံးပြိုင်ပွဲတွင် ၁၉၆၆ တွင် ချန်ပီယံ နှင့် ၁၉၇၀ ခုနှစ်တွင် ကိုရီးယားအသင်းနှင့် ပူးတွဲ ချန်ပီယံဖြစ်ခဲ့သည်။ အရှေ့တောင်အာရှ အားကစားပြိုင် ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် ၁၉၆၅ ခုနှစ်တွင်ထိုင်း နှင့် ပူးတွဲချန်ပီယံ၊ ၁၉၆၇ နှင့် ၁၉၆၉ ခုနှစ်တွေမှာ ပထမရွှေတံဆိပ်ရအောင်လည်း စွမ်းဆောင်ပေးခဲ့ပြန်ပါသည်။ မလေးရှားလွတ်လပ်ရေးဖလား (မာဒေးကား ဖလား) ပြိုင်ပွဲမှာတော့ ၁၉၆၄ ခုနှစ်မှာ တစ်ကြိမ် နှင့် ၁၉၆၇ ခုနှစ်မှာ ကိုရီးယားအသင်းဖြင့် နှစ်ကြိမ်မြောက်အဖြစ် ပူးတွဲဗိုလ်စွဲခဲ့ပါသည်။

တစ်ဘက်တွင် ဗဟာဒူးသည် တပ်မတော်သားတစ်ယောက် တာဝန်ကိုလည်း တိုင်းပြည်အတွက် ပေးဆပ်ရပြန်သည်။ နယ်ချဲ့တရုတ်ဖြူတို့ကို တွန်းလှန်ရာ တွင် ရှေ့တန်းစစ်မျက်နှာပြင်တွင် ကျည်ဆံများကြား ရုန်းကန်နေရသည်။

“ကျွန်တော်နဲ့ ရှမ်းပြည်နယ်ဂိုးသမား ဘားဗဟာဒူးတို့ဟာ တပ်စိတ်တစ်ခုတည်းပဲ။ အဲဒီတုန်းက ကျွန်တော်က အသက်ကလည်းငယ်သေးတော့ သေရမှာလည်း မကြောက်ဘူးလေ။ ကျွန်တော်တို့နှစ်ယောက် အတင့်ရဲလွန်းလို့ ဗိုလ်ကြီးက ဆူတာကို မကြာခဏခံနေရတယ်” ဟု ဗဟာဒူးက သူ့စစ်ရေးအတွေ့အကြုံကို အားပါးတရပြောရာ ဇနီးဖြစ်သူ ခင်သန်းမြင့်က ထိတ်လန့်အံ့သြစွာ နားထောင်နေရှာသည်။ဗဟာဒူးသည် သူ့ချစ်ဇနီးအား အင်္ဂလိပ်သတင်းစာတစ်စောင်မှ အားကစားသတင်းများ အားဖတ်ပြကာ ကောက်ချက်ချပြနေ သည်။“ဗဟာဒူးကမဆိုးပါလား အင်္ဂလိပ်သတင်းစာတောင် ကောင်းကောင်းဖတ်နိုင်သားပဲ”

ကျနော်အသက် ကလေးဘဝအရွယ် ၁၉၆၂-၆၃ လောက်မှာ ဦးဗဟာဒူးတို့ မာဒေးကား ဖလားပိုက်ပြန်လာတော့ မြန်မာပြည်သူတွေက လမ်းဘေး ဝဲယာကနေ သောင်းသောင်းဖျဖျ ကြိုကြတယ်။ ကျနော့်အဖေကလည်း ရန်ကုန် ၆ မိုင်ခွဲ ပြည်လမ်းမကြီးဘေးက ကုက္ကိုပင်ကြီးအောက်ကနေ (ခုတော့ အဲဒီကုက္ကိုပင်ကြီးတွေ မရှိတော့ပါဘူး) မြန်မာအောင်ပွဲရဘောလုံးသမားတွေကို ကြိုတယ်။ ဦးဗဟာဒူးတို့က အမိုးဖွင့်ဂျစ်ကားတွေနဲ့ လာကြတာ၊ ပြည်သူတွေက သူတို့ကို ပန်းကုံးတွေစွပ်ကြ ပြောရရင် အခု အမေစု (ဒေါ်အောင်ဆန်းစုကြည်) ကို ပြည်သူတွေ ကြိုကြသလိုပေါ့။

ဦးဗဟာဒူးက ကားပေါ်ကနေ ကျနော့်အဖေကိုမြင်တော့ ကားကိုခဏရပ်ခိုင်းပြီး အဖေ့ကိုနှုတ်ဆက်တယ်။ နောက် သူ အဖေ့အတွက် အမှတ်တရဝယ်လာတဲ့ လက်ဆောင် ခေါက်ထိုင်ခုံလေး လှမ်းပေးခဲ့တယ်။ အဲဒီခုံလေး အဖေက အမှတ်တရ ခုထိ သိမ်းထားဆဲပါ။ သူ နိုင်ငံခြားခရီးကပြန်လာတိုင်း ကျနော်တို့မိသားစုအတွက် လက်ဆောင်တွေကတော့ ပါနေကျပါ။

ဦးဗဟာဒူး အသက်အရွယ်ငယ်စဉ် ဘောလုံးသမားဘဝကတည်းက ကျနော့်အဖေရဲ့ရုံးခန်းကို သူ့လေ့ကျင့်ခန်းပြီးတိုင်း လာနေကျ။ အဖေက ရန်ကုန် ပန်းပဲတန်း ကုန်သွယ်ရေးမှာပါ။ အဖေက သူလာတိုင်း ကြက်ကောင်လုံးကြော် သူ့အတွက် မှာပေးနေကျ၊ ဦးဗဟာဒူးကလည်း ကုန်အောင်စားနေကျ၊ စားပြီး အဖေ့ရုံးခန်းမှာပဲ တရေးအိပ်နေကျ…။ နောက်တချက်က သူက မြန်မာပြည်ဖွား ဂေါ်ရခါးပီပီ ဂေါ်ရခါး ချက်အရက် သိပ်ကြိုက်တယ်။ ဒါပေမယ့် ဘောလုံးကန်တာကို ထိခိုက်လောက်အောင် ဘယ်တော့မှမသောက်ဘူး။

ဦးဗဟာဒူးက ၁၉၆ဝ မှာ အောင်ဆန်းကွင်းက စာရေးဝန်ထမ်းတယောက်ဖြစ်တဲ့ အန်တီ ဒေါ်ခင်သန်းမြင့်နဲ့ အိမ်ထောင်ကျပါတယ်။ သားသမီး ၃ ယောက်ထွန်းကားတယ်လို့ မှတ်မိတယ်။ သားကြီးက Taxi မောင်းတယ်၊ ခုတော့ ဘယ်ရောက်လို့ ဘာလုပ်နေလဲမသိဘူး။ ဦးဗဟာဒူးတို့နေတာ ကျောက်မြောင်းမှာပါ။ ကျနော့်အဖေက သူ မှတ်မိတာပြောပြတယ်။ ရန်ကုန်အောင်ဆန်းကွင်းမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ပွဲလို့ ထင်ပါတယ်။ ပွဲကလည်း စ တော့မယ်၊ ကွင်းလယ်ဒိုင်လူကြီးရှေ့မှာ ဂိုးနေရာရွေးဖို့နဲ့ စ ကန်ရဖို့ ခေါင်းပန်းလှန်ကြတယ်။ မြန်မာက စ ကန်ရမယ်၊ ကွင်းလယ်ဒိုင်လူကြီးက ပွဲစ ခရာလည်းမှုတ်လိုက်ရော ပွဲကြည့်ပရိတ်သတ်ကလည်း အားပေးဖို့နေရာယူနေကြတုန်း။

ဦးဗဟာဒူးရဲ့တွဲဖက် (ဦး) ကိုကိုကြီးလို့ ထင်တယ်၊ (ဦး) ကိုကိုကြီးက ဦးဗဟာဒူးအတွက် ဘောလုံးကို အသာလေး တို့ပေးလိုက်တယ်၊ ဦးဗဟာဒူးက (ဦး) ကိုကိုကြီး တော့ပေးလိုက်တဲ့ဘောလုံးကို တဖက်အသင်းရဲ့ ဂိုးထဲ တိုက်ရိုက် ကန်ထည့်လိုက်တာ၊ တဖက်ဂိုးသမားကလည်း ပွဲ စကာစဆိုတော့ သူ့နေရာတောင် ကောင်းကောင်းမယူရသေးဘူး။ သွေးပူလေ့ကျင်းခန်းအနေနဲ့ ဟိုလှုပ် ဒီလှုပ် လုပ်နေတုန်းမှာ ဘောလုံးက ဂိုးထဲဝင်နေပြီ။ အားလုံးက မှင်သက်နေတုန်း ဒိုင်လူကြီးက ဂိုး ခရာမှုတ်လိုက်တော့မှ ကွင်းပတ်ပတ်လည် ပွဲကြည့်စဉ်မှာရှိနေကြတဲ့ ကျနော်တို့ပရိတ်သတ်ကြီး ဘာပြောကောင်းမလဲ… ဂိုးးးးးးးးးလို့လည်း အော်ကြ၊ ထ ကကြနဲ့ ရင်ထဲကိုယ်စီ လှိုက်ခနဲ ပြောမပြတတ်တဲ့ ဝမ်းသာအားရ အသံတွေ၊ လက်ခုပ်သံတွေ၊ လက်ခေါက်မှုတ်သံတွေ၊ လည်ချောင်းကွဲမတတ် အော်ဟစ်အားပေးခဲ့ကြဖူးတယ်…။ (အဲဒီတုန်းက အာရှမှာ ဘောလုံးဘုရင်ဟာ ကျနော်တို့ မြန်မာပါ)

၁၉၇ဝ ပြည့်နှစ်အလွန် ဘောလုံးလောကမှာ မြန်မာဆိုတာ အာရှချန်ပီယံ၊ မာဒေးကားဖလား ချန်ပီယံ၊ တောင်ကိုရီးယားနိုင်ငံ ဖလားဖြစ်တဲ့ ပတ်ချုံဟီးဖလား ချန်ပီယံပါ၊ တို့မြန်မာနိုင်ပြီဟူသော သီချင်းသံကို ရေဒီယိုမှ နှစ်စဉ်ကြားနေခဲ့ရတာ။ ပြည်သူတွေကြား ရေပန်းစားခဲ့တာ ဒို့မြန်မာနိုင်ပြီ ဆိုတဲ့သီချင်းပါပဲ…။ သူတို့ပြန်လာတိုင်း ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကနေ ရန်ကုန်မြို့ထဲတလျှောက် လမ်းဘေးဝဲယာမှာ ပြည်သူတွေ ပန်းကုံးတွေနဲ့ အပြည့်ကြိုခဲ့ကြတာ၊ တခါကပေါ့… …။

ဦးဗဟာဒူး ရန်ကုန်မှာကန်သမျှပွဲတွေ အဖေနဲ့ကျနော် သူပေးတဲ့မေတ္တာလက်မှတ်နဲ့ သွားကြည့်နေကျ၊ အားပေးနေကျပါ။ ၁၉၈ဝ ပတ်ဝန်းကျင်လောက်လို့ ထင်တယ်။ အဲဒီအချိန်မှာ ဦးဗဟာဒူးတို့ အသက် ၄ဝ ကျော်စ ပြုပြီလေ၊ သူနဲ့ သူ့တွဲကစားဖော်တွေဖြစ်တဲ့ (ဦး) ကိုကိုကြီး၊ (ဦး) လှဌေး၊ နောက်တန်းကနေကစားတဲ့ (ဦး) မောင်မောင်တင် တို့ပါတဲ့ မြန်မာ့လက်ရွေးစင်ဟောင်းတွေနဲ့ မြန်မာ့လက်ရွေးစဉ် လူငယ်တို့ ချစ်ကြည်ရေးကန်ကြတဲ့ပွဲပါ။ အမှတ်တရပါပဲ၊ သိပ်မပြေးနိုင်ကြတဲ့ လက်ရွေးစဉ်ဟောင်းကြီးတွေရဲ့ အဝေးပေး၊ အဝေးကန်စံနစ်သုံးသွားကြတာ။ လက်ရွေးစဉ်လူငယ် ၄ ယောက်ဝိုင်းနေတဲ့ကြားထဲက ဦးဗဟာဒူးရဲ့ ဘောလုံးကို လှည့်ပတ်ထုတ်သွားပြီး သူ့ရှေ့တန်းလူ (ဦး) လှဌေးဆီပို့ပေးလိုက်တဲ့ကန်ချက်တွေ ခု ကျနော် ပြန်မြင်ယောင်မိတယ်။

၁၉၈၂ ခုနှစ်မှာ ကျနော့်ကို အဖေက နိုင်ငံခြားသင်္ဘောလိုက်ဖို့ ဦးမောင်မောင်ကျော်ဆီ အပ်ခဲ့ဖူးပါတယ်။ ဦးမောင်မောင်ကျော်ဆိုတာ ၁၉၈ဝ ဝန်းကျင်က မြန်မာပြည်ရဲ့ အချမ်းသာဆုံးစာရင်းဝင်တဲ့သူတယောက်ပါ။ သူ့ရုံးခန်းက ဆူးလေဘုရားလမ်း ထားဝယ်တိုက်မှာပါ။ သူကိုင်ထားတဲ့သင်္ဘောကုမ္ပဏီတွေက ချာချင်းမရိန်း၊ ယူနတီ စတဲ့ နိုင်ငံခြားသင်္ဘောကုမ္ပဏီတွေ။ ကျနော် နိုင်ငံကူးလက်မှတ်ရပြီး နိုင်ငံခြားသင်္ဘောလိုက်ဖို့ အလှည့်စောင့်နေတုန်းအချိန်။ ဦးဗဟာဒူးက အိမ်ရောက်လာပြီး ကျနော့်ကို မေးတယ်၊ မင်း ခုထိ မသွားရသေးဘူလားတဲ့။ စောင့်နေတုန်းပဲ အန်ကယ်ရေ လို့ သူ့ပြန်ဖြေတော့ ကောင်းပြီ မင်းနဲ့ ငါ အဲဒီ ဦးမောင်မောင်ကျော်ဆီ နက်ဖြန်သွားမယ်၊ ငါကိုယ်တိုင် သူ့ကိုပြောမယ်၊ သူက အားကစားသမားတွေဆို သိပ်လေးစားတယ်လို့ ငါ သိထားတယ်ဆိုပြီး နောက်နေ့ ကျနော်တို့ ရန်ကုန် ၃၉ လမ်း (အောက်လမ်း) က စားသောက်ဆိုင်တခုမှာ ချိန်းလိုက်ကြတယ်။ ဦးမောင်မောင်ကျော်က မကွေးသား၊ မကွေးဇာတိ ဆိုတော့ သူ့ မကွေးတိုင်းက အားကစားသမားတွေ တိုင်းနဲ့ပြည်နယ် အားကစားပြိုင်ပွဲတွေမှာ အနိုင်ရရေးအတွက် အမြဲထောက်ပံ့နေကျ၊ နိုင်ရင် ဗိုလ်စွဲခဲ့ရင် တဦးချင်းအတွက်ရော၊ အသင်းအတွက်ပါ သူ ထိုက်ထိုက်တန်တန်ဂုဏ်ပြုနေကျ။

နောက်နေ့ ဦးဗဟာဒူးချိန်းတဲ့ဆိုင်ရောကတော့ ခဏနေအုန်းကွာ… ငါ နည်းနည်းချလိုက်အုန်းမယ်ဆိုပြီး မန္တလေးရမ် ၄ ပက်နဲ့ ဘဲကင်တစိတ် မှာပါတယ်။ ကျနော့်အတွက်တော့ ဝက်သားခေါက်ဆွဲကြော်ပေါ့။ နောက် ကျနော်တို့ ဦးမောင်မောင်ကျော်ဆီ ချီတက်ခဲ့ကြတယ်။ သူ့ B600 လေးဘီးကားလေးနဲ့ပေါ့။ အဲဒီအချိန်မှာ သူ့ပုံစံက အားကစားသမားတယောက်ပုံစံ မဟုတ်တော့ဘူး။ ဗိုက်ကလည်း ရွှဲနေ၊ လူကလည်း တော်တော်ဝနေပြီ၊ စွပ်ကျယ်ချိုင်းပြတ်ကို အပေါ်ကနေ ရှပ်အင်္ကျီလက်တို ကြယ်သီးမတတ်ဘဲဝတ်ရင်း ကာကီရောင်ဘောင်းဘီရှည်၊ ဆင်ကြယ်တံဆိပ် ရာဘာဖိနပ်နဲ့ သူ့ပုံကို ခုပြန်မြင်နေဆဲပါ။

ဦးမောင်မောင်ကျော်ရဲ့ရုံးခန်းရှိတဲ့ ထားဝယ်တိုက်အောက်ဆုံးထပ်က ထိုင်းအဲယားဝေးရုံး၊ အဲဒီရုံးရှေ့မှာ အမောင်သင်္ဘောသားများ အမြဲရှိကြတယ်။ သူဌေးဦးမောင်မောင်ကျော်ရဲ့ကားလာပြီဆိုတာနဲ့ အားလုံးတန်းစီ မတ်တပ်ကလေးရပ်ကြပြီး မျက်နှာပြကြတာ၊ သူကလည်း အားလုံးကို သူ့မျက်လုံးနဲ့ ဝေ့ကြည့်သွားရုံပါပဲ။ အဲလိုမျိုးရပ်ကြရတာ ဦးမောင်မောင်ကျော် ရုံးတက်ချိန်နဲ့ ရုံးဆင်းချိန်ပေါ့၊ ဒါ နေ့စဉ် ဒီလိုပဲ။

ကျနော်နဲ့ ဦးဗဟာဒူး ဦးမောင်မောင်ကျော်ရဲ့ရုံးခန်းရှိရာကို တက်ခဲ့ကြတယ်။ သူ့ရုံးခန်းရှေ့မရောက်ခင်မှာလည်း သင်္ဘောလိုက်ဖို့စောင့်နေကြတဲ့ မြန်မာသင်္ဘောသားများ တန်းစီလျက်တွေ့ရတယ်။ ဦးဗဟာဒူးက ခပ်တည်တည်ပဲ ကျနော့်လက်ဆွဲပြီး ရုံးခန်းလို့ သူ ယူဆတဲ့ အခန်းတံခါးလက်ကိုင်ကို ဆွဲလှည့်ပြီးဖွင့်တယ်၊ အထဲက လော့ချထားတော့ ဖွင့်မရဘူး။ အဲလိုဖြစ်နေတုန်း စာရေးလူငယ်လေးတယောက်ပြေးလာပြီး ဟာ… ဦးလေး ဘာကိစ္စရှိလို့လဲ ဦးနဲ့ဆရာ ချိန်းထားလို့လား၊ အထဲမှာ ဆရာအစည်းအဝေးလုပ်နေတယ်၊ ချိန်းထားတာမဟုတ်ဘူးဆိုရင် ကျနော်တို့ဆရာ့အခန်းထဲ ပေးဝင်ခွင့်မပြုနိုင်ပါဘူးဆိုပြီး ပြောပါတယ်။

အဲမှာတင် ဦးဗဟာဒူးက အေးကွာ ချိန်းတော့မထားပါဘူး ငါ သူ့တွေ့ချင်လို့ပါ၊ သူက ဒို့ မြန်မာ့လက်ရွေးစဉ် အားကစားသမားတွေဆို သိပ်လေးစားတယ်လို့လည်း ကြားထားလို့၊ ပြောလိုက်ကွာ မင်းဆရာကို ဘောလုံးကန်တဲ့ ဗဟာဒူးက တွေ့ချင်လို့ပါလို့။ အဲလိုလဲပြောလိုက်ရော စာရေးလေးတင်မကဘူး ဘေးမှာရှိနေကြတဲ့ သင်္ဘောသားတွေကပါ ဟာ ဦးဗဟာဒူးလား တွေ့ရတာဝမ်းသာလိုက်တာဗျာ၊ ကျနော်တို့သိပ်ကြိုက်ခဲ့ကြတဲ့ ဦးဗဟာဒူးပဲ၊ ခုလိုအပြင်မှာ အနီးကပ်တွေ့ရတာ ဝမ်းသာလိုက်တာဗျာဆိုပြီး ဝိုင်းနှုတ်ဆက်ကြပါလေရော…

အဲဒီတုန်း စာရေးလေး သွားပြောလိုက်လို့ထင်ပါရဲ့ ဦးမောင်မောင်ကျော်ကိုယ်တိုင် တံခါးဖွင့်ပြီး ကျနော် မောင်မောင်ကျော်ပါ၊ ဦးဗဟာဒူး ကျနော့်ဆီလာတဲ့အတွက် ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်ဆိုပြီး ယဉ်ယဉ်ကျေးကျေး လက်ဆွဲနှုတ်ဆက်ပြီး ရုံးခန်ထဲဝင်ခဲ့ကြတယ်။ ရုံးဧည့်ခန်းမှာထိုင်ကြရင်း ဦးမောင်မောင်ကျော်က ကျနော့်ဆီခုလို ဦးဗဟာဒူးလာလည်တာ ကျေးဇူးလည်းတင် ဝမ်းလည်းသာပါတယ်၊ ကျနော် ဘာများကူညီရပါမလဲလို့မေးတော့ ဦးဗဟာဒူးက ဘာမှကွေ့ဝိုက်မနေဘဲ အေးဗျာ ဟောဒါ ကျနော့်သူငယ်ချင်းရဲ့သား မင်းကျော်ခိုင်၊ ကျနော့်တူ ကျနော့်သားဆိုလည်း မမှားဘူးပေါ့ဗျာ၊ သူ သဘောၤာလိုက်ဖို့အတွက် ခင်ဗျားဆီလာခဲ့တာ၊ လာပါဗျာ အပြင်လက်ဖက်ရည်ဆိုင်သွားရအောင်၊ အေးအေးဆေးဆေး စကားပြောကြတာပေါ့ဆိုပြီး ခေါ်ပါလေရော၊ ဦးဗဟာဒူးက သူဌေးတွေဘာတွေ ကြည့်နေတာမဟုတ်ဘူး၊ သူ့စိတ်ထဲရှိတာပြောချင်တာကို ဟန်မဆောင်ဘဲပြောလိုက်တာ။

ဦးမောင်မောင်ကျော်ကတော့ နားလည်တဲ့ပုံနဲ့ ကျနော် အပြင်သွားလို့မရသေးပါဘူး အလုပ်များနေလို့ပါ၊ ဒီနေရာမှာလည်း ပြောလို့ရပါတယ်လို့ ပြန်တောင်းပန်တယ်။ အဲဒါဆိုလည်း ကျနော် ပွင့်ပွင့်လင်းလင်းပဲပြောမယ် မေးမယ်၊ သူ ခင်ဗျားဆီကနေ သင်္ဘောတက်ဖို့ ငွေဘယ်လောက်ပေးရမလဲ၊ အပြတ်ပြောဗျာ၊ ယောင်္ကျားချင်းတွေပဲဆိုပြီးပြောချလိုက်တာ။ ဦးမောင်မောင်ကျော်လည်း ဝုန်းဆို ထိုင်ခုံကနေ မတ်တပ်ရပ်လိုက်ပြီး ကျနော် ဒီအလုပ်ကိစ္စအတွက် ဘယ်သူ့ဆီကမှ တပြားတချပ်မှ မယူဘူး၊ ကိုယ့်နိုင်ငံသားတွေ အလုပ်အဆင်ပြေဖို့သက်သက် စေတနာနဲ့ကူညီတာပါ၊ မင်းကျော်ခိုင်ကိုလည်း ကျနော်သိနေတာပဲ အချိန်လေးနည်းနည်းစောင့်ပေးဖို့ပဲ၊ သူ့အလှည့်ရောက်ဖို့ ကျနော် တာဝန်ယူပါတယ်လို့ပြန်ပြောတော့ ကျနော်ကတော့ ဒီလောကမှာ အပေးအယူတွေရှိတယ်ကြားထားလို့ ပြောင်မေးတာ၊ ဒါဆို ခင်ဗျားကတိအတိုင်း ဆိုပြီးတာပဲဗျာ … ကျနော်တို့ နှုတ်ဆက်ပြန်ခဲ့ကြတယ်။

အဲဒီအချိန်မှာ သူ ဗိုလ်မှူးဘဝနဲ့ပါ။ သူ့ကို အောင်ဆန်းအားကစားပြိုင်ကွင်းမှာ အလုပ်နေရာပေးတာတောင် လက်မခံခဲ့ဘူး၊ ဘောလုံးကန်တာကလွဲလို့ ကျန်တာ သူ ဘာမှစိတ်မဝင်စားဘူးဆိုပြီး ငြင်းခဲ့တယ်။ သူ့အိမ်သူဇနီး အန်တီဒေါ်ခင်သန်းမြင့် ဆုံးသွားပြီး နောက်အိမ်ထောင်ပြုခဲ့သေးတယ်၊ နောက်အိမ်ထောင်ကျပြီး မင်္ဂလာဒုံမှာသွားနေကြတယ်။ ဦးဗဟာဒူးဟာ အသက် ၆၀ကျော်အရွယ်မှာ ကြားတယ်။ သူ မဆုံးခင်မှာ ပြည်တွင်းပြည်ပက သူ့အပေါ်လေးစားတဲ့ မြန်မာဘောလုံးပရိသတ်တွေက သူ လိုအပ်တာတွေ ဝိုင်းဝန်းထောက်ပံ့ခဲ့ကြတယ်။

(တချိန်တုန်းက အာရှဘောလုံးလောကမှာ အာရှဘောလုံးအသင်းရဲ့ကပ္ပတိန်လို့တင်စားခဲ့ကြတဲ့ မြန်မာဘောလုံး အကျော်အမော် အန်ကယ်ဦးဗဟာဒူးအတွက် အမှတ်တရ ရေးဖြစ်တာပါ။)

မင်းကျော်ခိုင်
မိုးတိမ် (တမာမြေ)

 

Tags: myanmar peopleSport people
Next Post
ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သော ကလေးများ

ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သော ကလေးများ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!