သိုးမွေးကို အသုံးပြုတည်ဆောက်ထားတဲ့ ပုံစံငယ်ရွာလေး

Posted on

ဥရောပတိုက်မြောက်အိုင်ယာလန်နိုင်ငံ၊ Antrim ကောင်တီနယ်မြေအတွင်းတည်ရှိတဲ့ Cloughmill ကျေးရွာခန်းမဆောင်အတွင်းမှာတော့ ကျေးရွာပုံစံငယ်အဆောက်အအုံ ငယ်များစွာကို မြင်တွေ့နိုင်ပါတယ်။ ဒီလိုအဆောက်အဦးငယ်ဒီဇိုင်းပုံစံတွေဟာ ဆောက် လုပ်ရေးလုပ်ငန်းအပါအဝင်အခြားတည်ဆောက်ရေးလုပ်ငန်းတွေမစတင်မီ လူအများ သတိပြုမှတ်သားနိုင်ရန်ရည်ရွယ်ချက်နဲ့ ဗိသုကာပညာရှင်တွေကဖန်တီးလေ့ရှိကြပြီး အများအားဖြင့်ကော်၊ဖိုင်ဘာ၊သစ်သားစတာတွေကိုသာ အသုံးပြုတည်ဆောက် ကြလေ့ရှိပါတယ်။

ဒါပေမဲ့ Cloughmill ကျေးရွာပုံစံတူအဆောက်အအုံငယ်တွေကတော့ လွယ်လင့်တစ်ကူ ပုံဖော် ဒီဇိုင်းရေးဆွဲနိုင်တဲ့ ပစ္စည်းတွေကိုအသုံးပြုထားတာမဟုတ်ပဲ သိုးမွှေးတွေကိုအသုံးပြု တည်ဆောက်ထားတာပါ။ ပြောရရင်တော့ ကျေးရွာရဲ့အသေးစိတ်အနေအထားတွေအထိပုံဖော်ထားတဲ့ အစိတ်အပိုင်း တွေအားလုံးဟာ Cloughmill ရွာသူအမျိုးသမီးတွေရဲ့ သိုးမွေးထိုး လက်ရာတွေ ဖြစ်ပါတယ်။

Cloughmill ‘s Crochet Village လို့သိထားတဲ့ ဒီရွယ်ငယ်လေးကို ဖန်တီးခဲ့သူတွေက တော့ သက်ကြီးအမျိုးသမီးအယောက်(၃၀)လောက်နဲ့ဖန်တီးထားတဲ့ Cloughmill သိုး မွှေးထိုးလက်မှုပညာသည် အသင်း ကဖြစ်ပါတယ်။ ဒီရွာပုံငယ်ဒီဇိုင်းတွေအတွက် လက်မှုပညာသည် အမျိုး သမီးတွေဟာ အချိန်(၇)လကျော်ပေးခဲ့ရပြီး (၂၀၁၇)ခုနှစ်အတွင်းပြီးစီးခဲ့ပါတယ်။ Cloughmill လက်မှုပညာသည်အသင်းကိုတော့ (၂၀၁၀)ခုနှစ်လောက်ကတည်းက May Aitcheson ဆိုသူကတည်ထောင်ခဲ့ပြီး အသင်းရဲ့ရည်ရွယ်ချက်ကတော့ သက်ကြီး ရွယ်အိုအချင်းချင်း လက်ဆင့်ကမ်းကူညီရန်နဲ့ သင့်တော်တဲ့အိမ်တွင်းမှုလုပ်ငန်းတွေကို တစ်နိုင်တစ်ပိုင်ကနေ စီးပွားဖြစ်အနေအထားအထိ ဆောင်ရွက်နိုင်ရန်ဖြစ်ပါတယ်။

အသင်းကိုတည်ထောင်ပြီးနှစ်အနည်းငယ်အကြာမှာတော့ Aitchesonဟာ Cloughmill ကနေ(၁၅)မိုင်လောက်ဝေးတဲ့ Cushendall ကျေးရွာမှာသစ်သားနဲ့ကော်၊ဖိုင်ဘာသား တွေကိုအသုံးပြုတည်ဆောက်ထားတဲ့ ရွာပုံစံငယ်လေးကို စတင်တွေ့ရှိသွားရာမှ Cloughmill ‘s Crochet Villageကို စတင်တည်ဆောက်ဖို့အကြံဖြစ်လာတာပါလို့ BBC သတင်းဌာနနဲ့တွေ့ဆုံချိန်မှာဖြေကြားခဲ့ပါတယ်။

Cloughmill ‘s Crochet Villageကိုတည်ဆောက်ဖို့အတွက် အရင်ဆုံးလုပ်ရတဲ့ အလုပ် ကတော့ ကျေးရွာဧရိယာအတွင်းမှာရှိတဲ့ မတူညီတဲ့အဆောက်အအုံ၊လမ်း၊သစ်ပင်တွေ အထိလိုက်လံ ဓာက်ပုံရိုက်မှတ်တမ်းတင်ရခြင်းဖြစ်ပါတယ်။ လိုအပ်တဲ့အချက်အလက် တွေကိုစုဆောင်းပြီးချိန်မှာတော့ အရွယ်အစားအကြီးအသေးအလိုက် အဆောက်အအုံ တွေအတွက် အရောင်ဒီဇိုင်းကိုချိန်ဆပြီး သိုးမွေးအရောင်စပ်ဖန်တီးရခြင်းဖြစ်ပါတယ်။

Cloughmill ‘s Crochet Village မှာရှိတဲ့အဆောက်အအုံအချို့ဆိုရင် ယနေ့အချိန်မှာ မြေပြင်မှာရှိနေခဲ့ခြင်းမရှိတော့ပေမဲ့ ထည့်သွင်းဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ (ဥပမာ ပြောရရင် Cloughmill လက်မှုပညာသည်အသင်းတည်ထောင်ဖူးတဲ အကျီချုပ်လုပ်ငန်း အဆောက်အအုံကို အသင်းအမှတ်တရအနေနဲ့ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။)

Cloughmill ‘s Crochet Villageမှာရှိတဲ့ သိုးမွေးထည်အဆောက်အအုံတွေကို လက်မှု ပညာသည်တစ်ဦးချင်းစီကနေ တာဝန်ယူပြီးစုပေါင်းဖန်တီးခဲ့တာဖြစ်ပါတယ်။ အရွယ် အစားအကြီးအသေးအလိုက် သိုးမွေးထိုးချိန်ကွာဟချက်ရှိနေပေမဲ့ အဖွဲ့ဝင်အသီးသီးရဲ့ တာဝန်ယူထားတဲ့အပိုင်းတွေပြီးဆုံးချိန်မှာတော့ Cloughmill ရွာရဲ့ခန်းမကြီးတောင် ပြည့် လုမတက် အဆောက်အဦး၊လမ်းနဲ့သစ်ပင်ပုံသိုးမွေးလက်ရာတွေက နေရာယူသွားခဲ့ပါ တယ်။

ဒီသတင်းကိုကြားသိတဲ့ အင်္ဂလန်ကျွန်းဒေသအသီးသီးက များစွာသော ဧည့်သည်တွေ Cloughmill ‘s Crochet Villageကိုလာရောက်လေ့လာခဲ့ကြပြီး ကမ္ဘာ မီဒီယာထက်ကို ချပြတဲ့သတင်းတစ်ပုဒ်ဖြစ်သွားခဲ့ပါတယ်။

Aitchesonရဲ့ အဆိုအရတော့ သူမရဲ့အဖွဲ့သားအားလုံးဟာ Cloughmill ‘s Crochet Villageရဲ့ အဆောက် အအုံမျက်နှာပြင်တွေကို ညီညာစေရန်အတွက်တော့ အတော်လေးအားထုတ်ခဲ့ရပါတယ် ။ စက်နဲ့ထိုးတာနဲ့လက်နဲ့သိုးမွေးထိုးတာဟာ အတော်လေးကွာဟပါတယ်။ သိုးမွေးထံတစ်ချောင်းတည်းကို အသုံးပြုပြီးလိုအပ်တဲ့ ပုံသဏ္ဍန်ကိုတည်ဆောက်ရတာ အတော်လေးလက်ဝင်ပါတယ်။

ကွဲပြားတဲ့ချုပ်ရိုးတွေ အများကြီးရှိနေပေမဲ့ ဒီချုပ်ရာတွေကပဲ အလိုရှိတဲ့ဒီဇိုင်းသဏ္ဍာန်ရောက်ဖို့ ဆိုတာ မလွယ်ကူလှပါဘူး။ အထူးသဖြင့် သစ်ပင်သဏ္ဍာန်ဖန်တီးရတဲ့ အပိုင်းတွေမှာပါ။ ခုလို အောင်မြင်အောင်ဖန်တီးနိုင်ခဲ့တာဟာ ကျွန်မတို့အသင်းအတွက်သာမက Cloughmill ကျေးရွာအတွက် ဂုဏ်ယူစရာ ဒါမှမဟုတ် အမှတ်ရစရာအများကြီးကျန်ခဲ့လို့ ဖန်တီးရကျိုး နပ်ပါတယ်လို့ BBC နဲ့တွေ့ဆုံခန်းမှာပြောဆိုသွားခဲ့ပါတယ်။

VIDEO

Leave a Reply