သမိုင်းတလျှောက် အအောင်မြင်ဆုံး စနိုက်ပါ  (သို့) သေမင်းဖြူ

Posted on

အွန်လိုင်းပေါ်မှာ သမိုင်းတလျှောက် အတော်ဆုံးစနိုက်ပါ ၊ ဒါမှမဟုတ် ရန်သူအများဆုံးသတ်ဖြတ်နိုင်တဲ့စနိုက်ပါ စသည်ဖြင့် ရှာဖွေကြည့်တဲ့အခါ အမြဲပါလေ့ရှိတဲ့ နာမည်တစ်ခုကတော့ Simo Hayha ဆီမိုဟေးဟဆိုတဲ့ အမည်ဖြစ်ပါတယ်။ နာမည်အရင်း Simo “Simuna” Häyhä ဖြစ်တဲ့ ဒီဖင်လန်နိုင်ငံသားကို သူ့ရဲ့ရန်သူတော် ဆိုဗီယက်တပ်နီတော်တွေကတော့ အဖြူရောင်သေမင်း (သို့) သေမင်းဖြူ လို့ ခေါ်ကြလေ့ရှိပါတယ်။ စစ်သမိုင်းတလျှောက်မှာ သူ့လောက်ရန်သူတွေကို အများဆုံးသတ်ဖြတ်နိုင်သူ အအောင်မြင်ဆုံးစနိုက်ပါကတော့ သူတစ်ယောက်ပဲ ရှိပါတယ်။

Hayha ကို ၁၉၀၅ ခုနှစ်က ဖင်လန်နိုင်ငံတောင်ပိုင်း ရုရှားနိုင်ငံနဲ့ နယ်စပ်ခြင်းထိကပ်နေတဲ့ Rautjärvi ဆိုတဲ့ ဒေသမှာမွေးဖွားခဲ့ပါတယ်။ လယ်သမားမျိုးရိုးဖြစ်ပြီး မောင်နှမ ၈ယောက်ထဲမှာ သူက ၇ယောက်မြောက်ဖြစ်ပါတယ်။ လယ်သမားမျိုးရိုးဖြစ်ပေမယ့် ငယ်စဉ်ကတည်းက အမဲလိုက်ခြင်း နဲ့ နှင်းလျှောစီးခြင်း စတဲ့ပညာရပ်တွေမှာ ထူးချွန်ခဲ့သူဖြစ်ပါတယ်။ သေနတ်ပစ်ရတာကို ၀ါသနာပါတဲ့သူဟာ အသက် ၁၇နှစ်အရွယ်မှာပဲ ဖင်လန်နိုင်ငံရဲ့ အရံတပ်ထဲကို Volunteer တစ်ယောက်အဖြစ် ၀င်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက သေနတ်ပစ်ပြိုင်ပွဲမျိုးစုံမှာ ဆုတံပေါင်းများစွာရရှိတဲ့ ထူးချွန်လူငယ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူဟာ ပေ ၅၀၀ အကွာအဝေးက ပစ်မှတ်ကို တစ်မိနစ်အတွင်း ၁၆ခါ မှန်အောင်ပစ်နိုင်တဲ့အထိ သေနတ်ပစ်အတတ်မှာ ကျွမ်းကျင်သူဖြစ်ပါတယ်။

၁၉၂၅ခုနှစ် အသက် ၂၀ပြည့်ပြီးချိန်မှာတော့ စစ်မှုမထမ်းမနေရ ဥပဒေအရ နိုင်ငံစစ်တပ်ထဲကို တစ်နှစ်ကြာဝင်ရောက်အမှုထမ်းခဲ့ပြီး တပ်ကြပ်ရာထူးအထိ တိုးမြှင့်ခန့်ထားခံခဲ့ရပါတယ်။ အဲဒီနောက်တော့ အရပ်ဘက် အစောင့်တပ် ထဲကို ပြောင်းရွေ့အမှုထမ်းခဲ့ပြီး အချိန်ရှိသမျှ သေနတ်ပစ်လေ့ကျင့်ခြင်းနဲ့ပဲ ကုန်လွန်ခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်မှာတော့ ကျူးကျော်သူ ဆိုဗီယက်ရုရုားတို့နဲ့ ဖင်လန်နိုင်ငံတို့အကြား ဆောင်းရာသီစစ်ပွဲ စတင်ဖြစ်ပွားပါတော့တယ်။ Hayha ဟာ စစ်ပွဲအတွင်းကို စနိုက်ပါတစ်ဦးအနေနဲ့ ၀င်ရောက်ခဲ့ပါတယ်။ သူထင်ရှားခဲ့တာကတော့ ဆောင်းရာသီစစ်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Kollaa စစ်ပွဲမှာဖြစ်ပါတယ်။

Hayha ဟာ အဲဒီစစ်ပွဲမှာ အဖြူရောင်ဝတ်စုံကို ၀တ်ပြီး အနုတ် ၄၀ဒီဂရီဆဲစီးယပ်ကနေ ၂၀ဒီဂရီဆဲစီးယပ် ရှိနေတဲ့ နှင်းတောထဲမှာ ရုရှားတပ်နီတော်တွေကို စတင်တိုက်ခိုက်ခဲ့ပါတယ်။ အဖြူရောင်ဝတ်ထားတဲ့အပြင် ပါးစပ်က အငွေ့တွေထွက်မှာစိုးလို့ နှင်းတွေကို ပါးစပ်ထဲမှာငုံထားတဲ့သူ့ကို တွေ့ဖို့ဆိုတာ အလွန်ခက်ပါတယ်။ တစ်ဖက်က ရန်သူ ရုရှားတပ်နီတော်တွေကတော့ ပုံမှန်စစ်ဝတ်စုံတွေသာ ၀တ်ဆင်ထားတာကြောင့် သူ့ရဲ့ပစ်ကွင်းထဲမှာ ထင်သာမြင်သာရှိနေပါတယ်။ ဒါကြောင့်လည်း Hayha ဟာ ရန်သူတပ်သားပေါင်း ၅၀၅ ယောက်ကို သူ့ရဲ့သေနတ်ပစ်စွမ်းရည်နဲ့ တစ်ကိုယ်တော်သုတ်သင်ပစ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

ရန်သူ ၅၀၅ယောက်ကို ရက်ပေါင်း ၁၀၀ အတွင်းမှာ ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်ပြီး  နေ့ဘက် အလင်းရောင် အနည်းငယ်ပဲရတဲ့ ကာလမှာ တစ်ရက်ကို ပျမ်းမျှ ၅ယောက်ကျော်နှုန်း ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။  ၁၉၃၉ခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့ကတော့ သူ့အတွက်စံချိန်တင်နေ့ဖြစ်ပြီး အဲဒီတစ်ရက်တည်းမှာတင် ရန်သူပေါင်း ၂၅ယောက်အထိ ပစ်သတ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ဆိုဗီယက်ရုရှားတို့ဘက်က သူ့ကို အဖြူရောင်သေမင်းလို့ နာမည်ပြောင်ပေးခဲ့သလို ဖင်လန်နိုင်ငံရဲ့သတင်းစာတွေမှာလည်း ဒဏ္ဍာရီလာသူရဲကောင်းတစ်ဦးအလား သူ့ကိုချီးကျူးရေးသားကြပါတယ်။ ထူးခြားတာတစ်ခုကတော့ သူ့ရဲ့သေနတ်ဟာ အဝေးကြည့်မှန်ပြောင်းတပ်ဆင်မထားတဲ့ သာမန် ရှေ့နောက်ချိန်ညှိထားတဲ့သံချိန်ခွက်သာ ပါရှိတာပဲဖြစ်ပါတယ်။ မှန်ပြောင်းမသုံးရတဲ့အကြောင်းကတော့ မှန်ပြောင်းကနေ နေရောင်လက်ပြီး သူရှိတဲ့နေရာကိုရိပ်မိသွားမှာရယ် ၊ မှန်ပြောင်းနဲ့ဆိုရင် ခေါင်းကိုမြှင့်ပြီးကြည့်ရတဲ့အတွက် ရန်သူပိုမြင်နိုင်တာရယ် နဲ့ နှင်းတွေကြောင့် မှန်ပြောင်းဟာ မကြည်မလင်ဖြစ်ပြီး ကြည့်ရခက်မှာစိုးတဲ့ အတွက်ကြောင့် သာမန်ချိန်ခွက်သေနတ်ကိုပဲ သုံးခဲ့တာလို့ သူက ဆိုပါတယ်။ သူအသုံးပြုခဲ့တဲ့သေနတ်ကတော့ SAKO M/28-30 ရိုင်ဖယ်သေနတ်ဖြစ်ပါတယ်။

ရုရှားတပ်နီတော်ဟာ သူတစ်ယောက်တည်းနဲ့ တပ်သားပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့အပြင် တပ်သားတွေကို စိတ်ဓာတ်မကျသွားစေဖို့အတွက် အထူးလက်ဖြောင့်တပ်သားတွေအပြင် အမြှောက်ပစ်ကူတွေသုံးကာ Hayha ကို ဦးတည်ချေမှုန်းဖို့ ကြိုးစားပါတော့တယ်။ အကြိမ်ပေါင်းများစွာ ရန်သူ့လက်မှလွတ်ခဲ့တဲ့သူဟာ ၁၉၄၀ မတ်လ ၆ ရက်နေ့မှာတော့ ရန်သူ့စစ်သားတစ်ဦးရဲ့ လက်ချက်ကို မိခဲ့ပြီး ဒါဏ်ရာပြင်းထန်စွာ ရခဲ့ပါတော့တယ်။ ကျည်ဆန်ဟာ သူ့ရဲ့ဘယ်ဘက်အောက်မေးရိုးကို ထိမှန်ခဲ့တာဖြစ်ပြီး မျက်နှာတစ်ခြမ်းနီးပါးပြတ်ထွက်ခဲ့ရတာပဲ ဖြစ်ပါတယ်။ အားလုံးက ဒီတစ်ခါတော့ သေပြီလို့ ထင်မှတ်ခဲ့ကြပေမယ့် အသက်ပြင်းတဲ့ Hayha ဟာ မသေခဲ့ပါဘူး။ ၁၁ရက်ကြာမေ့မြောပြီးတဲ့နောက် သေတွင်းကနေ လွတ်ခဲ့ပါတယ်။

စစ်ပွဲကတော့ သူဒါဏ်ရာရမေ့မြောပြီး တစ်ပတ်အကြာ မတ်လ ၁၃ရက်နေ့မှာ ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် ထပ်ပြီးတော့ စစ်မတိုက်ရတော့ပါဘူး။ သူ့ရဲ့ထူးချွန်မှုကြောင့် စစ်ပွဲအချိန်တိုတိုသာ တိုက်ခိုက်ခဲ့ရပေမယ့် တပ်ကြပ်အဆင့်ကနေ ဒုဗိုလ်(Second lieutenant) အဆင့်အထိ အဆင့်ခုန်ကျော်ကာ ရာထူးတိုးမြှင့်ခံခဲ့ရပါတယ်။ Hayha ဟာ သူ့ရဲ့ဒါဏ်ရာကို နှစ်ပေါင်းများစွာ ကုသခဲ့ပြီးတဲ့နောက် ပြန်လည်ကျန်းမာလာခဲ့ပါတယ်။ အဲဒီနောက်တော့ မျက်နှာတစ်ခြမ်းမရှိတော့ပေမယ့် အသက်မသေတော့တဲ့ Hayha ဟာ အမဲလိုက်သမားတစ်ယောက်အဖြစ်သာမက ခွေးသားဖောက်လုပ်ငန်းပိုင်ရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဖင်လန်နိုင်ငံသမ္မတကတောင် သူနဲ့ အတူအမဲလိုက်လေ့ ရှိတယ်လို့ ဆိုပါတယ်။

၁၉၈၈ ခုနှစ်က အင်တာဗျူးတစ်ခုမှာ ထူးချွန်လွန်းတဲ့ စနိုက်ပါဖြစ်ရခြင်းရဲ့ အဓိကအကြောင်းကို မေးမြန်းခဲ့ရာမှာ သူက တစ်လုံးပဲ ပြန်ဖြေခဲ့ပါတယ်။ အဲဒါကတော့ ” လေ့ကျင့်မှု” (Practice) ပါတဲ့။ လူအများကြီးသတ်ရခဲ့ရတဲ့အတွက် နောင်တမရဘူးလား ဆိုတဲ့မေးခွန်းကိုတော့ “ကျွန်တော်ဟာ ကျွန်တော့်တာဝန် နဲ့ အမိန့်ကို တတ်နိုင်သမျှအကောင်းဆုံး လုပ်ဆောင်ခဲ့တာသာဖြစ်ပါတယ်” လို့ သူကဖြေခဲ့ပါတယ်။ Hayha ဟာ ၂၀၀၂ ခုနှစ် အသက် ၉၆နှစ်အရွယ်မှာမှ ဖင်လန်နိုင်ငံ Hamina မြို့က စစ်မှုထမ်းဟောင်းများရိပ်သာမှာ ကွယ်လွန်ခဲ့ပြီး Ruokolahti သင်္ချိုင်းမှာမြုပ်နှံခဲ့ပါတယ်။ သူ့ရဲ့စံချိန်ကို ယနေ့ထိတိုင်အောင် ဘယ်စနိုက်ပါ သမားမှ ချိုးနိုင်ခဲ့ခြင်း မရှိပါဘူး။

 

 

Leave a Reply