“ပဲခူးနိုင်ငံ အလံတော်အောက်တလွှားတွင် ရန်ကုန်မြို့နှင့်ပြည်မြို့အကြား မီးရထားလမ်းဖောက်ရာကိုကြည့်ရှုစေရန် အိန္ဒိယတိုင်းကြီးတွင် မြေတိုင်းဗိုလ်ကြီးမှစ၍ အရာရှိ အထူးအရာရှိများကို ရွေးချယ်နေထိုင် လျှက်ရှိကြလေသည်။ မေဇာလင်းစေသခင်ကို မြေတိုင်းဗိုလ်ကြီးအရာ၌ ထားလိမ့်မည်ဟု အပြောအဆိုရှိလေသည်။” (၁၈၇၄ ခုနှစ်ဖေဖဝါရီ ၂၁ ရက်ထုတ် သံတော်ဆင့်သတင်းစာပါ “ရန်ကုန်ပြည်မီးရထားသတင်း”မှ)
ဒီစာပိုဒ်က မြန်မာသံတော်ဆင့်သတင်းစာ ၁၈၇၄ခု ဖေဖဝါရီလ ၂၁ ရက်နေ့ထုတ်မှာ ဖော်ပြထားတဲ့ ရန်ကုန်-ပြည်မီးရထားလမ်း ဖောက်ဖို့အတွက် လမ်းကြောင်းကို လာရောက်ကြည့်ရှုလေ့လာမယ့်အကြောင်း ရေးထားတဲ့ သတင်းပါ။ တကယ်တော့ ရန်ကုန်-ပြည်မီးရထားလမ်းအတွက် ၁၈၆၈ ကတည်းက အူလမ်းကြောင်းပုံစံနဲ့တကွ ကုန်ကျစရိတ်ပါတွက်ချက်ပြီး အောက်မြန်မာနိုင်ငံတော် မဟာမင်းကြီး Sir Asheley Eden က အိန္ဒိယအစိုးရထံ တင်ပြအဆိုပြုခဲ့တာ။ ၁၈၇၄ခုနှစ်မှ အကောင်ထည်ပေါ်လာခဲ့တာပါ။ ကုန်ကျစရိတ်ကိုတော့ အထူးရန်ပုံငွေကနေကျခံ သုံးစွဲခဲ့ပါတယ်။
ရန်ကုန်ကနေပြည်အထိ စုစုပေါင်း ၁၆၁ မိုင်ကွာဝေးတယ်။ ကြားမှာ ဘူတာ ၁၈ ခုရှိတယ်။ တည်ဆောက်ချိန် စုစုပေါင်း သုံးနှစ်ကြာခဲ့တယ်။ ၁၈၇၇ ခုနှစ် မေလမနက် ၆ နာရီအချိန် A 01 ရေနွေးငွေ့စက်ခေါင်းနဲ့ ချိတ်ဆက်ထားတဲ့ အတွဲ (၁၃) တွဲဟာ ရန်ကုန်ဘူတာကြီးကနေ ပြည်ကို ထွက်ခွာသွားခြင်းနဲ့ပဲ မြန်မာမီးရထားသမိုင်းကို စတင်ခဲ့တာပါ။ ရန်ကုန်ဘူတာကြီးကိုတော့ ၁၈၇၆ မှာ ဆောက်လုပ်ပြီးစီးခဲ့တယ်။ အဲ့ဒီတုန်းက ရန်ကုန်ဘူတာကြီးဆိုတာ အခု ဗိုလ်ချုပ်အောင်ဆန်းလမ်းကို မျက်နှာမူပြီး ဆောက်ခဲ့တာ။ အဲဒီတုန်းကတော့ မီးရထားရုံတော်၊ ဖယ်ယာစင်တာ၊ ကွမ်းခြံဘူတာလို့လည်း အမျိုးမျိုးခေါ်ခဲ့ကြတာ။ ၁၉၁ဝ မှာ ဗိသုကာ အကြံပေးဟောင်း မစ္စတာဝီဘော့ကို ရေးဆွဲခိုင်းပြီး ပြန်ဆောက်ခဲ့သေးတယ်။ အခု မြင်တွေ့နေရတဲ့ စုလစ်မွန်ချွန်နေတဲ့ အဆောက်အုံက ၁၉၄၆မှာ မြန်မာဗိသုကာ ဦးလှသွင်ရေးဆွဲပြီး စုလစ်မွန်ချွန်တွေကတော့ ဗိသုကာဦးတင်ရဲ့ လက်ရာပေါ့။ ၁၉၄၇ မှာ တည်ဆောက်ပြီး ၁၉၅၄လွန်မှ ဖွင့်လှစ်နိုင်ခဲ့တာ။
ဒီနေရာမှာ မီးရထားနဲ့ဆိုင်တဲ့ သိမှတ်စရာလေးတွေကို အနည်းငယ် ပြောချင်သေးတယ်။ မီးရထားဆိုတာ ကုန်စည်တွေ၊ ခရီးသွားတွေကို တနေရာကတနေရာ သယ်ယူပို့ဆောင်ဖို့ မောင်းနှင်တဲ့ (အသေတပ်ဆင်ထားတဲ့) သံလမ်းပေါ်ပြေးဆွဲတဲ့ ယာဉ်တွဲများကို ခေါ်တာပါ။ ပုံမှန်အားဖြင့် သံလမ်းနှစ်ခု အပြိုင်ရှိပေမယ့် မိုနိုရေး (Mwno–rail) တလမ်းတည်းရှိတဲ့ သံလမ်းရထားလည်းရှိတယ်။ သံလိုက်နဲ့ ထိန်းချုပ်မောင်းနှင်တဲ့ (Maglev) သံလိုက်ပင့်ထိန်း ချုပ်လမ်းလည်း ရှိသလို လျပ်စစ်နဲ့ မောင်းနှင်တဲ့ လျှပ်စစ်ရထားမျိုးလည်း ရှိတယ်။ ဘာသာစကားအရ ပြောရရင်တော့ ရထားဆိုတာ ပြင်သစ်စကား Trahiner ကနေ ဆင်းသက်လာတာ။ အဓိပ္ပာယ်ကတော့“ဆွဲခြင်း”လို့ ရပါတယ်။ ပြင်သစ်ကလည်း ဂရိစကား Trachere ကနေ ယူထားတာပါပဲ။
ရထားစက်ခေါင်းတွေမှာလည်း သီးခြားစက်ခေါင်းနဲ့ မောင်းနှင်ခြင်းရှိသလို တွဲဆိုင်း အသီးသီးကနေ မိမိဖာသာ မိမိမောင်းနှင်ခြင်းလည်းရှိတယ်။ ၁၉ ရာစုကနေ ၂ဝ ရာစု ဆန်းစအထိက ရေနွေးငွေ့စက်ခေါင်းနဲ့ မောင်းနှင်တဲ့ အင်ဂျင်တွေကိုပဲ သုံးခဲ့ကြတာကလား။ ခေတ်သစ်ရောက်တော့ ဒီဇယ်စက်ခေါင်းတွေ ပေါ်လာသလို လျှပ်စစ်စက်ခေါင်းတွေ ပေါ်လာတယ်။ မြန်မာပြည်ကိုတော့ ၁၉၂ဝ ထဲရောက်မှ ဒီဇယ်စက်ခေါင်းသုံး အင်ဂျင်စက်ရောက်လာတာ။ သံလမ်းအနေနဲ့ကတော့ မြန်မာပြည်မှာ ရန်ကုန်-ပြည်မီးရထား စတင်ကတည်းက “မီတာဂေ့ချ်” လို့ ခေါ်တဲ့ ၁ မီတာ အကျယ်ရှိ သံလမ်းအမျိုးအစားကို အသုံးပြုခဲ့တာ အခုထိပဲ။ အခုဖော်ပြခဲ့တဲ့ မီးရထားသုံးမျိုးဖြစ်တဲ့ Tram ရော သံလမ်းသွားရထားရော၊ လျပ်စစ်မီးရထားရော သုံးမျိုးစလုံး ပြေးဆွဲခဲ့ဘူးတယ်။ ဒီအကြောင်းလေး အနည်းငယ်ပြောရအောင်။
ရန်ကုန်ပြည်မီးရထားနဲ့ ခရီးသွားလို့အဆင်ပြေခဲ့ပေမယ့် ရန်ကုန်မြို့တွင်း သွားလာရေးကတော့ ၁၈၈ဝ ခုနှစ်အထိ မြင်းတွေ၊ မြင်းလှည်းတွေ၊ နွားလှည်းတွေကို ကိုယ်ပိုင်ယာဉ်အဖြစ်သာမက အငှားယာဉ်အဖြစ်လည်းအသုံး ပြုနေရဆဲပါ။ ဒါပေမယ့် ၁၈၈၄ ခုနှစ်ထဲမှာတော့ ရေနွေးငွေ့နဲ့ မောင်းနှင်တဲ့ သံလမ်းသွားမီးရထားတမျိုး မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တယ်။ သံလမ်းသွားဓာတ်ရထားကိုတော့ “ဂျော့ဒလျူဒါဝတ်” ဆိုတဲ့ ဗြိတိသျှကြီးကပဲဦး ဆောင်ဖွင့်လှစ်ပေးခဲ့တယ်။ အဲဒီရေနွေးငွေ့နဲ့ သံလမ်းသွားရထားကိုတော့ အင်္ဂလိပ်လို Tram လို့ခေါ်တယ်။ ပထမဆုံး ကမ်းနားလမ်းကနေ တရုတ်တန်းကိုဖြတ်ပြီး ရွှေတဂုံဘုရာလမ်းအတိုင်း တောင်ဘက်မုတ်မှာ ဂိတ်ဆုံးတယ်။ နောက်နှစ်ရောက်တော့ တရုတ်တန်းကနေ ဗန္ဓုလလမ်းတလျောက် ဆူးလေအထိ။ မောင်ဂိုမာရီ (ဗိုလ်ချုပ်လမ်း) ကနေ ပုဇွန်တောင်ပန်းခြံအထိ ပြေးဆွဲခဲ့တယ်။
Tram လို့ခေါ်တဲ့ ဓာတ်ရထားက အတွဲနှစ်တွဲပဲပါတယ်။ စက်ခေါင်းမှာ မီးခိုးခေါင်းတိုင်လည်းပါတော့ လူစီးတွဲရဲ့ ပထမတွဲမှာ စီးသူတွေဟာ မီးခိုးမွှန်ပြီး ကျပ်ခိုးစွဲကြသလို မီးဖွားတွေကျလို့ စီးတဲ့လူတွေ အဆင်မပြေကြဘူး။ နောက်တွဲကတော့ အမိုးပါပေမယ့် ဘေးကာမပါဘူး။ တတွဲမှာ လက်မှတ်စစ် နှစ်ယောက်ပါလေ့ရှိတယ်။ ဒါပေမယ့်ခရီးသွားဖို့က ဒီယာဉ်တမျိုးပဲ ရှိတာဆိုတော့ မဖြစ်မနေ စီးကြရပါတယ်။ ၁၉ဝ၆ ခုနှစ် ထဲရောက်တော့ ရေနွေးငွေ့သုံး စက်ခေါင်း (Tram) အစား လျပ်စစ်သုံးဓာတ်ရထားကို အစားထိုး သုံးစွဲလာခဲ့ပါတော့တယ်။
ရန်ကုန်လျပ်စစ်ဓာတ်ရထားနဲ့ ဖြန့်ဖြူးရေးကုမ္မဏီက ဓာတ်ရထားကို ၁၉ဝ၆ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ပထမဦးဆုံး ဓာတ်ရထားကို ကြည့်မြင်တိုင်ဈေးကြီး “စူရတီဘဇား” (ယခု ညဈေး) ကနေ သိမ်ကြီးဈေး (စူရတီဘားရားဘဇာ) အထိ စတင်ပြေးဆွဲခဲ့ပါတယ်။ ဓာတ်ရထားတွေဟာ ကောင်းကင်ဓာတ်ကြိုးကနေတဆင့် လျပ်စစ်ဓာတ်အားကိုယူပြီး သံလမ်းပေါ်မှာ ပြေးဆွဲကြရတာပါ။ နောက်ပိုင်းမှာတော့ ကြည့်မြင်တိုင်ကနေ ပုဇွန်တောင်အထိ ကျုံးကြီးလမ်း (အနော်ရထာလမ်း) တလျောက်၊ ဗန္ဓုလမ်းတလျောက်၊ ပြေးဆွဲခဲ့ကြပါတယ်။ ကြည့်မြင်တိုင်ဘူတာမှာ လျပ်စစ်ဓာတ်ရထားအတွက် တည်ဆောက်ခဲ့တဲ့ဘူတာနဲ့ တံတားရှိနေဆဲပါ။ ဗားကရာပေါ်ရှိ တံတားနှစ်စင်းမှာ တစင်းက လျပ်စစ်ဓာတ်ရထားအတွက် တည်ဆောက်ခဲ့တာ အခုထိရှိနေဆဲပါ။
လျပ်စစ်ဓာတ်ရထား ပေါ်ချိန်ကစပြီး ရန်ကုန်မြို့ရဲ့ အခြေနေဟာလည်း အကောင်းဘက်ကို တိုးတက်ပြောင်းလဲလာခဲ့ပါတော့တယ်။ ဒီဓာတ်ရထားကုမ္ပဏီကပဲ ၁၉ဝ၇ ခုနှစ်ထဲမှာ ရန်ကုန်မြို့ရဲ့ လမ်းမီးတွေကို တာဝန်ယူ ထွန်းပေးခဲ့တာကြောင့် ရန်ကုန်မှာ ၁၉ဝ၇ ခုနှစ်ကစပြီး လျပ်စစ်မီးများနဲ့ ညအချိန်မှာ သာယာနေချင့်စဖွယ် ဖြစ်ခဲ့ရတယ်လို့ နိုင်ငံခြားခြားသား ခရီးသွားတွေရဲ့ မှတ်တမ်းမှာ ရေးသားဖော်ပြခဲ့ကြပါတယ်။ ရန်ကုန်မြို့ရဲ့လမ်း မီးတွေနဲ့အတူ ဆူးလေစေတီတော်ဟာလည်း ပထမဆုံး လျပ်မီးအပူဇော်ခံ စေတီတဆူ ဖြစ်ခဲ့ရပါတယ်။ ရန်ကုန်မြို့ရဲ့ လျပ်စစ်ဓာတ်ရထားပြေးဆွဲမှုဟာ မနီလာတို့ ဘန်ကောက်တို့ထက် နောက်မကျခဲ့ဘူးလို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။
လျပ်စစ်ဓာတ်ရထားနဲ့ ဖြန့်ဖြူးရေးကုမ္မဏီဟာ ဓာတ်ရထားပြေးဆွဲခြင်းသာမက ခရီးသွားများ သွားရေးလာရေး အဆင်ပြေစေရးအတွက် ၁၉၁၁ ခုနှစ်ထဲမှာ မော်တော်ယာဉ် (၅) စီးနဲ့စတင်ပြီး ဘတ်စ်ကားကိုစတင်ပြေးဆွဲပေးခဲ့ ပြန်ပါတယ်။ အဲဒီကစပြီး ဗမာပြည်မှာ ဘတ်စ်ကားလိုင်းတွေ စတင်ပြေးဆွဲလာခဲ့တာပါပဲ။ လျပ်စစ်ဓာတ်ရထားရဲ့ ပြေးဆွဲမှုတွေကတော့ ဒုတိယကမ္ဘာစစ်အတွင်းနဲ့ စစ်ကြီးပြီးကတည်းက ပျက်သုဉ်းခဲ့တယ်လို့ဆိုပါတယ်။
ဓာတ်ရထားအကြောင်းပြောရင်းနဲ့ တဆက်တည်း မြန်မာ့မီးရထား ကုမ္မဏီတွေအကြောင်း နည်းနည်းပြောမှ ပြည့်စုံမယ်ထင်တယ်။ ပထမဆုံးပြေးဆွဲခဲ့တဲ့ ၁၈၇၇ ခုနှစ် ရန်ကုန်-ပြည်မီးရထားလမ်းကိုတော့ Irrawaddy State Railway ကုမ္မဏီက စတင်ခဲ့တာပါ။ ဒီကုမ္ပဏီကနေ ၁၈၉၆ ထဲမှာတော့ Burma Railway Co;td ကို ငှားရမ်းခဲ့တယ်။ ၁၉၂၈ ထဲရောက်တော့ India Railway Board လက်ထဲ ရောက်ပြန်ပါတယ်။ ၁၉၃၇ ဗမာပြည်ကို အိန္ဒိယကနေ ခွဲထွက်ပြီးတဲ့နောက် Burma Railway Board ကို ဖွဲ့စည်းပြီး မီးရထားလုပ်ငန်းဟာ သူ့အောက်ရောက်ပြန်ပါတယ်။ ၁၉၄၂ ထဲမှတော့ Chief Railway Comissioner လက်ကို လွှဲပြောင်းပေးလိုက်ပြန်ပါတယ်။ လွတ်လပ်ရေးရပြီး ငွေစာရင်းမင်းကြီးကို ဥက္ကဋ္ဌတာဝန်ပေးပြီး သူ့အောက်ရောက်ပြန်တယ်။ ၁၉၅၁ မှာ မီးရထားဘုတ်အဖွဲ့ ဥပဒေပြဋ္ဌာန်းပြီး Union of Burma Railway ကို ဖွဲ့တည်းပေးခဲ့ပြန်တယ်။ ၁၉၈၉ မြန်မာ့မီးရထား(မမ) လို့ ပြင်ဆင်ဖွဲ့စည်းခဲ့တာ အခုထိပါပဲ။
တကယ်တော့ အင်္ဂလိပ်တို့က ရန်ကုန်မြို့ရဲ့ ခရီးသွားအဆင်ပြေမှုအတွက် မြို့သစ်စတင်တည်ကတည်းက ရထားလမ်းကို အခြေပြုစဉ်းစာခဲ့တာပါ။ ဒါကြောင့်လည်း အင်္ဂလိပ်လက်ထက်က ဆောက်လုပ်ခဲ့တဲ့ အဆောက်အုံတွေ၊ ကျောင်းတွေ၊ ရုံးတွေ၊ ဆေးရုံတွေဟာ မီးရထားလမ်းနဲ့ အနီးဆုံးဘူတာနဲ့ အနီးဆုံးနေရာတွေမှာပဲ ထားရှိခဲ့တာကို ကြည့်ခြင်းဖြင့် စဉ်းစားကြည့်လို့ရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအုပ်ချုပ်ခဲ့တဲ့ အစိုးရအဆက်ဆက်ကတော့ ဘတ်စ်ကားလိုင်းတွေပေါ် အခြပြုစဉ်းစားခဲ့ကြတာမို့ ယာဉ်ကြောကြပ်တည်းမှုနဲ့ လူတွေပြွတ်သိပ်စီးနင်း နေရမှုတွေအပေါ်မှာ အဆင်ပြေပြေ မဖြေရှင်းနိုင်ဘဲ ရှိနေခဲ့တာကိုလည်း အကြောင်းတရားတချက်အဖြစ် ထည့်သွင်းစဉ်းစားပြီး မီးရထားရဲ့ သယ်ယူပို့ဆောင်ရေးကို တိုးချဲ့သင့်ကြောင်း တင်ပြရင်း တချိန်က လျပ်စစ်ဓာတ်ရထားလိုင်းဆိုတာ ရှိခဲ့ဖူးကြောင်း ဖော်ပြလိုက်ပါတယ်။
DVB Burmese မွ
Discussion about this post