ဗင်းဆင့်ဗန်ဂိုး သတ်သေခဲ့သော သေနတ်အား လေလံတင်မည်

Posted on

ဗင်းဆင့်ဗန်ဂိုး ဆိုတာ ၁၉ ရာစုက ပန်းချီဆရာတစ်ယောက်ဖြစ်ပေမယ့် ယနေ့ထိတိုင် သူ့ရဲ့နာမည်က ရှင်သန်နေဆဲ လူသိများဆဲဖြစ်တဲ့ ပန်းချီအကျော်အမော်တစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုယ်သူ သတ်သေခဲ့တယ် ဆိုတဲ့ သေနတ်ကို ဇွန်လ ၁၉ရက်နေ့ ပြင်သစ်နိုင်ငံ ပါရီမြို့မှာပြုလုပ်မယ့် လေ့လံပွဲမှာ လေလံတင်သွားမှာ ဖြစ်ပါတယ်။

ဗန်ဂိုးဟာ ၁၈၉၀ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှာ သေနတ်နဲ့ မိမိကိုယ်ကိုပစ်ခဲ့ပြီး ၀မ်းဗိုက်မှာဒါဏ်ရာရရှိခဲ့ကာ နောက် ၂ရက်အကြာမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ တချို့ကတော့ ဗန်ဂိုးဟာ  သူ့ကိုယ်သူပစ်ခြင်း မဟုတ်ပဲ အခြားသူတစ်ယောက်ရဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရတာလို့ ခန့်မှန်းကြပါတယ်။

အဲဒီသေနတ်ဟာ ၇မီလီမီတာ Lefaucheux ခြောက်လုံးပြူးအမျိုးအစား သေနတ်ဖြစ်ပြီး နောက်နှစ်ပေါင်း ၇၅နှစ် အကြာမှ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။  ဗင်ဂိုးသေနတ်ပစ်ခံခဲ့ရတဲ့နေရာဖြစ်တဲ့ Auvers-sur-Oise ရွာရဲ့ ဂျုံခင်းထဲမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးသူတွေကတော့ ဒါဟာဗန်ဂိုးကို ပစ်ခဲ့တဲ့သေနတ်လို့ ဆိုကြပါတယ်။

အဲဒီသေနတ်ကို အနုပညာလောကအတွက် အဆိုးရွားဆုံးလက်နက်အဖြစ် ဆိုကြပါတယ်။ သေနတ်ကိုပြန်ရှာတွေ့တဲ့ လယ်သမားက အဲဒီရွာက Ravoux စားသောက်ဆိုင်ကိုပေးအပ်ခဲ့တာဖြစ်ပါတယ်။ လေလံပွဲမှာတော့ ဒီသေနတ်ရဲ့ဈေးနှုန်းကို ပေါင် ၅၀၀၀၀ ၀န်းကျင်ကနေ စမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ဗန်ဂိုးဟာ ကမ္ဘာ့နာမည်အကြီးဆုံး ပန်းချီဆရာအဖြစ်သတ်မှတ်ခံရသလို သူ့ရဲ့ပန်းချီကားတွေဟာ ဒေါ်လာ သန်းနဲ့ချီတန်ကြေးရှိနေပြီဖြစ်ပေမယ့် သူအသက်ရှင်စဉ်ကာလတုန်းကတော့ သူ့ရဲ့အနုပညာကို အားပေးမယ့်သူမရှိပဲ ပင်ပမ်းဆင်းရဲစွာ အသက်ရှင်သွားခဲ့ရသူပါ။ ညီဖြစ်သူ သီအိုရဲ့စောင့်ရှောက်မှု နဲ့သာ ဘ၀ကိုရှေ့ဆက်ခဲ့ရပြီး သူ့ဘ၀တစ်လျှောက်လုံးကို အနုပညာပေါ်မှာပဲ မြုပ်နှံခဲ့သူပါ။

ကျောက်မီးသွေးတွင်း ဓမ္မဆရာ ၊ ကျောင်းဆရာ ၊ စာအုပ်ဈေးသည် စတဲ့အလုပ်ပေါင်းများစွာကိုလုပ်ခဲ့ပေမယ့် အောင်မြင်မှုတခုတလေမှ မရခဲ့ပဲ အသက် ၂၇နှစ်အရွယ်မှာ ပန်းချီလောကထဲကို ခြေစုံပစ်ဝင်ခဲ့ပါတယ်။ သူသေတော့ အသက် ၃၇နှစ်သာရှိသေးတဲ့အတွက် ပန်းချီဆရာသက်တမ်း ၁၀နှစ် သာရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ၁၀နှစ်အတွင်းမှာ သူရေးခဲ့တဲ့ပန်းချီကားပေါင်းက ၁၆၀၀ ကျော်ရှိပါတယ်။

အဲဒီ ပန်းချီကားပေါင်း ၁၆၀၀ ကျော်မှာ ရောင်းရတဲ့ပန်းချီကားကတော့ တစ်ကားပဲ ရှိခဲ့ပါတယ်။ ဒါကတော့ “ဆိုက်ပရပ်စ်ပင်နှင့်ပန်းပွင့်နေသောသစ်ပင်” ဆိုတဲ့ပန်းချီကားဖြစ်ပြီး သူ့မိတ်ဆွေ ပန်းချီဆရာတစ်ယောက်က ဒေါ်လာ ၈၀ နဲ့ ၀ယ်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီဒေါ်လာ ၈၀တန် ပန်းချီကားကို ၁၉၇၈ခုနှစ်က ပန်းချီပြပွဲတစ်ခုမှာ ပြန်လည်ရောင်းချခဲ့ပြီး ရရှိခဲ့တဲ့တန်ဖိုးက ဘယ်လောက်လို့ထင်ပါသလဲ။
ဒေါ်လာ ၁.၃သန်းပါတဲ့။ ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိတဲ့ ပန်းချီကားပေါင်းများစွာကိုရေးဆွဲခဲ့တဲ့ ပန်းချီဆရာကြီးဟာ သူ့ဘ၀မှာ ဒေါ်လာ ၈၀ ပဲ ရဖူးပါသတဲ့။

အဲဒီနေ့က သေနတ်ဒါဏ်ရာနဲ့ ဗန်ဂိုးဟာ သူတည်းခိုခဲ့ရာ နေရာအထိလမ်းလျှောက်ပြန်ခဲ့ပါတယ်။ ဆရာဝန် နှစ်ယောက်က ကုသပေမယ့် ခွဲစိတ်ဆရာဝန်တွေမဟုတ်တဲ့အတွက် သူ့ဗိုက်ထဲက ကျည်ဆံကို မဖယ်ထုတ်နိုင်ခဲ့ပါဘူး။ ဆရာဝန်တွေဟာ ဗန်ဂိုးကို သူတို့တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားပေးခဲ့ပြီး ဆေးတံသောက်နေတဲ့ ဗန်ဂိုးကို အခန်းထဲမှာ တစ်ဦးတည်းထားခဲ့ပါတယ်။

နောက်နေ့မနက်မှာတော့ ညီဖြစ်သူ သီအိုရောက်လာပြီး အားပေးစကားပြောတယ်။ နာရီအနည်းငယ်မှာ ဒါဏ်ရာက အစွမ်းပြလာပြီး  ဗန်ဂိုးဟာ နာကျင်မှုဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရတယ်။ နောက်တစ်နေ့မနက်မှာတော့ ကွယ်လွန်သွားခဲ့တယ်။ သူ မကွယ်လွန်မှာ ဘ၀တွေဟာ ထင်ထားတာထက် ကြမ်းတမ်းလွန်းပါတယ် သီအိုရယ် လို့ ဆိုပြီး ညီဖြစ်သူကို သူ့ရဲ့နောက်ဆုံးစကားအဖြစ် သောကသည်သာ ထာဝရ The sadness will last forever လို့ပြောရင်း ကမ္ဘာကျော်ပန်းချီဆရာကြီးဟာ ဒုက္ခတွေကိုသာယူဆောင်ရင်း ကမ္ဘာပေါ်ကနေ နှုတ်ဆက်ထွက်ခွာသွားပါတော့တယ်။

Leave a Reply