ပတ်ကျိတစ်ကောင်ကြောင့် ရထားခရီးစဉ် ၂၆ ခုကို ဖျက်ပစ်လိုက်ရတဲ့ ဂျပန်

Posted on

အချိန်တိကျမှန်ကန်လွန်းပြီး နည်းပညာတိုးတက်လွန်းတဲ့ ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်က ထူးထူးခြားခြားဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ အဲဒါကတော့ ရထားခရီးစဉ် ၂၆ ခုကို ဖျက်သိမ်းပစ်ခဲ့ရတာဖြစ်ပြီး ဒီလိုဖျက်သိမ်းမှုကြောင့် ခရီးသွား ၁၂၀၀၀ ခန့်ဟာ သူတို့ရဲ့ခရီးစဉ်တွေမှာ ကြန့်ကြာမှုဖြစ်ပွားခဲ့ရပါတယ်။ ဒီအကြောင်းအရင်းရဲ့ တရားခံကတော့ ပတ်ကျိတစ်ကောင် ဖြစ်နေပါတယ်။

ဂျပန်နိုင်ငံ ကျူရှူးကျွန်းမှာ လျှပ်စစ် ဓာတ်အားပြတ်တောက်မှုနဲ့ အတူရထားခရီးစဉ်တွေကို ရပ်ဆိုင်းမှု နဲ့ အတူ ပြေးဆွဲနေဆဲ ရထားတွေပါ ထိုးရပ်သွားခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအပြီးမှာတော့ ပတ်ကျိတစ်ကောင်ကြောင့်ဖြစ်တယ်လို့ ကျူ ရှူးမီးရထားကုမ္ပဏီ JR Kyushu က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

မီးရထားသံလမ်းဘေးအနီးမှာ ရှိတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတပ်ဆင်ထားတဲ့ electrical power device တစ်ခုထဲကို ဒီပတ်ကျိဟာ ၀င်ရောက်သွားခဲ့တာဖြစ်ပြီး ခုလိုဖရိုဖရဲအခြေအနေကို ဖြစ်စေခဲ့တာဖြစ်ပါတယ်။ “ဒါဟာ အလွန်ရှားပါးတဲ့ ဖြစ်စဉ်ပါ” လို့ JR Kyushuက ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

“ရထားလိုင်းတွေရပ်ရပ်သွားချင်း စစ်ဆေးကြည့်တဲ့အခါ လျှပ်စစ်ဓာတ်အားပေး device တစ်ခုက အလုပ်မလုပ်တာကို တွေ့ရပါတယ်။ အဲဒီ Device ကို သွားရောက်စစ်ဆေးတဲ့အခါမှာတော့ အထဲမှာ ၁လက်မလောက်ပဲရှိတဲ့ ပတ်ကျိတစ်ကောင် ရှိနေတာကိုတွေ့ခဲ့ရပြီး ပတ်ကျိကတော့ သေဆုံးနေခဲ့ပါပြီ ၊ လျှပ်စစ်ဓာတ်အားကြောင့် ပတ်ကျိလောင်ကျွမ်းသေဆုံးခဲ့ရသလို လျှပ်စစ်ဓာတ်အားလည်းပြတ်တောက်သွားခဲ့ရတာဖြစ်တယ်” လို့ သူက ဆက်ပြောပါတယ်။

ဒီဖြစ်ရပ် ဖြစ်ပွားပြီးတဲ့နောက်မှာ ရထားသံလမ်းတလျှောက်က လျှပ်စစ်ဓာတ်အားပေး device တစ်ခုချင်းစီကိုလည်း အထဲမှာ ပတ်ကျိတွေရှိမရှိ လိုက်လံစစ်ဆေးလျှက်တယ်လို့ သိရပါတယ်။ ကျူရှုးကျွန်းက ရထားတွေဟာ သွားရာလမ်းကြောင်းမှာ သမင်တွေကိုတိုက်မိတာတွေရှိပေမယ့် ပြသနာအကြီးအကျယ်မဖြစ်ခဲ့ပဲ ပတ်ကျိတစ်ကောင်ကြောင့်တော့ ဒုက္ခရောက်ခဲ့ရပြီဖြစ်ပါတယ်။

ဂျပန်ဟာ မြန်နှုန်းမြင့်ပြီး အချိန်တိကျတဲ့ ရထားတွေကြောင့် ကမ္ဘာမှာကျော်ကြားသလို နေ့စဉ် ခရီးသွားပေါင်း သိန်းနဲ့ချီပြီးတော့ ဒီရထားတွေကို အသုံးပြုနေတာပဲဖြစ်ပါတယ်။ ဖြစ်ပွားခဲ့ပြီး ရက်သတ္တပတ်ကြာတဲ့အချိန်မှ ဒီဖြစ်ရပ်ကို အတည်ပြုထုတ်ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံမီဒီယာတွေမှာတော့ ဇွန်လ ၂၂ရက်နေ့မှ ဒီသတင်းပါလာခဲ့တာပါ။

ဖြစ်ပွားခဲ့တဲ့ အချိန်က မနက် ၉း၄၀ နာရီအချိန်ဖြစ်တာကြောင့် လုပ်ငန်းခွင်ဝင်ရောက်သူအများအပြားရှိနေတဲ့အချိန်ဖြစ်ပြီး အလုပ်နောက်ကျမှုတွေ ဖြစ်ခဲ့ရပါတယ်။ အလုပ်ချိန်နောက်ကျရတဲ့အကြောင်းမှာ မီးရထားကြန့်ကြာမှုကြောင့်ဖြစ်ပါကြောင်း အတည်ပြုတဲ့ တောင်းပန်စာတွေကို JR Kyushu က ခရီးသွားတွေ အလုပ်ကိုပြန်လည်တင်ပြနိုင်ဖို့ မျှဝေပေးခဲ့ပါတယ်။

Ref :
CNN : Small slug throws Japan’s high-speed rail into chaos
India Today : Japan cancels 26 trains. Culprit behind the chaos? A tiny slug

Leave a Reply