ကုန်းဘောင်ခေတ် စတုရန်းပုံ မြို့တော်ဟောင်းများ

Posted on

ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)

မြန်မာနိုင်ငံ သမိုင်းစဉ်တစ်လျောက်၌ ဘုရင်စနစ်ကို နောက်ဆုံးကျင့်သုံးခဲ့သည့် ကုန်းဘောင်ခေတ်တွင် မြန်မာဘုရင်များသည် ရွှေဘို၊ အင်းဝ၊အမရပူရနှင့် မန္တလေး မြို့တော်များကို တည်ထောင်ခဲ့ကြရာ ရွှေဘို၊အမရပူရနှင့် မန္တလေးတို့ကို လေးဘက်ညီ စတုရန်းပုံ တည်ဆောက်ခဲ့ကြသည်။ ကုန်းဘောင်ခေတ် မြို့တော်များအနက် ရတနာပုံ မန္တလေးနန်းမြို့ရိုး သည် ယနေ့တိုင်ထင်ရှားပြည့်စုံစွာ ကျန် ရှိနေပေသည်။

မြန်မာ့ မြို့ဟောင်းများ

ရှေးဟောင်းမြို့တော်များအား မြို့ရိုးတံတိုင်းများဖြင့် နယ်နိမိတ်သတ်မှတ်ထားသဖြင့် မြို့ရိုးများ၏ အတွင်းပိုင်းသည် မြို့ ဧရိယာ ဖြစ်သည်။ မြို့ကိုပတ်ရံ ထားသည့် တံတိုင်းများကို မြေကြီး၊ သစ်၊ အုတ်၊ကျောက် စသည်တို့ဖြင့် တည်ဆောက်ခဲ့ကြ သော ကြောင့် မြို့ရိုး ဟောင်း၊ မြို့ရိုးပျက်များကို မြို့ဟောင်းများတည်ရှိခဲ့သည့် နေရာများတွင် မြင်တွေ့နိုင်ကြသည်။ ရှေးအခါက မြို့တည်ဆောက်ရာတွင် ကျုံးများကိုပါ ထည့်သွင်းပြုလုပ်လေ့ရှိခဲ့သဖြင့် မြို့ရိုးများ မရှိတော့သည့်တိုင်အချို့ မြို့ ဟောင်းများတွင် ကျုံးနှင့်ကျုံးရာများ ကျန်ရှိနေကြသည်။မြို့၏ အရံအတား ကျုံးများသည် ညွန်ကျုံး၊ ရေကျုံးနှင့် အခြောက် ကျုံးဟူ၍ သုံးမျိုးရှိသည့်အနက် ညွန်ကျုံးကို ရန်သူများမြို့တွင်းသို့ ၀င်လာပါက ညွံအတွင်းသို့ ကျွံကျ နစ်မြုပ်စေရန် ပြုလုပ်ခဲ့ကြသည်။

ညွန် ကျုံးသည် နက်ရှိုင်း ကျယ်ပြန့်စွာ တူးဖော်ထားပြီး ရုန်းကန်ထွက်ပြေးရန် မလွယ်ကူသည့် အတားအဆီးတစ်ခု ဖြစ်သည်။ အခြောက် ကျုံးသည် မြို့တွင်း သို့ ရန်သူများ ၀င်ရောက်ကျူးကျော်မှုကို ဟန့်တားနိုင်ရန် သစ်ငုပ်၊သစ်ချွန်း၊ ဆူးညောင့် များကို ခလုပ် ချိုင့်ဝှမ်း များ ဖြင့် ပြုလုပ်ထားသည့် မြေပြင်ကျယ် ဖြစ်သည်။ရေကျုံးသည် မြို့ရိုးပတ်လည်တွင် ကျယ်ဝန်းသော မြောင်း ကြီး များတူး ဖော်ကာ ရေများတည့်သွင်းထားသည့် အရံအတား ဖြစ်ပေသည်။

မြို့ရိုးများကို တံခါး၊ တံခါးပြ၊ တန်ဆောင်း၊ ပြာသာဒ်၊ ပြအိုး၊ ပစ္စင်၊ ရဲလောင်း၊ ရင်တား၊ သူရဲခို၊ မီးတားစသည့် အင်္ဂါ အစိတ် အပိုင်းများ ထည့်သွင်းတည်ဆောက်ခဲ့ကြသည်။ ယေဘုယျအားဖြင့် မြန်မာ့ရှေးဟောင်းမြို့များကို ပုံစံရှစ်မျိုးကို တွေ့ရှိနိုင်သည်။သရေခေတ္တရာမြို့ဟောင်း နှင့် ပင်လယ် (မိုင်းမော) မြို့ဟောင်းတို့သည် အ၀ိုင်းပုံဖြစ်၍ ဟံသာဝတီ(ပဲခူး) မြို့ ဟောင်း၊ ဟံသာဝတီ(တောင်ငူ) မြို့ဟောင်းနှင့် ပခန်းကြီး မြို့ဟောင်းတို့သည် ထောင့်မှန်စတုဂံပုံ တည်ရှိခဲ့သည်။ ကလေး၊ ပေါရိသတ်၊ ၀ါဂရူနှင့် သရက်ခုံ(ရေဇင်း) မြို့ဟောင်း တို့သည် မှန်ကူကွက်ပုံရှိကြောင်း သစ်တောအရာရှိ ဦးအောင်မြင့်က ကောင်းကင် ဓာတ်ပုံ များဖြင့် ဖော်ထုတ် ခဲ့သည်။

အင်းဝ မြို့ဟောင်းသည် ထောင့်ချိုးအမျိုးမျိုးပါရှိသည့် မော်ယွန်းချိုးပုံစံဖြစ်ကာ ဟန်လင်း၊ဗိဿနိုးနှင့် ဝေသာလီနှင့် ဓည ၀တီ တို့သည် လေးထောင့်မဟုတ် ၊ အ၀ိုင်းမဟုတ်သည့် အကွေးအ၀န်းပုံရှိကြသည်။မြောက်ဦး မြို့ဟောင်းကိုမူ မည်သည့် ပုံဟု ပြောဆိုရန်ခက်ခဲသည် ဟု ဆိုကြသည်။ အနားလေးဘက်ညီ တည်ထားသည့် စတုရန်းပုံ မြို့ဟောင်းများသည် ရတနာပုံ မန္တလေး၊ အမရပူရနှင့် ရတနာသိင်္ဃ ရွှေဘို မြို့ဟောင်းတို့ဖြစ်ကြပြီး ပုဂံ မြို့ဟောင်းကိုလည်း စတုရန်းပုံဟု ဆိုကြသည်။

ရတနာပုံ မန္တလေး မြို့ဟောင်း

မြန်မာသက္ကရာဇ် ၁၁၂၁ ခုနှစ်(ခရစ်နှစ် ၁၈၅၉ ခုနှစ်) တွင် မင်းတုန်းမင်းကြီး တည်ထောင်ခဲ့ သည့် ရတနာပုံ မန္တလေးမြို့ သည် အနားတစ်ဘက်လျှင် ပျမ်းမျှ တာ ၆၀၀ စီရှိသည်။ မြို့ကို ပတ်ထားသည့် နန်းမြို့ရိုးသည်တံခါး၊ တံခါးပြ၊ တန်ဆောင်း၊ ပြာသာဒ် စသည့် အင်္ဂါ ၁၂ ရပ်နှင့်အတူ ရှေးမူလက်ရာမပျက် ပြည့်စုံစွာ ကျန်ရှိနေသည်။ အမရပူရတွင် နန်းစိုက်ခဲ့သည့် မင်းတုန်းမင်း (ခရစ်နှစ် ၁၈၅၂-၁၈၇၈) သည် သာသနာတော်နှစ် ၂၄၀၀ (မြန်မာသက္ကရာဇ် ၁၂၁၈ ခုနှစ်၊ ခရစ်နှစ် ၁၈၅၆ ခုနှစ်) အထိမ်းအမှတ်အဖြစ် မြို့ရိုး တစ်ဘက်လျှင် တာ ၆၀၀ ရှိသည့် မန္တလေးမြို့ကို မြန်မာသက္ကရာဇ် ၁၂၁၅ ခုနှစ်၌ စတင်တည်ဆောက်ခဲ့သည်။ တစ်တာလျှင် ၇ တောင်၊ သံ တောင် တစ်တောင်လျှင် ၁၉ လက်မ နှုန်းဖြင့် တွက်ချက် လျှင် မြို့ရိုး လေးမျက်နှာအရှည် သည် ၅ ဒသမ ၀၃၇ မိုင် ရှိ သဖြင့် တစ်တာ အကွာအဝေးသည် ၁၁ ဒသမ ၀၈၃ ပေ ဖြစ်သည်။

မန္တလေး နန်းမြို့ရိုးသည် မျက်မှောက်ခေတ် အတိုင်းအတာများအရ အရှေ့အနောက် တစ်မိုင် နှစ်ဖာလုံနှင့် တောင်မြောက် တစ်မိုင် နှစ်ဖာလုံ ၈၈ ကိုက်ရှိသဖြင့် စတုရန်းပုံ အတိအကျ မဖြစ်ကြောင်း သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းက ရေးသားခဲ့သည်။ မင်းတုန်းမင်းသည် ခရစ်နှစ် မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ် ကဆုန်လပြည့်ကျော် ၆ ရက် (ခရစ်နှစ် ၁၈၅၉ ခုနှစ်၊ မေလ ၂၂ ရက်) တွင် မန္တလေးနန်းမြို့ရိုးကို အုတ်မြစ်ချခဲ့ကာ မြို့ကို ခိုင်ခန့်မြင့်မားသော အုတ်တံတိုင်းကာရံလျက် နက်ရှိုင်းသောကျုံးဖြင့် ပတ် ရံခဲ့သည်။ အုတ်မြို့ရိုးသည် ထု ၁၀ ပေ ၆ လက်မ၊အမြင့် ၂၈ ပေ ၆ လက်မဖြစ်ပြီး မြို့ရိုးပေါ်တွင် ပြအိုးများတင်ထားကာ တံခါး ပေါက် ၁၂ ပေါက် ဖောက်လုပ် ခဲ့သည်။နန်းမြို့ ၊ကျုံး ၊မဟာလောကမာရဇိန်စေတီ ၊ပဋ္ဌာန်း မဟာရွှေသိမ် ၊အတုမရှိကျောင်း ၊ သုဓမ္မာ ဇရပ်နှင့် ပိဋကတ်တိုက် ဟူသည့် မြို့တည် ခုနစ်ဌာနကိုလည်း တစ်ပြိုင်တည်း ပန္နက် တင်ခဲ့သည်။

မန္တလေး နန်းမြို့ရိုးတစ်ဘက်စီတွင် တံခါးပေါက်သုံးပေါက်စီရှိပြီး ဓာတ်တံခါးတစ်ခုကို မိတ်တံခါး နှစ်ခု အကြား တွင် တည် ဆောက်ခဲ့သဖြင့် မြို့ရိုးတစ်လျောက်၌ ဓာတ်တံခါး ၄ ခုနှင့် မိတ်တံခါး ၈ ခုရှိသည်။ ဗေဒင်ယတြာများ အလိုအရ ကောင်းကျိုးချမ်းသာ ရရှိစေရန် မြို့တံခါးများကို မိတ်ဖက် ၊ ဓာတ်ဖက် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။တံခါးပေါက်များကို မြို့ရိုးအရှေ့ မျက်နှာတွင် လွန်ကဲ၊ ဦးထိပ်၊ သောင်းညွတ်ဟု လည်းကောင်း၊ တောင်မျက်နှာတွင် ကျွန်းလုံးယူ ၊ ကျော်မိုး ၊ရန်နည်ဟု လည်းကောင်း အနောက် မျက်နှာ တွင် ကြေးမုံ၊စည်ရှင်၊ထင်ရှားဟု လည်းကောင်း၊ မြောက်မျက်နှာတွင်စည်သာ ၊လေးသိန်း၊မန်းဦး ဟု လည်းကောင်း အမည်များပေး ခဲ့သည်။

မန္တလေး မြို့ရိုးတစ်လျောက် တံခါး ၁၂ ပေါက်၊ ထောင့် ပြကြီး လေးခုနှင့် ပြငယ် ၃၂ ခု ပေါ်တွင် ပြာသာဒ်ဆောင် ၄၈ ဆောင် ရှိသည်။ ဓာတ်တံခါး လေးခုပေါ်ရှိ ပြာသာဒ် များသည် ဘုံ ခုနစ်ဆင့်၊ မိတ်တံခါး ရှစ်ခု ပေါ်ရှိ ပြာသာဒ်များသည် ဘုံ ငါးဆင့်၊ ပြ ၄၈ ခုပေါ်ရှိ ပြာသာဒ်များသည် ဘုံ ငါးဆင့်စီရှိကြသည်။ ပြာသာဒ်များကို သစ်စေးသရိုးကိုင်ပြီး ဟင်္သပဒါး ရွှေချခဲ့သည်။

မြို့ရိုးပတ်လည်တွင် တာ ၂၀ မြေလွတ်ချန်ပြီး တာ၂၀ ကျယ်၍ အနက် ၁၅ တောင်ရှိသည့် ကျုံးကိုတူးဖော်ခဲ့သည်။ မျက် မှောက်ခေတ် အတိုင်းအတာများအရ မန္တလေးကျုံးသည် ပေ ၂၁၀ ကျယ်၍ ၂၂ ပေ ၆ လက်မ နက်သည်။ ကျုံးအတွင်းသို့ ရတနာနဒီ မြောင်းမှ ရေများသွယ်ယူ ထည့်သွင်းခဲ့သည်။ ခရစ်နှစ် ၁၈၆၂ ခုနှစ် ၊ မတ်လတွင် မြို့တော်ခုနစ်ဌာနလုံး တည်ဆောက်မှု ပြီးစီးခဲ့ သဖြင့် မင်းတုန်းမင်းသည် မြို့သိမ်းမင်္ဂလာအခမ်းအနားအဖြစ် ကျုံးအတွင်း ၌ ရွှေလောင်းရွှေလှေများခြံရံထားသော ပြည်ကြီးမွန် ဖောင်တော်ကိုစီးလျက် မန္တလေးနန်းတော်အား လက်ယာရစ် ပတ်ခဲ့သည်။

မန္တလေးနန်း မြို့ရိုးမျက်နှာစာ တစ်ဘက်စီတွင်ရှိသည့် အလယ်တံခါးမကြီး များရှေ့တွင် ကျုံးကူးတံတား တစ်ခုစီနှင့် ကြေးမုံ တံခါးရှေ့တွင် တံတား တစ်ခုကို ပြုလုပ်ထားသဖြင့် ကျုံးကူး တံတားပေါင်း ငါးစင်းခန့်ရှိသည်။ ကြေးမုံ တံတားခေါ် အာဠ၀ီတံတားကို နန်းမြို့ တွင်းမှ လူသေများကို မြို့ပြင်ထုတ်ရန် အသုံးပြု ခဲ့သည်။

အမရပူရ မြို့ဟောင်း

စတုရန်းပုံ မြို့တစ်မြို့ဖြစ်သည့် အမရပူရကို ကုန်းဘောင်ဆက်၏ ဆဋ္ဌမမြောက်ဘုရင် ဗဒုံမင်း(ခရစ်နှစ် ၁၇၈၂-၁၈၁၉)က မြန်မာသက္ကရာဇ် ၁၁၄၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (ခရစ်နှစ် ၁၇၈၃ ခုနှစ် ၊ ဇန်န၀ါရီလ ၁၄ ရက်၊ အင်္ဂါနေ့တွင် စတင် တည် ထောင်ခဲ့သည်။ဗဒုံမင်းသည် မြို့တော်၊ကျုံးတော်၊ ရွှေနန်းတော်၊ ရွှေဂူတော်၊ကျောင်းတော် ၊ ပိဋကတ်တိုက်တော်၊ ကန်တော်ဟူသည့် ခုနစ်ဌာနကို တစ်ပြိုင်တည်း တည်ခဲ့သည်။

အမရပူရ မြို့တော်ပတ်လည်သည် တာ ၂၀၀၀ ရှိသဖြင့် မန္တလေး မြို့အောက်သေးငယ်သည်။ မြို့ဝန်းတစ်လျောက်တစ်တာ တွင် သူရဲခို နှစ်ခုစီ ပြုလုပ်ခဲ့သဖြင့် အမရပူရ မြို့ရိုးတွင် သူရဲခို ၄၀၀၀ ရှိခဲ့သည်။ မြို့ရိုးသည် ၁၈ တောင် နှစ်မိုက်( ၂၈ ပေ) မြင့်၍ အုတ် သုံးကုဋေ အသုံးပြု၍ တည်ဆောက်ခဲ့သည်။အမရပူရ မြို့ အတွင်းရှိ နန်းတော် အ၀န်းအ၀ိုင်းသည် အရှေ့အနောက် ၁၃၇ တာ၊ တောင်မြောက် တာ ၁၂၀ ရှိ ခဲ့သည်။ မြို့တော်ထောင့် လေးထောင့်တွင် ပြကြီး လေးခုရှိပြီး မြို့ရိုးတစ်မျက်နှာတွင် ပြငယ် ရှစ်ခုစီ ပြု လုပ်ခဲ့သည်။ အမရပူရမြို့ ပတ်လည်တွင် အနံ ၁၀ တာ၊ အနက် ၁၀ တာရှိသည့် ရေကျုံးကို တူးဖော်ခဲ့သည်။အမရပူရမြို့ကို တည်ခဲ့ သည့်နန်းတွင်း အဆောက်အအုံများ အကြောင်းကို ရွှေဘုံနိဒါန်းတွင် ဖတ်ရှုနိုင်ကြပေသည်။

မြို့တံခါးများအဖြစ် အရှေ့ဘက်တွင် လေးကျွန်း၊ ဦးနှိမ်နှင့်သိမ်းစည်းတံခါး၊ တောင်ဘက်တွင် ကျွန်းလုံးဝင်၊ ကုန်းမော်နှင့် နန္ဒမူတံခါး၊ အနောက်ဘက်တွင် အာဝဠီ၊ စက်ရှင်နှင့်ရန်နှင်တံခါး၊ မြောက်ဘက်တွင် ရန်မျိုးအောင်၊ လေးသိန်းနှင့်မုခ်ဦးတံခါးတို့ကို ဖောက်လုပ်ခဲ့ရာ စုစုပေါင်း ၁၂ ပေါက်ရှိခဲ့သည်။မြို့ဝင်ပေါက် အလယ်တံခါးများသည် ဓာတ်တံခါးများဖြစ်ကြသည်။ မြို့တံခါးတစ်ခုစီတွင် ကြာငုံ အထွတ်ပါရှိသည့် မော်ကွန်းတိုင် တစ်တိုင်စီ စိုက်ထူခဲ့ပြီး အလျား တစ် တောင် လေးသစ်၊ အနံနှစ်မိုက် လေးသစ်ရှိသည့်ပျဉ်ချပ်ပေါ်တွင် တံခါးအမည်များကို ထွင်း၍ သစ်စေး အနီရောင်သုတ်ကာ ရွှေချထားသည်။ တံခါး တိုင်း၌`သက္ကရာဇ် ၁၁၄၄ နယုန် လပြည့်ကျော် ၂ ရက်၊ ၃ နေ့ မြို့တော် အမည် အမရပူရ မြို့တော်ကြီး`ဟူသည့် မော်ကွန်းတိုင် စာသားနှင့် မြို့တံခါး အမည်တစ်ခုစီကို ရေးထွင်းခဲ့သည်။

အမရပူရ မြို့ကို တည်ထားပြီးနောက် ဗဒုံမင်းသည် မြန်မာသက္ကရာဇ် ၁၁၄၅ ခုနှစ် နယုန်လဆန်း ၁၂ရက် (ခရစ်နှစ် ၁၇၈၃ ခုနှစ်၊ မေလ ၁၂ရက်) တနင်္လာနေ့တွင် ရတနာပူရ အ၀မှ အမရပူရသို့ ပြောင်းရွှေ့ခဲ့ကာ မြို့တော် အနောက်ဘက်ရှိ စက်ရှင် ဓာတ် တံခါးအပြင်တွင် တည်ဆောက်ထားသည့် မင်္ဂလာတဲနန်း၌ စံတော်မူခဲ့သည်။ထို့နောက် နယုန်လဆုတ် ၁ ရက် နေ့တွင် အမရပူရမြို့ ကို ဝေါတော်ဖြင့် လက်ယာရစ်လှည့်ကာ နန်းမြို့အတွင်းရှိ ကွန်ထောက်နန်းတွင် စံမြန်းခဲ့ပြီး နောက် တစ်ရက်တွင် ရွှေနန်းတော်ကို လက်ယာရစ်ပတ်၍ နန်းသိမ်းတော်မူခဲ့သည်။

ရတနာသိင်္ဃ ရွှေဘိုမြို့ဟောင်း

ရွှေဘိုမြို့သည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် တည်ရှိကာ ဧရိယာ ၅၇၁၄ စတုရန်းမိုင် ကျယ်ဝန်းသည်။ရတနာ သိင်္ဃ ၏ နယ်နိမိတ်ကို ဇမ္ဗူ့ ဒီပ ဦးဆောင်းကျမ်း တွင် “အရှေ့ကိုလားသော် စည်လှ အင်ပင်မြစ်ညာ၊ တောင်ကို လားသော် မလ္လာ ဂီရိ၊ အနောက်ကို လားသော် ဇေတ၀န်ကျောင်းကြီး၊ မြောက်ကို လားသော် အက္ကပတ် ဌာနေ” ဟု ဖော်ပြသည်။

မြန်မာ့သမိုင်းတွင် ကုန်းဘောင်ဆက်ကို ထူထောင်ခဲ့သည့် အလောင်းမင်းတရားဦးအောင်ဇေယျသည် ရွှေဘိုမြို့ကို မတည် မီ ချင်းတွင်းမြစ်နှင့် ဧရာဝတီ မြစ်အကြားရှိ တမ္ပဒီပ တွင် အခြေချခဲ့သည်။ အလောင်းမင်းတရား ဦးအောင်ဇေယျ၏ နယ်မြေသည် တာ ၄၇၀ မျှသာ ရှိသော မုဆိုးဘိုရွာရှိ ထန်းလုံးတပ်သာ ဖြစ်သည့် အတွက် အခြားတစ်ပါးသော ထီးဆောင်းမင်းအပေါင်းတို့ စေလွှတ်အပ်သော သံတမန်တို့ လာလျှင် ပျူငှာသော လောက၀တ် ပြုနိုင် ရန် နောင်အခါတွင် ရွှေဘို ဖြစ်လာမည့် နန်းမြို့ကို ခရစ်နှစ် ၁၇၅၃ ခုနှစ်ဇွန်လ ၂၁ ရက်တွင် စတင် ထူထောင် ခဲ့ရာ ကုန်းဘောင် ၊ ရန်ကြီးအောင် ၊ရတနာ သိင်္ဃ ၊ မုဆိုးဘို နှင့် ရွှေဘို ဟု အမည်ငါးမျိုးတွင်ခဲ့ သည်။

အလောင်းမင်းတရားသည် မြို့တော်၊ကျုံး၊ နန်းတော် ၊ရွှေချက်သိုစေတီ၊ပဟိုရ်စင်၊ နတ်ကွန်းတော်နှင့် ကန်တော်ဟူသော ခုနစ်ဌာနကို တပြိုင်တည်း ပန္နက်ချကာ ရွှေဘိုမြို့ကို တည်ခဲ့သည်။မူလမြို့တော် အကျယ်သည် တာ ၂၀၀၀ ဖြစ်၍ မြို့တော် အရှေ့ မျက် နှာတွင် £န္ဒာ၊ဆင်ဖြူနှင့် သူဇာ တံခါးသုံးပေါက်၊ အနောက်မျက်နှာတွင် ဇေယာ၊ ကရ၀ိက်နှင့် ရန်ကြီးအောင် တံခါး သုံးပေါက်၊ တောင် မျက်နှာတွင် ကုန်းဘောင် နှင့် ရန်မျိုးနှိမ် တံခါးနှစ်ပေါက်၊ မြောက်မျက်နှာတွင် လိုင်သာနှင့် မုယာတံခါး နှစ်ပေါက်တို့ကို ပြုလုပ်ခဲ့သဖြင့် စုစုပေါင်း တံခါး ၁၀ ပေါက်ရှိခဲ့သည်။

အလောင်းမင်းတရားသည် မြန်မာသက္ကရာဇ် ၁၁၁၉ ခုနှစ် ၊ တန်ဆောင်မုန်း လဆန်း ၁၃ ရက် (ခရစ်နှစ် ၁၇၅၇ ခုနှစ် အောက်တိုဘာလ ၂၄ ရက်) တွင် မူလတည်ခဲ့သည့် ရွှေဘိုကို တံခါးပေါက် ၄၀ ပါသော မြို့ကြီး အဖြစ် တိုးချဲ့တည်ထောင်ခဲ့ရာ ကုန်းဘောင်ခေတ် စတုရန်းပုံ မြို့ များတွင်အကြီးဆုံးဖြစ်ခဲ့သည်။ ရွှေဘိုမြို့ဝန်း အတိုင်းအတာသည် အမျိုးမျိုး ကွဲပြားနေသဖြင့် ဗဒုံမင်းအမိန့်အရ မြန်မာသက္ကရာဇ် ၁၁၇၇ ခုနှစ် တွင် စာရေးကြီး ကျော်ထင်နန္ဒမိတ်သည် အလုံမြို့ဝန် သီရိဓမ္မာသောက၊ ရတနာသိင်္ဃ မြို့ဝန် ဇေယျသင်္ခ၊မြို့သူကြီး ဇေယျ မဟာ ဗိုလ်၊ မြို့စာရေး ငကောင်း၊ င၀န်၊ စက်ဘောသစ်တို့ အစုံ အညီဖြင့် တိုင်းတာခဲ့သည်။

ယင်းအဖွဲ့၏ တိုင်းတာချက်အရ ရွေဘိုမြို့သည် အရပ် တစ်မျက်နှာလျှင် ၁၀၀၁ တာ ရှိပြီး မြို့ လေးမျက်နှာ တာဝန်း ၄၀၀၄ အတိအကျရှိကြောင်းတွေ့ရှိခဲ့သည်။ မြို့ရိုး တစ် ဘက် စီတွင် တန်ဆောင်းကြီး တစ်ခု၊တံခါးပေါင်း ၁၀ ခု၊ ပြတင်းပေါင်း ၂၂ ခုစီ ပြုလုပ်ထားသည်။တံခါးတစ်ပေါက်စီသည် ၁၂ တောင် ကျယ် ၀န်းလျက် ကျောက်များစီချထားသဖြင့် ကျောက်တံခါးများဟု ခေါ်တွင်ခဲ့သည်။

ရွှေဘိုမြို့ဟောင်းတွင် မြေသားမြို့ရိုးနှင့် အတွင်းအုတ်မြို့ရိုးဟူ၍ မြို့ရိုး နှစ်ထပ်ရှိသည်။ ခေတ်မီစနစ်များဖြင့် တိုင်းထွာ ရေး ဆွဲထား သည့် မြေပုံများအရ မြောက်ဘက်မြို့ရိုးသည် အရှေ့မြောက်ထောင့်တွင် တောင်ဘက်သို့ လေး ဒီဂရီ နှင့်တောင်ဘက်မြို့ရိုး သည် အနောက်တောင့်တွင် လေးဒီဂရီ တိမ်းစောင်းနေသည်။ အရှေ့ အနောက် မြို့ရိုးများသည်လည်း တောင် မြောက် တန်းမနေဘဲ အရှေ့မြို့ရိုးသည် မြောက်ဘက်တွင် အနောက်သို့၊ အနောက် မြို့ရိုး သည် တောင်ဘက်တွင် အရှေ့သို့ နှစ် ဒီဂရီ စီ စောင်းနေကြ သည်။

အတွင်းအုတ်မြို့ရိုးသည် စတုဂံပုံဖြစ်ပြီး လေးဘက်ပတ်လည် ၁၅၉၆ တာရှိကာ အရှေ့အနောက် (အနံ) ၃၅၂ တာနှင့် တောင်မြောက် (အလျား) ၄၄၆ တာရှိသည်။ အလျားဘက်တွင် တံခါးပေါက် သုံး ပေါက်စီနှင့် အနံဘက်တွင် တံခါးပေါက် နှစ်ပေါက် စီ ပြုလုပ်ထားသဖြင့် စုစုပေါင်း တံခါး ၁၀ ပေါက်ရှိသည်။ အုတ်မြို့ရိုးသည် အခြေတွင် တစ်တာခန့်ထူ၍ မြို့ရိုးအမြင့်သည် ၁၂တောင် ဖြစ်ကာ မြို့ရိုး တစ်လျောက် ပြအိုး ၂၈ ခု ရှိသည်။မြို့ရိုးအောက်ခြေမှ ၁၀ ပေ အကွာတွင် မြို့ရိုးပတ်လည် တစ်လျောက် တာ ၂၀ ကျယ် ၍ အတောင် ၂၀ နက်သည့် ကျုံးကို တူးဖော်ခဲ့သည်။

မြေမြို့ရိုးနှင့် အုတ်မြို့ရိုး နှစ်ထပ်အတွင်း၌ အလျား တာ ၁၀၀ ၊ အနံ ၆၄ တာရှိသည့် နန်းမြို့ကို ထု တစ်တာ၊ အမြင့် ခုနစ် တောင်ရှိသည့် မြို့ရိုးဖြင့် ကာရံထားသည်။ ယင်း အ၀န်းအ၀ိုင်း အတွင်း၌ အရှေ့ဘက်မှ ၃၄ တာ အကွာတွင် ထု ငါး တောင် ၊ အမြင့် ငါး တောင် ရှိသော အုတ်ရိုးတစ်ခုကို ထပ်မံကာရံထားပြီး အလယ်တွင် ဗဟို ၀င်ပေါက်တစ်ခု ပြုလုပ်ထားသည်။ ထိုနေရာမှ ၁၅ တာ အကွာတွင် ထု လေးတောင် ၊ အမြင့်လေး တောင်ရှိသော အုတ်ရိုးကို ထပ်မံကာရံထားပြီး ယင်းအုတ်ရိုး၏အတွင်းပိုင်းတွင်နန်းဆောင် များ ကို ဆောက်လုပ်ထားခဲ့သည်။

ကုန်းဘောင်ခေတ်၏ ခေတ်ဦး၊ ခေတ်လယ်၊ ခေတ်နှောင်းတွင် ဘုရင်သုံးပါး တည်ထောင်ခဲ့သည့် ကုန်းဘောင်မြို့တော် သုံး မြို့၏ မြို့ရိုးတံတိုင်းမျာအနက် ယခုအခါတွင် မန္တလေးမြို့ရိုးတစ်ခုတည်းသာ ထင်ရှားစွာ ကျန်ရှိနေပေသည်။ သမိုင်းဝင် မြို့တော် ဟောင်း ရတနာပုံ မန္တလေးရှိ နန်းမြို့ရိုးနှင့် ပြာသာဒ် ၄၈ ဆောင်အပါအ၀င် ရှေးဟောင်းအဆောက်အအုံနှင့် နေရာတော်များကို ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားသဖြင့် ကုန်းဘောင်ခေတ်နှောင်း မြို့ပြတည် ထောင်မှု စနစ်ကို သုတေသီ များ လေ့လာနိုင်ခဲ့ကြပေသည်။

ထို့အတူ ပြည်တွင်းပြည်ပ ခရီးသွားများသည် ကုန်းဘောင်မင်းဆက် နောက်ဆုံး မြို့တော် မန္တလေးနန်းမြို့နှင့် အတူ အမရပူရနှင့် ရွှေဘိုမြို့များသို့လည်း သွားရောက် လည်ပတ် လေ့လာလျက်ရှိနေကြရာ အားလုံးက သမိုင်းအမွေအနှစ် မြို့တော် ဟောင်းများ အရှည်တည်တံ့နေစေရန် ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရ မည် သာဖြစ်ပေ သည်။

ကိုးကား

ကုန်းဘောင်ဆက် မဟာရာဇ၀င်ကြီး (ဦးမောင်မောင်တင်)
ရွှေဘုံနိဒါန်း(ဇေယ သင်္ခယာ)
ရှေးဟောင်း မြန်မာ့ မြို့ရိုးစနစ်ပုံ(မောင်ယဉ်လှိုင်း၊ပျဉ်းမမြိုင်)
မြန်မာ့ရက်စွဲသမိုင်း၊ကုန်းဘောင်ဆက်(ဦးတိက္ခဓမ္မာလင်္ကာရနှင့် ဒေါက်တာသန်းထွန်း)

မောင်သာ(ရှေးဟောင်းသုတေသန)
၂၃ ၊ ၁ ၊ ၂၀၁၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှ…..

Leave a Reply