HIV ရောဂါပိုးကို ကြွက်တွေထံမှ ပထမဆုံးအကြိမ်ဖယ်ရှားနိုင်ခဲ့တဲ့ သိပ္ပံပညာရှင်များ

Posted on

သက်ရှိသတ္တ၀ါတစ်ကောင်မှာရှိနေတဲ့ HIV ရောဂါပိုးကို ပထမဆုံးအကြိမ်အဖြစ် ဖယ်ရှားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ Nebraska နဲ့ Philadelphia ပြည်နယ်က သိပ္ပံပညာရှင်တွေဟာ ဓာတ်ခွဲခန်း ကြွက်များထံမှ HIV ရောဂါပိုးကို ဖြည်းဖြည်းချင်းသက်ရောက်သောဆေးဝါး(slow-acting) တွေ နဲ့ မျိုးရိုးဗီဇပြုပြင်မှု(gene-editing) ပြုပြင်ခြင်း တို့ကို သုံးကာ ဖယ်ရှားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ထိုကုသနည်းနှစ်မျိုးဟာ လူသားတွေမှာရှိတဲ့ HIV ပိုးကို ဖယ်ရှားဖို့ လမ်းစတစ်ခု ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ သုတေသနပညာရှင်များ အဖွဲ့ဟာ ထိုနည်းကို မျောက်များတွင် ဆက်လက်စမ်းသပ်မှုများပြုလုပ်နေပြီး လာမယ့်နှစ်(၂၀၂၀) နွေရာသီတွင် လူသားများအား စမ်းသပ်ကုသနိုင်လိမ့်မယ် လို့ ဆိုပါတယ်။

ဒီမတိုင်ခင်က HIV ရောဂါပိုးရှိသူ လူနာနှစ်ယောက်ကို ပျောက်ကင်းအောင် ကုသနိုင်ခဲ့ပါတယ်။ အဲဒီသူ ၂ဦးစလုံးမှာ HIV အပြင် သွေးကင်ဆာရောဂါပါ ရှိနေပါတယ်။ အန္တရာယ်များလှတဲ့ ရိုးတွင်းခြင်ဆီ အစားထိုးကုထုံးနဲ့ ကုသခဲ့ပြီး HIV ရော ၊ သွေးကင်ဆာပါ ပျောက်ကင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းဟာ HIV ပဲ ရှိတဲ့ သူတွေအတွက် အဆင်မပြေပါဘူး။ အကြောင်းကတော့ ဒီနည်းလမ်းနဲ့ကုသနိုင်ဖို့အတွက် HIV ရော ကင်ဆာရောဂါပါ ရှိနေရမှ ကုသနိုင်မှာ ဖြစ်လို့ပါ။

ယခုအခါမှာတော့ Nebraska က HIV ပညာရှင် နဲ့ Philadelphia က မျိုးရိုးဗီဇပညာရှင်တို့ဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့ဟာ ငါးနှစ်ကြာ စမ်းသပ်လုပ်ဆောင်ခဲ့တဲ့ ပရောဂျက်ကနေ Laser Art ဟုခေါ်တဲ့ အနှေးဆေး နဲ့ CRISPR Cas9 မျိုးရိုးဗီဇပြုပြင်ခြင်းတို့ကို သုံးကာ ကြွက်ဆီက HIV ရောဂါပိုးကို လုံးဝဖယ်ရှားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

” ကျွန်တော်အစက ဒါကို မယုံကြည်နိုင်ခဲ့ဘူး” လို့ ဆိုသူက Nebraska တက္ကသိုလ်ဆေးဌာနက ဒါရိုက်တာ ဒေါက်တာ Howard E Gendelman ဖြစ်ပါတယ်။ “ဒါတစ်ခုခုမှားခဲ့တာ ၊ ဂရပ်မျဉ်းတွေမှာ ပြသနာရှိနေပြီ ၊ HIV ပိုးတွေသေကုန်တာဆိုတော့ ကျွန်တော်တို့စနစ်ပဲ ပျက်သွားပြီလားပေါ့ အဲလိုပဲထင်မိတယ် ၊ နောက်အကြိမ်ကြိမ် ထပ်စမ်းတော့မှ မမျှော်လင့်ပဲ အောင်မြင်စွာဖယ်ရှားနိုင်ခဲ့ပြီဆိုတာ သိလိုက်ရတာပဲ” လို့ သူက ထပ်ပြောပါတယ်။

“ဒါကို အောင်မြင်သွားလို့ ဂျာနယ်တိုက်တွေကနေ တဆင့် ရလဒ်ကို ထုတ်ပြန်ဖို့ ကြေငြာမယ်လုပ်တော့ ဆေးပညာဂျာနယ်တော်တော်များများက လက်မခံကြဘူးဗျ ၊ HIV ပိုးကို ကုသနိုင်လိုက်ပြီ ဆိုတာ သူတို့အတွက်လည်း ယုံရခက်ခဲလို့နေမှာပါ။”

HIV ဗိုင်းရပ်စ်ဟာ Genome ဟုခေါ်သော မျိုးရိုးဗီဇ ခရိုမိုဇုန်းမှာ စွဲကပ်နေတာကြောင့် အမြစ်ပြတ်ဖယ်ရှားနိုင်ဖို့ ခက်ခဲတဲ့ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ ယခုလက်ရှိ AIDS ရောဂါကုသရေးမှာ သုံးနေတဲ့ ဆေးတွေဟာ ရောဂါထပ်တိုးမဖြစ်စေရန် နဲ့ HIV ပိုးအရေအတွက်ကို လျှော့ချပေးနိုင်တာကြောင့် ပုံမှန်လူတစ်ယောက်လို နေနိုင်နေကြပြီဖြစ်ပေမယ့် ခိုအောင်းနေတဲ့ HIV ဗိုင်းရပ်စ်တွေကိုတော့ တိုက်ခိုက်ဖယ်ရှားနိုင်ခြင်း မရှိသေးပါဘူး။

အခုတော့ ပညာရှင်နှစ်ဦးရဲ့ ပေါင်းစပ် သုတေသနပြုမှုကနေ တိရစ္ဆာန်တစ်ကောင်မှာရှိတဲ့ HIV ပိုးကို ယတိပြတ်ဖယ်ရှားနိုင်ခဲ့ပြီဖြစ်ကာ လူတွေထံကနေ HIV ပိုးကို အောင်မြင်စွာ ဖယ်ရှားနိုင်မလားဆိုတာကို လာမယ့်နှစ်မှာ စောင့်ကြည့်ရမှာဖြစ်ပြီး ဒီသတင်းဟာ ဝေဒနာရှင်တွေအတွက်တော့ ၀မ်းသာစရာသတင်းပါ။

Ref :
Daily Mail – Scientists eliminate HIV in the entire genome of lab mice for the first time ever: Breakthrough paves the way to a human cure – with clinical trials set to start next year

Leave a Reply