ကမ္ဘာ့အကြီးဆုံးတစ်ခု ဖြစ်လာမည့် စင်ကာပူရဲ့ ရေပေါ် ဆိုလာစွမ်းအင်ပရောဂျက်

Posted on

နိုင်ငံရဲ့ ရေအရင်းအမြစ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ PUB (Public Utilities Board) က ဒီအစီအစဉ်ကို ဇွန်လအစောပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ကြေငြာခဲ့တာပဲဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံးထဲက တစ်ခုဖြစ်လာမယ့် ရေပေါ်ဆိုလာစွမ်းအင် ပရောဂျက်ကို စင်ကာပူနိုင်ငံ  Chua Chu Kang အရပ်မှာရှိတဲ့ Tengeh ရေလှောင်တမံထဲမှာ ၂၀၂၁ခုနှစ်မှာ ပြီးစီးအောင် တပ်ဆင်သွားမယ့် ပရောဂျက်ဖြစ်ပါတယ်။ အဲဒီ ရေပေါ်မှာထားရှိမယ့် ဆိုလာ Panel တွေကနေ လျှပ်စစ်ဓာတ်အားအဖြစ် မီဂါဝပ် 50 megawatt-peak (MWp) ကို solar photovoltaic (PV) စနစ်နဲ့ ထုတ်လုပ်ပေးနိုင်မယ်လို့ သိရပါတယ်။

PUB ရဲ့ စစ်တမ်းများကတော့ ဒီနေစွမ်းအင် ပရောဂျက်တည်ဆောက်လိုက်ခြင်းအားဖြင့် နှစ်စဉ်ထွက်ရှိနေတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ပေါင်း ၂၈၀၀၀ တန်ခန့်ကို လျှော့ချပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဒီပမာဏဟာ စင်ကာပူလမ်းတွေပေါ်က ကားအစီးပေါင်း ၆ထောင်ခန့်ကို ဖယ်ရှားလိုက်တဲ့ ပမာဏနဲ့ သွားညီနေပါတယ်။

တည်ဆောက်ပြီးစီးခဲ့ရင်တော့ ဒီပရောဂျက်ဟာ စင်ကာပူရဲ့ အကြီးဆုံး ဆိုလာစွမ်းအင်ပရောဂျက်ဖြစ်လာမယ့် အပြင် ကမ္ဘာ့အကြီးဆုံးထဲမှာလည်း စာရင်းဝင်သွားမယ်လို့ သိရပါတယ်။ ဒီအစီအစဉ်ကို ယခုမှ စတင်အကောင်အထည်ဖော်ခြင်း မဟုတ်ပဲ ၂၀၁၆ခုနှစ်ကတည်းက စလို့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူ သဘာဝပတ်ဝန်းကျင် နဲ့ ရေအရင်းအမြစ်ဌာန ၀န်ကြီး Masagos Zulkifli ကတော့ ဒီပရောဂျက်အတွက် ဒီဇိုင်း ၊ တည်ဆောက်မှု ၊ ထိမ်းသိမ်းလည်ပတ်မှု တွေကို ဆောင်ရွက်ပေးနိုင်မယ့် ကုမ္ပဏီတွေကို ကမ်းလှမ်းထားပါတယ်။ ဒီ Green engery( ပြည့်ဖြိုးမြဲစွမ်းအင်) ပရောဂျက်ကြောင့် PUB ရဲ့ လက်ရှိလိုအပ်နေတဲ့ စုစုပေါင်း လျှပ်စစ်ပမာဏရဲ့ ၇% ကို လျော့သွားစေလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ကာဘွန်စွမ်းအင်ကိုလျှော့ချဖို့ ကြိုးစားလာတဲ့ စင်ကာပူဟာ ဒီအကြီးစားပရောဂျက်မတိုင်ခင် ၂၀၂၀ခုနှစ်အစောပိုင်းမှာ 1.5MWp ထုတ်လုပ်ပေးနိုင်မယ့် ဆိုလာစနစ်ကိုလည်း Bedok နဲ့ Lower Seletar အရပ်က ရေလှောင်တမံတွေထဲမှာ တပ်ဆင်သွားဖို့လည်း ရှိနေပါတယ်။

ရေပေါ် ဆိုလာစွမ်းအင်ပရောဂျက်တွေကိုသာမက အမိုးပေါ်မှာတပ်ဆင်တဲ့(Rooftop solar PV systems) ဆိုလာစနစ်တွေကိုလည်း  Choa Chu Kang Waterworks, Bedok Waterworks, PUB WaterHub, Tuas Desalination Plant နဲ့ Changi Water Reclamation Plant စတဲ့နေရာတွေမှာ တည်ဆောက်တပ်ဆင်ထားပြီး ဖြစ်ပါတယ်။

Tengeh ရေလှောင်တမံထဲက ဆိုလာပရောဂျက် ပြီးစီးခဲ့ရင်တော့ စင်ကာပူဟာ ဆိုလာစွမ်းအင်ကနေချည်းပဲ လျှပ်စစ်ဓာတ်အား ပမာဏ 57MWp ကို ရရှိမှာဖြစ်ပါတယ်။ ဒီပမာဏဟာ တစ်ခန်းလျှင် အခန်း ၄ ခန်းပါ HDB တိုက်ခန်းကြီးပေါင်း ၁၅၅၀၀ (တိုက်ခန်းငယ်ပေါင်း ၆၂၀၀၀) အတွက် လုံလောက်တဲ့ လျှပ်စစ်ဓာတ်အားပမာဏဖြစ်ပါတယ်။ စင်ကာပူဟာ ၂၀၂၅ခုနှစ်မှာလည်း လျှပ်စစ်ဓာတ်အား ပမာဏ 5MWp ထုတ်ပေးနိုင်မယ့် ဆိုလာစနစ်ကို Tuas  Water Reclamation Plant မှာ တပ်ဆင်သွားဦးဖို့ ရှိနေပါသေးတယ်။

Ref:
Channel News Asia : PUB to deploy Singapore’s first large-scale floating solar panel system by 2021

Leave a Reply