အမေရိကန်ရဲ့ နာမည်ကျော် ရေပူစမ်း (သို့) ရေပန်း

Posted on

အမေရိကန်က ရေပန်းလို့ပြောလိုက်တာနဲ့  Fly Geyser ဆိုတာသိတဲ့သူများ သိပြီးဖြစ်မှာပါ။ အမေရိကန်နဲ့ ဆိုင်တဲ့ ခရီးသွားပုံရိပ်တွေမှာ မကြာခဏတွေ့ရလေ့ရှိတဲ့ ရေပန်းလည်းဖြစ်ပါတယ်။ Fly Geyser (ဖလိုင်းဂေးဆာ) ကို Fly Ranch Geyser လို့လဲ ခေါ်ကြပါတယ်။ သဘာဝရဲ့ အံသြဖွယ်ကောင်းတဲ့ နေရာလေး တစ်ခုဆိုရင်လည်း မမှားပါဘူး။

သူ့ရဲ့တည်နေရာကတော့ အမေရိကန်အနောက်ပိုင်း နာဗားဒါးပြည်နယ်ရဲ့ Washoe ဒေသအနီးက Fly Ranch မှာ ဖြစ်ပါတယ်။ ဒီရေပန်းဟာ အရင်ကတည်းက သူ့အလိုလိုထွက်နေတဲ့ ရေပန်းမဟုတ်ပဲ လူတွေရဲ့တူးဖော်မှုကနေ အမှတ်မထင်ဖြစ်လာခဲ့တဲ့ ရေပန်းဖြစ်ပါတယ်။

၁၉၁၆ခုနှစ်တုန်းက လက်ရှိ Fly Geyser ရှိရာနေရာမှာ ရေတွင်းတစ်တွင်းကို တူးဖော်အသုံးပြုခဲ့ပါတယ်။ အစပထမပိုင်းမှာတော့ ပုံမှန်အတိုင်း သုံးလို့ရနေပေမယ့် နောက်ပိုင်းမှာတော့ ရေတွင်းက ထွက်တဲ့ရေဟာ ရေဆူမှတ်အထိကို အပူရှိန်မြင့်တက်လာတာကြောင့် ရေတွင်းကို ပိတ်ပစ်ခဲ့ကြပါတယ်။ ရေတွင်းရှိရာမြေကနေ ကယ်စီယမ်ကာဘွန်နိတ် ဓာတ်ပေါင်းတွေထွက်ရှိလာပြီး ၁၀ပေက နေ ၁၂ပေခန့်မြင့်တဲ့ တောင်ပူစာလေးတစ်ခုဖြစ်လာခဲ့တယ်။

၁၉၆၄ခုနှစ်မှာတော့ အပူစွမ်းအင်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုက ပထမရေတွင်းရဲ့ အနီးမှာပဲ နောက်ထပ်တွင်းတစ်ခုကို ထပ်တူးခဲ့ကြတယ်။ အပူစွမ်းအင်ကို ထုတ်လုပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ဒါပေမယ့် တူးဖော်အပြီး ရေထွက်လာချိန်မှာတော့ တွင်းကထွက်တဲ့ရေဟာ အပူစွမ်းအင်ထုတ်လုပ်ဖို့ လုံလောက်တဲ့အပူချိန်မရှိတာကြောင့် အဲဒီတွင်းကိုလည်း ဖို့ပစ်ခဲ့ကြတယ်။

ဒါပေမယ့် ကယ်စီယမ်ကာဘွန်နိတ် နဲ့ silica တို့လို ဓာတ်သတ္တုတွေက ဆက်လက်ထွက်နေပြီး နောက်ဆုံးမှာတော့ နောက်ထပ် တောင်ပူစာလေးတွေဖြစ်လာခဲ့တယ်။ အဲဒါနဲ့အတူ ၅ပေခန့်အမြင့်ရှိတဲ့ ရေတွေလည်း အဆက်မပြတ်ပန်းထွက်လာခဲ့တာ ယနေ့အချိန်အထိပါပဲ။  လက်ရှိအချိန်အထိလည်း ရေနဲ့အတူ ဓာတ်သတ္တုတွေဆက်လက်ထွက်နေဆဲဖြစ်တာကြောင့် တဖြည်းဖြည်းကြီးထွားနေဆဲပါ။

ထွက်လာတဲ့ရေတွေဟာ thermophilic ရေညှိကိုလည်း ထုတ်လုပ်ပေးတာကြောင့် ကျောက်ဆောင်ရဲ့ အရောင်ဟာ အနီ၊အ၀ါ ၊ လိမ္မော် နဲ့ အစိမ်းရောင်တွေ ရောယှက်ပါဝင်နေပါတယ်။ ရေပန်းကထွက်နေတဲ့ ရေရဲ့ အပူချိန်ကတော့ ၉၃ဒီဂရီဆဲစီးယပ်(၁၉၉.၄ဒီဂရီ ဖာရင်ဟိုက်ဖြစ်ပါတယ်။

တချိန်ကတော့ ဒီနေရာကို Jaksick မိသားစုက ပိုင်ဆိုင်ခဲ့ပြီး အခြားသူတွေ ၀င်ရောက်ကြည့်ရှု့ခွင့်ကို ပိတ်ပင်ထားခဲ့တာကြောင့် အဲဒီတုန်းကတော့ ခရီးသွားတွေဟာ ရေပန်းကို အဝေးကပဲ ကြည့်ရှု့ခဲ့ရပါတယ်။ ဒါပေမယ့် ၂၀၁၆ခုနှစ်မှာတော့ ရေပန်းအပါအ၀င် ၃၈၀၀ ဧကကျယ်ဝန်းတဲ့  Fly Ranch မြေနေရာကို အကျိုးအမြတ်မယူအဖွဲ့စည်းတစ်ခုဖြစ်တဲ့ Burning Man Project ကနေ ဒေါ်လာ ၆.၅သန်းနဲ့ ၀ယ်ယူခဲ့တာကြောင့် လက်ရှိအချိန်မှာတော့ အများပြည်သူကြည့်ရှု့ခွင့်ရနေပြီ ဖြစ်ပါတယ်။

သောကြာ ၊ စနေ နဲ့ တနင်္ဂနွေနေ့တွေမှာ ခရီးသွားတွေဟာ လမ်းညွန်သူတွေနဲ့ အတူ ဒီရေပန်းရှိရာနေရာကို လာရောက်ကြည့်ရှု့နိုင်ပါတယ်။ တစ်ကြိမ်လျှင် အယောက် ၂၀ နဲ့ တစ်နေ့ကို ၂ကြိမ်ပဲ ခွင့်ပြုထားပါတယ်။ ဒီလိုလာရောက်တဲ့နေရာမှာ ရေပန်းက ရေတွေကို ထိတွေ့ခွင့်မရှိပဲ ခပ်လှမ်းလှမ်းကနေသာ ကြည့်ရှု့ခွင့်သာ ရမှာ ဖြစ်ပါတယ်။

VIDEO

Leave a Reply