အိန္ဒိယနိုင်ငံက တီထွင်ခဲ့တဲ့ Mysore ရှေးဟောင်းဒုံးကျည်

Posted on

မျက်မှောက်ခေတ်စစ်အင်ကြီးနိုင်ငံတွေရဲ့ စွမ်းဆောင်ရည်ပိုင်းကိုတိုင်းတာရာမှာ တာဝေး/အနီးပစ်ခတ်တိုက်ခိုက်နိုင်တဲ့ ဒုံးကျည်လက်နက်တွေဟာလည်း အဓိကနေရာ ကနေပါဝင်နေပါတယ်။ယနေ့ခေတ်မှာတော့အဖျက်စွမ်းအား အလွန်ကိုကြီးမားတဲ့ ဒုံးကျည်တွေမှာ နူးကလီးယားထိပ်ဖူးထည့်သွင်း ပစ်ခတ်နိုင်တဲ့အဆင့်ထိအောင်ရောက် နေပြီး ကမ္ဘာပေါ်ကနိုင်ငံတိုင်း အချိန်မရွေးမြေပုံထဲကနေ ပျောက်ကွယ်သွားနိုင်တဲ့ အနေ အထားဖြစ်နေပါပြီ။

မှတ်တမ်းတွေအရ ဒုံးကျည်လက်နက်တွေကို ပထမဆုံးစတင်အသုံးပြုခဲ့တာကတော့ တရုတ်နိုင်ငံက Song မင်းဆက်လက်ထပ်မှာဖြစ်ပြီး (၁၃)ရာစုအတွင်းက မွန်ဂိုတွေရဲ့ ကျူးကျော်စစ်ကိုဟန့်တားရာ မှာသုံးစွဲခဲ့ကြတာဖြစ်ပါတယ်။ တရုတ်တွေရဲ့ ဒုံးကျည်တွေဟာ အကွာအဝေးအနည်းငယ်အထိ သာပစ်ခတ်နိုင်ပြီး အဲဒုံးလက်နက်တွေအစွမ်းနဲ့ အင်အားကြီးမားတဲ့ မွန်ဂိုတပ်တွေကို လပေါင်းများစွာ ရပ်တံ့နိုင်ခဲ့ပါတယ်။ တရုတ်တွေရဲ့ပထမဆုံး ဒုံးကျည်ကတော့ မီးမြှား တွေဖြစ်ပြီး ညအချိန်တိုက်ပွဲတွေမှာတော့ ယနေ့ခေတ်မီးရှူး၊မီးပန်းတွေပစ်လွှတ်တဲ့ ပုံအ တိုင်းဖြစ်နေပါတယ်။ နောက်ပိုင်းယမ်းမှုန့်ပေါ်လာချိန်မှာတော့ ယမ်းမှုန့်တွေ၊ ဖန်ခွဲစတွေရောနှော ပါဝင်တဲ့ မြှားတံတွေကို မီးရှိုပြီး ဦးတည်ရာပစ်မှတ်တွေကို တိုက်ခိုက်တဲ့ပုံစံကိုလည်း သုံးစွဲခဲ့ပါ သေးတယ်။

မီးမြှားတွေအသုံးပြုတိုက်ခိုက်မှုတွေဟာနောက်ပိုင်းစစ်မြေပြင်မှာတော့ သံချပ်ကာတပ် တွေပါဝင်လာခြင်းနဲ့အတူ ထူးထူးခြားခြား အကျိုးသက်ရောက်မှုမရှိတော့ချိန်မှာတော့ တရုတ်စစ်သည်တွေအနေနဲ့ တိုက်ပွဲအ တော်များများမှာ အရေးနိမ့်လာခဲ့ပါတယ်။ ကျူးကျော်သူမွန်ဂိုတွေဘက်ကလည်း တရုတ်တွေရဲ့ မီးမြှားနည်းပညာကိုဆင့်ပွားယူခဲ့ပြီး မြှားတံအမြောက်အမြားပစ်လွှတ်ဖို့ ထက် သတ်မှတ်ခံစစ်ကုန်းကိုဖောက်ထွင်းသွားနိုင်တဲ့ ယမ်းအားပြင်းတစ်ချောင်းတည်း သော မြှားတံအကြီးစားထိပ်ဖူးတွေကို တိုက်ပွဲအတွင်းယူဆောင်တိုက်ခိုက်ခဲ့ပါတယ်။

(၁၃)ရာစုကနေ(၁၆)ရာစုအတွင်းမှာတော့ အာရှတိုက်သားတွေနဲ့ ဥရောပသားတွေဟာ ဒုံးကျည်လက်နက်နည်းပညာကို နည်းအမျိုးမျိုးအသုံးပြုပြီး စမ်းသပ်သုံးစွဲခဲ့ကြပါတယ်။ တရုတ်တွေရဲ့နည်းပညာဟာ မွန်ဂိုတွေကတစ်ဆင့် အရှေအလယ်ပိုင်းဒေသတွေနဲ့ ဥရောပအထိကို ပြန့်နှံ့သွားခဲ့ပြီး စစ်လက်နက်အပြိုင်အဆိုင်တပ်ဆင်တဲ့ အင်္ဂလန်၊ ပြင်သစ်နဲ့ ဒတ်ခ်ျတွေဟာ ပုံစံအမျိုးမျိုးနဲ့ ဒုံးလက်နက်တွေကိုဆန်းစစ်ခဲ့ပါတယ်။

အင်္ဂလန်မှာတော့ Roger Bacon ဆိုတဲ့ဘုန်းတော်ကြီးဟာ ယမ်းမှုန့်ကိုအခြေခံပြီး ဒုံးကျည်လက်နက်တွေကို အကွာအဝေးအတော်များများရောက်အောင် ဖန်တီးနိုင်ခဲ့ ပါတယ်။ ပြင်သစ်နိုင်ငံက Jean Froissart ဆိုသူကတော့သတ္ထု ပြွန်အတွင်းကနေ ပစ်လွှတ် တဲ့ဒုံးကျည်လက်နက်တွေကိုတီထွင်နိုင်ခဲ့ပြီး အင်္ဂလန်ကဒုံးလက်နက်ထက် ပစ်မှတ်ကို ပိုမိုတိကျတာကိုလည်းတွေ့ခဲ့ရပါတယ်။

(၁၆)ရာစုနှောင်းပိုင်းမှာ ဂျာမန်နိုင်ငံသားမီးရှူး၊မီးပန်းပြုလုပ်သူ Johann Schmidlap တီထွင်ခဲ့တဲ့ အဆစ်(၂)ဆစ်ပါဒုံးလက်နက်ကတော့ အကွာအဝေးအများဆုံးထိရောက် အောင်ပစ်လွှတ်နိုင်ပြီး ပေါက်ကွဲအားအပြင်းထန်ဆုံးလည်းဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဥရော ပသားတွေရဲ့ ဒုံးလက်နက်နည်းပညာဟာ စစ်ပွဲတွေအတွင်းမှာတော့ တွင်ကျယ်ခြင်း မရှိသလို အားကိုးစရာလက်နက်အနေနဲ့လည်းမရှိခဲ့ပါဘူး။

အိန္ဒိယနိုင်ငံကိုရောက်ရှိခဲ့တဲ့ဒုံးကျည်နည်းပညာကတော့ မွန်ဂိုတွေထံကနေဖြစ်ပြီး (၁၃)ရာစုတည်းက ရောက်ရှိနေတာလည်းဖြစ်ပါတယ်။ (၁၄)ရာစုအလယ်ပိုင်းရောက် ချိန်မှာတော့ အိန္ဒိယနိုင်ငံသားတွေဟာ ဒုံးကျည်( မီးမြှား)တွေကို စစ်ပွဲတွေအတွင်း စတင်အသုံးပြုလာကြပါတယ်။ ဒီနေရာမှာလည်း အိန္ဒိယသားတွေဟာ ဒုံးကျည်လက် နက်ကို သူတို့နည်းသူတို့ဟန်နဲ့ ဆန်းသစ်တီထွင်ခဲ့တာကိုတွေ့ရမှာပါ။

အိန္ဒိယသားတွေဟာ ဝါးနဲ့သစ်သားတွေကိုအသုံးပြုပြီး သူတို့ရဲ့ဒုံးကျည်ကိုဖန်တီးခဲ့ပြီး သူတို့ရဲ့ဒုံးတွေဟာမီးရှုးမီးပန်းတွေထက် အနည်းငယ်သာကွာဝေးတဲ့ သက်ရောက်အား သာရှိပါတယ်။ အိန္ဒိယနိုင်ငံ၊ မုဆိုးမြို့ကအုပ်ချုပ်သူ Haider Ali ထွင်ခဲ့တဲ့ဒုံးကျည်က တော့ဝါးနဲ့သစ်သားကိုအဓိကထားပြုလုပ်ထားပြီး ထိပ်ပိုင်းမှာ ယမ်းထည့်ရန် သံသတ္ထုအိမ်တစ်ခုတွဲလျက်ပါရှိတဲ့ အဝေးပစ်လက်နက်ဖြစ်ပါတယ်။

မုဆိုးစစ်သည်တွေဟာ ဒီလက်နက်တွေကိုအသုံးပြုပြီး (၁၇၈၀)ကနေ(၁၇၉၀)လောက်အထိ ဗြိတိသျှ အရှေအိန္ဒိယကုမ္ပဏီနဲ့ တိုက်ခိုက်တဲ့စစ်ပွဲတွေမှာအသုံးပြုခဲ့ပါတယ်။ Rocket of Mysore လို့နာမည်ကျော်တဲ့ လက်နက်တွေကြောင့် စစ်ပွဲအစပိုင်းမှာ ဗြိတိသျှတပ်ဖွဲ့ဝင်များစွာ ဟာအတုံးအရုန်းကျဆုံးခဲ့ရပြီး မုဆိုးစစ်သည်တော်တွေရဲ့ဒုံးလက်နက်ကို ဆန်းပြားတဲ့ လက်နက် တစ်ခုအဖြစ်တောင်ရှူ့ မြင်ခဲ့ကြပြီး အင်္ဂလိပ်လို flying plague ပျံသန်းနေတဲ့ကပ်ဆိုး များလို့တောင်အမည်ပေးခေါ်ဆိုခဲ့ကြပါတယ်။

ဒါကိုသိရှိတဲ့ အင်္ဂလိပ်စစ်ဗိုလ်တွေဟာ အိန္ဒိယသားတွေရဲ့နည်းပညာကို အင်္ဂလန်ထိအောင်ပြန်လည် ဆင့်ပွားခဲ့ပြီး (၁၈၀၅)ခုနှစ်မှာတော့ Congreve Rocket တွေကိုအောင်မြင်စွာ ထုတ် လုပ်နိုင်ခဲ့ပါတယ်။ Haider Ali နောက်ပိုင်း သူရဲ့သားဖြစ်သူ Tipu Sultan လက်ထပ်မှာလည်း Rocket of Mysore လက်နက်တွေကို နည်းပညာပိုင်းအရပိုမိုမြှင်တင်စေပြီး ဒုံးလက်နက်ပစ်စစ် သည်တော်တွေကိုပဲ တပ်တစ်ခုဖွဲ့စည်းပေးခဲ့ပါတယ်။

Tipu Sultan ရဲ့ဒုံးလက်နက်တွေဟာ ချိန်ကွင်းတွေပါဝင်တာကြောင့် ပစ်မှတ်ကို တိတိကျကျထိမှန်နိုင်ပြီး (၂)ကီလိုမီတာအထိပစ်ခတ်နိုင်တာကြောင့် ဥရောပက ခေတ်ပြိုင် ဒုံးလက်နက်တွေထက်တောင် ပိုမိုခရီးရောက်နေခဲ့ပါတယ်။ ဒါပေမဲ့ပေါက်ကွဲအားနဲ့ ပြင်းထန်မှုအပိုင်းမှာတော့ အားနည်းနေပြီး အင်အားကြီးမားတဲ့သံချပ်ကာတပ်တွေနဲ့ ရင်ဆိုင်ရ ရင်တော့အလုပ်မဖြစ်နိုင်ပါဘူး။ ပြောတ်ကျားစစ်ဆင်ရေးနဲ့ အနီးကပ်စစ်ဆင် ရေးတွေအတွင်းမှာပဲ သုံးစွဲဖို့ရာသင့်တော်ပါတယ်။

Tipu Sultan ရဲ့တပ်တွေဟာ ဒုံးလက်နက်ကိုအသုံးပြုပြီး အင်္ဂလိပ်တွေအပေါ် အောင်ပွဲ အလီလီရရှိပြီးနောက်ပိုင်းမှာတော့ ခံစစ်ကနေ တိုက်စစ်အဖြစ်ကူးပြောင်းပါတော့တယ်။ ဒါဟာ အင်္ဂလိပ်တွေရဲ့ လှည့်ကွက်ဖြစ်ပြီး Seringapatam မှာ အခိုင်အမာတပ်စွဲထားတဲ့ အင်္ဂလိပ်ခံတပ်ကို Tipu Sultan ရဲ့စစ်သည်တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာတော့ အိန္ဒိယ စစ်သည်တော်တွေ အရှုံးကြီးရှုံးပါတော့တယ်။ ယင်းနောက်အင်္ဂလိပ်တွေရဲ့ တန်ပြန်ထိုးစစ်မှာတော့ Tipu Sultanရဲ့လက်နက်တိုက်အထိအောင် သိမ်းပိုက်ခြင်းခံခဲ့ ရပါတော့တယ်။

အင်္ဂလိပ်တွေဟာ Tipu Sultan ရဲ့လက်နက်တိုက်အတွင်းကပဲ ဒုံးကျည် လက်နက်ကိုင် (၆၀၀)ဦး၊အသင့်အသုံးပြုနိုင်တဲ့ ဒုံးကျည်လက်နက် (၇၀၀)နဲ့ အပြီးမသတ်ရသေးတဲ့ ဒုံးလက်နက် အကြမ်းထည်(၉၀၀၀)နီးပါးကို သိမ်းဆည်းနိုင်ခဲ့ပါ တယ်။ အချို့သောဒုံးကျည်တွေမှာတော့ ဆလင်ဒါပုံချိန်ကွင်းတွေပါဝင်ပြီး အခြားတစ် ဖက်မှာလည်း ဝါးချွန်တွေကိုပါပူးတွဲထားရှိပါတယ်။ ဝါးချွန်တွေကိုထားရှိတာကလည်း ကိုင်ဆောင်သူစစ်သည်အနေနဲ့ အနီးကပ်တိုက်ပွဲကိုထပ်မံ ဆင်နွှဲနိုင်စေရန်ဖြစ်ပါတယ်။

အင်္ဂလိပ်အရာရှိတွေဟာ Tipu Sultan ရဲ့ဒုံးလက်နက်တွေအပေါ် အလွန်သဘောတွေ့ ခဲ့ပြီးဗြိတိန်နိုင်ငံက စစ်လက်နက်ထုတ်လုပ်ရေးဌာနဖြစ်တဲ့ Royal Woolwich အထိ ပေးပို့ကာ နည်းပညာ မြှင့်တင်ဖို့ ကြိုးစားပါတော့တယ်။
ယင်းအခါက နာမည်ကျော် လက်နက်ပါရဂူတစ်ယောက်ဖြစ်တဲ့ William Congreveဟာလည်း Royal Woolwich လက်နက်တိုက်မှာတာဝန်ထမ်းဆောင်နေခဲ့ပြီး သူရဲ့ဦးဆောင်မှုနဲ့ အိန္ဒိယကဒုံးကျည်လက်နက်တွေကိုအခြေခံကာ Congreve Rocket တွေကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။

အင်္ဂလိပ်တွေဟာဒီဒုံးလက်နက်ကို အသုံးပြုပြီး ပြင်သစ် စစ်ဘုရင်နပိုလီယံနဲ့တိုက်ခဲ့တဲ့စစ်ပွဲတွေ၊ War of 1812 လို့သိကြတဲ့ အမေရိကန်နဲ့ အင်္ဂလိပ်တို့ဖြစ်ပွားတဲ့စစ်ပွဲတွေ၊့မြန်မာနိုင်ငံကိုကျူးကျော်တိုက်ခိုက်တဲ့ စစ်ပွဲတွေ၊ တရုတ်နိုင်ငံကိုကျူးကျော်တဲ့ဘိန်းစစ်ပွဲတွေမှာ ထိထိရောက်ရောက်အသုံးပြုလာနိုင်ခဲ့ ပါတယ်။ ယင်းနောက်မှာတော့ ဂျာမနီ၊ဂျပန်၊အမေရိကန်၊ရုရှား၊ပြင်သစ်စတဲ့ စစ်အင်အား ကြီးနိုင်ငံတွေဟာ ယင်းဒုံးကျည်စနစ်ကိုဥပမာထားပြီး နည်းပညာပိုင်းဆိုင်ရာမြှင်တင် လာခဲ့ရာ ယနေ့အချိန်မှာဆိုရင် အာကာသအတွင်းကိုတောင်ပစ်လွှတ်နိုင်တဲ့ ဒုံးလက် နက်တွေပေါ်ပေါက်လာခဲ့ပြီလည်း ဖြစ်ပါတယ်။

ယနေ့ခေတ်မှာအသုံးပြုနေတဲ့ နည်းပညာမြင့်ဒုံးကျည်လက်နက်တွေရဲ့ ပထမဆုံး မျိုးစေ့က မိုဆူးမြို့က ဒုံးလက်နက်တွေလို သတ်မှတ်နိုင်ပြီး ယနေ့အချိန်မှာတော့ မိုဆူး ဒုံးလက်နက်နမူနာ(၅)ခုသာ ကျန်ရှိပါတော့တယ်။ ယင်းထဲက (၃)ခုကိုတော့ အိန္ဒိယနိုင်ငံ၊ ကာနတကပြည်နယ်ရဲ့မြို့တော်Bangalore မြို့ကအစိုးရပြတိုက်အတွင်း မှာ ထားရှိပြီး အချိန်တိုင်းတော့ပြသလေ့ မရှိပါဘူး။

ကျန်(၂)ခုကိုတော့ အင်္ဂလန်နိုင်ငံ၊ Woolwich မြို့က Royal Artillery ပြတိုက်မှာခင်းကျင်းပြသထားပါတယ်။ အိန္ဒိယမှာ ပြသထားတဲ့ ဒုံးလက်နက်(၃)ခုကတော့ မူလပုံစံအတိုင်း လက်ရာမပျက်တည်ရှိနေတယ် လို့ပညာရှင်တွေကအတည်ပြုပေးခဲ့ကြပါတယ်။ ဝါးလုံးတိုင်(သို့)သစ်သားတိုင်တစ်ခုရဲ့ အစွန်းတစ်ဖက်မှာ သတ္ထုကျည်ထောက်ဘူးတစ်ခုကို သားရေကြိုးနဲ့မြဲမြံ့စွာချည်နှောင် ထားတဲ့ ဒီရှေးအကျဆုံးဒုံးကျည်လက်နက်ဟာ အိန္ဒိယနိုင်ငံမုဆိုးဒေသရဲ့ကိုယ်ပိုင် လက်နက်ဖြစ်ပြီး ယနေ့ခေတ်နည်းပညာမြင့်ဒုံးလက်နက်တွေရဲ့ မူရင်းဖခင်ဆိုလည်း မမှားပါဘူး။

သုတဇုန်

Leave a Reply