ကမ္ဘာ့ ဈေးအကြီးဆုံး ယမကာ(၁၀)မျိုး

Posted on

လူသားတွေဟာယမကာကိုသောက်သုံးခဲ့တဲ့ကာလဟာ ခရစ်တော်မပေါ်ခင် နှစ်ထောင်ပေါင်းများစွာကတည်းက ဖြစ်ပါတယ်။ ဒါပေမဲ့လေ့လာမှုတွေအရတော့ ယမကာ ရဲ့အရသာကို ပထမဆုံးမြည်းစမ်းခဲ့ရသူတွေကတော့ မျောက်တွေနဲ့ ချင်ပန်ဇီတွေသာဖြစ် ပြီး သဘာဝအတိုင်းကျရောက်တဲ့မိုးရေနဲ့ အမှည့်လွန်သစ်သီးသစ်ဥတွေဓာက်ပြု ရာမှ ဖြစ်ပေါ်လာတဲ့အရည်တွေကိုသောက်သုံးကြရာကနေ မူးယစ်ရီဝေတဲ့အရသာကို စတင်ခံစားကြတယ်လို့ဆိုပါတယ်။ ယင်းနောက်လူသားတွေဟာ ဒါကိုသတိပြုမိပြီး သေရည်/သေရက်၊ယမကာရယ်လို့မှည့်ခေါ်ကာ သောက်သုံးစရာအဖြစ်ချက်လုပ် သောက်သုံးလာကြပါတယ်။

ကာလအလိုက် ယမကာကိုပိုမိုကောင်းမွန်တဲ့ အနေအထားရောက်အောင်သမရိုးကျနည်းရော၊ ဓာတုနည်းပညာအရပါဖန်တီးဖော် စပ်ခဲ့ကြတာကိုသမိုင်းစာမျက်နှာတိုင်းမှာမြင်တွေ့ရမှာပါ။ ရာစုနှစ်ပေါင်းများစွာ ကိုကျော်ဖြတ်ပြီးသွား တိုင်းမှာလည်းအရက်တွေရဲ့အရောင်အနံ့၊အရသာတွေကအစ ထည့်သွင်းထုတ်ပိုးတဲ့ ပုံစံကအစ ပြောင်းလဲတိုးတက်လာလေ့ရှိတာကိုလည်းတွေ့ရမှာ လည်းဖြစ်ပါတယ်။ မူလကအရက်ယာမ ကာချက်လုပ်မှုလုပ်ငန်းတွေဟာ Chemical ပိုင်းကိုပိုမိုအလေးထားခဲ့ကြရာကနေယခုနောက်ပိုင်းမှာတော့ သဘာဝနဲ့ အနီးစပ်ဆုံး ကိုတ်ညီအောင် တီထွင်ဖော်ဆောင်လာခဲ့ ကြပါတယ်။

မူးယစ်စေတတ်တာကြောင့် အရက်ယမကာကို ဘာသာရေးဆိုင်ရာအယူအဆအသီးသီးကနေ လူသားတွေ သောက်သုံးခြင်း မပြုဖို့တားမြစ်ထားတယ်ဆိုပေမဲ့ ကမ္ဘာထိပ်တန်းအရောင်း အဝယ်အဖြစ်ဆုံးသော ကုန်ပစ္စည်းအတွင်းမှာ ကာလကြာရပ်တည်နေတာကတော့ အံ့သြစရာပါ။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ကမ္ဘာဈေးအကြီးဆုံး ယမကာ မျိုးစုံရဲ့ အကြောင်းအရာအချို့ပဲဖြစ်ပါတယ်။

(၁၀) Vielle Bon Secours Ale

ကမာ့္ဘဈေးအကြီးဆုံးဘီယာဖြစ်တဲ့ Vielle Bon Secours Ale ကိုထုတ်လုပ်တဲ့ဘီယာချက်စက်ရုံကတော့ ဘယ်ဂျီယံနိုင်ငံအတွင်းက Peruwelz မြို့ငယ်ကလေးမှာတည်ရှိပါတယ်။ (၁၂)လီတာပါတဲ့ Vielle Bon Secours Ale တစ်ပုလင်းအတွက် အမေရိကန်ဒေါ်လာ (၁၂၀၀)ကျသင့်မှာဖြစ်ပါတယ်။

(၁၉၉၅)ခုနှစ်ကစတင်ထုတ်လုပ်ခဲ့တဲ့ Vielle Bon Secours Ale ရဲ့ဘီယာတွေအနက်မှာ (၁၀)နှစ်သက်တမ်းသိုလှောင်ထားရှိပြီး Toffee နဲ့ Anise(စမုန်စပါး) အနံ့ပါတဲ့ဘီယာ တွေကဈေးအကြီးဆုံးဖြစ်ပါတယ် ။ ယင်းဘီယာရဲ့ alcohol ပါဝင်မှုနှုန်းထားကတော့ (၈) ရာခိုင်နှုန်းဖြစ်ပါတယ်။

(၉) The Winston Cocktail

ယမကာမျိုးစုံပေါင်းစပ်ဖန်တီးထားတဲ့ ကော်တေးတစ်ခွက်ဟာ အမေရိကန်ဒေါ်လာ (၁၂၀၀၀)လောက်ကျသင့်မယ်ဆိုရင်တော့ အတော်ကိုစဉ်းစားစရာဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ The Winston Cocktailတစ်ခွက်ဆိုရင်တော့ အထက်ကဖော်ပြတဲ့ငွေပမာထက် ပိုမိုများပြားနိုင်ပြီး ကော်တေးကိုဖျော်စပ်သူကလည်း နာမည်ကျော် bartender (ယမကာဖျော်စပ်သူ) Salvatore Calabrese ဆိုသူဖြစ်ပါတယ်။

The Winston Cocktailကိုတော့ နာမည်ကျော်အရက်အမျိုးအစားတွေဖြစ်တဲ့ Cognac Croizet 1858 Curvee Leonie (60 ml)ပမာဏ၊ Chartreuse Viellissement Wxceptionellment Prolonge၊ Grand Marnier Quintessence နဲ့ Angostura Bitters စတာတွေနဲ့ ပေါင်း စပ်ဖျော်စပ်လေ့တဲ့အပြင် ဆန်းပြားတဲ့ပြင်ဆင်ပုံတွေကိုပါထည့်သွင်းဝန်ဆောင်မှု ပေးထားပါတယ်။

(၈) Legacy by Angostura

Rum ရောစပ်ထားတဲ့ Legacy by Angostura အရက်တစ်လုံးရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ(၂၅၀၀၀)တန်ကြေးရှိလို့နေပြန်ပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံး အရက် စာရင်းမှာထိပ်တန်းနေရာကနေ ရပ်တည်နေခဲ့တဲ့ Legacy by Angosturaကို လူသိစေတာကတော့ ကာရေဘီယံဒေသက ထရီဒီနတ်တိုဘာဂိုနိုင်ငံရဲ့ အကြိမ်(၅၀) မြောက် နှစ်ပတ်လည်နေ့အခမ်း အနားမှာတည့်ခင်းတဲ့ ယမကာအဖြစ် အသုံးပြုခွင့်ရခဲ့တာပဲဖြစ်ပါတယ်။ ယင်းပွဲမှာပဲ စုစုပေါင်း အလုံး(၂၀) လောက်ကိုပဲတရားဝင်ရောင်းချခဲ့ပါတယ်။

Legacyby Angostura ရဲ့ထူးခြားချက်ကတော့ သလင်းကျောက်နဲ့ နဲ့ပြုလုပ်ထားတဲ့ ထုတ်ပိုးမှုပုံစံဖြစ်ပြီး သလင်းကျောက်ပုလင်း အတွင်းကအရက်ရဲ့ သက်တမ်းက တော့ အနည်းဆုံး(၁၇)နှစ်သက်တမ်းရှိပါတယ်။ Legacy by Angosturaရဲ့နာမည်ကျော် သလင်းကျောက်ပုလင်းတွေကို ဒီဇိုင်းရေးဆွဲ ပေးသူကတော့လန်ဒန်မြို့အခြေစိုက် Asprey ကျောက်မျက်ရတနာ ကုမ္ပဏီကဖြစ်ပြီး Aspreyဟာ အင်္ဂလန်တော်ဝင်မိသားစုက အိမ်ရှေစံ ချားမင်းသားအတွက် လိုအပ်တဲ့ကျောက်မျက်ရတနာ ဒီဇိုင်းကိုတာဝန်ယူ ဖန်တီးပေးရတဲ့ကုမ္ပဏီလည်း ဖြစ်ပါ တယ်။

(၇) 1811 Chateau d’Yquem


ပြင်သစ်နိုင်ငံ၊ဘော်ဒိုးမြို့မှာ အခြေပြုပြီး (၁၇၁၁)ခုနှစ်လောက်ကတည်းက ဝိုင်အရက် တွေကိုထုတ်လုပ်ရောင်းချခဲ့တဲ့ Château d’Yquem ကို အစွဲပြုပြီး ဒီဝိုင်အရက်ကိုနာ မည်ပေးထားခြင်းဖြစ်ပြီး နောက်ထပ်နှစ်ပေါင်း(၁၀၀)ကြာ၊(၁၈၁၁)ခုနှစ်ရောက်ချိန်မှ ဥရောပတစ်လွှား တစ်ဟုန်ထိုးနာမည်ရလာတဲ့ ဝိုင်အရက်လည်း ဖြစ်ပါတယ်။

မိသားစုလုပ်ငန်းပမာဖြစ်နေတဲ့ ဝိုင်အရက် ထုတ်လုပ် ရောင်းချမှုကို Chateau d’ Yquemရဲ့မျိုးရိုးစဉ်ဆက်လုပ်ကိုင်ခဲ့ကြရာယခုဆိုနှစ်ပေါင်း (၃၀၀)ကျော် ကြာခဲ့ ပြီလည်းဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ Chateau d’ Yquem နဲ့ Ygrec တံဆိပ်ပါအဖြူရောင် စပျစ်ဝိုင်အရက် တွေကိုထုတ်လုပ်ရောင်းချတာဖြစ်ပြီး ဝိုင်အရက်တစ်လုံးရဲ့ တန်ဖိုးကတင် အမေရိကန်ဒေါ်လာ (၁၁၀၀၀၀) ခန့်ကျသင့်ပါတယ်။

(၆) Penfolds Ampoule

ဝိုင်အရက်တစ်ခွက်အတွက် ကျသင့်ငွေကို ခေါင်းထဲမထားတတ်ပဲ အဖြူရောင်ဝိုင်ထက် အနီရောင်ဝိုင်ကိုသာ ပိုမိုနှစ်ခြိုက်သူတွေအတွက်ဆိုရင်တော့ Penfolds Ampoule ဝိုင်နီ အရက်ဟာ အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။ ကမ္ဘာဈေးအကြီးဆုံးဝိုင်အရက်တွေအနက် ထိပ်ဆုံးနေရာကနေပါဝင်တဲ့ Penfolds Ampoule ရဲ့တံဆိပ်တစ်ခုဖြစ်တဲ့ (2004) ခုနှစ်ထုတ် Penfolds Block 42 Kalimna Carbernet Sauvignon ဆိုရင် ဖန်သားနဲ့ ပုံဖော်ထားတဲ့ ဘော့ပင်သဏ္ဍာန်ထည့်စရာပါရှိပြီး ဖန်ဘူးအတွင်းက ဝိုင်အရက်ရဲ့ ပမာဏ ဟာ သာမန်ဖန်ခွက်တစ်ခွက်စာပဲပါဝင်ပါတယ်။

ကြည့်ရသူတိုင်း အမြင်ဆန်းစေတဲ့ အဖျားချွန်ဖန်ဘူးဒီဇိုင်းကိုပုံဖော်သူကတော့ ကမ္ဘာကျော်ဒီဇိုင်းပညာရှင် Andrew Bartlett ဖြစ်ပြီး ဈေးကွက်အတွင်းကို (၁၂)လုံးသာရောင်းချထားပါသေးတယ်။ ဒီအရက်ရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁၅၀၀၀၀ အထက်မှာ ရှိနေပါတယ်။

(၅) Armand de Brignac Midas

ကမ္ဘာ့ထိပ်တန်းအရက်တွေဟာ ဈေးနှုန်းမြင့်မားကြသလို ငွေရှိတိုင်းလည်း အလွယ်တ ကူဝယ်ယူနိုင်ဖို့ မလွယ်ကူပါဘူး။ ပြင်သစ်ရှန်ပိန်ဖြစ်တဲ့ Armand de Brignac Midas ကတော့ သူရဲ့ကြီးမားတဲ့ပုလင်းပမဏထက်ညီတဲ့ဈေးနှုန်းရှိပါတယ်။ (၃၀) လီတာ လောက်ပါဝင်တဲ့ Armand de Brignac Midasတွေဟာ ရွှေရောင်အဆင်းရှိပြီး အဲဒီအရက်ပုလင်းဒီဇိုင်းကိုပုံဖော်သူကတော့ အသက်(၁၄)နှစ်အရွယ်သာရှိသေးတဲ့ ဒီဇိုင်နာ Flavor Flav ဖြစ်ပါတယ်။

ဒီပုလင်းရဲ့အရွယ်အစားဟာအလွန်ကြီးမားပြီး သယ်ဆောင် သွားဖို့၊အရက်စင်ပေါ်မှာထားရှိဖို့ အခက်အခဲရှိပေမဲ့ သူရဲ့ Qualitity ကြောင့် လူကြိုက် များသထက်များနေဆဲဖြစ်ပါတယ်။ Armand de Brignac Midas ပြင်သစ်ရှန်ပိန်တစ် လုံးရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၂၁၅၀၀၀) ဖြစ်ပါတယ်။

(၄) Dalmore 62

ဝီစကီအမျိုးအစားဖြစ်တဲ့ Dalmore 62ဟာ အလွန်ရှားပါးပြီး ယခုချိန်ထိ (၁၂)ပုလင်း သာထုတ်လုပ်ထားပါသေးတယ်။ dalmore နောက်က (၆၂)ဆိုတာကတော့ ယင်းဝီစကီရဲ့ သက်တမ်းဖြစ်ပါတယ်။ တန်ဖိုးကြီးအရက်တွေအကြားမှာပါ ရှားပါးစာရင်းဝင် တဲ့ Dalmore 62 ဟာပါဝင်တဲ့အရက်ပမာဏဟာလည်း လူအများကြီးဝိုင်းဖွဲ့ သောက် လို့အဆင်မပြေနိုင်ပါဘူး။

ဈေးအကြီးဆုံးသောဝီစကီအဖြစ် အလျှင်အမြန်ဖြစ်လာတဲ့ Dalmore 62 တစ်ပုလင်းဟာဒေါ်လာ ၅၈၀၀၀ နဲ့ အထက်တန်ဖိုးရှိပါတယ်။ စင်ကာပူနိုင်ငံက ချန်ဂီလေဆိပ်အတွင်းမှာပဲ တရုတ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ Dalmore 62ရှားပါးအရက်တစ်ပုလင်းကို စင်ကာပူဒေါ်လာ (၂၅၀၀၀၀)ပေးပြီး ဝယ် သွားခဲ့ဘူးတဲ့ဖြစ်ရပ်လည်းရှိခဲ့ပါတယ်။

(၃) DIVA Premium Vodka

အမှတ်တမဲ့ကြည့်ရင် လက်သည်းနီဆိုးဆေးပုံရှိတဲ့ Diva Vodka ကိုသောက်သုံးချင် တယ်ဆိုရင်တော့ အမေရိကန်ဒေါ်လာ (၁)သန်းလောက်ကုန်ကျပါမယ်။ ရေခဲ၊ Nordic birch Charcoal(စကင်ဒီနေဗီးယားဘုစ်ပတ်ပင်ရဲ့မီးသွေး)၊ သဲနဲ့တန်ဖိုးကြီးကျောက် မျက်ရတနာတွေကနေ အဆင့်ဆင့်ဖြတ်သန်းစစ်ထုတ်ထားတဲ့ ဒီဗိုကာအရက်ဟာ အရည်အသွေးမြင့်ယမကာတစ်မျိုးဖြစ်သလို ပုလင်းရဲ့အလယ်မှာလည်း Swarovski crystals တွေကိုအလျားလိုက်ဆင့်စီ ထားတာကိုတွေ့ရမှာပါ။

ဒါအပြင် Diva Vodka ပုလင်းမှာပါဝင်တဲ့အခြားသော ကျောက်မျက်ရတနာတွေကြောင့်လည်း တန်ကြေးမြင့် ဒီဗိုကာအရက်ကိုသောက်သုံးသူတွေပေးချေရတဲ့ငွေကြေးဟာ အလဟာ သ မဖြစ် စေ နိုင်ပါဘူး။

(၂) Henri IV Dudognon Heritage Cognac Grande Champagne

မဟာဆန်တဲ့နာမည်တစ်ခုနဲ့ နှစ်ပေါင်း(၁၀၀)ကျော်သက်တမ်းရှိပြီဖြစ်တဲ့ Henri IV Dudognon Heritage Cognac Grande Champagne ကော့ညက်အရက်ရဲ့ တန်ကြေး ဟာအမေရိကန်ဒေါ်လာ (၂)သန်းဖြစ်ပါတယ်။ ကမ္ဘာဈေးအကြီးဆုံး၊အရှားပါးဆုံးဖြစ်တဲ့ ဒီအရက်ရဲ့ပုလင်းအတွင်းမှာ ရွှေနဲ့ပလက်တီနမ် (၂၄)ကာရက်လောက်မြုပ်နှံထားတာ ကိုတွေ့ရမှာဖြစ်ပြီး စိန်အလုံးရေ (၆၅၀၀)ကိုလည်း အရက်ပုလင်းရဲ့နေရာအနှံ့အပြားမှာ တန်ဆာဆင်ထားပါသေးတယ်။

(၁) Tequila Ley . 925

အထက်မှာ ဖော်ပြခဲ့တဲ့ Henri IV Dudognon Heritage Cognac Grande Champagne လိုပဲ မက္ကဆီကိုအရက်ပြင်းဖြစ်တဲ့Tequila Ley . 925 ဟာ ကမ္ဘာမှာ အများကြီးမရှိနိုင်တဲ့ အသေးစိတ်ပြုပြင်ဖန်တီးမှုတွေနဲ့အတူ စိန်လုံးရေ (၆၄၀၀)လောက် နဲ့တန်ဆာဆင်ထားပါတယ်။ ဒါပေမဲ့ Tequila Ley . 925 အရက်ပုလင်းအတွင်းက စိန် လုံးအရေအတွက်ကိုတော့ အသေအချာသိရှိသူနည်းပါးပါတယ်။

မက္ကဆီကိုမှာဆိုရင် Tequila Ley . 925ရဲ့မိတ်ဆက်ပွဲကို အခမ်းအနားနဲ့ပြုလုပ်ပေးခဲ့ တာဖြစ်ပြီး အမည်မဖော်လိုသူတစ်ဦးက အမေရိကန်ဒေါ်လာ ၃.၅သန်း ဈေးပေးပြီး ဝယ် ယူသွားခဲ့ပါတယ်။ Tequila Ley . 925 ရဲ့ထူးခြားချက်ကတော့ ဒီအရက်ရဲ့အရသာ ကိုမြည်းစမ်းဖူးသူ၊ယခုတိုင်လက်ဝယ်ပိုင်ဆိုင်သူရဲ့အကြောင်းကို သတင်းဖျောက်ထား တာဖြစ်ပါတယ်။

Leave a Reply