ရုရှားက ထုတ်ဖော်ပြသခဲ့တဲ့ နှင်းဇီးကွက်ပုံသဏ္ဍာန် မောင်းသူမဲ့ယာဉ်

Posted on

ပြီးခဲ့တဲ့လက ရုရှားနိုင်ငံ မော်စကိုမြို့မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာစစ်ဘက်ဆိုင်ရာနည်းပညာပြပွဲမှာ စစ်လက်နက် နဲ့ ယာဉ် အမျိုးပေါင်း ၂၇၀၀၀ ခန့်ကို ရုရှား နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပါဝင်ပြသခဲ့ပါတယ်။ ဒီအထဲမှာ ထူးထူးခြားခြားဖြစ်နေတာကတော့ ရုရှားရဲ့ မောင်းသူမဲ့ယာဉ်ဖြစ်ပြီး ဒီယာဉ်ကို ဇီးကွက်တစ်ကောင်ကဲ့သို့ တည်ဆောက်ထားတာဖြစ်ပါတယ်။

ဒရုန်းလို့ခေါ်တဲ့ မောင်းသူ့မဲ့ယာဉ်တွေဟာ ယနေ့စစ်ဘက်ဆိုင်ရာ နည်းပညာကဏ္ဍမှာ အလွန်အရေးပါတဲ့ နေရာကပါဝင်နေပြီဖြစ်သလို နိုင်ငံအသီးသီးကလည်း ပုံသဏ္ဍာန် နည်းပညာအသီးသီးနဲ့ ထုတ်လုပ်လျှက်ရှိကြပါတယ်။ အခု ရုရှားရဲ့ အမည်မပေးရသေးတဲ့ ဒီဇီးကွက်မောင်းသူမဲ့ယာဉ်ဟာ စစ်ပွဲများအတွင်းမှာ ရန်သူ့ပစ်မှတ်ကို အနီးကပ် ထောက်လှမ်းကြည့်ရှု့နိုင်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဇီးကွက်ပုံသဏ္ဍာန်ဖြစ်တာကြောင့် ပုံမှန်ဒရုန်းတွေထက်စာရင် ရန်သူတွေကို အမှတ်မှားစေလိမ့်မှာ ဖြစ်ပါတယ်။

ဒီဇီးကွက်မောင်းသူမဲ့ယာဉ်ကို အေးလွန်းတဲ့ ရာသီဥတုအခြေအနေတွေမှာသုံးဖို့အတွက် ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး ရန်သူရဲ့အမြှောက်တွေနဲ့ လေယာဉ်တွေကို ထောက်လှမ်းသွားပြီး တန်ပြန်တိုက်ခိုက်နိုင်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ ဒရုန်းယာဉ်ရဲ့ မူလဒီဇိုင်းကို ရေးဆွဲသူတွေက Zhukovsky အကယ်ဒမီက ကျောင်းသားတွေဖြစ်ပြီး ရုရှားစစ်တပ်က နည်းပညာရှင်များအဖွဲ့ Innovation Technopolis ERA က မူလဒီဇိုင်းကို ရယူကာ ထပ်မံဒီဇိုင်းထုတ်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ဇီးကွက်မောင်းသူမဲ့ယာဉ်ဟာ တကယ့်နှင်းဇီးကွက်တစ်ကောင်ရဲ့ အရွယ်အစားထက် အနည်းငယ်ပိုကြီးပြီး တောင်ပံအကျယ်က ၅ပေခန့် ရှိပါတယ်။ အလေးချိန်အားဖြင့် ၁၁ပေါင်ခန့်လေးတဲ့ ဒီဒရုန်းယာဉ်ဟာ ၁၂မိုင်အကွာအဝေးအထိကို လူတစ်ဦးက ထိန်းချုပ်ကာ အချိန် ၄၀မိနစ်ကြာ ပျံသန်းနိုင်မှာဖြစ်ပါတယ်။

ရန်သူ့တပ်ရဲ့ အမြောက်နဲ့ လေယာဉ်တွေကိုပစ်မှတ်ထားဖို့ လေဆာနည်းပညာထည့်သွင်းထားတဲ့ ဒီယာဉ်ငယ်ဟာ ငှက်တစ်ကောင်ရဲ့ အသံတွေကိုလည်း ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။ ရုရှားမှာ ဒီဇီးကွက်ဒရုန်းအပြင် ပြသခြင်း မရှိသေးတဲ့ လင်းယုန်ပုံသဏ္ဍာန် မောင်းသူမဲ့ယာဉ်လည်းရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒီပွဲကို ရုရှားနိုင်ငံ မော်စကိုမြို့က စတုရန်းမီတာ ၅သိန်းခန့်ကျယ်ဝန်းတဲ့ Patriot ပန်းခြံထဲမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုရှားအဖွဲ့အစည်း ၁၂၅၀ အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေလည်း ၀င်ရောက်ပြသခဲ့ကြပါတယ်။ မောင်းသူမဲ့ယာဉ်များ ၊ ရိုဘော့နည်းပညာများ ၊ နောက်ဆုံးပေါ်လက်နက်များ ၊ စစ်ဘက်ဆိုင်ရာယာဉ်များ စသည်ဖြင့် အမျိုးအစားပေါင်းစုံကို ပြသခဲ့တဲ့ ဒီပြပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၂၅ရက်နေ့ကနေ ၃၀ရက်နေ့ အထိ ကျင်းပခဲ့တာဖြစ်ပါတယ်။

Ref :
DailyMail : Russia unveils OWL-like drone along with nuclear weapons and unmanned tanks at its annual military expo

Leave a Reply