လူတွေသတိမထားမိခဲ့တဲ့ ဒုတိယကမ္ဘာစစ်အတွင်းက သူရဲကောင်း ၁၀ယောက်

Posted on

လူ့သမိုင်းတစ်လျှောက်မှာ အဆိုးရွားဆုံးစစ်ပွဲအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ ဒုတိယကမ္ဘာကြီးအတွင်း နိုင်ငံတကာကစစ်သည်တွေဟာ သေသေကြေကြေတိုက်ပွဲ ဝင်ခဲ့ကြပါတယ်။ ယင်းကာလက အရွယ်ကောင်းမှာစစ်တိုက်ခဲ့ကြသူတွေတောင် ယနေ့ အချိန်မှာ အသက်(၉၀)နဲ့အထက် အသက်အရွယ်တွေကိုရောက်ရှိနေပါပြီ။

ယင်းစစ်ပွဲ အတွင်းမှာပဲ နိုင်ငံအသီးသီးရဲ့သူရဲကောင်းစစ်သည်တွေဟာ အပြိုင်အဆိုင်ပေါ်ပေါက် လာတာကိုတွေ့ရပြီး စစ်ပွဲပြီးချိန်မှာ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေအဖြစ်ပါ ရပ်တည်လာနိုင် ကြပါတယ်။ ဒါပေမဲ့အချို့ကတော့ တိုက်ပွဲတွေအတွင်း စွမ်းစွမ်းတမံအသက်စွန့်တာဝန် ထမ်းဆောင်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် လူသိများထင်ရှားခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ဒီနေရာမှာ မျှဝေပေးချင်တာကတော့ ဒုတိယကမ္ဘာစစ်အတွင်းက လူသိပ်မသိခဲ့တဲ့ စစ်သည်တော်တွေရဲ့အကြောင်းဖြစ်ပါတယ်။

(၁) Bruce Kingsbury

ဒုတိယကမ္ဘာစစ်အစောပိုင်းကာလတွေမှာ ဂျပန်စစ်တပ်ရဲ့ ထိုးစစ်တွေဟာ အာရှတိုက်အတွင်း အတော်လေး ပြင်းထန်တဲ့ကာလက သြစလေးလျစစ်သည် တစ်ဦးဖြစ်တဲ့ Bruce Kingsbury ဟာတစ်ဦးတည်းအနေအထား နဲ့ဂျပန်စစ်သည်ရာပေါင်းများစွာရဲ့ ချီတက်မှုကို ယခုအင်ဒိုနီးရှားနိုင်ငံအတွင်းက Papua ကျွန်းမှာ ရက်သတ္တပတ်အနည်းငယ်ကြာအောင် ရပ်တံ့နိုင်ခဲ့ပါတယ်။ (၁၉၄၂)ခုနှစ်သြဂုတ်လ မှာဗြိတိန်တပ်မတော်ရဲ့အမြင့်ဆုံးဆုတံဆိပ် ပေးအပ်ခြင်းခံရတဲ့ Kingsburyဟာ အင်အားများစွာနဲ့ချီတက်လာတဲ့ ဂျပန်စစ်ကြောင်းတွေအနားထိအောင် သူရဲ့ Bren Gun ကိုအသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး မဟာမိတ်စစ်သည်များစွာ ကျန်နေသေးသယောင်လှည့်ဖျားတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါအပြင်ဒဏ်ရာရတဲ့သူတို့ဘက်ကစစ်သည်တွေကို အကောင်းဆုံး ကယ်ထုတ် ပေးခဲ့တဲ့အပြင် သူရဲ့စွမ်းဆောင်ချက်ကြောင့် တပ်ရင်းတစ်ခု လုံးအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီးဂျပန်တွေရဲ့ ခေါင်းဖြတ်သတ်ဖြတ် အပြစ်ပေးခြင်းက နေကင်းလွတ်စေခဲ့သူပါ။ Kingsbury ဟာ ယင်းတိုက်ပွဲတွေအတွင်း ဂျပန်စစ်သည်(၃၀)လောက်ကို သတ်ဖြတ်နိုင်ခဲ့ပြီး သူရဲ့တပ်ရင်းတစ်ခုလုံး သတ်မှတ် ဧရိယာရောက်ရှိပြီး မိနစ်ပိုင်းအလိုမှာတော့ ရန်သူစနိုက်ဘာလက်ချက်နဲ့ ကျဆုံးခဲ့ရပါ တယ်။

(၂) Bhanbhagta Gurung

နီပေါနိုင်ငံသား ဂေါ်ရခါးလူမျိုး Bhanbhagta Gurung ဆိုသူဟာ ဒုတိယကမ္ဘာစစ်ကာလ အတွင်းက ဗြိတိန်စစ်တပ်အတွက် စစ်မှုထမ်းပေးခဲ့ပြီး အာရှစစ်မြေပြင်မှာပဲ ဂျပန်စစ်တပ်ရဲ့ ဘန်ကာကျင်း(၅)ကျင်းအထိ တစ်သီးတည်းစွန့်စားတိုက်ခိုက်ခဲ့ သူဖြစ်ပါတယ်။ ဒါကြောင့် (၁၉၄၅)ခုနှစ်မှာ ဗြိတိန်စစ်တပ်ရဲ့ သူရသတ္တိဆိုင်ရာ ထူးခွန် ဆုဖြစ်တဲ့ Victoria Cross ကိုပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

Gurung ဟာ ကျည်ဆံတွေ၊ဗုံးဆံတွေကြားထဲကပဲ ပုံစံအမျိုးမျိုးနဲ့ပြေးလွှားခဲ့ပြီး ဂျပန် ဗုံးခိုကျင်း(၄)ခုကိုတော့ လက်ပစ်ဗုံးနဲ့ထုပြီး ကျားထိုးတိုက်ခိုက်ခဲ့ပါတယ်။ နောက်ဆုံးတစ်ခုကိုတော့ စက်သေနတ်နဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒါအပြင် ယင်း တိုက်ပွဲအတွင်းမှာပဲ သူဟာခဲလုံးကိုအသုံးပြုပြီး ရန်သူစစ်သည်တစ်ဦးကို သတ်ဖြတ်နိုင် ခဲ့ပြီး သူရဲ့တပ်စုကိုအကောင်းဆုံးဦးဆောင်မှုပေးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန် မှာတော့ Gurungဟာ နာမကျန်းဖြစ်နေတဲ့မိခင်ကိုပြုစုရန် နီပေါနိုင်ငံကိုပြန်သွားခဲ့ပြီး (၂၀၀၈)ခုနှစ်မှာတော့ ကွယ်လွန်ခဲ့ပါတယ်။

(၃) Charles Joseph Coward

ဗြိတိန်စစ်သည် Coward ဟာ (၁၉၄၀)ခုနှစ်က ပြင်သစ်စစ်မြေပြင်မှာ ဂျာမန်တွေရဲ့ဖမ်း ဆီးခြင်းကို ခံခဲ့ရပြီး ဂျာမန်တွေလက်ကနေ လွတ်မြောက်ဖို့ (၁၂)ကြိမ်လောက် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ (၁၉၄၃)ခုနှစ်မှာတော့ ဂျာမန်တွေဟာသူကို နာမည်ကျော် Auschwitz အကျဉ်း ထောင်က Monowitz ချွေးတပ်စခန်းကိုပို့ဆောင်ခဲ့ပါတယ်။ ချွေးတပ်စခန်းကိုရောက်ရှိချိန်မှာလည်း Cowardဟာ သူရဲ့ဗြိတိန်စစ်သည်တွေကို စုဆောင်းပြီး အကျဉ်းကျခံဂျူးလူမျိုးတွေအတွက် အစားအစာနဲ့ရေတွေကို Auschwitz အကျဉ်းထောင်ထဲထိရောက်အောင် ခိုးသွင်းနိုင်ခဲ့ပါတယ်။

ဒီအလုပ်ဟာအလွန်အန္တရာယ် များလွန်းလှပြီး သူဟာတစ်ကိုယ်တော်စွန့်စားမှုနဲ့ ညအချိန်ရောက်တိုင်း အကြိမ် ပေါင်း များစွာ Auschwitz အတွင်းအပြင်ကို စွန့်စားခန်းဖွင့်နိုင်ခဲ့သလို ယင်းစခန်းရဲ့အခြေအနေ ကိုလည်း မဟာမိတ်တပ်တွေအထိရောက်အောင် သတင်းချပြနိုင်ခဲ့ပါတယ်။ ဒါအပြင် ဂျာမန် SS တပ်ဖွဲ့တွေကို တံဆိုးလက်ဆောင်ပေးခြင်းအပါအဝင် နည်းအမျိုးမျိုးနဲ့ အသတ်ခံရမဲ့အခြေအနေရှိတဲ့ ဂျူးလူမျိုး(၄၀၀)လောက်ကိုလဲ အချိန်မီကယ်တင်ပေး ခဲ့သေးတယ်။ ဒါအပြင် စစ်အတွင်းဂျာမန်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုဖြစ်စဉ်အတော်များများ အတွက် နုရင်ဘတ်တရားရုံးမှာ ထိခိုက်နစ်နာသူတွေဘက်က သက်သေအဖြစ်လည်း ပြုလုပ်ပေးခဲ့ပါတယ်။

(၄) Matt Urban

အမေရိကန်စစ်တပ်က လက်ထောက်ဗိုလ်မှူးကြီး Matt Urban ဟာလည်း ဒုတိယကမ္ဘာ စစ်အတွင်းဂုဏ်ပြုလောက်တဲ့ သူရဲကောင်းစာရင်းမှာပါဝင်ပါတယ်။ သူဟာ တိုက်ပွဲကြီး (၇)ပွဲမှာပါဝင်တိုက်ခိုက်ခဲ့ပြီး ခုနှစ်ကြိမ်တိုင်သေလောက်တဲ့ဒဏ်ရာတွေရရှိခဲ့ပေမဲ့ အံ့သြ ဖို့ကောင်းလောက်အောင် အသက်နဲ့ခန္ဓာမြဲသူဖြစ်ပါတယ်။ ရန်သူဂျာမန်တွေကတော့ Matt Urban ကို သေဖို့အလွန်ခဲယဉ်းတဲ့သူဖြစ်တာကြောင့် The Ghost ဆိုတဲ့အမည်ကိုတောင်ပေးခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ဗိုလ်မှူးကြီးUrban ရဲ့စွမ်းဆောင် ရည်တွေအတွက် အမေရိကန်အစိုးရက စစ်တပ်ရဲ့ အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ Medal of Honor ဆုကိုလည်း ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

သူဟာ နာမည်ကျော် နော်မန်ဒီ တိုက်ပွဲအတွင်း ကွဲပြားတဲ့စစ်ရေးတာဝန်(၁၀)ခုလောက်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး သေလုမျောပါးဒဏ်ရာရနေချိန်မှာတောင် နောက်တန်းကိုပြန်ပြီးကုသဖို့ကို ငြင်းဆန်ခဲ့ သူဖြစ်ပါတယ်။ ဒါပေမဲ့ရန်သူရဲ့ သေနတ်ကျည်ဟာ သူလည်ပင်းကိုဖောက်ထွက်သွား ချိန်မှာတော့ သူဟာဆေးရုံကိုပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ အားလုံးကသေဆုံးပြီလို့ ယူဆ ကြပေမဲ့ ကံကောင်းထောက်မစွာပဲ Matt Urbanဟာ ပြန်လည်နလန်ထူနိုင်ခဲ့ပါတယ်။ ယင်းနောက် ဒုတိယကမ္ဘာစစ်ကာလတစ်လျှောက်လုံးစစ်မှုထမ်းခဲ့ပြီး (၁၉၉၅)ခုနှစ် ရောက်ချိန်မှာတော့ ကွယ်လွန်သွားခဲ့ပါတယ်။

(၅) Eileen Nearne

ဗြိတိန်နိုင်ငံသူ Eileen Nearne ဟာ UK ရဲ့ Special Operation Executive (SOE) ရဲ့ အေဂျင့်တစ်ယောက်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကာလအတွင်းကတော့ ဂျာမန်တွေသိမ်းပိုက်ထားတဲ့ ပြင်သစ်မှာ မဟာမိတ်တွေအတွက် စပိုင်လုပ်ပေးခဲ့ပါတယ်။ Eileen Nearneဟာ လန်ဒန်နဲ့ပဲရစ်အကြား ဂျာမန်စစ်တပ်ရဲ့လှုပ်ရှားမှုကို Rose ဆိုတဲ့နာမည် နဲ့သတင်းပို့ပေးတဲ့တာဝန်ကိုယူခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Eileen Nearneဟာ ဂျာမန်ဂက်စတာဗိုရဲတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်း ကိုခံခဲ့ရပြီး Ravensbruck အကျဉ်းစခန်းဆီကိုပို့ဆောင်ခြင်းခံခဲ့ရပါတယ်။

ယင်းနောက် သူမဟာ နာဖီတွေရဲ့လူမဆန်စွာညှင်းပန်းနှိပ်စက်မှုများစွာခံခဲ့ရပြီး သေလုမျောပါးဖြစ်ခဲ့ ပေမဲ့ သူမဆီကမည်သည်အချက်အလက်ကိုမှ ဂျာမန်တွေခြေရာခံနိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် ဂျာမန်တွေအနေနဲ့ မဟာမိတ်သူလျိုတွေကို ထင်ထားသလောက် ဖော်ထုတ် နိုင်ခဲ့ခြင်းမရှိတဲ့အပြင် သူတို့အတွင်းပိုင်းက စစ်ရေးသတင်းများစွာဟာလည်း မဟာမိတ် တပ်တွေဆီကို ရောက်ရှိခဲ့ပါတယ်။ အမေရိကန်စစ်တပ်တွေသူမကို ပြန်တွေ့ချိန်မှာ တော့ Eileen Nearneဟာ စိတ်ပုံမှန်မဟုတ်တော့ပဲ အရူးတစ်ယောက်လိုဖြစ်နေခဲ့ပြီး သူမမည်သူဆိုတာကို တောင်မသိတော့တဲ့အနေအထားဖြစ်ခဲ့ရပါတယ်။ (၁၉၉၇)ခုနှစ်အထိ သူမဟာ စကား ပြောနိုင်ခြင်းမရှိသေးပဲ ယင်းနောက်ပိုင်းမှာတော့ အတန်ငယ်ထူထူထောင်ထောင်ဖြစ်ခဲ့ ပြီး(၂၀၁၀)ခုနှစ်မှာတော့ ကွယ်လွန်ခဲ့ပါတယ်။

(၆) Lewis Millett

ဒုတိယကမ္ဘာစစ်အစပိုင်းက အမေရိကန်အနေနဲ့စစ်ထဲမဝင်သေးပဲ မဟာမိတ်တွေကို ထောက်ပံ့တဲ့အနေနဲ့သာ ရှိနေခဲ့ပါတယ်။ ယင်းအချိန်ကသမ္မတ Roosevelt က အမေရိ ကန်စစ်သည်တွေကို ဥရောပကိုပို့ဖို အစီစဉ်မရှိကြောင်းနိုင်ငံကိုကြေငြာလိုက်ချိန်မှာ တော့ Lewis Millett ဟာ အလွန်သဘောမတွေ့ဖြစ်ခဲ့ပြီး အိမ်နီးချင်း ကနေဒါတပ်ထဲကို ဝင်ပြီးစစ်မှုထမ်းခဲ့ပါတယ်။ ယင်းနောက်သူဟာ လေယာဉ်ပစ်အမြောတ်တပ်ဖွဲ့ဝင် တစ်ယောက်အနေနဲ့ လန်ဒန်မှာတာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန်စစ်တပ်ကို တစ်ဖန် ကူးပြောင်းခဲ့ပြန်ပါတယ်။

Lewis Millett ဟာမြောက်အာဖရိက စစ်မြေပြင်မှာတော့ ပေါက်ကွဲနေတဲ့ လက်နက်ခဲယမ်းသယ်ဆောင်တဲ့ကားထဲကို ဒိုင်ဗင်ထိုးဝင်ပြီး ပိတ်မိနေတဲ့ သူရဲ့သူငယ်ချင်းဖြစ်သူကို ကယ်တင်ခဲ့ပါတယ်။သူဟာတစ်ဆက်တည်းပဲ ဂျာမန် စစ်သည်တွေကိုလည်း အကျအဆုံးများအောင်တိုက်ခိုက်နိုင်ခဲ့ပြီး ဂျာမန်စစ်သည်များစွာ ဝိုင်းထားတဲ့ကြားကနေပဲ ဒဏ်ရာရရှိသူတွေနဲ့ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်။ ဒါကြောင့် Lewis Millettဟာအမေရိကန်စစ်တပ်ရဲ့ သူရဲကောင်းတံဆိပ်ကိုချီးမြှင့်ခံခဲ့ရပြီး ရာထူးတိုးမြှင့်ပေးခြင်းကိုလည်း ခံခဲ့ရပါတယ်။ သူဟာ ကိုရီးယားစစ်ပွဲ၊ဗီယက်နမ်စစ်ပွဲ တွေအထိ အမေရိကန်စစ်တပ်အတွက် တာဝန်ထမ်းဆောင်ပေးနိုင်ခဲ့ပြီး (၂၀၀၉) ခုနှစ် ရောက်ချိန်မှာတော့ ကွယ်လွန်ခဲ့ပါတယ်။

(၇) Richard Bong

ဒုတိယကမ္ဘာစစ်ရဲ့ ထိပ်တန်းလေသူရဲတစ်ယောက်ဖြစ်တဲ့ Richard Bongဟာ လေကြောင်းစီးချင်းထိုးတိုက်ပွဲတွေအတွင်းမှာ ရန်သူဂျပန်တိုက်လေယာဉ် အစီးပေါင်း (၄၀)ထက်မနည်း ကိုပစ်ချနိုင်ခဲ့ပြီး အမေရိကန်လေတပ်ရဲ့နည်းပြအဖြစ်တောင် တာဝန် ထမ်းဆောင်ပေးဖို့ကမ်းလှမ်းခံခဲ့ရသူဖြစ်ပါတယ်။ Richard Bong ဟာ အမေရိကန်စစ်တပ်ရဲ့ အမြင့်ဆုံးစစ်ဘက်ဆိုင်ရာတုတံဆိပ်ဖြစ်တဲ့ Medal of Honor ဆုကိုချီးမြှင့်ခြင်းခံခဲ့ရသူဖြစ်ပြီး Lockheed P-38 Lighting တိုက်လေယာဉ်ကို စီးနင်း တိုက်ပွဲဝင်ခဲ့သူဖြစ်ပါတယ်။

သူဟာစစ်ကြီးပြီးဆုံးချိန်အထိ အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး (၁၉၄၅)ခုနှစ်၊သြဂုတ်လမှာတော့ ဂျက်လေယာဉ်မတော်တဆ ပျက်ကျမှုနဲ့ကွယ်လွန်ခဲ့ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကတော့ အမေရိကန်ပြည် ထောင်စု၊ကယ်လီယိုဖိုးနီးယားပြည်နယ်အတွင်းက North Hollywood မှာဖြစ်ပြီး သေဆုံးချိန်မှာတော့ကမ္ဘာကျော်ကျော်လေသူရဲကြီးရဲ့ အသက်ဟာ (၂၄)နှစ်သာရှိပါသေး တယ်။

(၈) George Vujnovich

သူနာမည်ကတော့ George Vujnovichဖြစ်ပြီး အမေရိကန်စစ်မဟာဗျူဟာခန့်ခွဲရေး ရုံးကအထူးအေဂျင့်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ Operation Halyard လို့သိကြတဲ့ နာဇီတွေသိမ်းပိုက်ထားတဲ့ Yugoslavia ပြည်ထောင်စု၊ဆားဘီးယား နယ်ထဲက ပိတ်မိနေတဲ့ အမေရိကန်လေကြောင်းစစ် သည်(၅၀၀) ကျော် ကိုကယ်ထုတ်ရတဲ့ လျိုဝှက်စီမံကိန်းကို အကောင်အထည်ဖော်ခဲ့သူပါ။ ပထမဆုံး အနေ နဲ့သူကိုယ်တိုင် အခြားအဆင့်စစ်သည် (၃)ဦးနဲ့အတူ ရန်သူနယ်မြေထဲကိုလေထီးခုန်ဆင်းခဲ့ပါတယ်။ သူတို့ဟာ စစ်ဆင်ရေး မစတင်မီတည်းက ဆားဘီးယားဒေသခံတွေရဲ့ဘာသာစကားအပါအဝင် အသေးစိတ် အမှုအကျင့်တွေအထိ သင်ယူခဲ့ပါတယ်။ ယင်းနောက်မှာတော့ လာရောက်ခေါ်ယူမဲ့ မဟာမိတ်လေယာဉ်တွေအတွက် လျိုဝှက်လေယာဉ်ကွင်းတွေတည်ဆောက်ခဲ့ပြီး ပိတ်မိ နေတဲ့ မဟာမိတ်စစ်သည်(၅၁၂)ယောက်ကို ကယ်ဆယ်ခဲ့ပါတယ်။

မဟာမိတ်တွေဘက်က ယာဉ်ပစ္စည်းနဲ့ လူသူလုံးဝအဆုံးအရှုံးမရှိခဲ့တဲ့ ဒီစစ်ဆင်ရေးကြီး ဟာ(၂၀၀၇)နှစ်မတိုင်ခင်အထိ သိရှိသူနည်းပါးခဲ့ပြီး နောက်ပိုင်းယင်းစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့လေယာဉ်တွေရဲ့ သက်ဆိုင်ရာကုမ္ပဏီတွေကထုတ်ဖော်ပြောကြားမှုကြောင့်သာ အားလုံးကသိရှိခဲ့ရတာဖြစ်ပါတယ်။ George Vujnovich ဟာ စစ်တပ်ကနေအနားယူပြီးသည့်တိုင် ဒီဖြစ်ရပ်ကိုထုတ်ဖော်ခဲ့ခြင်းမရှိပဲ (၂၀၁၂)ခုနှစ်၊ သူအသက် (၉၆)နှစ်အရွယ်မှာတော့ ကွယ်လွန်သွားခဲ့ပါတယ်။

(၉) Joseph Rochefort

အမေရိကန်ရေတပ်ကရာရှိတစ်ယောက်လည်းဖြစ် အမေရိကအစိုးရအတွက် ရန်သူရဲ့ လျို့ဝှက်စကားဝှက်တွေကို ဖော်ထုတ်သူပညာရှင်လည်းဖြစ်တဲ့ Joseph Rochefort ဟာလည်း လူသိပ်မသိတဲ့ ဒုတိယကမ္ဘာစစ်သူရဲကောင်းတစ်ယောက်ဖြစ်ပါတယ်။ Joseph Rochefort ဦးဆောင်တဲ့ ဝှက်စာဖော်ရေးအဖွဲ့ဟာ ဂျပန်တွေရဲ့ဆက်သွယ်မှု တွေကိုကြားဖြတ်နားထောင်ပြီး စစ်ဆင်ရေးထိပ်တန်းစကားဝှက်တွေအထိ ဖော်ထုတ်နိုင် ခဲ့ကြသူတွေဖြစ်ပါတယ်။

သူတို့ရဲ့အောင်မြင်မှုဟာ Midway ကျွန်းတိုက်ပွဲတွေမှာ အမေရိကန်တွေ သိသိသာသာအသာရခဲ့ပါတယ်။ (၁၉၄၂) ၊ဇွန်လအတွင်းမှာပဲ Joseph Rochefort တို့ရဲ့သတင်းပေးမှုနဲ့ အမေရိကန်ရေတပ်ဟာ ဂျပန်လေယာဉ်တင်သဘောင်္ (၄)စင်းအထိ နစ်မြုပ်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ကတော့ ဂျပန်ဟာ ပစိဖိတ်စစ်ပွဲမှာ အရေး မလှတော့ပဲ ခံစစ်ထိုင်ရတဲ့ အနေအထားကို ဖြစ်သွားခဲ့ပါတယ်။ Joseph Rochefort ရဲ့ ဆောင်ရွက်ချက်တွေဟာ အမေရိကန်ရေတပ်ရဲ့ပစိဖိတ်ဒေသစိုးမိုးရေးတိုက်ပွဲတွေမှာ အလွန်အရေးပါတဲ့ အထောက်အပံ့တွေဖြစ်ခဲ့ပေမဲ့ သူသေဆုံးခဲ့တဲ့ (၁၉၇၆)ခုနှစ်အထိ တော့ကြီးကြီးမားမား ချီးကျူးဂုဏ်ပြုခြင်းကို မခံခဲ့ရရှာပါဘူး။

(၁၀) Georg Duckwitz

ဒုတိယကမ္ဘာစစ်ကာလအတွင်းက စစ်ယူနီဖောင်းလည်းမဝတ်၊ မဟာမိတ်စစ်သည်တွေ ဘက်ကလည်းမဟုတ်တဲ့ သူရဲကောင်းကိုပြပါဆိုရင်တော့ ဂျာမနီနိုင်ငံသား Georg Duckwitz ကိုပြရမှာပါ။ သူဟာ ဂျာမန်အုပ်ချုပ်ရေးသာမန်အရာရှိတစ်ယောက်ဖြစ်ပြီး ဒိန်းမတ်နိုင်ငံကိုနာဇီတွေ သိမ်းပိုက်လိုက်ချိန်မှာတော့ နာဖီလက်အောက်ခံ ဒိန်းမတ် အုပ်ချုပ်ရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ အာဏာရှင်ဟစ်တလာရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဂျူးတွေကိုဖမ်းဆီးဖို့ အစီစဉ်ကို ရိပ်စား မိတဲ့ Georg Duckwitzဟာ ဒိန်းမတ်ဒေသခံတွေနဲ့ပေါင်းပြီး နိုင်ငံတွင်းက ဂျူးအားလုံးကို အိမ်နီးချင်း ဆွိဒင်နိုင်ငံကို လျိုဝှက်ပို့ဆောင်ပေးခဲ့ပါတယ်။

Georg Duckwitzရဲ့ ကျေးဇူး ကြောင့် ဒိန်းမတ်နိုင်ငံတွင်းမှာရှိတဲ့ ဂျူးလူမျိုး(၉၉)ရာခိုင်နှုန်းလောက်ဟာ အသက်ချမ်းသာရာ ရခဲ့ပြီး ကမ္ဘာအရပ်ရပ်ကချီးကျူးမှု ဆုတံဆိပ်များစွာကိုလက်ခံရရှိခဲ့သူ ဖြစ်ခဲ့ပါ တယ်။ စစ်ပြီးဆုံးချိန်မှာလည်း Georg Duckwitzဟာ ဂျာမနီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာန မှာပဲအလုပ်လုပ်ခဲ့ပြီး ဒိန်းမတ်နိုင်ငံဆိုင်ရာသံအမတ်ကြီး၊အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အသက်(၆၈)နှစ်အရွယ်မှာကွယ်လွန်ခဲ့ပါတယ်။

သုတဇုန်

Leave a Reply