ရေးသားသူ – Ko Kyel Sin (ဗဟုသုတ ကြယ်စင် ဂရု)
အနောက်တိုင်း၏ မိုးနတ်ဒေဝီ အလှဧကရီ နတ်သမီးမှာ အက်ဖရိုဒိုက် (Aphrodite) ဖြစ်ပေသည်။ သူ့ကို ရောမတို့ ခေါ်သော ဗီးနပ်စ် (Venus) ဟူသောအမည်နှင့် ကမ္ဘာက ပိုသိကြသည်။ သူ့အကြောင်း စပ်လိုက်ကြသည့် ကဗျာတွေ၊ ထုလိုက်ကြသည့် ပန်းပုတွေ တစ်ပုံကြီးရှိသည်။ နာမည်ကျော် ဗီးနပ်စ်ရုပ်တု (Venus of Milo) ကို လက်နှစ်ဘက်မပါ၊ ကိုယ်တစ်ပိုင်းဗလာနှင့် မီလိုကျွန်းတွင် စတင်တွေ့ရှိပြီး ယခုအခါ ပြင်သစ်ပြည် လူးဗရ (Louvre) ပြတိုက်၌ ထားရှိသည်။
ဗီးနပ်စ် ….. လှသည်ကတော့ အလွန်လှသည်။ အက်ဖရိုဒိုက် မွေးဖွားပေါ်ထွန်းလာပုံကို ကမ္ဘာကျော် ပြင်သစ်ပန်းချီဆရာကြီး ဘူးဂ်ရိုး (Bouguereau) ရေးဆွဲထားသည့် နာမည်ကျော် ပန်းချီကားရှိသည်။ မိမွေးတိုင်း ဖမွေးတိုင်း ခါးလေးကိုနွဲ့၊ ကိုယ်လေးကို အလှပြ၊ လက်နှစ်ဘက်ကို မြှောက်ထားလျက် ဆံပင်ကို ကိုင်နေဟန်ကား ပုရိသများ ရင်ဖိုပြီး ရူးလောက်အောင်လှ၏ဟု ဆိုကြ၏။
အက်ဖရိုဒိုက်နတ်သမီး မွေးဖွားပုံမှာလည်း ဆန်းကြယ်လှသည်။ အိုလံပတ်နတ်များအရှင် ဇီးယပ်စ် ခေါ် ဇုနတ်မင်းကြီး၏ ခမည်းတော်မှာ ခရိုးနော့စ်နတ်မင်း ဖြစ်သည်။ ခရိုးနော့စ်ကို အဖကောင်းကင်နတ်မင်း ယူရေးနပ်စ်နှင့် အမိ မြေကမ္ဘာနတ်သမီး ဂေယာတို့မှ မွေးဖွားခဲ့သည်။ ယူရေးနပ်စ် သက်ရှိထင်ရှား ရှိချိန်အတွင်း ယူရေးနပ်စ်နှင့် ဂေယာတို့မှ သားသမီး ၃ အုပ်စု မွေးဖွားခဲ့သည်။ (၁) လက်ရုံးတစ်ရာရှင် သားတော် ၃ ဦး ၊ (၂) မျက်လုံးတစ်လုံးရှင် သားတော် ၃ ဦး ၊ (၃) တိုက်တန်အုပ်စု သားသမီး ၇ ဦး တို့ ဖြစ်ကြသည်။ ခရိုးနော့စ်သည် တိုက်တန်အုပ်စု၏ အငယ်ဆုံးသားတော် ဖြစ်သည်။
ဒုတိယအုပ်စု သားတော် ၃ ဦးသည် မာနကြီးကာ ရိုင်းစိုင်းကြမ်းတမ်းကြသူများ ဖြစ်သောကြောင့် ခမည်းတော် ယူရေးနပ်စ်သည် ယင်းညီအစ်ကို ၃ ဦးကို တားတရက်စ် (Tartarus) ခေါ် ငရဲအရပ်ဆီသို့ ပစ်ချခဲ့လေသည်။ ဂရိတို့၏ အဆိုအရ ပန်းပဲပေတုံးတစ်ခုကို ကမ္ဘာမြေမှ ပစ်ချလိုက်လျှင် ရောက်ရန် ကိုးရက်ကြာ အကွာအဝေး၌ တားတရက်စ် ရှိလေသည်။ထိုဖြစ်ရပ်ကို နတ်မိဖုရားကြီး ဂေယာက မကျေနပ်ဘဲ သားများအတွက် လင်ယောကျ်ားအပေါ် လက်စားချေရန် အခွင့်အခါ စောင့်နေခဲ့သည်။ တိုက်တန်မောင်နှမများကို မွေးဖွားပြီးနောက် အငယ်ဆုံး ခရိုးနော့စ်က ခေါင်းဆောင်ပြီး မိခင်၏အကြံကို အကောင်ထည်ဖော်ပေးရန် သဘောတူခဲ့ကြသည်။
ညတစ်ညတွင် ယူရေးနပ်စ်နှင့် ဂေယာတို့ စက်ရာခန်းဆောင်ဝယ် ပျော်ပါးနေချိန်တွင် ခရိုးနော့စ်သည် ပုန်းအောင်းနေရာမှ ထွက်လာကာ ဖခင် ယူရေးနပ်စ်နတ်မင်း၏ ယောကျ်ားတန်ဆာကို နတ်မီးခတ်ကျောက်တံစဉ်ဖြင့် လှီးဖြတ်ကာ အဖသတ်သား အဇာတသတ်ဘွဲ့ကို ခံယူလိုက်လေတော့သည်။ မိခင် ဂေယာ၏ ကိုယ်တွင်းဝင်သွားသော ယူရေးနပ်စ်၏ သွေးစက်တို့မှပင် ခေါင်းတွင် မြွေဆံပင်များ ပေါက်နေသော ကြောက်စရာ ဘီလူးညီအစ်မ သုံးဖော်ကို ကောင်းကင်နတ်မင်း ယူရေးနပ်စ်၏ နောက်ဆုံးမျိုးဆက်အဖြစ် ထပ်မံ၍ မွေးဖွားခဲ့လေသည်။
ခရိုးနော့စ်သည် သူဖြတ်ယူလာသော ပစ္စည်းကို ဘယ်လက်နှင့် ကိုင်ယူလာပြီး သမုဒ္ဒရာတွင်းသို့ လွှင့်ပစ်လေသည်။ ထိုအချိန်မှစ၍ လူသားတို့၌လည်း ဘယ်လက်သည် ညာလက်ထက် ယုတ်သောလက်အဖြစ် သတ်မှတ်ခဲ့ကြလေသည်။ ယူရေးနပ်စ်၏ ပစ္စည်းမှ ကျသော သွေးစက်တို့ကြောင့် မြေပြင်အနှံ့ အက်ရှ် (Ash) ခေါ် သစ်ပင်တစ်မျိုးကို မှီ၍ဖြစ်သည့် ရုက္ခစိုးမျိုး နင့်ဖ် (Nymph) နတ်သမီးများ ပေါက်ဖွားလာကြသည်။ ယူရေးနပ်စ်၏ ပစ္စည်းကြီးသည်ကား သမုဒ္ဒရာထဲတွင် အချိန်အတန်ကြာ မျောပါနေခဲ့ကာ နောက်ဆုံးတွင် ရေမြှုပ်ဖြူဖြူကြီးတစ်ခု ဖြစ်လာခဲ့သည်။ ထိုရေမြှုပ်ဖြူကြီးအတွင်းမှ အက်ဖရိုဒိုက် ခေါ် ဗီးနပ်စ် အချစ်နတ်သမီး သန္ဓေတည် ဖွားမြောက်လာခဲ့လေသည်။
ယင်းကဲ့သို့ မွေးဖွားပုံသမိုင်းကပင် မယဉ်လှလေသော နတ်မိမယ် အက်ဖရိုဒိုက်ကား အိုလံပတ်တောင်တော်စံ ဂရိနတ်တို့၏ အလှနှင့်အချစ်ကို ကိုယ်စားပြုသော နတ်ဒေဝီပင် ဖြစ်လေသည်။ ဂရိတို့က အချစ်ဟုခေါ်နေသည်မှာ ရာဂ (passion) ဖြစ်သည်။ မြန်မာများ နားလည်သော မေတ္တာမွှန်းသော မြတ်နိုးချစ်မျိုး မဟုတ်ပါ။ အက်ဖရိုဒိုက် ဟူသောအမည်သည် ရေမြှုပ်ဟု အဓိပ္ပါယ်ရသော အက်ဖရော့စ် (Aphros) ဟူသော စကားမှ ဆင်းသက်လာသည်။ အက်ဖရိုဒိုက်၏ တိုက်ရိုက်အဓိပ္ပါယ်မှာ ရေမြှုပ်မှ မွေးဖွားသူဟု ဖြစ်ပေသည်။
ရေမြှုပ်မှဖွားသူ ဖြစ်လင့်ကစား ယူရေးနပ်စ်၏ မျိုးဆက်ဖြစ်၍ သူ့ကိုလည်း မွေးစားသမီးအဖြစ် သတ်မှတ်၍ ဇီးယပ်စ်နတ်မင်းကြီးက အိုလံပတ်တောင်ထိပ်တွင် တစ်နေရာ ပေးထားသည်။ သူ့ကို ဝိုင်းကြိုက်ကြသူ နတ်မင်းများ၊ တိုက်တန်များ များစွာရှိသည့်ကြားမှပင် ဟီရာနတ်မိဖုရားကြီး၏ အစီအမံဖြင့် ဇီးယပ်စ်က ခြေမသန်သူ သားတော် ပန်းပဲနတ်မင်း ဟီဖက်စတပ်နှင့် ပေးစားလေသည်။ အက်ဖရိုဒိုက်သည် ဟီဖက်စတပ်အား အမည်ခံမျှသာ ပေါင်းသင်းပြီး ပင်တိုင်ဖောက်ပြန်နေသူမှာ ခြေဖြောင့်လက်ဖြောင့် တဇောက်ကန်း ရန်လို ဒေါသကြီးသူ စစ်နတ်မင်း အေးရီးစ် ဖြစ်သည်။ အေးရီးစ်နှင့် တိတ်တိတ်ပုန်းရသော သား နှစ်ယောက်၊ သမီး တစ်ယောက် (ဖက်ဘက်စ်၊ ဒီးမက်စ်နှင့် ဟာမိုးနီးယ) တို့ကို ဟီဖက်စတပ်၏ သားသမီးအမည်ခံကာ မွေးခဲ့သည်။
အစပိုင်းတွင် ဟီဖက်စတပ်က ဘာမှမသိခဲ့သော်လည်း တစ်ညတွင်ကား အေးရီးစ်၏ သရေးစ်နယ် နန်းတော်တွင် မိုးလင်းသည်အထိ နှစ်ဦးသား ချစ်ဗျူဟာခင်းမိသည်ကို နေနတ်သား အပိုလို မြင်လိုက်ရရာမှာ ဟီဖက်စတပ်ကို သွားပြောလေတော့သည်။ ဟီဖက်စတပ်သည်လည်း ဒေါသအမျက် ကြီးစွာထွက်လျက် အမဲလိုက်ပိုက်ကွန်တစ်ခုကို ကြေးနီဖြင့် ပြုလုပ်လေသည်။ လက်ရာမြောက်လှသောကြောင့် ပိုက်ကွန်သည် လေတွင်လွင့်သော၊ သစ်ရွက် မြက်တို့၌ ရေးရေးရိပ်ရိပ်သာ လွှမ်းထင်သော ပင့်ကူအိမ်နုနုလေးကဲ့သို့သာ ရှိလေသည်။ သို့ရာတွင် ခိုင်လိုက်သည်မှာ မည်သူမျှ ဖြတ်၍မရ။
ဤနတ်ပိုက်ကွန်ကို မိမိနှင့် အက်ဖရိုဒိုက်၏ အိပ်ရာခုတင်၌ လျှို့ဝှက်ထောင်ထားကာ မိမိပင်ပန်းနေသဖြင့် လင်းမနက်စ်ကျွန်းသို့ သွားရောက်အနားယူဦးမည်ဟု အက်ဖရိုဒိုက်အား အသိပေးကာ ဟီဖက်စတပ်သည် နန်းတော်မှ အထွက်ပြလေသည်။ အက်ဖရိုဒိုက်လည်း အေးရီးစ်နတ်မင်းကို အမြန်အကြောင်းကြား၍ ဖောက်ပြန်ကြလေလျှင် ပိုက်ကွန်၌မိကြကာ နတ်အပေါင်း၏ ရှေ့မှောက်၌ အကြီးအကျယ် အရှက်ကွဲကြလေသည်။ ပရိသတ်ထိပ်ဆုံးမှ နေနတ်သား အပိုလိုက ညီတော် စေတမန်နတ်သား ဟားမီးစ်အား အေးရီးစ်နှင့် နေရာလဲချင်သလားဟု စနောက်လေလျှင် ဟားမီးစ်ကလည်း အက်ဖရိုဒိုက်နှင့်သာဆိုလျှင် ပိုက်ကွန်သုံးထပ်ပင် အုပ်မိပါစေ၊ မမှုကြောင်း အလေးအနက် ပြန်ပြောခဲ့လေသည်။
ဟီဖက်စတပ်က ပိုက်ကွန်ပြန်ဖွင့်ပေးစေချင်လျှင် နစ်နာကြေးအဖြစ် အက်ဖရိုဒိုက်နှင့် လက်ထပ်စဉ်က ဇီးယပ်စ်နတ်မင်းကြီးထံ တင်တောင်းခဲ့ရသော မိမိ၏ရတနာများကို ပြန်ပေးရန် တောင်းဆိုရာ ဇီးယပ်စ်မှ ဒေါသတကြီး ငြင်းဆန်လေ၏။ ထိုအခါ အက်ဖရိုဒိုက်အား မြင်ပြီး ချစ်စိတ်ယိုဖိတ်မိသူ ဇီးယပ်စ်၏ နောင်တော် သမုဒ္ဒရာ နတ်မင်းကြီး ပိုဆိုင်ဒွန်က ဇီးယပ်စ်အစား အေးရီးစ်မှ ဟီဖက်စတပ်အား လျော်ကြေးပေးရန် ကြားဝင်ဆုံးဖြတ် အာမခံပေးလေ၏။
အားလုံးသဘောတူကာ ပိုက်ကွန်ပြန်ဖွင့်ပေးသဖြင့် အေးရီးစ်လည်း သရေးစ်နန်းတော်သို့ သုတ်ခြေတင်ပြေးလေတော့၏။ အက်ဖရိုဒိုက်သည်ကား ဆိုက်ပရပ်စ်ကျွန်းရှိ ပေးဖက်စ်မြို့ဆီ ပြေးလေသည်။ ထိုမြို့၌ ပင်လယ်ရေချိုးလိုက်သောအခါ ယင်ဖိုပင် မနားဖူးသော ပကတိ အပျိုစင်စစ်စစ် ပြန်ဖြစ်သွားသည် ဆိုလေ၏။ ပိုက်ကွန်တွင် ပိတ်မိစဉ်က အပိုလိုနှင့် ဟားမီးစ်၏ စကားကို ကြားခဲ့ရသော အက်ဖရိုဒိုက်က ကျေနပ်သဘောကျလွန်းသဖြင့် ဟားမီးစ်အား တစ်ညတာ ဆုပေးလေရာ ယင်းမှ ဟာမက်ဖရိုဒီးတက်စ် ကို ဖွားမြင်ခဲ့သည်။ ထိုကလေးသည် သားလည်း မဟုတ်၊ သမီးလည်း မဟုတ်သော ဖို၊ မ လိင်အင်္ဂါ နှစ်မျိုးလုံးပါသော ဥဘတောဗျည်းတစ်ဦး ဖြစ်လေသည်။
ကြားဝင်စေ့စပ်ပေးသော မွေးစားဦးရီးတော် သမုဒ္ဒရာနတ်မင်းကြီး ပိုဆိုင်ဒွန်၏ ကျေးဇူးကိုလည်း အက်ဖရိုဒိုက်က မမေ့ခဲ့ပေ။ အချစ်နတ်သမီး ဖြစ်သောကြောင့် အချစ်နှင့်ပင် ကျေးဇူးဆပ်လိုက်ရာ ၎င်းနှင့်လည်း သားတော်နှစ်ပါး ဖွားမြင်လေသည်။ ပိုဆိုင်ဒွန် ဖျန်ဖြေခဲ့သော လျော်ကြေးကို အေးရီးစ်က မပေးခဲ့ပေ။ ကြားဝင် အာမခံခဲ့သော ပိုဆိုင်ဒွန်ကလည်း မပေးပေ။ လျော်ကြေးမရသော်လည်း ကွာရှင်းပြတ်စဲရန် ဆန္ဒမရှိရှာသော ဟီဖက်စတပ်ကလည်း ယင်းကိစ္စကို မေ့လိုက်လေသည်။
အချစ်နတ်သမီးသည်ကား အချစ်ဇာတ်လမ်းများ တစ်ခန်းပြီး တစ်ခန်း ရိုက်လျက်ရှိလေသည်။ ဝိုင်နတ်သား ဒိုင်အိုးနီးဆပ်နှင့်လည်း ငြိလိုက်သေးရာ ပရီးအေးပက်စ် ခေါ် သားတစ်ဦးကို ဖွားမြင်လေသည်။ ဤကလေး၏ လိင်အင်္ဂါသည် မြင်မကောင်းအောင် ကြီးမားလှသည် ဆို၏။ အချစ်နတ်သမီး၏ တွေ့မရှောင် သောင်းကျန်းမှုကို မနှစ်မြို့သော ယောက္ခမတော် ဟီရာ နတ်မိဖုရားကြီးက ကလေးအပေါ် ဒဏ်ခတ်လိုက်ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သားတော် ပရီးအေးပက်စ်သည် ဂရိနှင့်ရောမသားတို့၏ ဖိုသဘာဝ စွမ်းအားရှင်နတ် ဖြစ်လာလေသည်။
အလွန်မြာပွေသော ဇီးယပ်စ်နတ်မင်းကြီးသည် ထူးထူးဆန်းဆန်းပင် အက်ဖရိုဒိုက်ကို ရှောင်သည်။ အက်ဖရိုဒိုက်၏ ခါးစည်းတန်ဆာသည် အစွမ်းထက်လှ၏။ ယင်းခါးစည်းတန်ဆာ ဝတ်ဆင်ထားလျှင် ကျန်သူများကို ထားဘိဦး၊ ဇီးယပ်စ်နတ်မင်းကြီးသည်ပင် အပြင်းအထန် စိတ်ထိန်းချုပ်ရလေသည်။ ပင်ပန်းလာသော ဇီးယပ်စ်နတ်မင်းကြီးသည် အက်ဖရိုဒိုက်အား အရှက်ခွဲရန် ရည်ရွယ်၍ သာမန်သေမျိုး လူချောဘုရင်လေး အင်ခီးဆီးဇ်အား အရူးအမူး ချစ်မိစေရန် ဖန်တီးလိုက်လေသည်။
မိမိအား အလွန်စွဲလမ်း နှစ်သက်သွားသော အက်ဖရိုဒိုက်အား ဝင့်ဝါစော်ကားလေသော အင်ခီးဆီးဇ်အား ဇီးယပ်စ်နတ်မင်းကြီးမှ အမျက်ထွက်၍ မိုးကြိုးလက်နက်နှင့် ပစ်ချလိုက်လေရာ အက်ဖရိုဒိုက်မှ ခါးစည်းတန်ဆာနှင့် အချိန်မီ ဝင်ခံပေး၍ သေဘေးမှ လွတ်သွားသော်လည်း အရှိန်ပြင်းထန်လွန်းလှသဖြင့် လူဘုရင်လေးသည် မြေပေါ်တွင် ဘယ်သောအခါမှ မရပ်နိုင်ရှာတော့ပေ။ အီးနီးအတ်စ် ခေါ် သားတစ်ပါး ဖွားမြင်ပြီးနောက် အက်ဖရိုဒိုက်သည် အင်ခီးဆီးဇ်အပေါ် စိတ်ကုန်ခန်း စွန့်ခွာသွားလေတော့သည်။
ဆိုက်ပရပ်စ်ဘုရင် စင်နီးရက်စ်က မိမိ၏သမီးတော် ဆမားနသည် အက်ဖရိုဒိုက်ထက် ပိုလှကြောင်း ကြွားဝါမိ၍ အက်ဖရိုဒိုက်က ရက်ရက်စက်စက် လက်စားချေခဲ့သည်။ အက်ဖရိုဒိုက်၏ တန်ခိုးကြောင့် သမီးက ဖခင်ကို ချစ်မိသွားကာ ဖခင်အား အရက်သေစာ တိုက်ကျွေး၍ မှောက်မှားကြလေသည်။ ကိုယ်ဝန်ရင့်ကာမှ တန်ခိုးကို ဖယ်လေလျှင် စင်နီးရက်စ်ဘုရင်သည် ပြင်းစွာအမျက်ထွက်ကာ သမီးတော်အား ဓားနှင့်လိုက်ခုတ် သတ်လေတော့၏။ တောင်ထိပ်ကမ်းပါးစွန်း၌ မီလာပြီး သမီးတော်အား ခုတ်ချလိုက်ရာ နောင်တရနေသော အက်ဖရိုဒိုက်က သမီးတော်အား မားရ် ခေါ် နံ့သာစေးပင်အဖြစ် ပြောင်းပစ်လိုက်သည်။ ဓားကြီးသည် နံ့သာပင်ကို နှစ်ခြမ်းခွဲသွားရာ ပင်စည်တွင်းမှ ကလေးငယ် အဒိုးနစ်စ် လိမ့်ထွက်လာလေသည်။
ထိုကလေးကို အလုံသေတ္တာတစ်ခု၌ဝှက်ကာ မြေအောက်ကမ္ဘာ မရဏလောက၏ မိဖုရားခေါင်ကြီး ပါဆက်ဖိုနီလက်သို့ အပ်နှံထားခဲ့သည်။ ပါဆက်ဖိုနီလည်း စပ်စုလိုသဖြင့် ဖွင့်ကြည့်လေရာ ချောမောလှပသော အဒိုးနစ်စ်ကို တွေ့ရသဖြင့် မိမိ၏ခန်းဆောင်၌ ချစ်သူပြု၍ မွေးမြူထားလေသည်။ အက်ဖရိုဒိုက် ကြားသဖြင့် ပြန်တောင်းလေရာ မပေးသဖြင့် အမှုဖြစ်ကြလေ၏။
အောက်ရုံးတော် နတ်သမီး ကလိုက်ပြီး စီရင်ချက်ချသည်မှာ နှစ်ဦးလုံးသည် အဒိုးနစ်စ်အပေါ် ကျေးဇူးရှိကြသည်ဖြစ်၍ တစ်နှစ်လျှင် လေးလစီ ပိုင်ဆိုင်ကြကာ ကျန်လေးလသည် အဒိုးနစ်စ်၏ ကိုယ်ပိုင်အားလပ်ချိန် ဖြစ်စေဟူ၍ ဖြစ်လေသည်။ အက်ဖရိုဒိုက်ကလည်း လူလည်လုပ်ပြီး မိမိ၏ ခါးစည်းတန်ဆာတန်ခိုးနှင့် လူငယ်လေးကို မခွာနိုင်အောင်ပြုကာ သူ့ကိုယ်ပိုင်ချိန် လေးလကိုပါ ယူလေသည်။ ခါးစည်းတန်ဆာ တန်ခိုးကြောင့် ပါဆက်ဖိုနီအနား ရောက်ချိန်လေးလ၌လည်း အဒိုးနစ်စ်က မကြည်မဖြူူ ငြူငြူစူစူ လုပ်မိလေတော့သည်။
အလွန်စိတ်ထိခိုက်သွားသော ပါဆက်ဖိုနီနတ်သမီးသည် အက်ဖရိုဒိုက်၏ ပင်တိုင်ချစ်သူ အေးရီးစ်ထံ သွားကာ ဖြစ်ကြောင်းကုန်စင် ပြောပြ၍ စိတ်ကိုဆွပေးလေတော့သည်။ စစ်နတ်မင်း ဒေါသအိုး အေးရီးစ်သည်လည်း မနာလိုစိတ် ချောင်းချောင်းထလျက် မိမိကိုယ်ကို တောဝက်ကြီးယောင် ဖန်ဆင်းကာ လက်ဘနွန်တောင်တန်းပေါ်၌ အမဲလိုက်နေသော အဒိုးနစ်စ်ကို အက်ဖရိုဒိုက်၏ မျက်မှောက်၌ပင် ထိုးပက်သတ်ပစ်လိုက်လေတော့သည်။ အဒိုးနစ်စ်၏ သွေးတို့မှ အနင်မိုနီး ပန်းပင်များ မြေတွင်ပေါက်လာခဲ့သည်။ အဒိုးနစ်စ်၏ ဝိညာဉ်ကား မြေအောက်ကမ္ဘာ မရဏလောကသို့ ထိုးဆင်းသွားရတော့သည်။
မြေအောက်ကမ္ဘာတွင် ပါဆက်ဖိုနီနတ်သမီးနှင့် အဒိုးနစ်စ်တို့ ထာဝရ နေရတော့မည်ကို တွေးမိတိုင်း မချိတင်ကဲ ဖြစ်ရရှာသော အက်ဖရိုဒိုက်သည် မွေးစားဖခင် ဇီးယပ်စ်နတ်မင်းကြီးထံ မျက်ရည်စက်လက်နှင့် အယူခံတက်ပြန်လေ၏။ ဤတစ်ကြိမ်တွင်ကား မွေးစားသမီးအပေါ် အလွန်ကရုဏာသက်သွားသော ဇီးယပ်စ်နတ်မင်းကြီးသည် အက်ဖရိုဒိုက် တောင်းဆိုသမျှကို ပေးခဲ့သည် ဟူ၏။
အဒိုးနစ်စ်က မိမိကို စွဲမက်နေစေရန် အက်ဖရိုဒိုက်သည် နည်းမျိုးစုံသုံးခဲ့လေသည်။ ဥပမာ- အဒိုးနစ်စ် မနာလိုအောင် အားဂနော့တိ သူရဲကောင်း ဘူးတီးစ်နှင့် ညပေါင်းများစွာ သွားနေပြရာ အီးရစ်ဇ် ခေါ် သားတစ်ယောက် ရလာခဲ့သည်။ ထိုသားသည် နောက်အခါ ဆစ်စလီကျွန်း၏ ဘုရင် ဖြစ်လာခဲ့သည်။ အဒိုးနစ်စ်နှင့် အက်ဖရိုဒိုက်သည် ဂေါလ်ဂက်စ် ခေါ် သားတစ်ယောက်နှင့် ဘီရိုးအီး ခေါ် သမီးတစ်ယောက် ရသည်။ ဂေါလ်ဂက်စ်သည် ဆိုက်ပရပ်စ်ကျွန်းရှိ ဂေါလ်ဂီး မြို့နန်း တည်ထောင်သူ မင်းဖြစ်လာပြီး ဘီရိုးအီးကား သရေးစ်နယ်ရှိ ဘီရိုးအား မြို့နန်း တည်ထောင်သူ မင်းသမီး ဖြစ်လာသည်။
ကြမ္မာနတ်သမီးကြီးများက အက်ဖရိုဒိုက်အတွက် ကမ္ဘာလောကတွင် ချစ်ခန်းများ လိုက်ဖွင့်ရန်ဟူသော မဟာတာဝန်ကြီး တစ်ခုတည်းကိုသာ ချမှတ်ပေးထားသည်။ သို့ရာတွင် တစ်ချိန်၌ အက်ဖရိုဒိုက်သည် တိတ်တိတ်ခိုး၍ ရက်ကန်းရက်ကြည့်ဖူးသည်။ ယင်းကို သိသွားသော အေသင်နာ နတ်သမီးကြီးက မိမိ၏ ပညာနယ်ပယ် ပိုင်နက်ကို ကျူးကျော်လာလျှင် ဤအတတ်ပညာများ ထိန်းသိမ်းခြင်း တာဝန်ကို မိမိက အပြီးအပိုင် စွန့်လွှတ်မည်ဖြစ်ကြောင်း ခါးခါးသည်းသည်း ဆိုသဖြင့် အေသင်နာနတ်သမီး ကျေနပ်စေရန် အက်ဖရိုဒိုက်ခမျာ မနည်းပင် တောင်းပန်လိုက်ရသည် ဆို၏။ ထိုနေ့မှစပြီး အက်ဖရိုဒိုက်သည် မိမိ၏ တာဝန်ဖြစ်သော အချစ်လုပ်ငန်းမှလွဲ၍ ဘာဆိုဘာမှ မလုပ်တော့ ဟူသတည်း။
® မြန်မာ့စွယ်စုံကျမ်း
® လူတို့ကိုးကွယ်ရာ ဘာသာကြီးများ
® ခေါမသမိုင်းရိပ်ပြ ဂန္ထဝင်ဇာတ်ဆန်းများ
Ko Kyel Sin (ဗဟုသုတ ကြယ်စင် ဂရု)
Discussion about this post