ရေခဲပြင်ခွဲ သင်္ဘောတွေအကြောင်း

Posted on

ကမ္ဘာ့တစ်နေရာက တစ်နေရာသို့ စီးပွားရေးထုတ်ကုန်များ ပို့ဆောင်ကြတဲ့ အခါ ရေကြောင်းခရီးကိုပဲ အများဆုံးအသုံးပြုလေ့ရှိပါတယ်။ မြစ်တွေ ပင်လယ်တွေ သမုဒ္ဒရာတွေကို ဖြတ်ပြီး ကုန်တင်သင်္ဘောတွေနဲ့ ပို့ဆောင်တာ ပုံမှန်လိုဖြစ်နေပေမယ့် ဆောင်းရာသီလိုကာလ အလွန်အေးပြီးရေခဲနေတဲ့ မြစ်တွေ ပင်လယ်ပြင်တွေမှာတော့ ပုံမှန်ကုန်တင်သင်္ဘောတွေချည်းပဲ သုံးလို့ မရတော့ပါဘူး။ ဒီလိုနေရာမျိုးတွေမှာ ရေခဲပြင်ခွဲသင်္ဘောတွေကို အသုံးပြုကြတာဖြစ်ပါတယ်။

ရေခဲပြင်ခွဲသင်္ဘောတွေရဲ့ အဓိက တာဝန်ကတော့ ရေလမ်းခရီးမှာ ပိတ်ဆို့နေတဲ့ ရေခဲပြင်တွေကိုခွဲကာ ၎င်းကိုယ်တိုင်နဲ့ အခြားသင်္ဘောတွေအတွက် သွားလာရအဆင်ပြေစေမယ့် ရေလမ်းကြောင်းကို ရှေ့ကနေ ဖောက်လုပ်ပေးရတာပဲဖြစ်ပါတယ်။

ပထမဆုံး ရေခဲပြင်ခွဲ သင်္ဘောတွေအဖြစ် စတင်အသုံးပြုခဲ့တာကတော့ ၁၁ရာစုခန့် အာတိတ်ဒေသက မျိုးနွယ်စုတွေ အသုံးပြုတဲ့ Kochi လို့ခေါ်တဲ့ ရွက်လှေသင်္ဘောတွေဖြစ်ပြီး ခဲနေတဲ့ရေပြင်ပေါ်မှာ အထိအခိုက်မရှိပဲ သွားလာနိုင်အောင်ဖန်တီးထားတဲ့ လှေသင်္ဘောတွေဖြစ်ပါတယ်။ ယနေ့ခေတ် ရေခဲပြင်ခွဲသင်္ဘောတွေလိုတော့ ထူထဲတဲ့ရေခဲပြင်တွေကို ခွဲနိုင်စွမ်းမရှိပါဘူး။ ဒီရွက်သင်္ဘောတွေကို ရာစုနှစ်များစွာ အသုံးပြုခဲ့ကြပါတယ်။

၁၉ ရာစုမှာတော့ အမာဆုံးဆိုတဲ့သစ်သားတွေကိုအသုံးပြုကာတည်ဆောက်ထားတဲ့ ရေနွေးငွေ့သုံး ရေခဲပြင်ခွဲသင်္ဘောတွေကို စတင်အသုံးပြုလာကြပါတယ်။ တည်ဆောက်ခဲ့တဲ့ ဒီသင်္ဘောတွေထဲမှာ ထင်ရှားတာကတော့ ရုရှားနိုင်ငံက Pilot အမည်ရတဲ့ ရေခဲပြင်ခွဲသင်္ဘောဖြစ်ပါတယ်။ ၁၈၆၄ခုနှစ်မှာ ရုရှားကုန်သည် Mikhail Britnev က တည်ဆောက်ခဲ့တာဖြစ်ပြီး ပထမဆုံး သတ္တုကိုယ်ထည် ရေခဲပြင်ခွဲသင်္ဘောလည်းဖြစ်ပါတယ်။ ဒီသင်္ဘောကို ရေခဲနေတတ်တဲ့ ပင်လယ်ဖြူ နဲ့ ဘဲရန့်ပင်လယ်တွေထဲမှာ အသုံးပြုခဲ့ပါတယ်။ ဒီသင်္ဘောဟာ ယနေ့ခေတ် ရေခဲပြင်ခွဲသင်္ဘောတွေရဲ့ အစလို့ ဆိုနိုင်ပါတယ်။

ယနေ့ခေတ်ရေခဲပြင်ခွဲသင်္ဘောတွေကတာ့ ဒီဇယ်အင်ဂျင်သာမက နျုကလီးယားစွမ်းအင်သုံးသင်္ဘောတွေ ဖြစ်နေပါပြီ။ ရေခဲနေတတ်တဲ့ လမ်းကြောင်းတွေကို ပုံမှန်ရှင်းပေးခြင်း ၊ သုတေသနဆိုင်ရာ ကိစ္စရပ်များတွင် အကူအညီပေးခြင်း နဲ့ ဇိမ်ခံသင်္ဘောတွေအတွက် လမ်းဖောက်ပေးခြင်း စတဲ့လုပ်ငန်းအသီးသီးမှာ အသုံးပြုနေကြပါတယ်။

ရေခဲပြင်ခွဲ သင်္ဘောလို့ ဆိုပေမယ့် ကျွန်တော်တို့အများစု ထင်သလို သင်္ဘောဦးချွန် နဲ့ ရေခဲပြင်ကို ထိုးခွဲလိုက်ခြင်း မဟုတ်ပါဘူး။ ပထမဆုံး ကော့နေတဲ့ သင်္ဘောဦးပိုင်းကို ရေခဲပြင်ပေါ်မောင်းတင်လိုက်ပြီးတဲ့နောက် သင်္ဘောရဲ့အလေးချိန်ကြောင့် ရေခဲပြင်ဟာ ကွဲထွက်သွားပါတယ်။ အက်ကွဲထွက်သွားတဲ့ နေရာတ၀ိုက်က ရေခဲတွေကို သင်္ဘောရဲ့ကိုယ်ထည်ကနေ ဖယ်ထုတ်ပေးပါတယ်။ ဒီလိုနဲ့ ရေခဲပြင်ပေါ်မောင်းတင်လိုက် ကွဲထွက်လာတဲ့ ရေခဲတွေကို သင်္ဘောကိုယ်ထည်က ဖယ်ထုတ်ပေးလိုက်နဲ့ ရေခဲပြင်ထဲမှာ ပုံမှန်သင်္ဘောတွေ သွားနိုင်တဲ့ ရေလမ်းကြောင်းတွေ ဖြစ်ပေါ်လာပါတယ်။

ရေခဲပြင်ခွဲသင်္ဘောတစ်စင်းကို ပုံမှန်အားဖြင့် အဓိက အချက် ၃ ချက်နဲ့ ဒီဇိုင်းထုတ်တည်ဆောက်ထားပါတယ်။ အဲဒါတွေကတော့ မာကြောခိုင်ခံ့တဲ့ သင်္ဘောကိုယ်ထည်ရှိဖို့ ၊ သင်္ဘောရဲ့ပုံစံဟာ ရေခဲတွေကို ရှင်းလင်းနိုင်တဲ့ပုံစံဖြစ်ဖို့ နဲ့ ရေခဲပြင်ပေါ် သင်္ဘောကို ထိုးတင်နိုင်ဖို့ လုံလောက်တဲ့အင်ဂျင်ပါဝါ ရှိဖို့ တို့ပဲဖြစ်ပါတယ်။ သင်္ဘောကိုယ်ထည်ဦးပိုင်းကိုတော့ rounded လုံးဝန်းနေတဲ့ပုံသဏ္ဍာန်တည်ဆောက်ထားပြီး ဒါမှသာ ရေခဲပြင်ပေါ်ကို မောင်းတင်ရာမှာ လွယ်ကူစေမှာဖြစ်ပါတယ်။

ရေခဲပြင်ခွဲသင်္ဘောတွေဟာ အထူ ၁၀ပေနီးပါး ရှိတဲ့ ရေခဲပြင်တွေကို ကွဲထွက်စေနိုင်ပြီး ရေခဲပြင်ပေါ်မှာပွတ်တိုက်မှုဖြစ်ပြီး သင်္ဘောပျက်စီးမှုလျော့နည်းစေဖို့ ကိုယ်ထည်မှာတော့ ပိုလီမာဆေးကို သုတ်ထားလေ့ရှိကြပါတယ်။ ယခုနောက်ပိုင်း ရေခဲပြင်ခွဲသင်္ဘောတွေမှာတော့ နျူကလီးယားစွမ်းအင်ကိုသာ အဓိက သုံးစွဲလာကြပါတယ်။ အကြောင်းကတော့ လောင်စာဆီအင်ဂျင် သင်္ဘောတွေထက် တည်ဆောက်မှုစရိတ်မြင့်မားပေမယ့် တစ်နေ့တာလုပ်ငန်းခွင်မှတော့ာ အဆပေါင်းများစွာ လောင်စာသုံးစွဲမှုစရိတ် သက်သာစေလို့ ဖြစ်ပါတယ်။

လက်ရှိ ရေခဲပြင်ခွဲသင်္ဘောတွေထဲမှာတော့ ရုရှားက Arktika အမျိုးအစား ရေခဲပြင်ခွဲ သင်္ဘောတွေဟာ ထင်ရှားပါတယ်။ ကမ္ဘာ့အကြီးဆုံး ရေခဲပြင်ခွဲသင်္ဘောကတော့ ရုရှားရဲ့ Arktika 2016 သင်္ဘောဖြစ်ပြီး နျူကလီးယားစွမ်းအင်သုံးဒီသင်္ဘောဟာ အထူ ၁၃ပေ ရှိတဲ့ ရေခဲပြင်ကိုတောင် ကွဲစေနိုင်ပါတယ်။ သင်္ဘောအလျား ၅၆၉ပေ အနံ ၁၁၂ပေ ရှိကာ ရေစူးကတော့ ၃၄ပေ အတိုင်းအတာ အသီးသီးရှိပါတယ်။ ရေခဲပြင်ခွဲသင်္ဘောတွေဟာ ပုံမှန်ရေထဲမှာတော့ ၁နာရီကို မိုင် ၂၀ကနေ ၂၅မိုင် ၀န်းကျင် အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ကြပြီး ၇ပေကနေ ၁၀ခန့် အထူရှိတဲ့ ရေခဲပြင်မှာတော့ ၃ မိုင်ကနေ ၁၂မိုင်(နျူကလီးယားစွမ်းအင်သုံး) ခန့်အထိ အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ကြပါတယ်။

VIDEO

Leave a Reply