ကမ္ဘာပေါ်က အကောင်းဆုံး ရာသီဥတုပိုင်ဆိုင်တဲ့နိုင်ငံများ

Posted on

နေသာလေသာနဲ့ စိမ်းလန်းတဲ့ဝန်းကျင်ကိုပိုင်ဆိုင်ထားတဲ့ အရပ်ဒေသဟာ လူသားတွေ အတွက်နေချင်စရာအတိဖြစ်ပါလိမ့်မယ်။ ကမ္ဘာနေရာအမျိုးမျိုးမှာ ရာသီဥတုဖြစ်စဉ် အမျိုးမျိုးရှိနေတာကြောင့်လည်းအဆိုးဆုံးနဲ့ အကောင်းဆုံးရာသီဥတုကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေရဲ့စာရင်းဟာဖြစ်ပေါ်လာပါတယ်။ သက်ရှိလူသားတိုင်းအတွက် ရာသီဥတုဟာ အတော်ကို ရိုက်ခတ်မှုရှိနေတာဖြစ်ပြီး အချို့ကပူတဲ့ကာလကိုနှစ်သက်သလို စိုထိုင်းအေးစိမ့်တဲ့ ရာသီကိုနှစ်သက်ကြသူတွေလည်း ရှိပါတယ်။

နှစ်တစ်နှစ်ရဲ့အချိန်အများစုကို ထူကဲတဲ့ ဂျာစီတွေဝတ်ဆင်ရခြင်းနဲ့ မီးလင်းဖိုဘေးနားမှာ တစ်ညလုံး အချိန်ဖြုန်းနေရတဲ့ အေးစိမ့်တဲ့အရသာကို နှစ်ခြိုက်တဲ့သူတွေရှိနေသလို တစ်ခြားတစ်ဖက်မှာလည်း အေးတဲ့ရာသီကိုရှောင်ကွင်းချင်လို့ ဆောင်းကာလရောက် တိုင်း ဒေသအနေအထားအရ ညအပူချိန်များတဲ့(ကမ္ဘာတောင်ခြမ်းက နိုင်ငံတွေ)ကို လေယာဉ်နဲ့တစ်ကူးတက လာပြီးအနားယူတဲ့ ခရီးသွားတွေလည်း ရှိနေပြန်ပါတယ်။ လပေါင်းတော်တော်များများနှင်းတွေကျဆင်းလျက်ရှိတဲ့ ဥရောပက Scandinavian နိုင်ငံ တွေဖြစ်တဲ့ နော်ဝေ၊ဒိန်းမတ်၊ဆွိဒင်၊ အိုက်စလန်နိုင်ငံတွေနဲ့ သင့်တင့်တဲ့နေရောင် ခြည်နဲ့ လေနုအေးတွေအစဉ်တိုတ်ခတ်လျက်ရှိတဲ့ မြေထဲပင်လယ်ဝန်းကျင်ကနိုင်ငံတွေ ကတော့ အများစုက နေချင်စဖွယ်ကောင်းတဲ့နေရာတွေအဖြစ်သတ်မှက်ထားကြပါတယ်။

နေချင်စရာအကောင်းဆုံးရာသီဥတုအခြေအနေကို သတ်မှက်ရာမှာ နေရောင်ခြည် ကျရောက်မှု အခြေအနေကအဓိကဖြစ်တယ်လို့ လူအများစုကလက်ခံထားကြတာလည်း ရှိပါတယ်။ နယူးဇီလန်၊အီကွေဒေါ၊ အာဂျင်တီးနားနိုင်ငံတွေမှာဆိုရင် တစ်နှစ်ပတ်လုံး နေသာနေတယ်ဆိုပေမဲ့ မျှတတဲ့ နေ့အပူချိန်၊ညအပူချိန်တွေကြောင့် နေရထိုင်ရ အလွန် အဆင်ပြေကြပါတယ်။ သြစတေးလျနိုင်ငံနဲ့ အမြင့်ပိုင်းဒေသတစ်ခုဖြစ်တဲ့ ဘိုလစ်ဗီးယား နိုင်ငံတွေဆိုရင်လည်း မြင့်မားတဲ့အပူချိန်တွေရှိနေပေမဲ့ ပင်လယ်ပြင်နဲ့နီးကပ်ခြင်း၊ ပင်လယ်ရေမျက်နှာပြင်ထက် အတော်မြင့်မားတဲ့အရပ်မှာရှိနေခြင်းတို့ကြောင့်လည်း အပူ၊အအေးမျှတစွာ တည်ရှိလို့နေပြန်ပါတယ်။

ဥရောပက အီတလီ၊ပြင်သစ်နိုင်ငံတွေကလည်း အလှပဆုံးသောနွေဦးရာသီနဲ့ ဆောင်းရာသီကို ပိုင်ဆိုင်ထားတာဖြစ်လို့ လူတိုင်းအတွက် နေချင်စဖွယ်ပါပဲ။ မြောက်အမေရိကက အမေရိကန်ပြည်ထောင်စုဆိုရင်လည်း ဆောင်းတွင်းရောက်ချိန် မှာလှပစွာ ကျဆင်းတဲ့နှင်းတွေ၊ နွေရောက်ချိန်မှာ စိမ်းစိုတဲ့တောတန်းတွေနဲ့လိုက်ဖက် စွာတိုတ်ခတ်နေတဲ့ လေနုအေးတွေကြောင့် ကမ္ဘာမှာဒီနေရာထက်ပိုမိုကောင်းမွန်တဲ့ နေရာမရှိလို့ ထင်ရအောင် သာယာလှပကြပါတယ်။

ဒီလိုအလှတွေအသီးသီးပိုင်ဆိုင် ထားတဲ့ကမ္ဘာမြေပုံထဲကမှ ယခုမျှဝေပေးမှာကတော့ ရာသီဥတုအသာယာဆုံး၊အမျှတ ဆုံးဖြစ်တဲ့နိုင်ငံတွေရဲ့အကြောင်းအရာအချို့ဖြစ်ပါတယ်။ သဘာဝအရ ပင်လယ်ဟာ ဒေသရဲ့ရာသီဥတုကိုထိန်းညှိပေးနိုင်တာကြောင့်ပင်လယ်နဲ့အနီးဆုံးမှာ ရှိတဲ့နိုင်ငံ တွေသာ ဒီစာရင်းမှာပါဝင်လာခဲ့တာကိုလည်း တွေ့ရမှာပါ။ ဒီစာရင်းကိုတော့ Ranker ၀ဘ်ဆိုဒ်မှာ လူပေါင်း ၂သောင်းကျော်က vote လုပ်ရွေးချယ်ထားတာ ဖြစ်ပါတယ်။

(၁၀) ဘရာဇီးနိုင်ငံ

တောင်အမေရိကတိုက်က ဘရာဇီးနိုင်ငံရဲ့ အမြင့်ဆုံးအပိုင်းတွေမှာ ဆီနှင်းတွေ ဆောင်းရာသီမှာ ကျဆင်းတတ်တာကလွဲလို့ နိုင်ငံရဲ့ဒေသအများစုကတော့ အပူပိုင်း ဒေသရာသီဥတုမျိုးဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံ အလယ်ပိုင်းကလွဲလို့ ကျန်ဒေသအားလုံးဟာ အလွန်အကျူးပူပြင်းခြောက်သွေ့တယ်လို့ မရှိပဲ မျှတတဲ့ ရာသီစက်ဝိုင်းအတွင်းမှာပဲ တည်ရှိနေပါတယ်။ ဘရာဇီးဟာ နေထိုင်ချင်စဖွယ် အကောင်းဆုံးသော ရာသီဥတုကိုပိုင်ဆိုင်တဲ့ နိုင်ငံစာရင်းမှာပါဝင်နေပေမဲ့ ခြွင်းချက် တစ်ခုကတော့ (၁၈၇၇-၁၈၇၈) ခုနှစ်ကဘရာဇီးနိုင်ငံ အရှေမြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြီးအကျယ်မိုးခေါင်မှုကြောင့် လူ(၅)သိန်းလောက် သေဆုံးခဲ့ရဖူးပါတယ်။

(၉) မော်တာနိုင်ငံ

တောင်ဥရောပမှာတည်ရှိတဲ့၊ မြေထဲပင်လယ်အတွင်းက ကျွန်းစုနိုင်ငံလေးဖြစ်တဲ့ မော်တာဟာ အီတလီနိုင်ငံ စစ္စလီကျွန်းရဲ့ တောင်ဘက်(၉၃)ကီလိုမီတာမှာတည်ရှိပြီး အတော်ကို လှပတဲ့ဝန်းကျင်၊မျှတရဲ့ရာသီဥတုကိုပိုင်ဆိုင်ထားပါတယ်။ စတုရန်းကီလို မီတာ (၃၀၀)မျှသာရှိတဲ့မော်တာနိုင်ငံဟာ ကမ္ဘာအသေးငယ်ဆုံးနဲ့လူဦးရေအထူထပ်ဆုံး သောနိုင်ငံစာရင်းမှာပါဝင်ပြီး နိုင်ငံရဲ့အဓိကဝင်ငွေရတဲ့လုပ်ငန်းအနေနဲ့တော့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကိုပဲလုပ်ကိုင်ပါတယ်။ ကမ္ဘာသန်းကြွယ်သူဌေးတွေ၊ နာမည်ကျော် ဘောလုံးသမားတွေ၊ အနုပညာရှင်တွေ နှစ်နှစ်ခြိုက်ခြိုက်လာရောက်အပန်းဖြေလေ့ရှိတဲ့ မော်တာနိုင်ငံဟာ သဘာဝအလှအပနဲ့ ရာသီဥတု ကိုအမှီပြုပြီး ဥရောပမှာထင်ရှားနေ တာဆိုရင်လည်း မမှားပါဘူး။

(၈) ဖီဂျီနိုင်ငံ

တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းမှာတည်ရှိတဲ့ ကျွန်းပေါင်း (၃၃၀)လောက်နဲ့ဖွဲ့စည်းထား တဲ့ဖီဂျီနိုင်ငံဟာလေး အတော်ကိုရာသီဥတုမျှတတဲ့ နိုင်ငံငယ်လေးတစ်ခုဖြစ်ပါတယ်။ နယူးဇီလန်နိုင်ငံ မြောက်ပိုင်းမှ ရေမိုင်(၁၁၀၀)ခန့်အကွာမှာရှိတဲ့ ဖီဂျီနိုင်ငံဟာ ပစိတ်ဖိတ် ဒသတွင်းနိုင်ငံတွေအနက်က စီးပွားရေးအဖွံဖြိုးဆုံးနိုင်ငံဖြစ်ပြီး အဓိကအားဖြင့် နိုင်ငံရဲ့ မျှတတဲ့ရာသီဥတု၊ လှပတဲ့ဝန်းကျင်သဘာဝကိုအသုံးချုပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကိုအဓိကထားလုပ်ကိုင်ပါတယ်။ (၂၀၀၃)ခုနှစ်ကမှတ်တမ်းတွေမှာတော့ ဖိဂျီနိုင်ငံကို လာရောက်တဲ့ကမ္ဘာလှည့်ခရီးသွားဦးရေဟာ (၄၃၀၈၀၀)ရှိပြီး နှစ်စဉ်လည်း တိုးတက်နေ တယ်လို့ ဖီဂျီအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ စုံတွဲတွေအတွက်ဟန်းနီးမွန်းခရီးထွက်ဖို့ အသင့်တော်ဆုံးနိုင်ငံစာရင်းမှာတော့ ဖီဂျီ်ဟာ ကမ္ဘာနံပါတ်(၉)နေရာကနေ ရပ်တည်နေပါတယ်။

(၇) ၾသစေတးလ်

ကမ္ဘာပေါ်မှာအကြီးဆုံးသော ကျွန်းနိုင်ငံဖြစ်တဲ့ သြစတေးလျဟာ ဒေသအလိုက် ရာသီဥတုမျိုးစုံကို ပိုင်ဆိုင်နေပါတယ်။ သြစတေးလျ ကမ်းရိုးတန်းတစ်လျှောက်မှာဆို ရင် subtropical လို့သိကြတဲ့ အပူလျော့နည်းတဲ့ရာသီကိုပိုင်ဆိုင်ပြီး နိုင်ငံအလယ်ပိုင်း မှာတော့ ခြောက်သွေ့ကန္တာရဆန်တဲ့ ရာသီကိုပိုင်ဆိုင်ထားပါတယ်။ ကမ္ဘာပေါ်မှာတော့ သြစလေးလျတိုက်ဟာ မြေမျက်နှာသွင်ပြင်အရ ညီညာအပြန့်ပြူးဆုံးဖြစ်သလို မြေဆီ၊ မြေသြဇာအနည်းဆုံးသော ဒေသအဖြစ်လည်း လူသိများပါတယ်။ ဒါအပြင် မိုးလည်း အလွန်ခေါင်ပြီး Outbackဒေသ လို့သိကြတဲ့ ကုန်းခေါင်ရေဝေးတဲ့နေရာများစွာကို ပိုင်ဆိုင်ပါတယ်။ ဒါပေမဲ့ သြစတေးလျရဲ့လူနေထူထပ်တဲ့ အရပ်တွေကတော့ ပင်လယ်နဲ့ နီးတာကြောင့် အပူအအေးအလွန်မျှတပြီး အခြေချနေထိုင်သူများစွာကိုတွေ့ရမှာပါ။

(၆) နယူးဇီလန်

တောင်ကမ္ဘာခြမ်းက သြစတေးလျနိုင်ငံ အနီးမှာတည်ရှိတဲ့ နယူးဇီလန်ဟာ ပင်လယ်ပိုင်း ရာသီဥတုကို ပိုင်ဆိုင်ထားပြီး အပူ၊အအေးအလွန်မျှတပါတယ်။ နယူးဇီလန်ရဲ့ အကြီးဆုံး မြို့တော်ဖြစ်တဲ့ Auckland မှာဆိုရင် တစ်နှစ်ကို နာရီပေါင်း (၂၀၀၀)လောက်နေသာ လေ့ရှိပြီး အချိန်တိုင်းလိုလို ပင်လယ်ဘက်ကလေနုအေး များစွာတိုတ်ခတ်နေလေ့ရှိပါ တယ်။

(၅) ဆိုက်ပရက်

မြေထဲပင်လယ်အတွင်းမှာရှိတဲ့ ကျွန်းနိုင်ငံလေး ဆိုက်ပရက်ဟာ သာယာလှပတဲ့ ဥတု သဘာဝဖြစ်စဉ်တွေကို ပိုင်ဆိုင်ထားပါတယ်။ စိုစွတ်တဲ့ဆောင်းရာသီ၊ ပူနွေးတဲ့အဆင့် သာရှိတဲ့နွေရာသီကိုပိုင်ဆိုင်ထားပြီးနိုင်ငံရဲ့အလယ်ပိုင်းက တောင်ကုန်း ၊တောင်တန်း တွေမှာတော့ ဆောင်းတွင်းကာလရောက်ချိန်မှာ နှင်းတွေနဲ့ဝေဆာနေတတ်ပါတယ်။ ဆိုက်ပရက်ရဲ့ဆောင်းဥတုဟာ မြေထဲပင်လယ်အနီးက နိင်ငံတွေထဲမှာတော့ အပူနွေးဆုံးလို့ သတ်မှက်နိုင်ပြီး အားလုံးသောနိုင်ငံတွေထက် နေ့အပူချိန်မြင့်မားပါတယ်။

(၄) အီတလီ

နိုင်ငံတစ်ခုထဲအတွင်းမှာပဲ ကွဲပြားတဲ့ရာသီဥတုများစွာရှိနေတဲ့ အီတလီဟာ ကမ်းရိုးတန်း ဒေသတစ်ခွင်မှာတော့ မပူလွန်း၊မအေးလွန်းတဲ့ သမပိုင်းရာသီဥတုကို ပိုင်ဆိုင်ထားပြီး နိုင်ငံရဲ့ မြောက်ပိုင်းနဲ့အရှေအလယ်ပိုင်းဒေသတွေကတော့ Continental Climate (နွေမှာပူပြီးဆောင်းမှအေး)တဲ့ပုံမှန်ရာသီ ဥတုအခြေအနေကိုပိုင်ဆိုင်ထားတာကို တွေ့ရ မှာပါ။

အဲဒီအပိုင်းတွေမှာပဲ တောင်ကုန်း၊တောင်တန်းတွေထူထပ်ပြီး ပင်လယ်ရေ မျက်နှာပြင်ထက်ပိုမိုမြင့်မားလာလေ အအေးဒဏ်ပိုလာလေဖြစ်ပြီး ဆောင်းတွင်းကာလ တွေမှာ နှင်းများထူထပ်သိပ်သည်းစွာ ကျဆင်းလေ့ရှိတာကိုတွေ့ရမှာပါ။ အီတလီရဲ့ ကမ်းရိုးတန်းဒေသတွေမှာတော့ အပူအအေးမျှတပြီး နွေရာသီရောက်ရှိသည့်တိုင် ပင်လယ်ပြင်ဘက်ကလေနုအေးတွေ အစဉ်တိုတ်ခက်လျက်ရှိနေပါတယ်။

(၃) ပေါ်တူဂီ

ဥရောပရဲ့ အနွေးထွေးဆုံးနိုင်ငံအဖြစ်သတ်မှက်ထားတဲ့ ပေါ်တူဂီဟာ အပူချိန်မပြင်းတဲ့ နွေရာသီ၊စိုစွတ်တဲ့ဆောင်းရာသီကို ပိုင်ဆိုင်ထားတဲ့အပြင် ကျယ်ပြန်တဲ့ မြတ်ခင်းလွင် ပြင်ကြီးတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ပေါ်တူဂီဟာ တစ်နှစ်ကို နာရီပေါင်း (၃၂၀၀) လောက်နေသာလေ့ရှိပြီး ဒေသအချို့ဆိုရင် အမြင့်ဆုံးအနေနဲ့ အပူချိန် (၄၅) ဒီဂရီ ဆဲစီးရတ်အထိ ပူပြင်းပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးအနေအထားနဲ့ တွတ်ချက် မယ်ဆိုရင်တော့ အလွန်ကိုသာယာတဲ့ရာသီကို ပိုင်ဆိုင်ထားတယ်လို့ ဆိုရပါမယ်။

(၂) စပိန်

စပိန်နိုင်ငံဟာ ပုံမှန်ထက်ပိုမိုပူပြင်းတဲ့နွေရာသီနဲ့ တစ်ခါတစ်ရံနှင်းတွေထူထပ်စွာ ကျရောက်တတ်လေ့ရှိပေမဲ့ နိုင်ငံတွင်းဒေသအတော်များများကတော့ Mediterranean Climate ရာသီဥတုအနေအထားနဲ့ခပ်ဆင်ဆင်တူတဲ့ အနေအထားကိုပိုင်ဆိုင်ပါတယ်။ အထူးသဖြင့် ကမ်းခြေတွေပေါများစွာတည်ရှိတဲ့ စပိန်မြောက်ဘက်ပိုင်းမှာဆိုရင် အပူ အအေးအလွန်မျှတပြီး ခြောက်သွေ့တဲ့ကုန်းမကြီးတွေ၊ မြတ်ခင်းပြင်ကျယ်ကြီးတွေ တည်ရှိနေပါတယ်။

(၁) ဂရိ

မြေထဲပင်လယ်နဲ့ Aegean ပင်လယ်တွေရဲ့အကြားမှာတည်ရှိတဲ့ ဂရိနိုင်ငံရဲ့ ရာသီဥတု ဟာ Mediterranean Climate လို့သိကြတဲ့ အပူချိန်မပြင်းထန်တဲ့နွေရာသီ၊ လှပစွာ နှင်းတွေကျဆင်းလျက်ရှိတဲ့ ဆောင်းရာသီကိုပိုင်ဆိုင်ထားပါတယ်။ အထူးသဖြင့် တောင်ကုန်းတောင် တန်းထူထပ်တဲ့ ဂရိ နိုင်ငံမြောက်ပိုင်းမှာဆိုရင် ရာသီဥတုဟာအလွန်သာယာလေ့ရှိပြီး နိုင်ငံရပ်ခြာဒေသတွေကတောင် တကူးတက လာရောက်အပန်းဖြေတဲ့သူတွေများစွာရှိနေပါတယ်။

Leave a Reply