လောကဓံနွံ့ထဲက ရုန်းထွက်ခဲ့တဲ့ Iron Man (သို့) RDJ

Posted on

Iron man ၊ ရှားလော့ဟုမ်းစတဲ့ဇာတ်ရုပ်တွေနဲ့ ကမ္ဘာတစ်ဝှမ်းက ရုပ်ရှင်ချစ်ပရိတ်သတ်တွေကိုဖမ်းစားနိုင်ခဲ့တဲ့ အမေရိကန်ရုပ်ရှင်မင်းသား Robert Downey Jr ကို (၁၉၆၅)ခုနှစ်၊ ဧပြီလ(၄)ရက်နေ့မှာ New York က Manhattanမှာဖွားမြင်ပါတယ်။ ဖခင်ဖြစ်သူ Robert Downey Sr ကတော့ မင်းသားနဲ့ဒါရိုက်တာတစ်ဦးဖြစ်ပြီး မိခင် Elsie Annကလည်း သရုပ်ဆောင်မင်းသမီးဖြစ်တာကြောင့် အနုပညာသွေး အပြည့်အဝပါ သူ ဖြစ်ပါတယ်။ သူမှာ Allyson ဆိုတဲ့ အမတစ်ယောက်လည်းရှိပြီး သူတို့ရဲ့ငယ်ဘဝကိုတော့ Greenwich Village မှာကြီးပြင်းခဲ့ပါတယ်။\

Robert ရဲ့ဘဝကတော့ အကောင်းရော အဆိုးရော ရောထွေးနေတယ်လို့ဆိုရမှာ ဖြစ်ပြီး အထူးသဖြင့် မူးယစ်ဆေးဝါးရဲ့လောင်မြိုက်မှုကို လူမှန်းသိတတ်စအရွယ်လေးကတည်းက ခံစားခဲ့ရတဲ့သူဟာ အကောင်းဆုံးရုန်းထွက်ပြပြီး ကမ္ဘာကျော်မင်းသားတစ်ယောက် အဖြစ်ရပ်တည်ပြခဲ့ပါတယ်။ (၂၀၁၂)ခုနှစ်ကနေ (၂၀၁၅)ခုနှစ်အထိ Robert ဟာ Forbesမဂ္ဂဇင်းကနေစာရင်းပြုစုထားတဲ့ဟောလီးဝုဒ်ရဲ့ အနုပညာကြေး အများဆုံး ရတဲ့မင်းသားအဖြစ် (၃)နှစ်ဆက်တိုက်ရပ်တည်နိုင်ခဲ့တာကိုတွေ့ရပါတယ်။

ဒါအပြင် (၂၀၀၈)ခုနှစ်က Time မဂ္ဂဇင်းကနေ ရွေးချယ်ခဲ့တဲ့ ကမ္ဘာကို လွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ်အယောက် (၁၀၀)စာရင်းမှာ Robert Downey Jr ရဲ့အမည်ဟာပါဝင်လာခဲ့ပါ တယ်။ Robert Downey Jr ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တွေဟာ မြောက်အမေရိ ကမှာဆိုရင် အမေရိကန်ဒေါ်လာ (၅.၃)ဘီလျံအထိဝင်ငွေရရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာ ဆိုရင်တော့ အမေရိကန်ဒေါ်လာ (၁၂.၉)ဘီလျံအထိ ပြန်လည်ရရှိခဲ့ပါတယ်။

Robert  ဟာအသက်(၅)နှစ်အရွယ်တည်းက သူအဖေရိုက်ကူးခဲ့တဲ့ (၁၉၇၀) ခုနှစ်ထုတ် Pound ဆိုတဲ့ဇာတ်ကားနဲ့ ပထမဆုံးသော သရုပ်ဆောင်ဘဝကိုစတင်ခဲ့ပါတယ်။ ဒါပေမဲ့သူလူမှန်းသိတတ်စ၊သရုပ်ဆောင်ဘဝအစမှာပဲ Robert ရဲ့ဘဝဟာ စတင် ဖျက်ဆီးခြင်းခံရပါတော့တယ်။ အကြောင်းကတော့ဆေးသမားဖြစ်တဲ့ဖခင် Robert Downey Sr ဟာသူ့ကိုဆေးခြောက်သုံးစွဲဖို့ဆွဲဆောင်ခဲ့လို့ဖြစ်ပါတယ်။ သားအဖ(၂)ယောက်တက်ညီလက်ညီမူးယစ်ဆေးသုံးစွဲပြီးနောက် သူတို့ရဲ့ဆက်ဆံရေး ဟာပိုမိုနားလည်မှုရှိလာတယ်လို့ အင်တာဗျူးတစ်ခုမှာ Robert ကဖွင့်ဟခဲ့ဖူးပါတယ်။

Robert Downey Jr ဟာ ဆယ်ကျော်သက်ကာလတစ်ခုလုံးကို မူးယစ်ဆေးဝါး၊ အရက် စတဲ့အရာတွေနဲ့သာ ဖြတ်သန်းခဲ့ပြီး တစ်ဖက်ကလည်း သူဖခင်ရိုက်ကူးတဲ့ဇာတ်ကား တွေမှာ ဇာတ်ပို့၊ဇာတ်ရံ၊စင်ပြိုင်မင်းသားစသည်ဖြင့် ဝင်ရောက်လုပ်ကိုင်နေခဲ့ပါတယ်။ Robert ဟာအတန်းပညာကိုတော့ Santa Monica High School မှာတက်ရောက် သင်ကြားခဲ့ပြီး အသက်(၁၇)နှစ်အရွယ်ရောက်ချိန်မှာတော့ ကျောင်းကနေထွက်ပြီး သူအဖေအလိုကျ အနုပညာလမ်းကြောင်းကိုပဲလျှောက်လှမ်းခဲ့ပါတယ်။

(၁၉၈၇) ခုနှစ်မှာ တော့ Robert ဟာ Brat Pack ဆိုတဲ့လူငယ်သရုပ်ဆောင်အဖွဲ့နဲ့ပူးပေါင်းပြီး Weird Science ဆိုတဲ့ သိပ္ပံကားနဲ့ပရိတ်သတ်အတော်များများရရှိခဲ့ပါတယ်။ ဒါအပြင် (၁၉၉၂)ခုနှစ်မှာတော့ နာမည်ကျော်ဟာသသရုပ်ဆောင် ချာလီချက်ပလင် အကြောင်းရိုက်ကူးတဲ့ ဇာတ်ကားမှာ ချာလီနေရာကနေသရုပ်ဆောင်ခဲ့ပြီး လူသိများထင် ရှားလာခဲ့ပါတယ်။ သူဟာအဲဒီဇာတ်ကားနဲ့ပဲ အော်စကာဆုအတွက် ဇကာတင်စာရင်း မှာပါခဲ့သလို BAFTA Award ရဲ့အကောင်းဆုံး သရုပ်ဆောင်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဲအချိန်က အမေရိကန်ရုပ်ရှင်ဝေဖန်ရေးသမားတွေကတောင် ချီးကျူးခဲ့ရတဲ့ Robert Downey Jr ဟာ အောင်မြင်တဲ့လမ်းကြောင်းပေါ်ရောက်ရှိနေတယ်ဆိုပေမဲ့ တစ်ဖက်ကလည်း မူးယစ်ဆေးဝါး၊အရက်ကိုအလွန်အကျူးသုံးစွဲနေခဲ့တာကြောင့် သူရဲ့ အောင်မြင်မှုတွေဟာ မကြာခင်မှာပဲပြန်လည်ရပ်တန့်ခဲ့ပါတယ်။ (၁၉၉၆) ကနေ (၂၀၀၁) ခုနှစ်ကြားကာလတွေမှာတော့ Robert Downey Jr ဟာ မူးယစ်ဆေးဝါးသုံးစွဲမှု၊ လက်ဝယ်ထားရှိမှု၊လက်နက်ကိုင်ဆောင်မှု၊စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှု၊တို့ကြောင့် ထောင်နန်းလည်းအကြိမ် ကြိမ်စံခဲ့ရပါတယ်။ ဒါအပြင်ထောင်တွင်းတိုက်ခိုက်မှုတွေကို (၂)ကြိမ်အထိ သေလုမျောပါးခံခဲ့ရပြီး ထောင်တွင်းမှာပန်းကန်ဆေးရတဲ့အလုပ်အထိ တောင်လုပ်ကိုင်ခဲ့ရသူဖြစ်ခဲ့ပါတယ်။

(၂၀၀၁)ခုနှစ်ရောက်ချိန်မှာတော့Robert ဟာ ပြုပြင်ထိန်းသမ်းရေးစခန်းကနေပြန်လည် ထွက်ခွာခွင့်ရခဲ့ပြီး အနုပညာအလုပ်တွေပြန်လည် လုပ်ကိုင်လာခဲ့ပါတယ်။ ယင်းအချိန် မှာ Robert Downey Jrကြုံတွေ့ခဲ့ရတာကတော့ ရုပ်ရှင်ထုတ်လုပ်ရေးတွေရဲ့သူအပေါ် ယုံကြည်မှုကင်းမဲ့လာခြင်းဖြစ်ပါတယ်။ (၂၀၀၃)ခုနှစ်ကရိုက်ကူးခဲ့တဲ့ The Singing Detective ရုပ်ရှင်ကားမှာတော့ Robert ရဲ့မိတ်ဆွေ Mel Gibson ကသူအတွက် အာမခံ ငွေကိုထုတ်ပေးခဲ့ပါတယ်။

Robert ရဲ့ကျေးဇူးရှင်အဖြစ်တောင်သတ်မှတ်ရမယ့် Mel Gibson ဟာ သူနဲ့အတူ Air America မှာတွဲဖက်သရုပ်ဆောင်ခဲ့သူဖြစ်ပြီး သူရဲ့အကူအညီ ကြောင့် Robert Downey Jrဟာ ဟောလီးဝုဒ်ရဲ့ Mainstream အပေါ်ပြန်လည်ရောက် ရှိလာခဲ့ပါတယ်။  (၂၀၁၁) အောက်တိုဘာက Robert ဟာ 25th American Cinematheque Award ရရှိခဲ့ပြီး ကျေးဇူးတင်စကားပြောရာမှာသူ့ သူငယ်ချင်း Mel Gelson ကိုကျေးဇူးတင်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။

ဒါအပြင်(၂၀၀၃)ခုနှစ်မှာ Robert Downey Jr နဲ့ချစ်ကြိုက်ခဲ့တဲ့ ထုတ်လုပ်သူ Susan Levin ကြောင့်လည်း သူဟာလမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိလာခဲ့ပြီး Kiss Kiss Bang Bang (2015)၊ Zodiac (2017)၊ Tropic Thunder (2008) စတဲ့ဇာတ်ကားတွေနဲ့ အောင်မြင်မှုများစွာရရှိခဲ့ပါတယ်။ Tropic Thunder ဇာတ်ကား နဲ့ Robert ဟာအော်စကာစာရင်းဝင်ခဲ့ပါသေးတယ်။

ဒါအပြင် (၂၀၀၈)ခုနှစ်မှာပဲ မာဘယ်ရဲ့စူပါဟီးရိုးဖြစ်တဲ့ Iron Man ဇာတ်ကားမှ တိုနီစတက် အဖြစ်သရုပ် ဆောင်ခွင့်ရချိန်မှာတော့ Robert Downey Jr ရဲ့ကျော်ကြားမှုဟာ ကမ္ဘာတစ်ဝှမ်းလုံးကို ဖြန့်ကျက်နိုင်ပါတော့တယ်။ Iron Man ကနေ (၂၀၁၉)မှာရုံတင်တဲ့ Endgame အထိ Robert Downey Jr ဟာ ဇာတ်ရုပ်တစ်ခုတည်းနဲ့ ဇာတ်ကား(၁၀)ကားအထိပါဝင်သရုပ် ဆောင်ခဲ့ပါတယ်။ မာဘယ်ထုတ်လုပ်ရေးနဲ့လက်တွဲခဲ့တဲ့ Robert Downey Jrရဲ့ဇာတ် ကားတွေဟာ အမေရိကန်ဒေါ်လာ(၅၈၅)သန်းအထိရရှိပြီး ရုံဝင်စံချိန်သစ်တင်နိုင်ခဲ့ တာကိုလည်းတွေ့ရမှာပါ။

Iron Man ပြီးတဲ့နောက် Robert ဟာ အင်္ဂလိပ်ဒါရိုက်တာ Guy Ritchieရဲ့ ရှားလော့ဟုမ်းဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ယင်းဇာတ်ကားဟာလည်း (၂၀၀၉) ခုနှစ်နှစ်အတွက် ဝင်ငွေအကောင်းဆုံး နံပါတ်(၈)နေရာကို ရပ်တည်နိုင်ခဲ့ပါတယ်။ (၂၀၁၀)ခုနှစ်၊ဇွန်လ(၁၄)ရက်မှာတော့ Robert Downey Jrနဲ့သူရဲ့ဇနီး Susan တို့ဟာ Team Downey အမည်ရတဲ့ ရုပ်ရှင်ကုမ္ပဏီတစ်ခုကိုတည်ထောင်ခဲ့ပြီး သူတို့ရဲ့ ပထမဆုံးရုပ်ရှင်ကတော့ The Judge ဖြစ်ပါတယ်။

Robert Downey Jrဟာ နာမည်ကျော်ရုပ်ရှင်မင်းသမီး၊မော်ဒယ်တွေနဲ့ တွဲခဲ့ဖူးပေမဲ့ သူရဲ့ မူးယစ်ဆေးဝါးပြသာနာတွေကြောင့် စွန့်ပစ်ခြင်းကို အကြိမ်ကြိမ်ခံခဲ့ရသူဖြစ်ပါတယ်။ (၁၉၉၂)ခုနှစ်က အမေရိကန်ရုပ်ရှင်မင်းသမီး Deborah Falconer နဲ့လက်ထပ်ခဲ့ပြီး သားတစ်ယောက် ထွန်းကားခဲ့ပေမဲ့ (၂၀၀၄)ခုနှစ်မှာပဲ ပြတ်စဲခဲ့ပါတယ်။

(၂၀၀၅)ခုနှစ်မှာတော့ လက်ရှိဇနီးသည် Susan Levin နဲ့လက်ထပ်ခဲ့ပြီး သားတစ်ယောက်၊သမီးတစ်ယောက်ထွန်းကားခဲ့ပါတယ်။ Robert ရဲ့ အရက်နွံ၊မူးယစ်နွံ တွေထဲကဆွဲထုတ်ခဲ့ရာမှာ Susan ရဲ့ကဏ္ဍဟာအလွန်အရေးပါခဲ့တယ်လို့ Robert ကိုယ်တိုင်ဝန်ခံခဲ့ပြီး အမြဲကျေးဇူးတင်တယ်ဆိုတဲ့စကားကို မကြာခဏအင်တာဗျူးတွေ မှာဖြေဆိုဖူးပါတယ်။

အသက်(၅၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Robert Downey Jr ဟာ အမေရိကန်ဒေါ်လာသန်း (၃၀၀)လောက်ကြွယ်ဝချမ်းသာသူဖြစ်ပြီး အောင်မြင်တဲ့ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဒါအပြင် ကြီးကျယ်ခမ်းနားတဲ့ စံအိမ်တော်ကြီးတွေ၊ တန်ဖိုး ကြီးကားတွေကို စုဆောင်းရတာဝါသနာပါတဲ့ Robert Downey Jr ဟာ သူရဲ့ဝင်ငွေတွေ ကို ယင်းနေရာတွေမှာပဲ ဒေါ်လာသန်းနဲ့ချီသုံးစွဲလေ့ရှိပါတယ်။

ဒါအပြင် မကြာခင်မှာပဲ All-Star Weekend(2019)  နဲ့ The Voyage of Doctor Dolittle(2020) တို့လို Robert Downey Jr ရဲ့ ဇာတ်ကားကောင်းတွေ ဆက်လက်ထွက်ပေါ်လာဦးမှာမို့ သူရဲ့သွေးအေးအေးနဲ့ အပိုအလိုမရှိသရုပ်ဆောင်ချက်တွေကို မြင်တွေ့ခွင့်ရပါဦးမယ်။

Leave a Reply