တစ်နှစ်မှာ ၅လ နေရောင်ခြည်ကို ထိတွေ့ခွင့်မရှိတဲ့မြို့ကလေး

Posted on

နေရောင်ခြည်ဟာ လူသားတွေရဲ့ ကျန်းမာရေး ၊ စိတ်ခံစားမှု အပြင် အခြားအသုံးဝင်မှုအမျိုးမျိုး နဲ့ မရှိမဖြစ်အကျိုးပြုအရာတစ်ခု ဖြစ်ပါတယ်။ လူသားတွေဟာ အမှောင်ထက် အလင်းကို ပိုပြီးသဘောကျတဲ့အပြင် နေရောင်ခြည်ဟာ ကျန်းမာရေးအတွက် ဗီတာမင်ဒီကိုရရှိစေပြန်ပါတယ်။ ကမ္ဘာပေါ်ကနေရာတိုင်းနီးပါးဟာ နေရောင်ခြည်ကို ထိတွေ့ခွင့်ရကြပါတယ်။ ဒါပေမယ့် ထူးခြားစွာနဲ့ပဲ နေရာင်ခြည်ကို လအတန်ကြာ တိုက်ရိုက်ထိတွေ့ခွင့် မရှိတဲ့နေရာတစ်ခုဟာ နော်ဝေးနိုင်ငံမှာ တည်ရှိနေပါတယ်။

နော်ဝေးနိုင်ငံဟာ စကင်ဒီနေးဗီးယားဒေသမှာ တည်ရှိကာ အေးချမ်းသာယာတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အထူးသဖြင့် ဒီနိုင်ငံကို နှစ်တစ်နှစ်ရဲ့အချိန်တော်တော်များများ နေကိုမြင်ရတာကြောင့် နေမ၀င်နိုင်ငံလို့ တင်စားခေါ်ဝေါ်ကြတဲ့နိုင်ငံတွေထဲမှာပါဝင်ပြီး သန်းခေါင်ယံနေ(midnight sun) လည်းထွက်လေ့ရှိတဲ့နိုင်ငံပါ။ ဒီနိုင်ငံမှာပဲ နေရောင်ခြည်နဲ့ တစ်နှစ်ကို ငါးလခန့်ထိတွေ့ခွင့်မရှိတဲ့မြို့ကလေးတစ်မြို့ဟာ နော်ဝေးမြို့တော်အော်စလိုရဲ့ အနောက်မြောက်ဘက် ၁၆၀ ကီလိုမီတာ အကွာမှာ တည်ရှိနေပြန်ပါတယ်။

ဒီမြို့ကလေးရဲ့နာမည်ကတော့ Rjukan လို့ခေါ်ပြီး အမှောင်မြို့လို့တင်စားခေါ်ဝေါ်ခြင်းခံရပါတယ်။ ဒီမြို့မှာနေထိုင်သူလူဦးရေဟာ ၃၃၈၆ယောက်ပဲ ဖြစ်ပါတယ်။ မြို့ရဲ့နာမည် Rjukan ကိုတော့ အဲဒီမြို့အနီးက ၁၀၄မီတာမြင့်တဲ့ Rjukan ရေတံခွန်ရဲ့နာမည်က ရယူထားတာဖြစ်ပြီး ဒီရေခွန်ဟာ အဲဒီဒေသပတ်ဝန်းကျင်အတွက် ရေအား လျှပ်စစ်ဓာတ်အားကို အမြောက်အမြားထုတ်လုပ်ပေးနေတဲ့ ရေတံခွန်ဖြစ်ပါတယ်။ ဒီမြို့လေးဟာ စက်တင်ဘာလကနေ မတ်လအထိ ၅လကြာ နေရောင်ကို ထိတွေ့ခွင့်မရှိပါဘူး။ နေရောင်ခြည်မရောက်ရတဲ့ အကြောင်းကတော့ ဒီမြို့လေးရဲ့ပတ်ဝန်းကျင်မှာ ကာရံထားတဲ့ တောင်စောင်းတွေကြောင့်ဖြစ်ပါတယ်။

အဲဒီလို နေရောင်တိုက်ရိုက်မရတဲ့ ကာလတွေမှာ နေရောင်ကို ရရှိစေဖို့ ဒေသခံအစိုးရက နော်ဝေကရိုနာ ၅သန်း(အမေရိကန်ဒေါ်လာ ၅၇၀၀၀၀ခန့်) ထောက်ပံပြီး တမျိုးတဖုံကြံစည်ပါတယ်။ အဲဒါကတော့ တိုက်ရိုက်မရရင်တောင် တဆင့်ခံရစေဖို့ မြို့ရဲ့အပေါ်ပတ်လည်မှာ မှန်ချပ်ကြီးတွေကို တပ်ဆင်စေတာပဲ ဖြစ်ပါတယ်။

ဒီမှန်တွေဟာ နေစွမ်းအင် ဆိုလာမှန်တွေဖြစ်တာကြောင့် အလင်းရောင်အပြင် လျှပ်စစ်ဓာတ်ကိုလည်း ရရှိစေပါတယ်။ နေရောင်ကျရောက်တဲ့ တောင်စောင်းတွေမှာ တပ်ဆင်ထားတဲ့မှန်တွေကတဆင့် နေရောင်ခြည်ရဲ့တန်ပြန်အလင်းတွေဟာ မြို့လယ်ကွက်လပ်ကို ကျရောက်ပြီး နေရောင်ကျရောက်သလိုလင်းသွားစေပါတယ်။

ဒီလိုတဆင့်ခံနေရောင်လေး ရဖို့အတွက် ဒီနည်းလမ်းကိုသုံးခြင်းဟာ ပိုက်ဆံဖြုန်းတီးတဲ့လုပ်ရပ်လို့ အစပထမမှာ တော်တော်ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီအိုင်ဒီယာဟာ မြို့ကလေးကို တဆင်ခံအလင်းရစေတာအပြင် ခရီးသွားတွေကို အထူးအဆန်းအနေနဲ့ ဆွဲဆောင်နိုင်ခဲ့ပြီး အလွန်အကျိုးရှိခဲ့တာကြောင့် နောက်ပိုင်းမှာ ဝေဖန်သံတွေရပ်သွားခဲ့ပါတယ်။

ဒီနေရာမှာ နေရောင်တိုက်ရိုက်မရတာ အမှန်ပါပဲ။ မှန်ကလာတဲ့အလင်းတွေဟာ တိုက်ရိုက်နေရဲ့အလင်းလို မနွေးထွေးစေပေမယ့် နေရာင်သဖွယ်မြင်ရတဲ့အတွက် စိတ်ထဲမှာတော့ နွေးထွေးမှုကိုခံစားရစေတယ် လို့ဒေသခံတစ်ယောက်က အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ပါတယ်။

ဒီမြို့ကလေးကို မှန်တွေကတဆင့် တန်ပြန်အလင်းရောင်ပေးနိုင်တယ်ဆိုတဲ့ အိုင်ဒီယာကို ရခဲ့သူကတော့ ဒီမြို့တည်ထောင်သူဖြစ်တဲ့ Mr. Sam Eyde ဖြစ်ပြီး ၁၉၁၃ခုနှစ်ကတည်းက ရခဲ့တဲ့အကြံဖြစ်ပါတယ်။ ဒါပေမယ့် ခေတ်အခြေအနေအပြင် အကြောင်းအမျိုးမျိုးကြောင့် သူ့ရဲ့အကြံကို အောင်မြင်အောင် လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။

မြို့တည်ထောင်သူရဲ့ စိတ်ကူးကို ပြန်လည်အကောင်အထောင်ဖော်ခဲ့သူကတော့ အဲဒီမြို့ရဲ့ဒေသခံလည်းဖြစ် အနုပညာရှင်တစ်ဦးလည်းဖြစ်တဲ့ Martin Andersen ဖြစ်ပါတယ်။ သူဟာ ၂၀၀၅ခုနှစ်ကတည်းက အကောင်အထည်ဖော်ဖို့စတင်ကြိုးစားခဲ့တာဖြစ်ပြီး ၂၀၁၃ခုနှစ်မှာတော့ အောင်မြင်စွာတပ်ဆင်နိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ ဒီမှန်ချပ်တွေကြောင့် နေရောင်တိုက်ရိုက်မရတဲ့မြို့ကလေးဟာ ထွန်းလင်းနေခဲ့ပြီ ဖြစ်ပါတယ်။

Ref:
Boredpanda
VisitNorway

Leave a Reply