တိဘက်က ကမ္ဘာ့အကြီးဆုံး ဘာသာရေးဆိုင်ရာ မြို့ကလေး

Posted on

ဒီနေရာရဲ့ ဓာတ်ပုံတွေကို အွန်လိုင်းပေါ်မှာ တော်တော်များများ မြင်ဖူးကြပါလိမ့်မယ်။ တရုတ်နိုင်ငံ စီချွမ်ပြည်နယ်က Larung Gar ဆိုတဲ့မြို့ငယ်လေးဖြစ်ပြီး ဒီနေရာဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄၀၀၀ မှာတည်ရှိနေတာပါ။ အဝေးကကြည့်လိုက်ရင် မျက်စိတဆုံးမြင်ရတဲ့ များပြားလှသောအနီရောင် အဆောက်အအုံတွေရှိတဲ့နေရာဖြစ်ပြီး လာရန်ဂါ ဗုဒ္ဓအကယ်ဒမီ (Larung Gar Buddha Academy) လို့ လူသိများပါတယ်။

ဒီနေရာဟာ တချိန်ကတော့ လူသူနေထိုင်ခြင်း မရှိတဲ့နေရာဖြစ်ခဲ့ပြီး ၁၉၈၀ ခုနှစ်မှာမှ တိဘက် လာမားဘုန်းတော်ကြီး Jigme Phuntsok က တိဘက်ဗုဒ္ဓဘာသာကိုသင်ကြားပေးဖို့အတွက် လာရန်ဂါ ဗုဒ္ဓအကယ်ဒမီ ဆိုပြီး စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ တဖြည်းဖြည်း လာရောက်နေထိုင်သူများ တိုးပွားလာခဲ့ပြီး ၂၀၀၀ ခုနှစ်ဝန်းကျင်မှာတော့ ရဟန်း ၊ သီလရှင် နဲ့ အခြားနေထိုင်သူ စုစုပေါင်း ၁၀၀၀၀ ၀န်းကျင်အထိ များပြားလာခဲ့ပါတယ်။ ၂၀၁၅ခုနှစ်မှာတော့ နေထိုင်သူစုစုပေါင်း ၄သောင်းကျော် အထိ တိုးပွားလာခဲ့သလို အဆောက်အအုံပေါင်းကလည်း ထောင်နဲ့ချီ ရှိလာခဲ့ပါတယ်။

နေရာအခက်အခဲကြောင့် တရုတ်ဘက်ကနေ ပြောင်းရွှေ့လာတဲ့ တရုတ်လူမျိုးတွေဟာလည်း ဒီနေရာ နဲ့ ဆက်စပ်ပြီး ရွာတွေတည်ထောင်နေထိုင်တာကြောင့် ဒီဒေသဟာ ပိုမိုစည်ကားလာခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာတည်ထောင်သူ ဘုန်းတော်ကြီး ပျံလွန်တော်မူသွားခဲ့ပေမယ့် ၀ါကြီးတဲ့ ရဟန်းတော်အဆင့်ဆင့်က ဆက်လက်ထိမ်းသိမ်းခဲ့တာကြောင့် ဒီနေရာရဲ့ ကြီးကျယ်ခမ်းနားမှုက ပိုလို့သာ တိုးလာခဲ့ပါတယ်။

ဗုဒ္ဓဘာသာဆိုင်ရာ ဓမ္မစာပေများသာမက ၊ တရားအားထုတ်ခြင်း တွေကိုသင်ကြားပေးပြီး မိမိတို့လေ့လာလိုတဲ့ ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဒများကို ရွေးချယ်သင်ကြားလေ့လာနိုင်ခွင့်ရှိပါတယ်။ ရဟန်းများနေထိုင်ရာ ဘုန်းကြီးကျောင်း နဲ့ သီလရှင်များနေထိုင်ရာ အဆောက်အအုံတွေကိုတော့ လမ်းမကျယ်ကြီးတွေနဲ့ စည်းခြားကန့်သတ်ထားပါတယ်။ သီလရှင်တွေကတော့ Pema Khandro Duling သီလရှင်ကျောင်းမှာ တက်ရောက်သင်ကြားရပါတယ်။ ဒီသီလရှင်ကျောင်းမှာ တက်ရောက်သူ သီလရှင်ပေါင်း ၃၅၀၀ ကနေ ၄၀၀၀ အကြားရှိပါတယ်။

နေထိုင်သူ သောင်းနဲ့ချီရှိပေမယ့် အလွန်တိတ်ဆိတ်အေးချမ်းတဲ့ နေရာတစ်ခုအဖြစ် သွားရောက်ဖူးသူတိုင်းက မှတ်ချက်ပြုကြပါတယ်။ နိုင်ငံတကာ ဘာသာရေးကော်မတီအဖွဲ့မှာတော့ တရုတ် နဲ့ စင်ကာပူ ၊ ထိုင်ဝမ် ၊  မလေးရှား စတဲ့ အခြားအာရှနိုင်ငံတွေက လာရောက်သင်ကြားသူ စာသင်သားပေါင်း ၁၀၀၀ ခန့်ရှိနေပါတယ်။ တရားဓမ္မများ အေးဆေးစွာ သင်ကြားနိုင်ရန်အတွက်ဒီဒေသမှာ ရုပ်မြင်သံကြား နဲ့ အခြားဆက်သွယ်ရေး ဆိုင်ရာပစ္စည်းများ အသုံးပြုခွင့်ကို ပိတ်ပင်ထားပါတယ်။

ဒီဒေသကို နှစ်စဉ်နှစ်တိုင်း ခရီးသွားအနည်းငယ်ပဲ လာရောက်လေ့ရှိပါတယ်။ ခရီးသွားအနည်းငယ်သာ လာရောက်လေ့ရှိခြင်းအကြောင်းကတော့ ဒီဒေသဟာ ပုံမှန်ခရီးလမ်းနဲ့ ဝေးလံပြီး လမ်းပန်းခက်ခဲတဲ့နေရာမှာ ရှိနေတာကြောင့် တသီးတသန့်သွားရောက်ချင်သူများသာ လာရောက်လို့ဖြစ်ပါတယ်။ ဒီဒေသမှာ ဟိုတယ်ငယ်တစ်ခု နဲ့ စားသောက်ဆိုင်အနည်းငယ်ပဲ ရှိပါတယ်။

ဒီဒေသမှာ လူဦးရေ နဲ့ အဆောက်အအုံတိုးပွားလာတာကို တရုတ်အစိုးရက နှစ်သက်ပုံမရပါဘူး။ ၂၀၀၀ ခုနှစ်ကစလို့ ဒီဒေသက အဆောက်အအုံတွေကို မကြာခဏ ဖြိုဖျက်လေ့ရှိပေမယ့် ရဟန်းတွေ နဲ့ သီလရှင်တွေက ကိုယ့်သာသာ ပြန်လည်တည်ဆောက်ကြတာကြောင့် ဒီဒေသမှာ အဆောက်အအုံ အများကြီးလျော့နည်းသွားခြင်းတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၆ ခုနှစ်မှာတော့ ရဟန်း နဲ့ သီလရှင်ပေါင်း ၅၀၀၀ ထက်ပိုပြီး နေထိုင်ခွင့်မပြုလို့ အမိန့်ထုတ်လိုက်ပြီးတဲ့နောက် အဆောက်အအုံ များကို ထပ်မံဖြိုဖျက်ခဲ့သလို နေထိုင်သူအချို့ကိုလည်း ဒီနေရာကနေ ထွက်ခွာသွားဖို့ ဖိအားပေးခဲ့ပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်း အသီးသီး က ဒီလိုဖျက်စီးတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ မေတ္တာရပ်ခံကြပေမယ့် ဖြိုဖျက်မှုတွေဟာ ရပ်တန့်မသွားခဲ့ပါဘူး။ ဒါကြောင့်လည်း Stand With Larung Gar အဖွဲ့အစည်းတွေပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ တရုတ်အစိုးရကတော့ ဒီနေရာတ၀ိုက်မှာ လူဦးရေများပြားလာမှုနှင့်အတူ နောက်ဆက်တွဲ မီးလောင်မှု နဲ့ ငလျှင် အန္တရာယ်တွေကို စိုးရိမ်တာကြောင့် အခုလို လုပ်ဆောင်ရခြင်းဖြစ်တယ် လို့ ကာကွယ်ပြောဆိုထားပါတယ်။ လက်ရှိအချိန်မှာတော့ ဒီနေရာကို စနစ်တကျ ကာကွယ်နိုင်ဖို့ အဖွဲ့အစည်း အသီးသီးက ကြိုးစားလျှက်ရှိနေဆဲပါ။ ဒီလောက်ဆိုရင်တော့ ဒီနေရာရဲ့ အကြောင်းကို သုတဇုန် မိတ်ဆွေများ သိလောက်ပြီလို့ထင်ပါတယ်။

ကိုယ်တိုင်ရောက်သွားသလို ခံစားချင်ရင်တော့ အောက်က ဗီဒီယိုကို နှိပ်ကြည့်ပါ

သုတဇုန်

Leave a Reply