မြန်မာ့ပထမဆုံး ကျောက်စာဝန် (သို့) မြန်မာပြည်ကိုချစ်တဲ့ တော်စိန်ခို

Posted on

ရေးသားသူ – ဆရာဋ္ဌေး (သုတကဖေး)
DVB Burmese

“နိုင်ငံတခု၏ အတက်အကျမှာလည်း ထိုနိုင်ငံနေသူတို့၏ အမှန်အမှားအပေါ်တွင် တည်နေပါသည်။ အမှားကို အမှန်တရားမြင်အောင် ဆုံးမရန် ခေါင်းဆောင်ကောင်းလည်းလို၏၊ ထိုခေါင်းဆောင်ကား ငါ့ညီတို့ပင် ဖြစ်နိုင်ပါ၏”..တဲ့..။

ဒါ..ဟိုလွန်ခဲ့သော ၁၉၁၄ ခုနှစ်က ရန်ကုန်ကောလိပ်မဂ္ဂဇင်း အမှတ် (၂) မှာပါတဲ့ “မျိုးချစ်စိတ် မွေးပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျောက်စာဝန်တော်စိန်ခို ရေးသားခဲ့တဲ့စာပါ။ သူက ရန်ကုန်ကောလိပ် အုပ်ချုပ်ရေးအဖွဲ့ဝင်လည်း ဖြစ်ခဲ့တာပဲ။ ဒီစာကိုဖတ်ပြီး အဲ့ဒီခေတ်က ဆရာတပည့် ဆက်ဆံရေးဟာ ညီအစ်ကိုဆက်ဆံရေးအဖြစ် သဘောထားဟန် ရှိပါတယ်။ တော်စိန်ခိုက ကျောင်းသားတွေကို ညီငယ်လိုသဘောထားပြီး ဆုံးမခဲ့တာ။

အဲ့ဒီခေတ်ကာလရဲ့ ရန်ကုန်ကောလိပ်အခြေနေက ဆိတ်ငြိမ်လွန်းဟန်ရှိတယ်။ ကျောင်းသားတွေရဲ့ နိုင်ငံချစ်စိတ်၊ တိုင်းပြည်အပေါ် ထားရမယ့် စိတ်ထားပိုင်းကစပြီး ပြည်သူ့နီတိအဖြစ် သင်ကြားခဲ့ရတာတွေ ရှိခဲ့ပုံပဲ။ ၁၉၁၃ ခုနှစ် ပထမအကြိမ် ရန်ကုန်ကောလိပ် မဂ္ဂဇင်းမှာလည်း ကျောင်းအုပ်ကြီး မက်သရူးဟန်းတားက “တိုင်းပြည်လူငယ်တို့၏စိတ်၌ မိမိကိုယ်ကျိုးထက် တိုင်းပြည်အကျိုး ထမ်းဆောင်ရမည့် တာဝန်ကြီးရှိသည်ဟု စွဲမြဲထားရပေမည်။ မိမိ ဘယ်ဘဝရောက်ရောက် ရောက်ရာဘဝ ပတ်ဝန်းကျင် မိတ်သဟာတို့ သာယာရွှင်လန်းအောင် ဖန်တီးပေးရမည်။” လို့ အမှာစာနဲ့ ဆုံးမထားတာလည်း တွေ့ရတယ်။ တော်စိန်ခိုကလည်း အလားတူ အမျိုးကိုချစ်တတ်ဖို့ သင်ကြားရေးသားခဲ့တာပါ။

တော်စိန်ခိုဟာ မြန်မာလူမျိုးတော့ မဟုတ်ခဲ့ပါဘူး။ ရှမ်းတရုတ် ကပြားတယောက်သာ ဖြစ်ပါတယ်။ ဒါပေမယ့် သူနေထိုင်ရာဝန်းကျင်နဲ့ သူကျင်လည်ရာနိုင်ငံဟာ သူ့နိုင်ငံအဖြစ် အမြင်ကျယ်ကျယ် လက်ခံခဲ့ဟန်ပါပဲ။ သူဟာ မြန်မာနိုင်ငံသားအဖြစ် သူ့ကိုယ်သူ ခံယူထားခဲ့တာပါ။ ဒါကြောင့် အဲ့ဒီကာလရဲ့ တက္ကသိုလ် (သို့) ကောလိပ်ရဲ့ ဆရာတွေကို တင်ပြရန် စိတ်ကူးပြီး တော်စိန်ခိုအကြောင်း အစပြုလို့ ရေးလိုက်တာပါပဲ။

တော်စိန်ခိုရဲ့ အမည်ရင်းက “သုချန်ကောက်” လို့ခေါ်တယ်။ သူ့အဖေက တရုတ်ပြည် အမွိုင်ကနေ မော်လမြိုင်ကို ပြောင်းရွှေ့လာခဲ့တာ။ မော်လမြိုင်ရောက်ပြီး စီးပွားရှာ ကူးသန်းရောင်းဝယ်ရင်း ရှမ်းမင်းသမီး ဒေါ်နုနဲ့ အကြောင်းပါခဲ့ရာက ၁၈၆၄ ဒီဇင်ဘာ ၇ ရက်မှာ တော်စိန်ခိုကို မွေးခဲ့တာ။ ဖခင်ဖြစ်သူ တော်စိန်စွန်း (သုချန်စွန်း) ဟာ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်ကို ကုန်ကူးစီးပွားရှာတဲ့သူပါ။ သားဖြစ်သူကိုတော့ အထက်တန်း ရောက်သည်အထိ မော်လမြိုင်နဲ့ ရန်ကုန်အထက်တန်းကျောင်းမှာ ထားခဲ့တာ။ သူ့ရဲ့ ဉာဏ်ပညာ ထက်မြက်မှုကြောင့် ၁၈၈၁ ခုနှစ် သူ့အသက် ၁၇ နှစ်အရွယ်မှာ ကာလကတ္တား တက္ကသိုလ်ရဲ့ စာမေးပွဲကို အောင်မြင်ခဲ့ပါတယ်။ အက်ဖ်အေစာမေးပွဲကိုတော့ ၁၈၈၁ မှာ အောင်မြင်ပြီး ရန်ကုန်ကောလိပ်ကပဲ ဘွဲ့ရခဲ့တာပါ။

၁၈၈၄ ခုနှစ်ထဲမှာတော့ တော်စိန်ခိုဟာ အိန္ဒိယ အိုင်စီအက်စ် စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့တယ်။ ၁၈၈၆ ခုနှစ်ရောက်တော့ ဥရောပယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ စာအုပ်ကို မောင်ပို နာမည်နဲ့ ရေးသားထုတ်ဝေခဲ့တယ်။ ၁၈၉၂ မှာတော့ တော်စိန်ခိုဟာ အင်္ဂလန်နိုင်ငံ ကင်းဘရစ်တက္ကသိုလ် ခရိုက်ကောလိပ်ကနေ ဝတ်လုံဘွဲ့ရခဲ့တယ်။ ၁၈၉၃ မြန်မာနိုင်ငံ ပြန်ရောက်တာနဲ့ မြန်မာနိုင်ငံအစိုးရရဲ့ လက်ထောက်အတွင်းဝန်အဖြစ် ဗြိတိသျှအစိုးရထံမှာ အမှုထမ်းခဲ့တယ်။ အဲ့ဒီနှစ်ထဲမှာပဲ ရှေးဟောင်းသုတေသနနဲ့ ပတ်သက်ပြီး မွန်နယ်မြေကို လှည့်လည်ကွင်းဆင်း သုတေသန လုပ်ခဲ့တယ်။ အဲ့ဒီ ကွင်းဆင်း သုတေသန အပြီးမှာတော့ မွန်ဘာသာစကားနဲ့၊ ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ သုဝဏ္ဏဘုမ္မိဆိုင်ရာ စာတမ်းကို ထုတ်ဝေခဲ့တယ်။

ဘာသာရေးနဲ့ပတ်သက်လို့ တော်စိန်ခိုဟာ အတော်အကျိုးဆောင်ခဲ့တာ တွေ့ရသလို သူကိုယ်တိုင်ကလည်း ဗုဒ္ဓဘာသာကို လွန်စွာ ကိုင်းရှိုင်းသူတယောက် ဖြစ်တယ်။ ဗုဒ္ဓဘာသာ ပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေးအတွက် အင်္ဂလိပ်အစိုးရကို တိုက်တွန်းကျင်းပပေးစေခဲ့တယ်။ ဒါ့အပြင် သီလရှင်တွေ စာဖြေခွင့်၊ ပါဠိစာပေသင်ကြားရေးကိုလည်း စွမ်းစွမ်းတမံ ကြိုးစားခဲ့သလို သူကိုယ်တိုင်လည်း ၁၈၉၅ မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါးထံမှာ သင်ယူခဲ့တယ်။ ၁၈၉၇ ထဲရောက်တော့ အင်္ဂလိပ်အစိုးရဟာ တော်စိန်ခိုကို ပီကင်းစေလွှတ်ပြီး ဘာသာပြန်အရာရှိအဖြစ် အပ်ခဲ့တယ်။ တချို့မှတ်တမ်းတွေကတော့ ပီကင်းလွှတ်ပြီး တရုတ်စာသင်စေတယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်မှာ တော်စိန်ခိုဟာ တရုတ်ရေးရာ အကြံပေးအရာရှိအဖြစ် ခန့်အပ်ခံရတဲ့အပြင် ကမ္ပည်းကျောက်စာဝန်ရာထူးကိုပါ ပူးတွဲထမ်းဆောင်ရတယ်။

၁၈၉၉ မှာ တရုတ်ပြည် ဘောက်ဆာသူပုန် ပုန်ကန်မှုဖြစ်တော့ နယ်မြေစိုးမိုးရေးအတွက် တော်စိန်ခိုကို မြန်မာနယ်ခြားစောင့်အရာရှိအဖြစ် ခန့်အပ်အမှုထမ်းစေခဲ့တာဟာ ၁၉၀၁ ခုနှစ် ဘောက်ဆာသူပုန် ငြိမ်သွားသည်အထိပါပဲ။ ဒီကြားထဲ ၁၉၀၀ ပြည့်နှစ်ထဲမှာ အင်္ဂလိပ်အစိုးရနဲ့ တရုပ်တို့ နယ်စပ်ပြဿနာဖြစ်တော့ တော်စိန်ခိုကပဲ ယူနန်မြောက်ပိုင်း ပြည်နယ်ဘုရင်ခံနဲ့ မြစ်ကြီးနားခရိုင်ဝန်၊ ဗန်းမော်ခရိုင်ဝန်တို့ကို တွေ့ဆုံပေးပြီး အကျေအလည် ညှိနှိုင်း စေ့စပ်ပေးနိုင်ခဲ့ပါတယ်။ ၁၉၀၂ ရောက်မှ သူ့ရဲ့ မူလရာထူးကို ပြန်လည် ထမ်းဆောင်ရပြန်ပါတယ်။ အဲ့ဒီကာလ ပညာရေးဆင်ဒီကိတ်မှာလည်း အမှုဆောင်အဖြစ် တာဝန်ယူရတယ်လို့ ဆိုပါတယ်။

၁၉၀၃ ခုနှစ် ပညာရေးနဲ့ပတ်သက်တဲ့ ပြဿနာတရပ် ဖြစ်ပေါ်ခဲ့ပါတယ်။ ပထမဆုံး ကျောင်းသားသပိတ်လို့တောင် ပြောလို့ရပါတယ်။ ဖြစ်ပုံက ပညာဝန်က “ကျောင်းသားတွေဟာ ကျောင်းတက်တာနဲ့ ဆရာကို ဦးချကန်တော့ပြီးမှ အတန်းထဲဝင်ရမယ်” ဆိုတဲ့ အမိန့်ထုတ်ပြန်ခဲ့တယ်။ အဲ့ဒီအမိန့်ကို အဋ္ဌမတန်း (ထိုစဉ်က အထက်တန်းဖြစ်တယ်) ကျောင်းသားတွေနဲ့ ဆရာတချို့နဲ့ အဆင်မပြေ ဖြစ်ခဲ့ကြတယ်။ ဆရာတချို့ကလည်း အမိန့်အတိုင်း ကျောင်းသားတွေကို လက်အုပ်ချီကန်တော့ဖို့ ပြောတယ်။ ကျောင်းသားတွေက လက်မခံဘူး။ လက်မခံနိုင်တဲ့ ကျောင်းသားများ စာသင်ခန်းထဲက ထွက်သွားဖို့ ပြောရာက အထက်တန်းကျောင်းသားတွေဟာ ကိုယ်စီကိုယ်စီ စာသင်ခန်းထဲက ထွက်လာခဲ့ကြတယ်။

ကျောင်းသားတွေ ကျောင်းမတက်ရတာ ကြာလာတော့ အမိအဖဖြစ်သူတွေက စိတ်ပူလာကြတယ်။ နောက်ဆုံး တော်စိန်ခိုကို မိဘတွေ အကူညီတောင်းပြီး ဆူးလေဘုရားလမ်းမှာရှိတဲ့ ဝိတိုရိယခန်းမ (မြို့တော်ခန်းမ) မှာ မြို့မိမြို့ဖတွေ စုဝေးပြီး ကျောင်းသား လက်အုပ်ချီကန်တော့ခြင်း ကိစ္စကို စုဝေးတိုင်ပင်ကြပါတယ်။ မြို့မိမြို့ဖ ၄၀၀ ကျော် တက်ရောက်ဆွေးနွေးကြပါတယ်။ စည်းဝေးပွဲအစမှာ တော်စိန်ခိုက လက်အုပ်ချီရှိခိုးတဲ့ မြန်မာဓလေ့မှာ ရှင်ဘုရင်ကို လက်အုပ်ချီတာက အစပြုပြီး ရိုသေထိုက်သူကို ရိုသေခြင်းနဲ့ အတင်းအဓမ္မ လက်အုပ်ချီခိုင်းလို့ မရကြောင်းတို့ကို ရှင်းလင်းတင်ပြပြီး မြို့မိမြို့ဖများအနေနဲ့ မည်သို့ဖြစ်စေလိုကြောင်း ဆုံးဖြတ်ချက်ပေးဖို့ လိုကြောင်းတို့ကို မေးမြန်းအဆုံးဖြတ်ပြုပြီး ပညာဝန်ဖြစ်သူနဲ့ ညှိနှိုင်းပေးကာ အမိန့်ကို ပယ်ဖျက်စေခဲ့ပါတယ်။ ဒီတော့မှ ကျောင်းသားတွေ ကျောင်းပြန်တက်ကြတယ်လို့ ဆိုပါတယ်။ ပထမဆုံး အတန်းထဲက ထွက်ခွာသွားသူကတော့ နောင်တချိန်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး ဖြစ်လာမယ့် ဆရာကြီး ဦးဖေမောင်တင် ပဲ ဖြစ်ပါတယ်။

ဒါ ၁၉၀၃ ခုနှစ် ပညာရေးပြဿနာကို တော်စိန်ခို ဖြေရှင်းပေးခဲ့ပုံပါ။ ၁၉၀၅ ခုနှစ်မှာတော့ ဗုဒ္ဓဘာသာ ပါဠိဖြေဆိုခြင်းကို ကြီးကြပ်ပေးခဲ့သလို သာသနာပိုင်ခန့်ထားရေးကိုလည်း အားစိုက်လုပ်ဆောင်ပေးခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရက ၁၉၀၆ မှာ ကမ္ပည်းကျောက်စာဝန်ရာထူး ပေါ်လာတဲ့အခါမှာတော့ တော်စိန်ခိုကိုပဲ ကျောက်စာဝန်အဖြစ် ခန့်ထားခဲ့ပါတယ်။ တော်စိန်ခိုဟာ မြန်မာနိုင်ငံကို သီးခြားတက္ကသိုလ်တခု တည်ထောင်ပေးရေးကို အင်္ဂလိပ်အစိုးရထံ အကြံပေး တင်ပြခဲ့ပါတယ်။ ၁၉၁၀ ကတည်းက ဆော်သြခဲ့သူအဖြစ် သမိုင်းမှတ်တမ်း တင်ထားခဲ့ကြတာကို တွေ့ရတယ်။ တကယ်လို့ တက္ကသိုလ်တခု ဖွင့်လှစ်ပေးခဲ့ရင် အဲ့ဒီတက္ကသိုလ်မှာ ဗုဒ္ဓအဘိဓမ္မာကို သင်ကြားပို့ချရေးကိုလည်း ထပ်ဆင့်အကြံပြုခဲ့ပြန်တယ်။ ဒါအပြင် တက္ကသိုလ် ဖွင့်ပေးမည် ဆိုပါကလည်း ရန်ကုန်မှာသာမဟုတ် မန္တလေးမှာလည်း တက္ကသိုလ်တခု ဖွင့်ပေးသင့်ကြောင်းကိုလည်း အကြံပြုခဲ့သူလည်း ဖြစ်တယ်။ ဖာနီဗယ်တို့အတူ မြန်မာသုတေသနအသင်းမှာလည်း တော်စိန်ခိုဟာ အရေးပါတဲ့ တည်ထောင်သူ ပုဂ္ဂိုလ်တယောက် ဖြစ်ခဲ့ပါတယ်။ ၁၉၂၃ ထဲမှာတော့ အင်္ဂလိပ်တို့ရဲ့ မင်းတိုင်ပင်အမတ်အဖြစ် ခန့်အပ်ခြင်း ခံရပြန်ပါတယ်။

၁၉၂၅ ခုနှစ် မန္တလေးမှာ ဥပစာကောလိပ် ဖွင့်ခွင့်ရတာနဲ့ပတ်သက်ပြီး “မင်းတုန်းမင်းလက်ထက် ပြည်ပကနေ ဘွဲ့ယူသင်ကြားလာတဲ့ ရွှေပြည်မောင်မောင်လေးနဲ့ တော်စိန်ခို၊ ရသေ့ကြီး ဦးခန္တီ၊ စတဲ့ မြို့မိမြို့ဖတွေ တိုက်တွန်းမှုနဲ့ စိုက်ပျိုးရေးကောလိပ်ဝန်းထဲမှာ မန္တလေး ဥပစာကောလိပ်ကို ဖွင့်တယ်လို့ မှတ်တမ်းလည်း ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း မန္တလေးကောလိပ်မှာ တော်စိန်ခိုဟာ မန္တလေးကောလိပ်ရဲ့ ပထမဆုံး အုပ်ချုပ်ရေးမှူးအဖြစ် ခန့်ထားခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရကတော့ တော်စိန်ခိုကို ၁၉၀၃ ခုနှစ်မှာ KIH ဘွဲ့၊ ၁၉၁၁ ခုနှစ်မှာ ISO ဘွဲ့၊ ၁၉၁၇ မှာ CIE ဘွဲ့တို့ကို ချီးမြှင့်ခဲ့တယ်။ ၁၉၁၉ ခုနှစ်မှာတော့ တာဝန်များကနေ အငြိမ်းစားယူခဲ့ပါတယ်။

တော်စိန်ခိုရဲ့ ရှေးဟောင်းသုတေသန တွေ့ရှိချက် အထောက်အထားတွေနဲ့ ပတ်သက်ပြီး တရုတ်ယဉ်ကျေးမှု သြဇာကို အလေးပေး တင်ပြလွန်းတယ်လို့ ဦးမေအောင်က ပြန်လည်ချေပတာတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် တော်စိန်ခိုဟာ မြန်မာပညာရေး ယဉ်ကျေးမှု၊ ဗုဒ္ဓဘာသာအရေးတို့မှာ တာဝန်ကျေကျေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ပညာရေးဘက်မှာဆိုရင်လည်း မြန်မာတွေ ပညာရေး စိတ်ဝင်စားလာအောင် တော်စိန်ခိုပညာသင်ဆုကို ပေးအပ်ပြီး အကျိုးဆောင်ခဲ့ပါတယ်။ အဲ့ဒီပညာသင်ဆုကို ဗိုလ်ချုပ်အောင်ဆန်းလည်း ရဖူးသူတယောက်အဖြစ် သမိုင်းမှာ မှတ်သားခဲ့ရဖူးပါတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်လို့လည်း သူပြုစုဖော်ထုတ်ခဲ့တာတွေ များစွာတွေ့ရတယ်။ အထူးသဖြင့် မြန်မာ့ဓလေ့ထုံးတမ်းများ၊ တိုင်းရင်သားရိုးရာ ရှေးဟောင်းပုံပြင်များ၊ လွှတ်တော်မှတ်တမ်းတို့ ရေးသားခဲ့တယ်။ ဒါအပြင် ကလျာဏီသိမ်ကျောက်စာနဲ့ မင်းဘူးဦးသြဘာသရဲ့ မဟာဇနက္ကဇာတ်တို့ကို အင်္ဂလိပ်လို ပြန်ဆိုခဲ့ပါတယ်။

မြန်မာပြည်ဖွား ရှမ်းတရုတ်နွယ်ဘွား တော်စိန်ခိုဟာ သူ့ဘဝနောက်ပိုင်းတွေမှာ မန္တလေးမှာပဲ အခြေချနေထိုင်ခဲ့ပါတယ်။ ရန်ကုန်မြို့ ကုန်သည်ကြီး မစ္စတာတင်ထွန်းရဲ့ သမီး ဒေါ်မြနဲ့ အကြောင်းပါပြီး သား ၆ ဦး၊ သမီး ၁ ဦး ထွန်းကားခဲ့ပါတယ်။ ပင်နီအင်္ကျီကို အမြဲဝတ်ဆင်ပြီး သားသမီးများကိုပါ မြန်မာ့ယဉ်ကျေးမှုနဲ့ နေထိုင်ပြုမူအောင် သင်ကြားပေးခဲ့သူ ဆရာကြီး တော်စိန်ခိုဟာ ၁၉၃၀ ခုနှစ် မေ ၂၉ ရက်နေ့ မန္တလေးနေအိမ်မှာပဲ ကွယ်လွန်သွားခဲ့ပါပြီ။ မြန်မာတို့အကျိုးဆောင်ခဲ့သူ နိုင်ငံအကျိုးဆောင်ခဲ့သူအဖြစ် ဆရာကြီးတော်စိန်ခိုအား မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါတယ်။

ဆရာဋ္ဌေး(သုတကဖေး)
DVB Burmese

ကိုးကား

မြန်မာ့စွယ်စုံကျမ်း(အတွဲ-၅)။
ရွှေဥသြ ရေး တချိန်ကထင်ရှားခဲ့သောပုဂ္ဂိုလ်များ။
ဒေါက်တာသန်းထွန်း သန်းထွန်းရှစ်ဆယ်ပြည့်။
မလေးလုံ ဖေမောင်တင်သို့မဟုတ် ဘသက်ရှည်။

Leave a Reply