ကမ္ဘာကျော်ဂိုင်ဇာ ပိရမစ်ကြီးအနီးက ဘတ်စ်ကားဗုံးဖောက်ခွဲတိုက်ခိုက်ခံရမှု

Posted on

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အီဂျစ်နိုင်ငံ၊ဂါဇာပိရမစ်ဒေသအနီးမှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် ကမ္ဘာလှည့်ခရီး သည်(၁၆)ဦးအထိဒဏ်ရာရရှိခဲ့ပါတယ်။ ဂါဇာဒေသကိုလာရောက်လည်ပတ်ကြတဲ့ တောင်အာဖရိနိုင်ငံသားအများစုပါဝင်တဲ့ ဘတ်စ်ကားဟာ ပြန်လည်ပြုပြင်ထိမ်းသိမ်းနေတဲ့ Grand Egyptian Museum ရဲ့မနီးမဝေးမှာပဲ ဗုံးနဲ့တိုက် ခိုက်ခြင်းကိုခံခဲ့ရတာပါ။ ကမ္ဘာလှည့်ခရီးသွားတွေစီးနင်းလာတဲ့ဘတ်ကားကို ပစ် မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ဒီဖောက်ခွဲမှုကြောင့် ခရီးသွား (၁၆)ဦးအထိ ဒဏ်ရာရခဲ့ပြီးယင်းတို့ထဲက (၃)ဦးကတော့ဆေးရုံတက်ပြီးကုသခဲ့ရပါတယ်။

ဒီဗုံးဖောက်ခွဲမှုကို နောက်ကွယ်ကနေစေခိုင်းတဲ့အဖွဲ့အမည်ကို ယခုတိုင်စုံစမ်းဆဲဖြစ်ပေမဲ့ အီဂျစ်မှာဒီလိုဖောက်ခွဲမှုတွေ ပြုလုပ်လေ့ရှိတာကတော့ အစ္စလာမ်မစ်အစွန်းရောက် တိုက်ခိုက်ရေးသမားတွေပဲဖြစ်ပါတယ်။ အီဂျစ်အစိုးရဟာ ကျန်ခဲ့တဲ့နှစ်အတွင်းက အစ္စလာမ်မစ်အစွန်းရောက်တွေနဲ့ Sinai ကျွန်းဆွယ်မှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွား ရာကနေစတင်ပြီး အစိုးရကိုဆန့်ကျင်တဲ့မြေအောက် အကြမ်းဖက်သမားတွေ အီဂျစ် နိုင်ငံတွင်း အဖျက်အမှောက်လုပ်ငန်းတွေကို လုပ်ကိုင်လာကြတာပါ။

ကျန်ခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း အကြမ်းဖက်သမားတွေရဲ့ လမ်းဘေးဗုံးကြောင့် ဂါဇာကိုလေ့လာရေးခရီးထွက်လာတဲ့ ဗီယက်နမ်နိုင်ငံသား(၃)ဦးနဲ့ ခရီးသွားလမ်းညွှန် အီဂျစ်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ရတဲ့မှတ်တမ်းလည်းရှိပါတယ်။ အဲဒီပေါက်ကွဲမှုအတွင်းက မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ Mohamed el-Mandouh ကတော့ Reuters သတင်းဌာနနဲ့တွေ့ဆုံရာမှာတော့ ကျွန်တော်ကားလမ်းဖြတ်ကူးနေ စဉ်မှာပဲ ပေါက်ကွဲမှုအသံအကျယ်ကြီးကိုကြားခဲ့ရပါတယ်။ ပေါက်ကွဲတဲ့နေရာဟာ ကျွန် တော်နဲ့ခပ်လှမ်းလှမ်းမှာဖြစ်ပြီး ဘတ်စကားတစ်စီးကတော့ အတော်ကိုထိခိုက်ပျက်ဆီး သွားခဲ့ပါတယ်။ မကြာခင်မှာပဲ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီး လိုအပ်တဲ့ ရှာဖွေမှုတွေကို အခင်းဖြစ်ပွားရာနေရာတစ်ဝိုက်မှာပြုလုပ်နေတာကိုတွေ့ရပါတယ်။ လမ်းပေါ်မှာ သွေးစ၊သွေးနတွေကျန်နေပေမဲ့ သေဆုံးသူမရှိလို့ သိရတဲ့အတွက် ဝမ်းသာ မိပါတယ်လို့ ဆိုသွားခဲ့ပါတယ်။

အီဂျစ်နိုင်ငံရဲ့ ပို့ဆောင်ရေးဝန်ကြီး A Al Mashat ကတော့ ဖောက်ခွဲခံရတဲ့ဘတ်စ်ကားဟာ တောင်အာဖရိကနိုင်ငံခြားလေ့လာရေးခရီးသည်တွေနဲ့ အီဂျစ်ဧည့်လမ်းညွှန် စုစုပေါင်း (၂၈)ဦးအထိလိုက်ပါလာခဲ့တယ်လို့ ဆိုပြီး သူတို့ရဲ့ဦးတည်ရာကတော့ ကမ္ဘာ ကျော်ပိရမစ်တွေတည်ရှိရာ ဂါဇာကိုလာရောက်ခဲ့တာဖြစ်တယ်လို့ အတည်ပြုပေးခဲ့ပါ တယ်။ သက်ဆိုင်ရာရဲဌာနက ထုတ်ပြန်တဲ့ပုံတွေအရတော့ ဘတ်ကားရဲ့ ပြတင်းပေါက်တွေအား လုံးဟာ တစ်စစီပေါက်ကွဲသွားခဲ့ပြီး မှန်ကွဲအစအနတွေဟာ ဘတ်စ်ကား မိန်းလမ်းတစ်လျှောက် ပြန့်ကျဲနေတာကိုတွေ့ရပါတယ်။ ဒါအပြင် အခင်းဖြစ်ပွားချိန်က ဘတ်ကားရဲ့ နောက်ဘက်မှာ ကပ်ပါလာတဲ့ ကိုယ်ပိုင်ကားတစ်စီးလည်း အနည်းငယ်ပျက်စီးသွားခဲ့ ရတာကိုတွေ့ရပါတယ်။

အီဂျစ်အာဏာပိုင်တွေကတော့ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ နိုင်ငံခြားခရီးသည်တွေအတွက် အပြည့်အဝတာဝန်ယူပါကြောင်းနဲ့ ဒီဖြစ်စဉ်ကြောင့် အီဂျစ်နိုင်ငံရဲ့ ဟိုတယ် နှင့်ခရီးသွားလုပ်ငန်းအပေါ် ကြီးကြီးမားမားရိုက်ခတ်မှုဖြစ်နိုင်သည်ကို သိရှိပါကြောင်း ဝန်ခံသွားခဲ့ပါတယ်။ အီဂျစ်နိုင်ငံရဲ့ အဓိကဝင်ငွေရရှိနေတဲ့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကို ရပ်ဆိုင်းစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုမှုခဲ့တဲ့ အကြမ်းဖက်မှုများစွာဟာ အစ္စလာမ်မစ်အစွန်းရောက်တွေ ရဲ့လက်ချက်လို့ပဲ အစိုးရတာဝန်ရှိသူတွေက စွပ်စွဲထားပြီး ယခုအချိန်မှာတော့ အခြေအနေတွေအားလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ကြေငြာခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံခြားသားခရီးသည်တွေအတွက်တော့ အီဂျစ်ဟာလုံခြုံမှုတစ်စစ ကင်းမဲ့ လာခဲ့ပြီး အကြမ်းဖက်သမားတွေရဲ့ အခြားသောပစ်မှတ်တွေမှာ နိုင်ငံရပ်ခြားရပ်နှီးမြုပ်နှံမှု လုပ်ငန်းတွေကို အဓိကထားနေတာကြောင့် အီဂျစ်အစိုးရအနေနဲ့ အတော်ကိုခေါင်းခဲစရာအခြေအနေ ဖြစ်လာခဲ့ပါပြီ။ ယခုလိုလူထူထပ်တဲ့နေရာမှာ ဖြစ်ခဲ့တဲ့ပေါက်ကွဲမှုဖြစ်စဉ်ဟာ အီဂျစ်နိုင်ငံအတွက် ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပေါက်ကွဲတဲ့နေရာကလည်း ကမ္ဘာတန်ဖိုးကြီး အမွေအနှစ်လို့ သတ်မှက်ထားတဲ့ အကြီးဆုံးပိရမစ်ရှိရာနေရာရဲ့ အနီးမှာဖြစ်နေတာကြောင့် အကြမ်း ဖက်သမားတွေရဲ့ နောက်ထပ်ပစ်မှတ်ဟာ အီဂျစ်ရဲ့ရှေးအမွေအနှစ် ပိရမစ်တွေလား ဆို တာကို စိုးရိမ်နေသူ ဒုနဲ့ဒေး ရှိနေပါတယ်။

ဒါအပြင်အီဂျစ်အစိုးရရဲ့ အမျိုးသားလုံခြုံရေး အစီစဉ်တွေနဲ့ဥပဒေစိုးမိုးရေးအားနည်းမှုတွေဟာ မေးခွန်းထုတ်စရာဖြစ်လာနေပါတယ်။ ပေါက်ကွဲမှုဟာ မကြာမီဖွင့်လှစ်ဖို့ရည်ရွယ်ထားတဲ့ Grand Egyptian Museum ရဲ့မီတာအနည်းငယ်အကွာမှာဖြစ်တာကြောင့် ကမ္ဘာထိပ်သီးခေါင်းဆောင်ပိုင်းတွေ၊ ပညာရှင်တွေ လာရောက်လေ့လာဖို့သေချာနေတဲ့ နေရာတစ်ခုရဲ့လုံခြုံရေးအပေါ်လည်း ဝေဖန် စရာတွေဖြစ်လာခဲ့ပါတယ်။ ပြတိုက်တာဝန်ရှိသူတွေဘက်ကတော့ ပြတိုက်ရဲ့ မည်သည့်  အစိတ်အပိုင်းမှပျက်စီးမှုမရှိလို့ ထုတ်ပြန်ခဲ့တာကိုတွေ့ရပြီး ယင်းဖြစ်စဉ်ပြီးနောက် Grand Egyptian Museum ရဲ့လုံခြုံရေးကိုတိုးမြှင့်ချထားခဲ့ပါတယ်။

ဒီထက်ဆိုးတာကအီဂျစ်ဟာဇွန်လအတွင်းမှာ ကျင်းပမဲ့ အာဖရိကဖလား ဘောလုံး ပြိုင်ပွဲမှာ အိမ်ရှင်ဖြစ်နေတာကြောင့် ယခုလိုနိုင်ငံခြားသားတွေကိုပစ်မှတ်ထားတိုက် ခိုက် မှုတွေဟာ လာရောက်အားပေးမဲ့ထောင်နဲ့ချီတဲ့ ဘောလုံးပရိတ်သတ်တွေကို စဉ်းစားစရာ ဖြစ်နေခဲ့ပါတယ်။ အထူးသဖြင့်ယိုင်နဲ့နေတဲ့ အီဂျစ်ရဲ့စီးပွားရေးလုပ်ငန်းတွေ ဟာ ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်းတွေကိုသာ အဓိကအားထားနေရတာ ဖြစ်လို့ အကြမ်းဖက်သမားတွေရဲ့လုပ်ရပ်ဟာ အီဂျစ်အစိုးရကို ပညာသားပါပါထိုးနှက်ခဲ့တယ် လို့ ဆိုရမှာပါ။

(၂၀၁၅)ခုနှစ်၊အီဂျစ်နိုင်ငံ ပင်လယ်နီအနီးမှာရှိတဲ့ Sharm el-Sheikh အပန်းဖြေစခန်းမှာ ရုရှားလေယာဉ်ပျက်ကျမှုဖြစ်စဉ် ကြောင့် ကမ္ဘာလှည့်ခရီးသွား (၂၂၄) ယောက်သေဆုံးခဲ့ဖူးပါတယ်။ ယင်းနောက်မှာတော့ အီဂျစ်နိုင်ငံကိုလာရောက်တဲ့ ကမ္ဘာလှည့်ခရီးသွား အရေအတွက်ဟာ သိသိသာသာကျဆင်းသွားခဲ့ရာမှ ယခု (၂၀၁၈) နောက်ပိုင်းကာလတွေမှာမှ ပြန်လည်တိုးတက်လာတာကိုတွေ့ရပါတယ်။ အကြမ်းဖက်သမားတွေဘက်ကလည်း အချိန်ကိုက်ပဲ နိုင်ငံခြားသားတွေကို အဓိကထားတိုက်ခိုက်မှုတွေဟာအီဂျစ်နိုင်ငံရဲ့အဓိကနိုင်ငံခြားဝင်ငွေရရှိနိုင်တဲ့ လမ်းကြောင်းကို ပိတ်ဆို့နေသလိုဖြစ်နေခဲ့ပါတယ်။

အဓိကအား ဖြင့်ကိုင်ရိုမြို့ကိုလာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားတိုင်းဟာ ဂါဇာဒေသကို မလာရောက်တဲ့သူမရှိတာကြောင့် ဒီနေရာကို ဦးတည်တိုက်ခိုက်နေတာဟာ အကြမ်း ဖက်သမားတွေရဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုပဲဖြစ်ပြီး အီဂျစ်နိုင်ငံရဲ့ နိုင်ငံရပ်ခြားခရီးသွားလာရေးလုပ်ငန်းကို အတော်ဆိုးရွားသွားစေခဲ့ပြီလည်း ဆိုရမှာဖြစ်ပါတယ်။

VIDEO

Leave a Reply