လူဇင်ဘတ် ဆိုတာ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးနိုင်ငံဖြစ်သလို ဥရောပရဲ့အချမ်းသာဆုံးနိုင်ငံငယ်လေးလည်းဖြစ်ပါတယ်။ အခုလို အများပြည်သူသယ်ယူပို့ဆောင်ရေး အခမဲ့စနစ်ကို ကျင့်သုံးဖို့ ၂၀၁၈ ခုနှစ်အကုန်ကတည်းက ကြေငြာခဲ့တာဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာ ပြေးဆွဲနေတဲ့ ခရီးရှည်ရထား ၊ လျှပ်စစ်ရထား ၊ ဘတ်စ်ကား အားလုံးကို ၂၀၂၀ ခုနှစ်က စလို့ နိုင်ငံသားအားလုံး အခမဲ့စီးနင်းနိုင်မှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်ကို စတင်ခဲ့သူကတော့ နိုင်ငံရဲ့ နှစ်ကြိမ်ဆက် ဝန်ကြီးချုပ်ရာထူးကို ပြည်သူတွေထောက်ခံမှုနဲ့ရရှိထားတဲ့ Xavier Bettel ဖြစ်ပါတယ်။ ဒါဟာ ပြည်သူတွေအပေါ်ကို ပြန်လည်အကျိုးပြုမှု တစ်ရပ်လို့ သူကဆိုပါတယ်။ လူဇင်ဘတ်မှာ အသက် ၂၀အောက် ကျောင်းသားလူငယ်တွေအတွက် ယာဉ်အခမဲ့စီးနင်းခွင့်ကို ၂၀၁၈ ခုနှစ်ကတည်းက ပြဌာန်းခဲ့တာဖြစ်ပြီး အခုအစီအစဉ်ကတော့ ပြည်သူအားလုံးကို အကျိုးသက်ရောက်စေမှာဖြစ်ပါတယ်။
လူဇင်ဘတ်ဟာ စတုရန်းမိုင် ၁၀၀၀ ခန့်သာ ကျယ်ဝန်းတဲ့ နိုင်ငံငယ်လေးဖြစ်ပေမယ့် ပြင်သစ် ၊ ဂျာမနီ နဲ့ ဘယ်လ်ဂျီယံတို့ကြားမှာ ရှိနေတာကြောင့် နေ့စဉ် ဒီနိုင်ငံအတွင်းက ယာဉ်တွေကိုအသုံးပြုသူ ခရီးသွား စုစုပေါင်း ၄သိန်းခန့် ရှိနေပါတယ်။ ဒီလိုခရီးသွားရာမှာ အများစုက အများသုံးယာဉ်တွေကို အသုံးမပြုပဲ ကိုယ်ပိုင်ကားတွေကိုသာ အသုံးပြုနေတာကြောင့် နာရီနဲ့ ချီတဲ့ ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်လေ့ရှိပါတယ်။
အခုလို အများပြည်သူသုံးယာဉ် အခမဲ့စနစ်ဟာ ယာဉ်ကြောပိတ်ဆို့မှု အခက်အခဲတွေနဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုကို လျှော့ချနိုင်မှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ယုံကြည်ထားကြပါတယ်။ လူဇင်ဘတ်မှာ မူလကတည်းက ၂နာရီကြာ ယာဉ်စီးနင်းမှုကို ၂ဒေါ်လာခန့်သာ သတ်မှတ်ထားပြီး အခုဆို အခမဲ့စနစ်နဲ့ ပြည်သူတွေအတွက် ပိုမိုသက်သာအောင် သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အကောင်အထည်ဖော်ခြင်းဟာ နိုင်ငံဝန်ငွေကို လျှော့ကျသွားစေမှာ ဖြစ်ပေမယ့် အများပြည်သူ အဆင်ပြေစေဖို့ကသာ ပိုအရေးကြီးတယ်လို့ လူဇင်ဘတ် အစိုးရဟာ ခံယူထားပါတယ်။ ဒါအပြင် ၂၀၂၄ ခုနှစ်မှာ တစ်နိုင်ငံလုံး မည်သည့်နေရာမဆို သွားနိုင်အောင် ပိုမိုပြည့်စုံတဲ့ ရထားလမ်းကြောင်း ကွန်ယက်တွေကို ထပ်မံတိုးချဲ့တည်ဆောက်သွားမယ်လို့ သိရပါတယ်။
လူဇင်ဘတ်ဟာ အများပြည်သူသုံးယာဉ်တွေ ပြေးဆွဲနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁.၆ဘီလျံခန့်ကို နှစ်စဉ်အသုံးပြုနေရပါတယ်။ ယခုလို အကောင်အထည်ဖော်လိုက်တဲ့ အခမဲ့စနစ်ကြောင့် ပြည်သူတွေဟာ အများသုံးယာဉ်တွေကို ပိုမိုစီးနင်းကြဖို့ စိတ်အားထက်သန်လျှက်ရှိပြီး လူဇင်ဘတ်ကို ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လုပ်မှုလျော့နည်းကာ ပိုမိုစိမ်းလန်းတဲ့နိုင်ငံ တစ်နိုင်ငံအဖြစ် မြင်ကြရတော့မှာ ဖြစ်ပါတယ်။
Discussion about this post