ကမ္ဘာ့အန္တရာယ်အရှိဆုံးတောင် (သို့) အန်နာပူရနာ

Posted on

ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး ၊ လူအသေအပျောက်မှုနှုန်းအများဆုံးတောင်အဖြစ် သတ်မှတ်ခံထားရတာကတော့ နီပေါနိုင်ငံက အန်နာပူရနာ (Annapurna) တောင်ဖြစ်ပါတယ်။ ဟိမ၀န္တာတောင်တန်းစုထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့ ဒီအန်နာပူရနာတောင်ဟာ နီပေါနိုင်ငံ မြောက်အလယ်ပိုင်းမှာ တည်ရှိပါတယ်။

ဒီတောင်ထုကို အနောက်ဘက်မှာ Kali Gandaki ချောက် ၊ မြောက်ဘက် နဲ့ အရှေ့ဘက်မှာ Marshyangdi မြစ် ၊ တောင်ဘက်မှာတော့ Pokhara တောင်ကြားတို့က အသီးသီးဝန်းရံထားပါတယ်။ အန်နာပူရနာတောင်ဟာ ကမ္ဘာပေါ်မှာတော့ ၁၀ ခုမြောက်အမြင့်ဆုံးတောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၂၆၅၄၅ပေ မြင့်မားပါတယ်။

တောင်ရဲ့အမည်ကတော့ အစားအစာနှင့် အဟာရစောင့်ရှောက်မှုဆိုင်ရာ ဟိန္ဒူနတ်ဘုရားမ Annapurna ဆီကနေလာတာဖြစ်ပါတယ်။ သင်္သကရိုက် ဘာသာစကားမှာဆိုရင်တော့ အန်နာပူရနာ(Annapurna) ရဲ့အဓိပ္ပါယ်ဟာ
Anna-အစားအစာ ၊ Purna-ဖြည့်တင်းပေးခြင်း = အစားအစာကို အမြဲဖြည့်တင်းပေးခြင်း လို့ အဓိပ္ပါယ်ရပါတယ်။

အန်နာပူရနာတောင်ထုမှာ တောင်ထွတ်ကတော့ ၆ ခုရှိပါတယ်။ ဒါတွေကတော့ (၁) ပေပေါင်း ၂၆၅၄၅မြင့်တဲ့ ပင်မတောင်ထွတ် Annapurna I ၊ (၂) ပေပေါင်း ၂၆၀၄၀မြင့်တဲ့ Annapurna II ၊ (၃) ပေပေါင်း ၂၄၇၈၆ မြင့်တဲ့ Annapurna III ၊ (၄) ပေပေါင်း ၂၄၆၈၈ မြင့်တဲ့ Annapurna IV ၊ (၅)  ပေပေါင်း ၂၄၄၅၇ မြင့်တဲ့ Gangapurna နဲ့ (၆) ပေပေါင်း ၂၃၆၈၄မြင့်တဲ့ Annapurna South တောင်ထွတ်တွေပဲဖြစ်ပါတယ်။ တောင်တက်သမားတွေဟာ တောင်ရဲ့အမြင့်ဆုံးတောင်ထွတ်ဖြစ်တဲ့ ပင်မတောင်ထွတ် Annapurna I ကိုသာ တက်ရောက်ကြတာ ဖြစ်ပါတယ်။

Annapurna I ရဲ့ အမြင့်ပေ ၂၆၂၀၀ ကို အစောဆုံးတက်ရောက်နိုင်ခဲ့သူတွေကတော့ ပြင်သစ်တောင်တက်သမားတွေဖြစ်တဲ့ Maurice Herzog နဲ့ Louis Lachenal တို့ဖြစ်ပြီး ၁၉၅၀ ခုနှစ်မှာတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။  Maurice Herzog ဟာ သူတို့ရဲ့ ၁၉၅၀ အန်နာပူရနာ တောင်တက်ခရီးကြမ်း အကြောင်းကို ရေးသားပြီး စာအုပ်ထုတ်ဝေခဲ့ရာမှာ ၁၁သန်းလောက်အထိ ရောင်းခဲ့ရပြီး သမိုင်းတလျှောက် အရောင်းရဆုံး တောင်တက်စာအုပ် အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၁၉၇၀ ခုနှစ်မှာတော့ တောင်ရဲ့ တောင်ဘက်မျက်နှာဘက်ခြမ်းကနေ Chris Bonington ဦးဆောင်တဲ့ ဗြိတိသျှတောင်တက်အဖွဲ့ဟာ ဒီတောင်ကို တက်ရောက်ခဲ့ပြန်ပါတယ်။ ဒီအဖွဲ့မှာအဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ Don Whillans နဲ့ Dougal Haston တို့ဟာ တောင်ထိပ်ကိုရောက်ခဲ့ပေမယ့် နောက်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Ian Clough ကတော့ ပြန်အဆင်းမှာ ပြုတ်ကျကာ ရေခဲကျောက်ဆောင်နဲ့ရိုက်မိပြီး သေဆုံးသွားခဲ့ရပါတယ်။ သူတို့ပြီးတဲ့နောက် ဗိုလ်မှူးကြီး Henry Day ဦးဆောင်တဲ့ ဗြိတိသျှစစ်တပ်တောင်တက်အဖွဲ့ဟာ ဒီတောင်ကို တက်ရောက်နိုင်ခဲ့ပြန်ပါတယ်။

၁၉၇၈ ခုနှစ်မှာတော့ အမေရိကန်တောင်တက်သမ Arlene Blum ဦးဆောင်တဲ့ အမေရိကန်အမျိုးသမီးတောင်တက်အဖွဲ့ဟာ အန်နာပူရနာတောင်ကို တက်ခဲ့ကြပြန်ပါတယ်။ ဒီတောင်ကိုတက်ခဲ့တဲ့ ပထမဆုံး အမေရိကန်တောင်တက်အဖွဲ့အဖြစ် စာရင်းဝင်ခဲ့ပြီး သူတို့အဖွဲ့ဟာ ၁၉၇၈ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့ ညနေ ၃နာရီခွဲမှာ တောင်ထိပ်ပေါ်ကို ရောက်အောင်တက်နိုင်ခဲ့ကြပါတယ်။

အန်နာပူရနာတောင်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်တွေထဲမှာ တက်ရောက်သူအများဆုံးနှုန်း သေဆုံးခဲ့တဲ့တောင်လည်းဖြစ်ပါတယ်။ တောင်တက်ခရီးမှာ ၅၂ဦးသေဆုံးခဲ့သလို ၊ တောင်ဆင်းခရီးမှာ ၉ဦးသေဆုံးခဲ့ကာ မအောင်မြင်တဲ့ တက်ရောက်မှုအကြိမ်ပေါင်းက ၁၉၁ ကြိမ်ဖြစ်ပါတယ်။ ရာခိုင်နှုန်းနဲ့တွက်ရင် ၃၄% သေဆုံးခဲ့ပြီး ၃ယောက်တက်တိုင်း ၁ယောက်သေဆုံးတဲ့နှုန်းဖြစ်ပါတယ်။ ဒီလိုသေဆုံးခဲ့တဲ့ အထဲမှာ နာမည်ကျော်တောင်တက်သမားတွေဖြစ်တဲ့ Ian Clough ၊ Alex MacIntyre ၊ Frenchman Pierre Béghin ၊ Anatoli Boukreev ၊ Spaniard Iñaki Ochoa နဲ့ Park Young-seok တို့လည်းပါဝင်ခဲ့ပါတယ်။

အဆိုးဆုံးဖြစ်ရပ်ကတော့ ၂၀၀၄ခုနှစ် အန်နာပူရနာတောင်တ၀ိုက်မှာဖြစ်ခဲ့တဲ့ နှင်းမုန်တိုင်း တိုက်ခတ်မှုပဲဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ လုပေါင်း ၄၃ဦးသေဆုံးခဲ့ရသလို ၁၇၅ဦးလည်း ဒါဏ်ရာရခဲ့ပါတယ်။ နီပေါနိုင်ငံရဲ့ တောင်တက်သမိုင်းတလျှောက် အဆိုးဝါးဆုံးဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ တောင်တက်သမား ၁၄၂ဦးသာ တောင်ထိပ်အထိ တက်ရောက်အောင်မြင်ခဲ့ကြပါတယ်။

ပုံမှန်အားဖြင့်တော့ အအေးပြင်းထန်လွန်းပြီး ဆီနှင်းများကျနေလေ့ရှိတဲ့ အန်နာပူရနာတောင်ရဲ့ ရာသီဥတုဟာ အချိန်မရွေး မခန့်မှန်းနိုင်လောက်အောင် ပြောင်းလဲတတ်လေ့ ရှိပါတယ်။ ဒီတောင်ကိုတက်ဖို့ အသင့်တော်ဆုံးအချိန်အဖြစ် သတ်မှတ်ထားတာကတော့ ဧပြီ နဲ့ မေလတွေမှာဖြစ်ပြီး တောင်ပေါ်ရောက်ခဲ့ရင်တော့ ရာသီဥတုအခြေအနေနဲ့ လိုက်ပြီး ပြောင်းလဲနေထိုင်တတ်မှသာ အသက်ရှင်သန်နိုင်မှာဖြစ်ပါတယ်။

အန်နာပူရနာတောင်ဟာ ဧ၀ရက်တောင်လောက်မမြင့်ပေမယ့် မြေပြင်အနေအထားကတော့ ဧ၀ရက်တောင်ထက် အဆပေါင်းများစွာ ပိုမိုကြမ်းတမ်းပါတယ်။ မတ်စောက်လွန်းတဲ့ ဆင်ခြေလျှောပေါင်းများစွာရှိနေပြီး တော်ရုံတောင်တက်သမားတစ်ယောက်အတွက် ရှေ့ကိုဆက်မတက်နိုင်လောက်အောင် ခက်ခဲလွန်းပါတယ်။ အပေါ်ကိုရောက်ဖို့အတွက်တော့ ဒီဆင်ခြေလျှောတောင်ကမ်းပါး များစွာကို ကျော်ဖြတ်ရမှာဖြစ်ပါတယ်။

နောက်ဆိုးရွားတာ တစ်ခုကတော့ တောင်ပေါ်ကိုတက်နေချိန် (သို့) တောင်ပေါ်မှဆင်းနေချိန်မှာ တောင်ပေါ်မှနှင်းထု၊ ရေခဲထုနှင့် ကျောက်တုံးများ တစ်ဟုန်ထိုး လျှောကျတတ်တဲ့ အခြေအနေဖြစ်ပါတယ်။ သင့်တော်တဲ့ ရာသီဥတုကို မတွက်မိခဲ့ရင်တော့ အချိန်မရွေးအသက်ဆုံးရှုံးနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

တက်ရောက်ဖို့မလွယ်တဲ့အပြင် အသက်ဆုံးရှုံးဖို့လွယ်ကူတဲ့အတွက် တော်ရုံတောင်တက်သမားတွေကို ဒီတောင်ပေါ်တက်ဖို့ ခွင့်မပြုထားပါဘူး။ ကြမ်းတမ်းခက်ခဲတဲ့ တောင်တက်လမ်းတွေနဲ့အတူ လုံလောက်တဲ့ အထောက်အပံ့ ၊ အကူအညီတွေလည်း ဧ၀ရက်တောင်လို ပေးဖို့ မလွယ်ကူပါဘူး။ ဒါကြောင့်လည်း ဒီ အန်နာပူရနာတောင်ကို ကမ္ဘာ့အန္တရာယ်အရှိဆုံးတောင် အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်ပါတယ်။

VIDEO

Leave a Reply