ကမ္ဘာပေါ်မှာ ခြင်္သေ့အမျိုးအစားပေါင်း ၈ မျိုးခန့် ရှိပေမယ့် အဓိကမျိုးစိတ်အနေနဲ့ကတော့ ၂ခုပဲ ရှိပါတယ်။ အဲဒါကတော့ Panthera leo melanochaita မျိုးစိတ် နဲ့ Panthera leo leo မျိုးစိတ် ဆိုပြီးတော့ပါ။
Panthera leo leo မျိုးစိတ်ထဲမှာ အာရှခြင်္သေ့ ၊ အလယ်ပိုင်းအာဖရိကခြင်္သေ့ ၊ အနောက်အာဖရိကခြင်္သေ့ နဲ့ ဘာဘာရီခြင်္သေ့(မြောက်အာဖရိက) ခြင်္သေ့တို့ပါဝင်ပါတယ်။ Panthera leo melanochaita မျိုးစိတ်ထဲမှာတော့ ကိတ်ပ်ခြင်္သေ့ နဲ့ အရှေ့အာဖရိကခြင်္သေ့တို့ ပါဝင်ပါတယ်။ ခြင်္သေ့အမျိုးအစားတွေအားလုံးကို အိန္ဒိယနိုင်ငံနဲ့ အာဖရိကနိုင်ငံတွေကလွဲလို့ တခြားတိုက်တွေ့ရလေ့မရှိပါဘူး။
၁၉ ရာစုအထိ အာရှခြင်္သေ့တွေကို တူရကီ ၊ အီရန် ၊ မီဆိုပိုတေးမီးယား ၊ Indus မြစ်ကမ်း နဲ့ Narmada မြစ်ကမ်းတွေမှာ တွေ့ရပါသေးတယ်။ ဒါပေမယ့် ၂၀ ရာစုကစလို့ ယနေ့အချိန်မှာတော့ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် ၊ GIR သစ်တောကြီးအတွင်းမှာသာ တွေ့ရပါတော့တယ်။ အိန္ဒိယနိုင်ငံ တစ်နိုင်ငံလုံးနီးပါးမှာရှိခဲ့တဲ့ ဒီခြင်္သေ့တွေ မရှိရတော့ခြင်း အကြောင်းတစ်ရပ်ကတော့ အိန္ဒိယကို ကိုလိုနီချဲ့ခဲ့တဲ့ ဗြိတိသျှအရာ ရှိတွေရဲ့ အမဲလိုက်သတ်ဖြတ်မှုကြောင့်လို့ ဆိုရမှာပါ။ ၁၉ရာစုအတွင်းမှာပဲ ဗြိတိသျှအရာရှိတွေဟာ အာရှခြင်္သေ့အကောင်ပေါင်း ၃၀၀ ခန့်ကို ပစ်ခတ်သတ်ဖြတ်ပစ်ခဲ့ကြပါတယ်။
သူ့ရဲ့သီးသန့်သိပ္ပံနာမည်ကတော့ Panthera Leo persica ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အကောင်အရေအတွက်အားဖြင့်တော့ ၂၀၁၇ခုနှစ်စာရင်းများအရ ၆၅၀ခန့် ကျန်ရှိနေပါသေးတယ်။ အာရှခြင်္သေ့တွေဟာ အိန္ဒိယရဲ့အကြီးဆုံး ကြောင်ကြီးမျိုးစိတ် ငါးမျိုးထဲမှာ ပါဝင်ပါတယ်။ အဲဒါတွေကတော့ ဘင်္ဂလားကျား ၊ အိန္ဒိယကျားသစ် ၊ နှင်းကျားသစ် နဲ့ အင်းကျား တို့ပဲဖြစ်ပါတယ်။ အာရှခြသေ့ၤတွေကို အိန္ဒိယခြင်္သေ့ ၊ ပါရှန်းခြင်္သေ့ လို့လည်းခေါ်လေ့ရှိကြပါတယ်။
အာရှခြင်္သေ့အထီးတွေရဲ့ ခန္ဓာကိုယ်အလျား အရွယ်အစားဟာ ၅.၅ပေ ကနေ ၈.၂ပေ အထိရှိတတ်ပြီး အမတွေကတော့ ၄.၆ပေကနေ ၅.၇ပေ အထိပဲ ရှိတတ်ပါတယ်။ အလေးချိန်အားဖြင့်တော့ အထီးတွေဟာ ၃၅၀ပေါင် ကနေ ၄၂၀ပေါင် အထိရှိတတ်ပြီး အမတွေကတော့ ၂၄၀ပေါင်ကနေ ၂၆၀ပေါင် အထိ ရှိတတ်ပါတယ်။ အထီးတွေကတော့ အမြင့် ၄ပေခန့်အထိရှိနိုင်ပြီး အမတွေကတော့ ၃ပေခွဲခန့် ပဲရှိနိုင်ပါတယ်။ အရှောင်အားဖြင့်တော့ မီးခိုးဖျော့ရောင် ၊ သဲအရောင် ခပ်ဖျော့ဖျော့ရှိတတ်ပြီး အမည်းရောင်အစက်အပျောက်တွေ ပါတတ်ပါတယ်။
အာဖရိကခြင်္သေ့တွေလိုပဲ အာရှခြင်္သေ့တွေဟာ အဖော်အပေါင်းနဲ့ စုဖွဲ့နေတတ်ပါတယ်။ ခြင်္သ့အထီးတစ်ကောင်ဟာ ခြင်္သေ့အမ ၅ကောင်ခန့်အထိနဲ့ ယှဉ်တွဲနေထိုင်လေ့ရှိပါတယ်။ သားကောင်ရှာဖွေတဲ့အခါမှာလည်း အမတွေကသာ အဓိကဖမ်းပေးရပါတယ်။
အာရှခြင်္သေ့တွေမှာ ထုတ်နိုင်သိမ်းနိုင်တဲ့ လက်သည်းအစွယ်တွေပါရှိပြီး သားကောင်လိုက်တဲ့အခါမှာ လက်သည်းတွေနဲ့ မိမိရရထိုးနှက်ဖမ်းပြီးမှ သွားတွေနဲ့ သေသည်အထိ ကိုက်လေ့ရှိပါတယ်။ သူတို့မှာလည်း အလွန်ကြမ်းတဲ့လျှာတွေ့ရှိပြီး ဒီလျှာတွေဟာ တိရစ္ဆာန်အသေကောင်ကို အမဲဖျက်တဲ့အခါမျိုးမှာ အထူးအသုံးဝင်ပါတယ်။ သူတို့ဟာ ဒရယ် ၊ တောဆိတ် ၊ တောဝက် ၊ ကျွဲ နဲ့ အခြားတိရစ္ဆာန်တော်တော်များများကို အမဲလိုက်လေ့ရှိကြပါတယ်။
ဒီခြင်္သေ့တွေဟာ တစ်နေ့ကို ၄နာရီလောက်ပဲ လှုပ်လှုပ်ရှားရှားနေလေ့ရှိပြီး ကျန်အချိန်တွေကတော့ အနားယူခြင်း ၊ အိပ်စက်ခြင်းတွေနဲ့ပဲ ကုန်ဆုံးလေ့ရှိပါတယ်။
ခြင်္သေ့အထီးတွေဟာ ၁နှစ်သားမှာ ဟိန်းသံကို စတင်ပြုလုပ်တတ်ကြပြီး ခြင်္သေ့အထီးရဲ့ဟိန်းသံဟာ ခြင်္သေ့အမတွေထက် ပိုမိုကျယ်လောင်ပါတယ်။ သူတို့ရဲ့စိတ်ခံစားချက်ကို ပြသတဲ့အနေနဲ့ ဟိန်းဟောက်လေ့ရှိပြီး ဟိန်းသံအတိုးအကျယ်နဲ့ အချင်းချင်းလည်း ဆက်သွယ်တတ်ကြပါသေးတယ်။
အုပ်စုတစ်စုစီမှာ ပိုက်နက်ကိုယ်စီရှိပြီး ကျူးကျော်လာပါက ခေါင်းဆောင် ခြင်္သေ့အထီးချင်းချင်း တိုက်ခိုက်လေ့ရှိပြီး အနိုင်ရရှိသူဟာ အဲဒီပိုက်နက်နဲ့ ခြင်္သေ့အုပ်ရဲ့ ခေါင်းဆောင်ဖြစ်လေ့ရှိပါတယ်။ သူတို့ရဲ့ပိုင်နက်တွေကိုတော့ ဟိန်းသံ ၊ ကျင်ငယ်ရေ (သို့) ခြစ်ကုတ်ရာအမှတ်အသားများ နဲ့ ခွဲခြားထားလေ့ရှိပါတယ်။
အာရှခြင်္သေ့တွေဟာ တစ်နှစ်ပတ်လုံး ရာသီမရွေးမိတ်လိုက်လေ့ ရှိတဲ့ တိရစ္ဆာန်တွေဖြစ်ပါတယ်။ အမတွေ ကိုယ်ဝန်ဆောင်ချိန်ကတော့ ရက်ပေါင်း ၁၀၀ ကနေ ၁၂၀ခန့်အထိကြာမြင့်လေ့ရှိပြီး မွေးဖွားတဲ့အခါမှာတော့ ခြင်္သေ့ပေါက်ကလေး ၁ကောင်ကနေ ၆ကောင်အထိ မွေးလေ့ရှိကြပါတယ်။
အကောင်ပေါက်တွေဟာ ၁၁ရက်သား ခန့်အထိ မျက်စိမြင်ခြင်းမရှိပါဘူး။ ၁၅ရက်ခန့်မှာတော့လမ်းစလျှောက်လေ့ရှိပြီး ၁လသားမှာတော့ စပြေးလေ့ရှိပါတယ်။ အကောက်ပေါက်ကလေးတွေကို အဖွဲ့တစ်ဖွဲ့လုံးမှာရှိတဲ့ ခြင်္သေ့အမတွေက စောင့်ရှောက်ကြရပါတယ်။ အကောင်ပေါက်အထီးတွေဟာ ၅နှစ်သားမှာ အရွယ်ရောက်ပြီး အမတွေကတော့ ၄နှစ်ကတည်းက အရွယ်ရောက်ပါတယ်။
အာရှခြင်္သေ့တွေရဲ့ပျမ်းမျှသက်တမ်းကတော့ ၁၆နှစ်ကနေ ၁၈နှစ် အထိဖြစ်ပါတယ်။ အမတွေက အထီးတွေထက် သက်တမ်းပိုတိုပါတယ်။ အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ကြီး IUCN(International Union for Conservation of Nature) ရဲ့ ရှားပါးတိရစ္ဆာန်စာရင်းမှာ အကောင်ရေနည်းလာပြီဖြစ်တဲ့ အာရှခြင်္သေ့တွေကို ထည့်သွင်းသတ်မှတ်ထားပြီး အမဲလိုက်ခြင်းကနေ ဥပဒေနဲ့ အကာအကွယ်ပေးထားပါတယ်။
Discussion about this post