Middle East (သို့) အရှေ့အလယ်ပိုင်းဒေသ ဆိုသည်မှာ

Posted on

အရှေ့အလယ်ပိုင်းဒေသတွင် အနောက်အာရှနှင့် အာဖရိကမြောက်ဘက်ပိုင်းဒေသတို့ ပါဝင်သည်။ အကျယ်အ၀န်းအားဖြင့် စတုရန်းမိုင် ၂.၈သန်း ကျယ်ဝန်းပြီး လူဦးရေ ၃၇၁သန်းနေထိုင်ကာ နိုင်ငံပေါင်း ၁၈ နိုင်ငံပါဝင်သည်။ ထိုနိုင်ငံများမှာ ဘာရိန်း ၊ ဆိုက်ပရပ် ၊ အီဂျစ် ၊ အီရန် ၊ အီရတ် ၊ အစ္စရေး ၊ ဂျော်ဒန် ၊ ကူဝိတ် ၊ လက်ဘနွန် ၊ မြောက်ပိုင်းဆိုက်ပရပ် ၊ အိုမန် ၊ ပါလက်စတိုင်း ၊ ကာတာ ၊ ဆော်ဒီအာရေးဗျ ၊ ဆီးရီးယား ၊ တူရကီ ၊ အာရပ်စော်ဘွားများပြည်ထာင်စု (ယူအေအီး) နှင့် ယီမင်နိုင်ငံတို့ ဖြစ်ကြသည်။ အာရေဗျ ၊ ဂရိ ၊ ဟီးဘရူး ၊ ကာ့ဒ် ၊ ပါရှန်း ၊ တာကစ်ဘာသာစကားများကို အဓိကသုံးစွဲ၍  အခြားဘာသာစကား ၆၀ ခန့်ကိုလည်း ပြောဆိုသုံးစွဲကြသည်။

အရှေ့အလယ်ပိုင်းဒေသသည် သမိုင်းကြောင်းအရ အလွန်ရှည်လျားရှုပ်ထွေးသော ဒေသတစ်ခု ဖြစ်ခဲ့ပေသည်။ ပထမဦးစွာ ဘီစီ ၃၅၀၀ ခန့်တွင်မက်ဆိုပိုတေးနီးယန်းဒေသအဖြစ်စတင်ဖြစ်တည်ခဲ့ပြီး ဘီစီ ၄ ရာစုခန့်တွင် ဖာရိုဘုရင်များအုပ်စိုးသော အခါကာလဖြစ်ခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသသည် အဓိက ဘာသာတရားများ ဖြစ်ကြသော ဂျူးဘာသာ ၊ ခရစ်ယာန်ဘာသာ နှင့်အစ္စလာမ်ဘာသာတို့ ပေါ်ပေါက်ခဲ့ရာ ဒေသဖြစ်သည်။ ဘီစီ ၁ ရာစုတွင်အရှေ့ဘက်မြေထဲ ပင်လယ်ဒေသတွင် ရိုမန်အင်ပါယာဖြစ်တည်ခဲ့ပြီးဂရိယဉ်ကျေးမှုများစိမ့်ဝင်ပျံှ့နှံ့ခဲ့သည်။ ၇ ရာစုခန့်တွင်ရိုမန် နှင့် ပါရှန်းစစ်ပွဲများကြောင့်ဘိုင်ဇန်တိုင်းရိုမန်နှင့် ဆာဆနစ်ပါရှန်းတို့အားနည်းလာခဲ့ပြီး အစ္စလာမ်အား ကောင်း လာခဲ့သည်။ ၁၅ ရာစုတွင် အော်တိုမန်အင်ပါယာပေါ်ပေါက်လာခဲ့သည်။ ထို့နောက် ဂရိ၊ ဘော်လကန်နှင့် ဟန်ဂေရီအထိနယ်ပယ်ချဲ့ထွင်နိုင်ခဲ့ပြီး အော်တိုမန်အင်ပါယာ အားကောင်းခဲ့သည်။

သို့သော် ၁၇ ရာစုခန့်တွင် ဥရောပသားတို့ အရင်းရှင်စံနစ်နှင့် စက်မှုတော်လှန်ရေးအောင်မြင်လာခဲ့ သောကြောင့် စီးပွားရေး၊ လူဦးရေ၊ ယဉ်ကျေးမှုနှင့် အထူးသဖြင့် နည်းပညာပိုင်းတွင် ဥရောပသားတို့ အရှေ့အလယ်ပိုင်းအာရပ်တို့ထက်များစွာသာလွန်ခဲ့သည်။ ခရစ် ၁၇၀၀ အတွင်း ဟန်ဂေရီဒေသတွင်းမှ အော်တိုမန်တို့ တဖြည်းဖြည်းချင်းဆုတ်ခွာလာခဲ့ရပြီး အင်အားချိန်ခွင်လျှာ ညီမျှလာခဲ့သည်။ အယ်ဘေးနီးယားနှင့် ဘော့စနီးယားမှလွဲ၍ အော်တိုမန်အင်ပါယာအတွင်းသက်ဆင်းခဲ့သော အခြားဥရောပ ဒေသများတွင် မွတ်ဆလင်ယဉ်ကျေးမှုများကူးစက်ပျံ့နှံ့ခြင်းမရှိခဲ့ပေ။

၁၇၀၀ မှ ၁၉၁၈ အတွင်း အော်တိုမန် အင်ပါယာ တဖြည်းဖြည်းချင်းအင်အားဆုတ်ယုတ်လာပြီး ဥရောပက တဖြည်းဖြည်းချင်းကျော်တက်သွားခဲ့ သည်။ ၁၉ ရာစုအရောက်တွင် အရှေ့အလယ်ပိုင်းဒေသကို ဥရောပက ငွေရေးကြေးရေးအရလွှမ်းမိုးနိုင်ခဲ့သည်။ ထိုကာလအတွင်း၌ပင် ပြင်သစ်က အယ်ဂျီးရီးယားနှင့် တူနီးရှားကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းလက်ဘနွန်နှင့်ဆီးရီးယားကိုပါလွှမ်းမိုးနိုင်ခဲ့သည်။ အင်္ဂလန်က အီဂျစ်ကိုကျူးကျော်သိမ်းပိုက်ခဲ့ပြီးပါရှန်းပင်လယ်ကွေ့တွင် သြဇာညောင်းခဲ့သည်။ အီတလီက လစ်ဗျားနှင့် ဒိုဒီးဆင့်ကျွန်းများကို ကျူးကျော်ခဲ့သည်။ အနောက်သားတို့၏ရန်မှကာကွယ်ရန် ဂျာမဏီကို ဆရာတင်ခဲ့ သော်လည်း အကြွေးနွံအိုင်အတွင်းသို့သာပိုမိုသက်ဆင်းလာခဲ့သည်။

၁၉ ရာစုနှောင်းနှင့် ၂၀ ရာစုအစော ပိုင်းများတွင် ဥရောပနှင့်ယှဉ်ပြိုင်ရန် ခေတ်မီနိုင်ငံတော်အဖြစ်တည်ဆောက်ရန်အားထုတ်ခဲ့သည်။ အီဂျစ်မှ မယ်ဟမ္မက်အလီနှင့် အဗ္ဗဒူလ်ဟာမစ် (ဒုတိယမြောက်) တို့က ၁၉၀၆ တွင်တော်လှန်ရေးဆင်နွှဲပြီး အနောက်ပုံစံ အုပ်ချုပ်ရေး၊ ပြည်သူ့ဥပဒေ၊ လောကဓါတ်ပညာရေး၊ စက်မှုထွန်းကားရေးတို့ကို ဆောင်ရွက် ခဲ့သည်။ ရထားလမ်းများ၊ ကြေးနန်းဆက်သွယ်ရေးလုပ်ငန်းများ၊ ကျောင်းများ၊ တက္ကသိုလ်များဖွင့်လှစ်ပြီး၊ စစ်အရာရှိလူ တန်းစားများ၊ ရှေ့နေများ၊ ဆရာများနှင့် စီမံခန့်ခွဲရေးဆိုင်ရာလူတန်းစားများပေါ်ပေါက်လာသ ဖြင့် ယခင်ကအုပ်ချုပ်ရေးနယ်ပယ်နှင့်ပညာရေး၊ လူမှုရေးနယ်ပယ်များတွင်ပါ သြဇာညောင်းသော အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များနှင့် အတိုက်အခံဖြစ်လာခဲ့သည်။


သို့သော် ပြုပြင်ပြောင်းလဲရေးအတွက်အသုံးပြုရသောငွေကြေးများမှာ အနောက်နိုင်ငံများမှသာ ချေးငှားဆောင်ရွက်ရသည်ဖြစ်၍ နိုင်ငံမွဲပြီး အနောက်သားတို့သြဇာသာ ပိုကဲလာကာပြုပြင်ပြောင်းလဲရေး သမားများအပေါ်အယုံအကြည်နည်းခဲ့ကြသည်။ ဥပမာအားဖြင့် ပြုပြင်ပြောင်းလဲရေးအတွက် အမြှော်အမြင် အလွန်ကြီးခဲ့သော မယ်ဟမ္မက်အလီ၏ စီမံကိန်းကြီးများကြောင့် သူ့နောက်ဆက်ခံသူက နိုင်ငံတော် ကို ဒေဝါလီခံစေခဲ့ရသည်။ အစ္စလာမ်ကမ္ဘာတွင် အနောက်ပုံစံကျင့်သုံးမှုများကြောင့် ကြေးစား စစ်တပ်များနှင့် ကိုယ်ကျိုးရှာစစ်အရာရှိများထိုစဉ်ကတည်းကပေါက်ပွားလာခဲ့သည်။ ထိုသူတို့သည် မိမိတို့အာဏာ စွန့်ရန်မှတစ်ပါး အခြားအပြောင်းအလဲများအားလုံးကို ဆောင်ရွက်ရန်အသင့်ရှိနေသူများဖြစ်သည်။ ဤသည်ကပင်ပြဿနာတစ်ရပ်အဖြစ်ဖြစ်တည်လာခဲ့သည်မှာ ထိုစဉ်ကတည်းကဖြစ်သည်။

ပထမကမ္ဘာစစ်ပြီးနောက်ပိုင်း အော်တိုမန်ကို တော်လှန်ခဲ့သောအာရပ်တို့၁၉၁၈ တွင် အင်္ဂလိပ်လက်အောက် သို့ကျရောက်ခဲ့သည်။ အင်္ဂလိပ်နှင့် ပြင်သစ်တို့က လျှို့ဝှက်စာချုပ်ဆိုပြီး အရှေ့အလယ်ပိုင်းဒေသကို နှစ်ကိုယ်ကြားခွဲဝေယူခဲ့ကြသည့်အပြင် ပါလက်စတိုင်းဒေသတွင် ဂျူးအခြေချု နယ်မြေပေးရန် ဘဲလ်ဖိုးကြေငြာချက် (Balfour Declaration) ဖြင့် ကတိပြုခဲ့သည်။ နောက်ပိုင်းတွင် အင်္ဂလိပ်နှင့်ပြင်သစ်တို့ကသာ အရှေ့အလယ်ပိုင်းကို စီမံခန့်ခွဲခဲ့ကြပြီး ၎င်းတို့အလိုကျပြုပြင်ခဲ့သည်။

၁၉၀၈ ခုနှစ် ပါရှန်းတွင်ရေနံတွေ့ရှိပြီးနောက်ပိုင်း ဆော်ဒီအာရေဗျ၊ လစ်ဗျားနှင့်အယ်ဂျီးရီးယားတို့ တွင်လည်းရေနံများတွေ့ရှိလာသောအခါ အရှေ့အလယ်ပိုင်းသမိုင်းတစ်ဆစ်ချိုးပြောင်းလဲလာခဲ့သည်။ ထို့ကြောင့် ၂၀ ရာစုစက်မှုခေတ်တွင် အရှေ့အလယ်ပိုင်းဒေသသည်အရေးပါလာခဲ့သည်။ ၂၀ ရာစုဝက်နှင့် နှောင်းပိုင်းများတွင်အရှေ့အလယ်ပိုင်းဒေသများမှ အနောက်နှင့် ဥရောပသားတို့ ထွက်ခွါသွားပြီး အစ္စရေးနိုင်ငံကိုတည်ထောင်ထားရစ်ခဲ့ခြင်းတို့ဖြင့် အရှေ့အလယ်ပိုင်းခေတ်သစ်သမိုင်း စတင်လာခဲ့သည်။ ထိုအခါ အမေရိကန်ပြည်ထောင်စု၏ပါဝင်ပတ်သက်မှု အရှေ့အလယ်ပိုင်းတွင်မိုပိုလာ ခဲ့သည်။

၁၉၅၄တွင် အီဂျစ်၊ ၁၉၆၃တွင် ဆီးရီးယား၊ ၁၉၆၈တွင် အီရတ်၊ ၁၉၆၉တွင် လစ်ဗျားတို့၌ အနောက် ဆန့်ကျင်ရေးအစိုးရများအာဏာရလာသောအခါ ဆိုဗီယက်က အရှေ့အလယ်ပိုင်းဒေသတွင် စစ်အေးစာ မျက်နှာသစ်ဖွင့်လှစ်ရန် ပြင်ဆင်လာခဲ့သည်။ အီဂျစ်မှ ဂမေးလ် အက်ဘဒယ် နက်ဆာနှင့် အီရတ်မှ ဆက်ဒမ် ဟူစိန်တို့ ဆိုဗီယက်နှင့် မဟာမိတ်များဖြစ်လာခဲ့သည်။ အစ္စရေးလ်ကိုချေမှုန်းရန်၊ အမေရိကန်ကို ဆန့်ကျင်ရန်၊ အနောက်အရင်းရှင်စံနစ်ကို ဆန့်ကျင်ရန်ကြွေးကြော်သံများဖြင့် တက်လာသောယင်းတို့ကို လူကြိုက်များခဲ့သော်လည်း လက်တွေ့ဆောင်ရွက်ရန်ပျက်ကွက်ခဲ့ပြီး အာဏာရှင်ဖြစ်လာခဲ့ကြသည်။

အရှေ့အလယ်ပိုင်းဒေသရှိမိမိတို့အကျိုးစီးပွားကို ကာကွယ်ရန်အတွက် အမေရိကန်အနေနှင့် အရှေ့ အလယ်ပိုင်းရှိလက်ကျန်မဟာမိတ်များဖြစ်သော ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ အီရန်နှင့် ပါရှန်းပင်လယ် ကွေ့စော်ဘွားများကို အကာအကွယ်ပေးရတော့သည်။ ရှီးအိုက်ဘာသာရေးခေါင်းဆောင်များဦးဆောင်ပြီး ဘုရင်ကိုတော်လှန်ဖြုတ်ချ၍ ဘာသာရေးအစိုးရတစ်ရပ်တည်ထောင်ခဲ့သော ၁၉၇၉ အထိ အီရန်နိုင်ငံသည် အမေရိကန်၏ အဓိက မဟာမိတ်ဖြစ်ခဲ့သည်။ ထိုအချက်ကြောင့် အမေရိကန်သည် ဆော်ဒီနှင့်ပိုမိုနီးစပ်လာခဲ့ သည်။ ၁၉၄၈ ခုနှစ် စစ်ပွဲအပါအဝင် အာရပ်နှင့် အစ္စရေးတို့စစ်ပွဲကြီးငယ်ပေါင်းမြောက်များစွာဆင်နွှဲခဲ့ကြ သည်။

အီဂျစ်တွင် နက်ဆာကို ဆက်ခံသော အဏ္ဏဝါဆာဒက်အာဏာရလာသောအခါ အစ္စရေးနှင့်ငြိမ်းချမ်း ရေးစာချုပ်ချုပ်ဆိုခဲ့သည်။ ၁၉၇၀ခုနှစ်များတွင် ပါလက်စတိုင်း ယာဆာအာရာဖတ်ဦးဆောင်၍ အမေရိကန်၊ ဂျူးနှင့် အနောက်ကို ပစ်မှတ်ထား၍အကြမ်းဖက်တိုက်ခိုက်မှုများကာလကြာရှည်ဆောင်ရွက်ခဲ့သည်။ ပါလက်စတိုင်းတို့ကို ဆီးရီးယား၊ လစ်ဗျား၊ အီရန်နှင့် အီရတ်တို့က ထောက်ပံ့ခဲ့သည်။ ၁၉၉၀ အစောပိုင်းနှစ်များတွင် ဆိုဗီယက်ယူနီယံပြိုကွဲသွားပြီးနောက် ကွန်မြူနစ်ဝါဒကျဆုံးသွားခြင်း သည် အရှေ့အလယ်ပိုင်းဒေသအပေါ်ရိုက်ခတ်ခဲ့သည်။

ရုရှနှင့် ယူကရိန်းမှ အစ္စရေးလူမျိုးများအများအပြား အစ္စရေးနိုင်ငံအတွင်းသို့ဝင်ရောက်လာခဲ့သဖြင့် ပိုမိုအင်အားတောင့်တင်းလာခဲ့သည်။ အနောက်နိုင်ငံများ အနေဖြင့်လည်း ရေနံအတွက် အာရပ်နိုင်ငံများအပေါ်အားကိုးနေရခြင်းမရှိတော့ဘဲ ရုရှမှရေနံကို ဈေးပေါ ပေါဖြင့်ဝယ်ယူသုံးစွဲခဲ့သည်။ အီဂျစ်၊ အယ်ဂျီးရီးယား၊ ဆီးရီးယားနှင့် အီရတ် စသည့်ဆိုရှယ်လစ်အာဏာရှင် အစိုးရများကို စီးပွားရေး၊ နိုင်ငံရေးအရ တုံ့ဆိုင်းသွားစေခဲ့သည်။ ဆတ်ဒမ်ဟူစိန်ကဲ့သို့အာဏာရှင်များကို လည်း ဆိုရှယ်လစ်ဝါဒ အစား အာရပ်အမျိုးသားဝါဒ ဘက်သို့တိမ်းညွှတ်သွားစေခဲ့သည်။

ထို့ကြောင့် အာရပ် အမျိုးသားဝါဒီကို အခြေခံ၍ ၁၉၈၀ ခုနှစ်များ အီရန်-အီရတ်စစ်ပွဲနှင့် ၁၉၉၀ ကူဝိတ်ကျူးကျော်စစ်ကျော်စစ် များပေါ် ပေါက်လာခဲ့ရသည်။ အမေရိကန်ဦးဆောင်ပြီး ကုလသမဂ္ဂသဘောတူညီချက်ဖြင့် ဆော်ဒီအာရေးဗျ၊ အီဂျစ်၊ ဆီးရီးယား တို့ပူးပေါင်းကာ အီရတ်တို့ကို ကူဝိတ်မြေပေါ်မှပြန်လည်မောင်းနှင်တိုက်ထုတ်သောပါရှန်း ပင်လယ်ကွေ့စစ်ပွဲဆင်နွှဲခဲ့သည်။ အကျိုးဆက်အနေနှင့် ဆော်ဒီအာရေးဗျတွင်အမေရိကန်တို့ အမြဲတမ်း စစ်အခြေစိုက်စခန်းတည်ထောင်ခဲ့ပြီး အာရပ်နိုင်ငံများစွာတို့က ဆန့်ကျင်ခဲ့ကြသည်။

၂၀၀၆ ခုနှစ် ဇူလိုင်လတွင် အစ္စရေးနှင့် ဟဇ္ဇဘိုလာလက်နက်ကိုင်များတစ်လကျော်ကြာစစ်ပွဲဖြစ်ပွား ခဲ့ပြီး ဇူလိုင်စစ်ပွဲ ဟုခေါ်တွင်သည်။ ဟဇ္ဇဘိုလာတို့ကို အီရန်နှင့်ဆီးရီးယားက လက်နက်၊ ငွေကြေးနှင့် စစ်သင်တန်းပို့ချပေးခြင်းများအကူအညီပေးခဲ့သဖြင့် အမှန်တကယ်တွင် အစ္စရေးကတစ်ဖက် ၊ အီရန်နှင့် ဆီးရီးယားကတစ်ဖက်ဖြစ်ပွားသောစစ်ပွဲကို ကြားခံကိုယ်စားလှယ်ထား၍ တိုက်ခိုက်ကြခြင်းသာဖြစ်ပေ သည်။

၁၉၉၀ နှစ်များတွင်အနောက်တိုင်းဝေဖန်ရေးသမားများနှင့်အချို့သောအရှေ့အလယ်ပိုင်းဝေဖန်ရေး သမားအချို့တို့က အရှေ့အလယ်ပိုင်းဒေသကို ပြဿနာဇုံအဖြစ်သာမက နောက်ပြန်ဆွဲနေသောဒေသ အဖြစ်လည်းရှုမြင်ခဲ့ကြသည်။ အရှေ့ဥရောပ၊ လက်တင်အမေရိကနှင့် အာဖရိကအချို့ဒေသများတွင် ဒီမိုကရေစီထွန်းကားပြီး ဈေးကွက်စီးပွားရေးစံနစ်အောင်မြင်လာမှုကြောင့် အရှေ့အလယ်ပိုင်းဒေသကို လျင်မြန်စွာကျော်တက်သွားခဲ့သည်။

အရှေ့အလယ်ပိုင်းနိုင်ငံအများစုတွင် ဈေးကွက်စီးပွားရေးသည် နိုင်ငံရေးအရထိန်းချုပ်မှုများ၊ အကျင့်ပျက်ခြစားမှုများ၊ အာဏာပိုင်အသိုင်းအဝိုင်းနှင့်နီးစပ်သူများသာလုပ်ပိုင်ခွင့်များ ရှိခဲ့ပြီး လက်နက်နှင့် ဂုဏ်သိက္ခာပြိုင်ဆိုင်မှုများတွင် အလွန်အကျွံသုံးစွဲခဲ့ပြီး ရေနံအပေါ်တွင်အလွန်အကျွံမှီခိုအားထားခဲ့သည်။ လူဦးရေနည်းပြီး ရေနံအဆမတန်ကြွယ်ဝသောဒေသများဖြစ်သည့် ကာတာ၊ ဘာရိန်းနှင့် ယူအေအီးတို့ကဲ့ သို့သောနိုင်ငံများသာ စီးပွားရေးအောင်မြင်ခဲ့သည်။

Human Resource Program

Leave a Reply