သမိုင်းတွင်ချင်သူကြောင့် မီးရှို့ခံခဲ့ရတဲ့ ကမ္ဘာ့သမိုင်းဝင် အဆောက်အအုံကြီး

Posted on

လူသားတွေကြောင့်ပဲ ဖွံဖြိုးတိုးတက်လာတဲ့ကမ္ဘာကြီးဟာ လူသားတွေကြောင့်ပဲ ပျက်စီးခဲ့ရတယ်ဆိုတဲ့စကားဟာ ယနေ့အချိန်အတွတ်သာမဟုတ်ပဲ ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲကကို မှန်ကန်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ (၃၅၆ ဘီစီ)ကာလရဲ့ ဂျူလိုင်လ(၂၁)ရက်နေ့ညချမ်းမှာတော့ ကမ္ဘာသမိုင်းကိုကြီးကြီးကျယ်ကျယ်ကို လှုပ်ခတ်စေခဲ့တဲ့ ဖြစ်ရပ်(၂)မျိုးဟာ တစ်ပြိုင်နက်ထဲလိုလိုဖြစ်ခဲ့ပါတယ်။

ဖြစ်ပွားခဲ့တဲ့နေရာကတော့ မြေထဲပင်လယ်ဒေသတစ်ဝိုက်မှာဖြစ်ပြီး ဖြစ်ရပ်တစ်ခုက တော့ ရှေးဟောင်းဂရိတွေရဲ့မြို့ပြနိုင်ငံတစ်ခုဖြစ်တဲ့ မက်ဆီဒိုးနီးယားရဲ့ မြို့တော် Pella မြို့မှာ ဘုရင် King Phillp (2) ရဲ့ဇနီးကနေသားယောင်္ကျားလေးတစ်ယောက်ဖွားမြင်ခဲ့တာဖြစ်ပါတယ်။ ဒီကလေးဟာ တခြားသူတော့မဟုတ်ပါဘူး။ နောက်တချိန်မှာ Alexander the Great လို့နာမည်ကြီးလာမယ့်သူ ၊ ဥရောပ၊အာရှနဲ့အာဖရိကအရှေမြောက်ဒေသတွေအထိ ယင်းကာလက အကြီးမားဆုံးသောအင်ပါယာရဲ့ ဧကရာဇ်ဖြစ်လာမယ့်သူပါ။

ကမ္ဘာသမိုင်းဖြစ်စဉ် တွေကိုသာမက ကမ္ဘာမြေပုံတွေကိုအထိတောင် အပြောင်းအလဲဖြစ်စေခဲ့တဲ့ Alexander the Greatရဲ့ပထမဆုံးဖြစ်တည်မှုဟာ ဂျူလိုင်ညချမ်းအတွက်အထင်ကရဖြစ်ခဲ့ပေမဲ့ ဒီဖြစ်ရပ်နဲ့ ဆက်စပ်နေတဲ့ဖြစ်ရပ်ကတော့ သမိုင်းမှာ အရုပ်ဆိုးအကျည်တန် လွန်းအားကြီးပါတယ်။

ယင်းဖြစ်ရပ်ကတော့ ရှေးဟောင်းကမ္ဘာရဲ့ ကမ္ဘာအံ့ဖွယ်(၇)ပါးမှာ တစ်ခုအပါအဝင်အဖြစ်သတ်မှတ်ထားတဲ့ Temple of Artemis အဆောက်အအုံ မီးရှိုဖျက်ဆီးခြင်းခံခဲ့ရတာပါ။ ယနေ့တူရကီနိုင်ငံ အက်စတန်ဘူမြို့၊မီနီအာတပ်ပန်းခြံ အတွင်းမှာ ဒီအဆောက်အအုံတည်ရှိခဲ့တာပဲ ဖြစ်ပါတယ်။

Temple of Artemis ဟာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းကနေ ယခုအချိန်ထိတိုင်အောင် အကြီးမားဆုံးသော ဘုရားကျောင်းစာရင်းမှာ ပါဝင်သလို ယင်း ခေတ်အခါက မှတ်တမ်းပြုရေးသားခဲ့ကြတဲ့ သမိုင်းအထောက်အထားတွေကလည်း အလွန်ကြီးကျယ်တဲ့ ဘုရားကျောင်းအဖြစ်ဖော်ပြခြင်းခံရပါတယ်။

Temple of Artemis ရှေးဘုရားဟောင်းတည်ရှိတဲ့နေရာကတော့ ရှေးဟောင်းမြို့တော် တစ်ခုဖြစ်တဲ့ Ephesus (ယနေ့တူရကီနိုင်ငံ၊Selcuk) အနီးမှာဖြစ်ပါတယ်။ ဂရိနတ်ဖုရားမ Artemis ကိုရည်ရွယ်ပြီးတည်ဆောက်ထားတဲ့ ဒီဘုရားကျောင်းဟာ ဂရိသမိုင်းမှာစကျင်ကျောက် တွေကိုအသုံးပြုပြီးတည်ဆောက်ထားတဲ့ ပထမဆုံးသော ဘုရားကျောင်းအဖြစ်လည်း မှတ်တမ်းဝင်ထားပါသေးတယ်။ ပထမဆုံး ဒီဘုရားကျောင်းကို ဘီစီ ၈ရာစု ၀န်းကျင်က တည်ဆောက်ထားခဲ့ပြီး ဘီစီ ၇ ရာစုမှာတော့ ရေလွှမ်းမိုးမှုကြောင့် ပျက်စီးခဲ့ရပါတယ်။

ဒုတိယအကြိမ် ဘုရားကျောင်းကိုတော့ ဘီစီ ၅၅၀ ၀န်းကျင်မှာ ဂရိဗိသုကာပညာရှင် ချာစီဖာရွန်တို့ သားအဖက ဦးဆောင်ပြီး ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ ဒုတိယအကြိမ်ပြန်တည်ဆောက်ခဲ့တဲ့ Temple of Artemis အဆောက်အအုံဟာ အလျား ပေ ၄၀၀နီးပါး ၊ အနံ ၁၅၀ ပေ နဲ့ အမြင့်ပေ ၄၀ခန့် ရှိခဲ့တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ထောက်တိုင်းပေါင်းကပဲ ၁၃၀ကျော်ရှိတဲ့ ဒီ Temple of Artemisရဲ့အတွင်းပိုင်းအနေအထားဟာ ဝတ်ပြုဆုတောင်းခြင်းနဲ့ နတ်ဖုရား မ Artemisနဲ့ ဆက်နွယ်နေတဲ့ ရှေးယဉ်ကျေးမှုအစဉ်အလာထုံးစံတွေကိုပြုလုပ်ရာ နေရာ တစ်ခုဖြစ်ခဲ့ပါတယ်။

ဒါအပြင်ဘုရားကျောင်းရဲ့ နံရံအပြင် ထောက်တိုင်အားလုံးမှာလည်း သက်ဝင်တဲ့ရှေးဟောင်းပန်းချီ၊ပန်းပုလက်ရာများစွာကိုလည်း ချယ်မှုန်း ထားခဲ့တယ်လို့လည်း သိရပါတယ်။ အထက်မှာတင်ပြထားတဲ့အတိုင်း ကမ္ဘာကျော်ဧကရာဇ်ဖြစ်လာမဲ့ Alexander the Great မွေးဖွားချိန်မှာတော့ နန်းတော်တွင်းသာမက မက်ဆီဒိုးနီးယားမြို့ပြနိုင်ငံ အာဏာသက်ရောက်တဲ့ဒေသတစ်ခု လုံးက ဝမ်းမြောက်၊ဝမ်းသာဖြစ်ခဲ့ပါတယ်။

မွေးဖွားလာတဲ့အိမ်ရှေမင်းသားလေး တစ်ဖြစ်လည်း အနာဂတ်ဘုရင်လောင်းလေး လောကထဲကိုရောက်ရှိလာတဲ့အချိန်မှာ အပျော်ဆုံးလူသားတစ်ယောက်ကတော့ Pella ကနေ အေဂျင်ပင်လယ်ကိုဖြတ်ကူးလာခဲ့တဲ့ Herostratus အမည်ရတဲ့ လူဆိုးလူမိုက်တစ်ဦး ဖြစ်ပါတယ်။ သူဟာ ဘုရင်မင်းမြတ်ရဲ့သားတော်လေးမွေးဖွားလာတာကို သမိုင်းမှာ အမြဲအမှတ်ရစေမဲ့ လုပ်ရပ်တစ်ခုကိုလုပ်ဆောင်ဖို့ ဆန္ဒက ယခင်တည်းကရှိနေခဲ့သူ လည်းဖြစ်ပါတယ်။

သူဟာရူးမိုက်စွာနဲ့ပဲ Temple of Artemis အဆောက်အအုံဆီသွား ရောက်ပြီး ဆုတောင်းခြင်းအချို့ပြုလုပ်ကာ မီးရှိုဖျက်ဆီးပါတော့တယ်။ ဘုရားကျောင်းရဲ့ အတွင်းဘက်နေရာတွေဟာ သစ်သားတွေသာဖြစ်တာကြောင့် အဆောက်အဦးတစ်ခု လုံးမီးစွဲလောင်ခဲ့အပြင် အခြားပရိဘောဂတွေနဲ့ဆက်စပ်တည်ရှိနေတဲ့ Artemis နတ်ဘုရားရဲ့ရုပ်တုအပြင်အခန်းနံရံအားလုံးဟာလောင်ကျွမ်းသွားခြင်းခံခဲ့ရပါတယ်။

နံနက်ရောက်ချိန်မှာတော့ မီးသင့်နေတဲ့ စကျင်ကျောက်တိုင်တွေနဲ့ ပြာပုံအပျက်အစီးတွေသာကျန်ခဲ့ပြီး ကမ္ဘာအံ့ဖွယ်အဆောက်အအုံဖြစ်ခဲ့တဲ့ Temple of Artemis ရဲ့ဖြစ်တည်မှုဟာ ကမ္ဘာမြေ ကနေပျောက်ကွယ်ခဲ့ရပါတယ်။ အဲဒီပြစ်မှုအတွက် အဓိကတရားခံဖြစ်တဲ့ Herostratus ကိုတော့ Ephesianအာဏာပိုင်တွေက ချက်ချင်းဖမ်းဆီးမိခဲ့ပြီး ကားစင်တင်ပြီး ပြင်းထန်စွာအပြစ်ပေးအရေးယူခဲ့ပါတယ်။

စစ်မေးချက်တွေအရ Herostratus အနေနဲ့ သမိုင်းမှာသူနာမည်တွင်ကျန်ဖို့အတွက်အဓိကထားပြီး Temple of Artemis ကိုဖျက်ဆီး ခဲ့တာလို့ ဖြောင့်ချက်ပေးခဲ့ပါတယ်။ ဒါကြောင့်တာဝန်ရှိသူတွေဟာ Herostratus ကိုကွပ်မျက်ခဲ့တဲ့အပြင် သူရဲ့နာမည်ကိုသမိုင်းစာမျက်နှာကနေ ပျောက်ကွယ်ဖို့လုပ် ဆောင်ပါတော့တယ်။ သူတို့အာဏာစက်သက်ရောက်ရာဒေသအသီးသီးက တိုင်းသူ ပြည်သားတွေကို Herostratus ဆိုတဲ့အမည်နာမကိုခေါ်ဆိုခြင်းမပြုဖို့တားမြစ်ခဲ့သလို တရားခံအလိုရှိတဲ့ သမိုင်းဖြစ်စဉ်ကို ထာဝရမျက်ကွယ်ပြုစေခဲ့ပါတယ်။

ယင်းကာလကထင်ရှားခဲ့တဲ့ Cicero နဲ့ Plutarch စတဲ့နာမည်ကျော် သမိုင်းပညာရှင် တွေကလည်း Herostratusရဲ့သမိုင်းကို လုံးဝပျောက်ကွယ်စေဖို့ အခြားသောပညာရှင် တွေနဲ့လက်တွဲလုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့အချို့သောပညာရှင်အချို့ရဲ့ ဖော်ပြမှုတွေ ကြောင့် Herostratusရဲ့အမည်ဟာ လုံးဝကြီးပျောက်ကွယ်သွားခဲ့ခြင်းတော့မရှိခဲ့ပါဘူး။

(၃၈၀ ဘီစီကနေ ၃၁၅ဘီစီ)အတွင်းထွန်းကားခဲ့တဲ့ ဂရိလူမျိုးသမိုင်းပညာရှင် Theopompus ရေးသားတဲ့ King Philip(2) ရဲ့အထ္ထုပ္ပတ္တိ စာအုပ်မှာတော့ Herostratus ရဲ့အကြောင်းကိုရေးသားဖော်ပြခဲ့တာကြောင့် ဖုံးကွယ်ထားတဲ့သမိုင်းဖြစ်စဉ်အမှန်ဟာ ပြန်လည်ထွက်ပေါ်လာခဲ့တာ ယနေ့အထိပဲဖြစ်ပါတယ်။

Herostratus ရဲ့ မိုက်မဲတဲ့လုပ်ရပ်ပြီးတဲ့နောက်မှာတော့ Ephesians မြို့သားတွေဟာ မူရင်း Temple of Artemis အဆောက်အအုံလိုပဲ ခမ်းနားထည်ဝါတဲ့ဘုရားကျောင်း တစ်ခုထပ်မံဆောက်လုပ်ဖို့ကြိုးစားခဲ့ကြပါတယ်။ ဒီအတွက်လိုအပ်တဲ့ငွေကြေးကို အချိန် အတော်ကြာအောင် စုဆောင်းရမှာကိုလည်း တစ်ဆက်တည်းနားလည်ခဲ့ကြပါတယ်။

Alexandar ရဲ့မိဘတွေကိုယ်တိုင် ဘုရားကျောင်းသစ်ပြန်လည်တည်ဆောက်ရန် အတွက် လိုအပ်တဲ့ငွေကြေးကို ထောက်ပံ့ကူညီမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ Ephesians မြို့သားတွေကတော့ သဘောတူညီခဲ့ခြင်းမရှိပါဘူး။ မြို့သားတွေဆီကနေပဲ လိုအပ်တဲ့ ငွေကြေးကိုစုဆောင်းဖို့ ဆန္ဒရှိခဲ့တဲ့အပြင် ကိုးကွယ်မှုဆိုင်ရာ ယုံကြည်ချက်ကလည်း နတ်ဖုရားမ Artemis မှာ လိုအပ်တဲ့ငွေကြေးကို နည်းလမ်းတစ်မျိုးကနေ ဖန်တီးပေး မှာပဲလို့ ယုံကြည်ခဲ့ကြလို့ဖြစ်ပါတယ်။

မကြာခင်မှာပဲ Ephesiansတွေဟာ အလျား(၁၃၇)မီတာ၊ အနံ(၆၉)မီတာ၊ အမြင့် (၁၈) မီတာလောက်မြင့်မားပြီး ထောက်တိုင်(၁၂၇)ခုလောက်အသုံးပြုတည်ဆောက်ထားတဲ့ Temple of Artemisအဆောက်အအုံကြီးကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီဘုရားကျောင်း သစ်ကြီးဟာ နှစ်ပေါင်း(၆၀၀)လောက်တည်တံ့နိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဂျာမန်အရှေ ပိုင်းကမျိုးနွယ်စုတွေဖြစ်တဲ့ Goths တွေရဲ့ဖျက်ဆီးခြင်းကိုခံခဲ့ရပါတယ်။

ပျက်စီးခဲ့တဲ့ Temple of Artemisအဆောက်အအုံက ကျောက်သားတိုင်တွေကို ဒေသ ခံတွေကိုယ်တိုင်ယူဆောင်ပြီး အခြားသောနေအိမ်၊ဝတ်ပြုဆုတောင်းအဆောက်အအုံ အသစ်တွေမှာ ထည့်သွင်းတည်ဆောက်ခဲ့သလို Istanbul မှာရှိတဲ့ Hagia Sophia ဝတ်ပြုဆုတောင်းအဆောက်အအုံတည်ဆောက်ရာမှာလည်း Temple of Artemis အဆောက်အအုံရဲ့ကျောက်သားတိုင်တွေနဲ့ တည်ဆောက်ခဲ့ပါတယ်။

ဒါအပြင် ရောမအင်ပါယာရဲ့မြို့တော်Constantinople မြို့တစ်ခွင်မှာ အလှဆင်ထားတဲ့ စကျင် ကျောက် သားရုပ်တုများစွာရဲ့ မူလဇစ်မြစ်ကျောက်သား၊ကျောက်တိုင်တွေဟာ Temple of Artemis အဆောက်အအုံကနေ ဖြစ်တယ်လို့ သမိုင်းပညာရှင်တွေရဲ့ဆန်းစစ်မှုအရ သိရပါတယ်။

VIDEO

သုတဇုန်

Leave a Reply